← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) အထူးစစ်ဆင်ရေး... တောဝက်ဘုရင်ကြီးကို အမဲလိုက်ခြင်း

ရွှီယန်က အပြင်တွင် ခရီးထွက်နေတာ လေးရက်ကြာပြီးနောက် လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ သူက အပြည့်အဝ အကျိုးအမြတ်များ ရလာခဲ့ခြင်း ဖြစ်၏။

ခြံပိုင်ရှင်တစ်ယောက် အနေဖြင့် ငွေရှာရန် အပြင်ထွက်ရမည်သာ ဖြစ်သည်။ ပြီးမှ ခြံထဲတွင် ပြန်လည် ရင်းနှီးမြှုပ်နှံပြီး အားလုံးကို လစာပေးရမည် မဟုတ်ပါလား။

ဒီခေတ်ကြီးထဲတွင် သူဌေးလုပ်ရသည်မှာ ဖိအားတော်တော် များလှပေသည်။

ဒီလေးရက်အတွင်း ဘာတွေဖြစ်ခဲ့လဲ ဆိုသည်ကို ဘယ်သူမှ မသိကြချေ။ ဟယ်ထျန်က လူများပင် မသိကြပေ။

သူက ဖြည်းဖြည်းချင်း ရောက်လာသလို ဖြည်းဖြည်းချင်းပင် ပြန်ထွက်သွားခဲ့သည်။

သူက လက်ကို ဝှေ့ယမ်းပြီး ယွမ်သိန်းပေါင်းများစွာကို သယ်ဆောင်သွားခဲ့၏။ တကယ့်ကို အမြတ်ကြီးစားပင် ဖြစ်သည်။

လယ်ယာခြံဝင်းက သက်ဝင်လှုပ်ရှားနေပြီး ကွက်လပ်များတွင် ပေါင်းပင်များ အများအပြား ထွက်ပေါ်နေသည်။ အမြင်လှပစေရန် တစ်ခါတရံတော့ မြက်များ ရှင်းပေးရန် လိုအပ်၏။

တိရစ္ဆာန်လေးများကလည်း အရင်လိုပင် ပျော်ရွှင်နေကြဆဲ ဖြစ်သည်။

ရွှီယန်က ခရီးဆောင်အိတ်ကို ချထားပြီး ခဏနားလိုက်သည်။ ထို့နောက် မြေခွေးမလေးနှင့် ရိုးရာတောခွေးမလေးတို့ထံ သွားပြီး မီးနေသည် အစားအစာများ သွားကျွေးတော့သည်။

ဒီတိရစ္ဆာန်များက သူ့ခြံကို ရောက်လာမှတော့ သေချာပေါက် ဂရုစိုက်ပေးရမည်သာ ဖြစ်၏။

မြေခွေးမလေးက ကလေးလေးကောင် မွေးသည်။ မွေးရသည်မှာ တော်တော်လေး မလွယ်ကူလှပေ။

ရိုးရာတောခွေးမလေးကတော့ သုံးကောင် မွေး၏။

အမွေးအရောင်ကို ကြည့်ရလျှင် တစ်ကောင်က အဖြူစစ်စစ်... တစ်ကောင်က အညိုရောင်... နောက်တစ်ကောင်ကတော့ ခေါင်းက အမည်းရောင်ဖြစ်ပြီး ကိုယ်လုံးက အဖြူရောင် ဖြစ်သည်။

နောက်ဆုံး ခွေးလေး၏ ခေါင်းအရောင်က ရှောင်ဟေး၏ နောက်ဆုံး ကျန်ရစ်သော မျိုးရိုးဗီဇလေးပင် ဖြစ်၏။

ဒီခွေးလေး၏ ခေါင်းသာ အမည်းရောင် မဟုတ်လျှင် ဒါက ရှောင်ဟေး၏ ကလေးဟုတ်ရဲ့လားဟုပင် ရွှီယန် သံသယဝင်မိမည် ဖြစ်သည်။

အဖြူရောင် မျိုးရိုးဗီဇက အရမ်းကို အားကောင်းလွန်းလှပေသည်။

တတိယမြောက် ခွေးလေးကိုတော့ ရွှီယန်က "မီးသွေးခဲ... မီးသွေးခေါင်း... ကာဗွန်ခေါင်း" ဟု နာမည်ပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုပဲ ခေါ်ရမည် မဟုတ်ပါလား။

ခေါင်းက အမည်းရောင်ဖြစ်ပြီး ကျန်သည့် ကိုယ်လုံးက အဖြူရောင်ဖြစ်နေသော ရိုးရာတောခွေး အမျိုးအစားများ တော်တော်များများ ရှိသည်။ အရောင်ကွဲပြားမှုက တော်တော်လေး သိသာထင်ရှားလှ၏။

ဒီကောင်လေးများက မျက်စိပွင့်တာ သိပ်မကြာသေးဘဲ အမွေးများ အနည်းငယ် ရှည်လာပြီ ဖြစ်သည်။

ခွေးမလေးက သူတို့ကို သေချာ ကာကွယ်ထားပြီး ရွှီယန်ကိုတောင် အကြည့်မခံချေ။

ဒီလိုဖြစ်ရသည်ကလည်း အကြောင်းရှိသည်။ ခွေးပေါက်လေးများ အသက် သုံးလပြည့်မှသာ ရိုးရာတောခွေးမများက သူတို့ကလေးများကို လူများထံ စိတ်ချလက်ချ ပြသတတ်ကြခြင်း ဖြစ်၏။

မြေခွေးများဘက်တွင်တော့ တော်တော်လေး စည်ကားနေသည်။ နည်းနည်းလေးမျှ ရှောင်ဖယ်မနေကြပေ။

မြေခွေးပေါက်လေးများက သေးသေးလေးများသာ ဖြစ်ပြီး အခုမှ အမွေးများ စပေါက်လာခြင်း ဖြစ်သည်။

ကိုယ်လုံးနှင့် ခေါင်းက အရမ်းသေးငယ်ပြီး မိခင်မြေခွေး၏ အနောက်တွင် ပုန်းနေရင်း ရွှီယန်ကို သိချင်စိတ်ဖြင့် လှမ်းကြည့်နေကြ၏။

ယခု သူတို့က ငယ်သေးသဖြင့် အပြင်ကမ္ဘာကြီးကို စိုးရိမ်ကြောက်လန့်မှုနှင့် သိချင်စိတ်များဖြင့် ပြည့်နှက်နေကြသည်။

နည်းနည်း ကြီးလာသည်နှင့်အမျှ သတ္တိလည်း ပိုကောင်းလာမည် ဖြစ်ပြီး အဲဒီအခါကျလျှင် ခြံထဲတွင် လျှောက်ပြေးရဲလာလိမ့်မည်။

တကယ်တော့ လယ်ယာခြံဝင်းက အေးချမ်းနေဆဲပင် ဖြစ်သည်။

သို့သော် ဒီရက်ပိုင်းအတွင်း အခြားကိစ္စတချို့ ဖြစ်လာသဖြင့် တောင်ထဲတွင် ရုတ်တရက် စည်ကားသွားခဲ့၏။

လယ်ယာခြံဝင်း၏ နောက်ဘက် တောင်ပေါ်တွင် တော်တော်လေး ကြမ်းတမ်းသော တောဝက်ကြီး တစ်ကောင် ရှိသည်။

ဒီတောဝက်ကို ရွှီယန် အရင်က တွေ့ဖူးသည်။ ခန္ဓာကိုယ် အရမ်းကြီးမားပြီး ရုပ်ဆိုးဆိုးနှင့် တိုက်ခိုက်ချင်စိတ် အလွန် ပြင်းထန်၏။

သူ့မှာ ပြိုင်ဘက် မရှိသလောက်ပင် ဖြစ်သည်။ သူ့၏ ခန္ဓာကိုယ် အရွယ်အစားနှင့်ဆိုလျှင် ကျားသစ်တောင်မှ သူ့၏ ပြိုင်ဘက် မဟုတ်ချေ။

လတ်တလောတွင် တောင်ပေါ်တက်သည့် လယ်သမားတစ်ယောက်ကို ဤတောဝက်က တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာ တော်တော်လေး ပြင်းထန်သွားခဲ့သည်။

လယ်သမားက အဲဒီအချိန်မှာပင် ရဲတိုင်ခဲ့၏။

ဒီလို တိရစ္ဆာန်က လူကို ကိုက်သည့် ကိစ္စမျိုး ဖြစ်လာလျှင်တော့ ရဲများ ပါဝင်လာရတော့မည် ဖြစ်သည်။

သာမန် လျှောက်ပြေးနေသော တောဝက်သာဆိုလျှင် ရဲများက မောင်းထုတ်ခြင်း သို့မဟုတ် လျှပ်စစ်တုတ်ဖြင့် ဖမ်းခြင်းတို့သာ လုပ်မည် ဖြစ်၏။

ဒါပေမယ့် သဘာဝကြမ်းတမ်းသော တောဝက်ကြီး ဆိုလျှင်တော့ သေနတ်သုံးမှသာ ရမည်။

အထက်မှနေ၍ သေနတ်သုံးရန် ခွင့်ပြုချက် ကျလာသဖြင့် ရဲများက တောင်ထဲဝင်ပြီး တောဝက်ကို အမဲလိုက်ရန် ပြင်ဆင်ကြတော့သည်။

ထို့အပြင် တောဝက်က တော်တော်လေး ကြမ်းတမ်းသဖြင့် စကားအများကြီး ပြောမနေဘဲ သေနတ်ဖြင့် တိုက်ရိုက် ပစ်သတ်ရန်သာ ဆုံးဖြတ်ထားကြ၏။

ရွှီယန်က ဝန်ထမ်းများထံမှ ဤသတင်းကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားခဲ့သည်။

တောဝက်ကို စိုးရိမ်ခြင်းတော့ မဟုတ်ပေ။ ဒီလို တောဝက်မျိုးက သတ်ပစ်သင့်သည်သာ ဖြစ်သည်။

သူက ကျားသစ် နှစ်ကောင်နှင့် ဟိုတုံးအအ ဝက်ဝံနက်ကြီးကို စိုးရိမ်နေခြင်း ဖြစ်၏။

ဒီကောင်များ ရူးရူးမိုက်မိုက်နှင့် ရဲများကို သွားမတိုက်ခိုက်မိရန်သာ လိုအပ်သည်။

သေနတ်ကိုင်ပြီး တောင်ထဲဝင်လာသော ရဲများကို သားရဲတိရစ္ဆာန်များက တိုက်ခိုက်လာပါက ရဲများက ချက်ချင်း သေနတ်ဖြင့် ပစ်ခွင့်ရှိပေသည်။

ဒါကြောင့် ရွှီယန်က ရဲစခန်းမှ ရဲများနှင့် စကားပြောပြီး သူပါ တောင်ထဲသို့ အတူတူ လိုက်သွား၍ ရမလားဟု မေးမြန်းကြည့်ခဲ့သည်။

သူက တောင်ထဲရှိ အခြေအနေများကို သိရှိပြီး တောဝက် ဘယ်နားတွင် ရှိနိုင်လဲ ဆိုသည်ကိုလည်း အကြမ်းဖျင်း ရှာဖွေနိုင်သည် မဟုတ်ပါလား။

ဒီလို သေနတ်သုံးရသည့် စစ်ဆင်ရေးမျိုးတွင် သာမန် ပြည်သူများကို လိုက်ပါခွင့် မပြုချေ။

ဒါပေမယ့် စစ်ဆင်ရေး ခေါင်းဆောင်က ရွှီယန် လိုက်ချင်သည် ဆိုတာကို ကြားသောအခါ ချက်ချင်းပင် လာခဲ့ရန် ခေါ်လိုက်သည်။

ရွှီယန်ကို နံပါတ်တုတ် တစ်ချောင်းနှင့် ကျည်ကာအင်္ကျီ တစ်ထည်ပါ ပေးလိုက်သေး၏။ ရွှီယန်ကို တိုက်ရိုက်ပင် အဖွဲ့ထဲ ဝင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ရွှီယန်က တောင်ထဲက နံပါတ်တစ် လမ်းသရဲကြီး ဖြစ်ပြီး ဤတောင်ကို သူ အသိဆုံးဆိုသည်ကို ရဲများပင် သိရှိနေကြသည်။

ထို့အပြင် ရွှီယန်က ကျားများနှင့် ကျားသစ်များကို မကြောက်သဖြင့် တွေ့လျှင်တောင် ဖြေရှင်းရ လွယ်ကူသောကြောင့် ဖြစ်၏။

ရဲများကလည်း အခြား တောရိုင်းတိရစ္ဆာန်များနှင့် ပြဿနာ မဖြစ်ချင်ကြပေ။ သူတို့က အထက်၏ အမိန့်အရ တောဝက်ကို နှိမ်နင်းရန် သက်သက်အတွက်သာ တောင်ထဲ ဝင်လာကြခြင်း ဖြစ်သည်။

သေနတ်ကိုင်ထားသူက အထူးရဲတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး အနက်ရောင် တိုက်ခိုက်ရေးရိုင်ဖယ်ကို ကိုင်ဆောင်ထားကာ သေနတ်ပစ်လည်း အရမ်း ကျွမ်းကျင်ပေသည်။

သာယာလှပသော နေ့လယ်ခင်း တစ်ခုတွင် ရွှီယန်က ရဲများနှင့်အတူ တောင်ထဲသို့ ဝင်သွားခဲ့သည်။

လယ်ယာခြံဝင်းမှ ဝန်ထမ်းများက ရွှီယန် ထွက်သွားသည်ကို ကြည့်နေကြ၏။

"သူဌေးက ရဲတွေနဲ့ ဘယ်လိုလုပ် အတူတူ သွားတာလဲ... အစိုးရ အလုပ်ရသွားတာလား"

ကျန်းရှန်ချန်က နားမလည်စွာဖြင့် မေးလိုက်သည်။

အဲဒီစကားကို ကြားတော့ ဝမ်ဝူက ရှင်းပြလိုက်၏။

"သူဌေးက ရဲစခန်းနဲ့ ဆက်ဆံရေး တော်တော်ကောင်းတာလေ... ပြီးတော့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးစင်တာ က တရားဝင် ထောက်ခံစာလည်း ရှိတယ်"

"ဒီဘက်က ရဲစခန်းရဲ့ တာဝန်တော်တော်များများက တောရိုင်းတိရစ္ဆာန်တွေနဲ့ သက်ဆိုင်နေတာ... ငါတို့ ခြံဝင်း ရှိနေတော့ သူတို့အတွက် အလုပ်တော်တော် သက်သာသွားတယ်လေ"

"ပြီးတော့ သူဌေးက တောင်ထဲက အကြောင်းတွေကို သိတယ်... ဆောင်းတွင်းတုန်းက တောင်ထဲမှာ ဧည့်သည် တစ်ယောက် ပျောက်သွားတာတောင် သူဌေးက ကယ်ဆယ်ရေးအဖွဲ့နဲ့ အတူတူ လိုက်ရှာပေးခဲ့တာ"

ဝမ်ဝူ၏ စကားကို ကြားသောအခါ ကျန်းရှန်ချန် အတော်လေး အံ့ဩသွားတော့သည်။

သူတို့ သူဌေးက တကယ်ကို ထူးခြားသော လူပင်။ အရည်အချင်း တော်တော် ရှိလှ၏။

ရွှီယန်က ရဲများနှင့်အတူ ရှေ့သို့ တောက်လျှောက် လျှောက်သွားနေသည်။

စိုက်ပျိုးရေးတက္ကသိုလ်၏ စမ်းသပ်စိုက်ခင်းကို ဖြတ်သွားသော အခါမှာတော့ ကျောင်းသား တော်တော်များများက ဖုန်းများထုတ်ပြီး ဓာတ်ပုံရိုက်နေကြသည်။

သူတို့လည်း တောဝက်အကြောင်းကို ကြားထားကြပြီး ကျောင်းကလည်း ဤရက်ပိုင်း သူတို့ကို အဲဒီဘက် မသွားခိုင်းချေ။

စမ်းသပ်စိုက်ခင်း အပြင်ဘက်တွင်လည်း လုံခြုံရေးများ ချထားပြီး ကျောင်းသားများကို လျှောက်မသွားရန် တားမြစ်ထားသည်။

တစ်ခုခု ဖြစ်လျှင် ဘယ်သူမှ တာဝန်မယူနိုင်ပေ။

အရင်က တောဝက်များက သိပ်မကြီးသဖြင့် လူကို ထိခိုက်အောင် သိပ်မလုပ်နိုင်ချေ။

ဒါပေမယ့် အခု ထွက်လာသော တောဝက်က တောဝက်ဘုရင်ကြီး ဖြစ်ပြီး ခန္ဓာကိုယ်က အရမ်း ကြီးမားကာ အစွယ်များလည်း ရှိသည်။ တိုက်ခိုက်လိုစိတ်ကလည်း အရမ်း ပြင်းထန်သဖြင့် အန္တရာယ် အရမ်းများလှ၏။

ကျောင်းသားများက ရွှီယန်၏ ဝတ်စားဆင်ယင်မှုကို သတိထားမိသွားကြသည်။

အနက်ရောင် ရဲဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း နံပါတ်တုတ် တစ်ချောင်း ကိုင်ထားသဖြင့် တော်တော်လေး ခန့်ညားနေပေသည်။

"အဲဒါ အစ်ကိုယန် မဟုတ်လား"

"သူပဲလေ... ရဲတွေနဲ့ ဘယ်လိုလုပ် အတူတူ ဝင်သွားတာလဲ... ကင်းလှည့်မလို့လား"

"တောဝက် ဖမ်းဖို့ သွားတာ နေမယ်... ရဲတွေမှာ သီးသန့် စစ်ဆင်ရေး ရှိတယ် မဟုတ်လား"

"တကယ် ဟုတ်နေတာပဲ"

ကျောင်းသားများက အသီးသီး ပြောဆိုနေကြပြီး ရွှီယန် ရဲများနှင့်အတူ တောင်ထဲ ဝင်သွားသည့် မြင်ကွင်းကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်သို့ တင်လိုက်ကြသည်။

ဒီခေတ်တွင် အသစ်အဆန်း ဆိုတာ သိပ်မရှိတော့ချေ။ အင်တာနက်က ဘာကိစ္စမဆို ချက်ချင်း ပျံ့နှံ့သွားအောင် လုပ်ပေးနိုင်ပေသည်။

ရွှီယန်နှင့် ရဲများ၏ စစ်ဆင်ရေးကို သေချာပေါက် လိုက်ဖ်လွှင့်မည် မဟုတ်သော်လည်း တောင်ထဲဝင်သွားသည့် မြင်ကွင်းကိုတော့ ကျောင်းသားများက အင်တာနက်ပေါ် တင်လိုက်ကြသည်။

ဒီမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများလည်း သဘောကျသွားကြ၏။

[မဟုတ်သေးဘူးလေ... လောင်ရွှီက လိုက်ဖ်မလွှင့်ဘဲ ဘာသွားလုပ်တာလဲ]

[ရဲတွေနဲ့ တောင်ထဲ အတူတူ ဝင်သွားတာ ကင်းလှည့်မလို့လား]

[စာရေးသူရဲ့ ကွန်မန့်ကို ကြည့်ရတာ လူကို ကိုက်တဲ့ တောဝက်ကြီးကို သွားအမဲလိုက်တာတဲ့]

[ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စကို လိုက်ဖ်မလွှင့်ဘူးလားကွာ]

[သူ့ကို ဘယ်နေရာမှာမဆို မြင်ရတယ်... သူ့လိုက်ဖ်မှာလွဲလို့ပေါ့]

အင်တာနက်သုံးစွဲသူများက အွန်လိုင်းတွင် ဆွေးနွေးနေကြတော့သည်။

ရွှီယန်ကတော့ အင်တာနက်ပေါ်က စည်ကားနေမှုများကို ဂရုမစိုက်အားပေ။

သူနှင့် ရဲသုံးယောက်က တောင်ထဲကို ဝင်လာပြီး ဧရာမ တောဝက်ကြီး၏ အကြမ်းဖျင်း တည်နေရာကို ရှာဖွေနေကြပြီ ဖြစ်သည်။

ရဲများ၏ ကိုယ်ပေါ်တွင် ကိုယ်ပိုင် မှတ်တမ်းတင် ကင်မရာများ တပ်ဆင်ထားပြီး တောင်ထဲတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားနိုင်၏။

သူတို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ တောဝက်ကို တိတ်တဆိတ် ရှာဖွေပြီး အဝေးကနေ တစ်ချက်တည်းဖြင့် ပစ်သတ်ရန်ပင် ဖြစ်သည်။

သေနတ် လက်ထဲမှာ ရှိနေလျှင် လူသားများက ပြိုင်ဘက်ကင်းပင် မဟုတ်ပါလား။ သူတို့ အဖွဲ့၏ အင်အားနှင့်ဆိုလျှင် အရှေ့မြောက်ကျား ကိုတောင် ကြောက်စရာ မလိုတော့ချေ။

"ဒီတောင်က သားရဲတိရစ္ဆာန်တွေ တော်တော်များတယ်"

လူတစ်စုက 'ကျားနှင့် ကျားသစ်များ ရှိသည်... အနားမကပ်ရ' ဟု ရေးထားသော ဆိုင်းဘုတ်ကို ဖြတ်သွားသည့်အခါ ရွှီယန်က ပြောလိုက်သည်။

"ကျားသစ်တွေ... ဝက်ဝံနက်တွေ ရှိသလို ဒရယ်ပြောက်တွေနဲ့ သမင်တွေလည်း ရှိတယ်"

"တောဝက်တွေလည်း ရှိတယ်... ဒါပေမယ့် သိပ်မကြီးကြဘူး"

"ဟိုတောဝက်ကြီးက ဘယ်ကနေ ဒီကို ရောက်လာတာလဲ မသိဘူး"

သူ့စကားကို ကြားသောအခါ ရဲများကလည်း ခေါင်းညိတ် ထောက်ခံကြ၏။

လူလေးယောက်က ရှေ့သို့ တောက်လျှောက် လျှောက်လာကြသည်။ အခြေခံအားဖြင့် ရွှီယန်ကပင် ရှေ့ကနေ ဦးဆောင် သွားနေခြင်း ဖြစ်သည်။

သူက တောင်ထဲက လမ်းများကို ရင်းနှီးပြီး တောဝက်၏ အကြမ်းဖျင်း တည်နေရာကိုလည်း ခန့်မှန်းနိုင်ပေသည်။

ခဏခန့် လျှောက်သွားပြီးသည့်နောက် ရွှီယန်က တောဝက် ခြေရာ တော်တော်များများကို တွေ့လိုက်ရ၏။

"ဒီမှာ ကြည့်... ဒီမှာ တောဝက် ခြေရာတွေ အများကြီး ရှုပ်ယှက်ခတ်နေတာပဲ"

"တောဝက်ကြီးတွေရော တောဝက်လေးတွေရော ပါတယ်"

"ဒါက ဟိုတောဝက်ဘုရင်ကြီး မဟုတ်လောက်ဘူး... သာမန် တောဝက်တွေပဲ... တွေ့ရင်လည်း ဂရုစိုက်စရာ မလိုပါဘူး"

ရွှီယန်က သုံးသပ်ပြလိုက်သည်။

လူလေးယောက်က ရှေ့သို့ ဆက်လျှောက်သွားကြ၏။ ထင်သည့်အတိုင်းပင် မိနစ်အနည်းငယ်ခန့် လျှောက်ပြီးသည့်အခါ ရှေ့ရှိ ခြုံပုတ်များကြားထဲမှနေ၍ တောဝက် တစ်ကောင် ထွက်လာသည်။

ဒီတောဝက်က သိပ်မကြီးဘဲ အနောက်တွင် တောဝက်ပေါက်လေး တော်တော်များများ ပါလာ၏။

သူတို့က လူများကို မြင်သည်နှင့် ချက်ချင်း ထွက်ပြေးကြတော့သည်။

ရွှီယန်က ကြိုတင် သတိပေးထားသဖြင့် ရဲများကလည်း သိရှိနေကြသည်။ မဟုတ်လျှင် ခုနက အခြေအနေတွင် ရဲများ သေနတ်ဖြင့် ပစ်မိလောက်ပေသည်။

အဲဒီအချိန်မှာပင် ရွှီယန်က တစ်ခုခု ထူးခြားနေသည်ကို သတိထားမိလိုက်၏။

တောဝက်မကြီး၏ အနောက်က လိုက်သွားသော တောဝက်ပေါက်လေးများထဲတွင် ပန်းရောင် ဝက်ပေါက်လေး တစ်ကောင် ပါနေသည်ကို သူ တွေ့လိုက်ရသည်။

ဒီဝက်ပေါက်လေး၏ ခါးတွင် အမည်းရောင် အသည်းပုံစံ အကွက်လေး ရှိနေ၏။

"ဟင်... အဲဒါ ခြံထဲကနေ ထွက်ပြေးသွားတဲ့ ဝက်ပေါက်လေးပဲ"

"သူ အသက်ရှင်နေသေးတာလား... တောဝက် မိသားစုနဲ့ အတူတူ နေနေတာပဲ"

ရွှီယန် မျက်လုံးပြူး မျက်ဆန်ကြောင် ဖြစ်သွားတော့သည်။

ရဲများလည်း ဒီမြင်ကွင်းကို သတိထားမိသွားကြ၏။

လျိုမင်က ပြုံးပြီး မေးလိုက်သည်။

"ရွှီယန်... ဒီဝက်က မင်းခြံကလား... တော်တော် စွမ်းတာပဲ... တောဝက်တွေနဲ့ အတူတူ လိုက်ပြေးနေတာ"

ရွှီယန်က မတတ်နိုင်စွာဖြင့် ပြန်ဖြေလိုက်၏။

"ခြံထဲကနေ ထွက်ပြေးသွားတာလေ... အဲဒီတုန်းက အရမ်း မြန်မြန်ပြေးသွားတော့ လိုက်မမီလိုက်ဘူး... သေပြီလို့တောင် ထင်နေတာ"

"ဒီနေရာမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

အလုပ်ကိစ္စ ရှိနေတာကြောင့် ရွှီယန်လည်း ဒီဝက်ပေါက်လေးကို လိုက်မဖမ်းတော့ချေ။

သူက အံ့ဩရုံသာ အံ့ဩနေခြင်း ဖြစ်သည်။ ပြန်ဆုံရလိမ့်မည်ဟု တကယ် မထင်ထားခဲ့ပေ။ ဒီကောင်လေးက တော်တော်လေး တောရိုင်းဆန်လှသည်။

လူလေးယောက်က တောင်ထဲကို ဆက်ဝင်သွားကြပြီး ယခုလုပ်ရမည့် အလုပ်ကတော့ လူကို ကိုက်သော တောဝက်ဘုရင်ကြီးကို ရှာဖွေရန်ပင် ဖြစ်သည်။

ဒီကောင်ကြီးက သိပ်ပြီး မငြိမ်သက်ပေ။ အရင်ကလည်း ရွှီယန်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ဖူး၏။ သို့သော် ရွှီယန်က မြန်မြန်ပြေးနိုင်သဖြင့် သူ့အတွက် သိပ်ပြီး အန္တရာယ် မဖြစ်ခဲ့ချေ။

"ဒီကောင်ကြီးက ပြေးတာလည်း မြန်တယ်... ဒေါသလည်း ကြီးတယ်"

"မင်းတို့ ဒီသစ်ပင်ကို ကြည့်... အခေါက်တွေ အကုန်လုံး ကိုက်ဖဲ့ခံထားရတယ်... ပြီးတော့ သိပ်မကြာသေးဘူး"

"သူ လုပ်သွားတာပဲ ဖြစ်ရမယ်"

"သူ ဒီအနီးအနားမှာပဲ ရှိနေမှာ... သိပ်မဝေးလောက်တော့ဘူး"

ရွှီယန်က လမ်းလျှောက်ရင်း ပျက်စီးနေသော သစ်ပင်တစ်ပင်ကို မြင်သောအခါ ပြောလိုက်သည်။

အဲဒီစကားကို ကြားတော့ ရဲများက အနက်ရောင် တိုက်ခိုက်ရေးရိုင်ဖယ်ကို ထုတ်ယူကာ ပစ်ခတ်ရန် အနေအထား ပြင်ဆင်လိုက်ကြ၏။

အားလုံးက လေ့ကျင့်ရေးများ ဆင်းထားပြီး ကျည်အစစ်ဖြင့် ပစ်ခတ်သည့် သင်တန်းများလည်း တက်ထားသည်ဖြစ်ရာ သေနတ်ပစ်ရန်က သူတို့အတွက် မခက်ခဲပေ။

တောဝက် ဘယ်မှာရှိလဲဆိုတာကို သေချာကြည့်ပြီး လူကို မထိအောင် သတိထားရန်သာ လိုအပ်သည်။ ဤနေရာတွင် မြက်များက အရမ်းထူထပ်နေပြီး ပတ်ဝန်းကျင်ကို ဖုံးကွယ်ထား၏။

သူတို့ ခဏခန့် ထပ်လျှောက်သွားသောအခါ ရှေ့ရှိ မြက်တောများ အရမ်း လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသည်။

အဲဒီ ကြမ်းကြုတ်သော တောဝက်ဘုရင်ကြီးက မြက်တောထဲမှနေ၍ ခေါင်းပြူထွက်လာ၏။

တောဝက်ဘုရင်ကြီးကလည်း လူများကို မြင်သွားသည်။ တိတိကျကျ ပြောရလျှင် ရွှီယန်ကို မြင်သွားခြင်းပင်။

အရင်က သူနှင့် ရွှီယန် ထိပ်တိုက် တွေ့ခဲ့ဖူးသဖြင့် ရွှီယန်ကို ကောင်းကောင်း မှတ်မိနေပေသည်။ ယခု ထပ်တွေ့သောအခါ သူ့ဒေါသများ ချက်ချင်း ထွက်လာပြီး မျက်လုံးများတောင် နီရဲလာတော့၏။

ဒီကောင်ကြီးက တကယ်ကို ကြမ်းတမ်းလွန်းလှသည်။ ဟိန်းသံကြီး ပေးပြီး ရွှီယန်ဆီသို့ ပြေးဝင်လာတော့သည်။

ရွှီယန်က သူ့ကို တည်ငြိမ်စွာ ကြည့်နေပြီး မျက်လုံးထဲတွင် သနားသည့် အရိပ်အယောင်တောင် ပါနေသေး၏။

တောဝက်ဘုရင်ကြီးက ရွှီယန်၏ အကြည့်များက ဘာအဓိပ္ပာယ်လဲ ဆိုသည်ကို မသိချေ။ သူ သိသည်က ရွှီယန်၏ ဗိုက်ကို သူ့အစွယ်များနှင့် ထိုးဖောက်ရန်ပင် ဖြစ်သည်။

အဲဒီနောက်မှာတော့ ဒိုင်း ဒိုင်း ဒိုင်း ဟူသော သေနတ်သံ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

တောထဲရှိ ငှက်များ အကုန်လုံး လန့်ပြီး ကောင်းကင်သို့ ပျံတက်ကုန်ကြ၏။

တောဝက်ဘုရင်ကြီး၏ အရေခွံက ဘယ်လောက်ပဲ ထူထူ ဤအချိန်မှာတော့ မြေပြင်ပေါ်သို့ လဲကျသွားရတော့သည်။

သေနတ်ပြောင်းဝ၏ ရှေ့တွင်တော့ သက်ရှိသတ္တဝါ အားလုံးက တန်းတူညီမျှပင် မဟုတ်ပါလား။

All Chapters