အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း (၂၃၀) လူးနား 'ဒါ မင်းရဲ့အစ်ကိုကြီး အမဲလိုက်လာတာလား’
ရဲအရာရှိများက လူကိုကိုက်သော တောဝက်ဘုရင်ကြီးကို အောင်မြင်စွာ ပစ်သတ်နိုင်ခဲ့သည်။
ထိုအကောင်ကြီးသည် အခြားအရာများကို မလုပ်ဘဲ လူသားများကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့သဖြင့် သနားစရာကောင်းသော ဇာတ်သိမ်းဖြင့် အဆုံးသတ်သွားရခြင်း ဖြစ်ပေသည်။
ရွှီယန်အတွက် သေနတ်ပစ်ခတ်မှုကို အနီးကပ် မြင်တွေ့ရခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူက သတ္တိကောင်းသူဖြစ်ရာ ထိုအရာများကို မကြောက်ရွံ့ခဲ့ချေ။
သူသည် ငယ်စဉ်ကတည်းက သတ္တိကောင်းခဲ့ပြီး ထိုအချိန်က ရွာထဲတွင် ဝက်သတ်လေ့ရှိရာ သားသတ်သမားက ရေနွေးတစ်အိုးကျိုကာ ကွက်လပ်၌ ဝက်သတ်တိုင်း ကလေးအများအပြား ဝိုင်းအုံကြည့်ရှုတတ်ကြသည်။ ယခုအခါတွင်တော့ ထိုမြင်ကွင်းက သိပ်ပြီး ကြည့်ကောင်းသည်ဟု မထင်တော့ပေ။
"တကယ် ကြီးတာပဲ... ဒီကောင်ကြီး အဝှေ့ခံရရင် မသေရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်တယ်"
ဝါရင့်ရဲအရာရှိက သေနတ်ကို ပြန်သိမ်းရင်း မြေပြင်ပေါ်တွင် လဲကျနေသော တောဝက်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အစ်ကိုလီ တကယ်တော်တာပဲ... သေနတ်ပစ် တော်တော်မှန်တာပဲ"
လျိုမင်က ဘေးမှနေ၍ ချီးကျူးလိုက်သည်။
ယေဘုယျအားဖြင့် အန္တရာယ်ကင်းစွာ ပြီးဆုံးသွားခဲ့ပြီး တွေ့ရှိချိန်မှစ၍ ပစ်သတ်သည်အထိ ဘာအခက်အခဲမျှ မရှိခဲ့ချေ။
တောဝက်၏ အရေခွံက မည်မျှပင် ထူထဲနေပါစေ ကျည်ဆန်တိုင်းက ခေါင်းကိုသာ ထိမှန်သွားမည်ဆိုပါက သေကို သေရမည်သာ ဖြစ်သည်။
ခြေနှစ်ချောင်းသတ္တဝါများ၏ ကြောက်မက်ဖွယ်ကောင်းမှုက ထင်ရှားပေါ်လွင်လာခဲ့ပြီး သေနတ်ကိုင်ဆောင်ထားသော ခြေနှစ်ချောင်းသတ္တဝါများ၏ တိုက်ခိုက်နိုင်စွမ်းက သားရဲတိရစ္ဆာန်များနှင့် တစ်တန်းတည်း မဟုတ်ကြောင်း သက်သေပြနေသည်။
"ဒီဝက်ကို ဘယ်လိုလုပ်ကြမလဲ"
ရွှီယန်က ရဲအရာရှိများကို ကြည့်ကာ မေးမြန်းလိုက်သည်။
ရဲအရာရှိ သုံးယောက်က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည်။ ဤတောဝက်ကြီးမှာ အနည်းဆုံး ပေါင်လေးငါးရာခန့် လေးလံပြီး ဤနေရာကလည်း တောနက်ကြီးထဲ ဖြစ်နေသဖြင့် မည်သို့မျှ ထမ်းမပြန်နိုင်တော့ချေ။
သူတို့က တောဝက်၏ ခန္ဓာကိုယ်ကို ဆွဲကြည့်ကြသေးသော်လည်း မရွေ့နိုင်ကြပေ။
"တာဝန်က လူကိုကိုက်တဲ့ တောဝက်ကို ပစ်သတ်ဖို့နဲ့ မလိုအပ်တဲ့ ထိတ်လန့်မှုတွေ မဖြစ်အောင် သေချာ ရှင်းလင်းဖို့ပါ"
"အခု ငါတို့က တောနက်ထဲမှာ တောဝက်ကို ပစ်သတ်ခဲ့တာဆိုတော့ ကိုယ်ပိုင်ကင်မရာကလည်း မှတ်တမ်းတင်ပြီးသွားပြီ... ဓာတ်ပုံ နည်းနည်းလောက် ထပ်ရိုက်လိုက်ရင် ရပြီ"
"တောဝက်ကို ဒီမှာပဲ ထားခဲ့လို့ ရပါတယ်"
ဝါရင့်ရဲအရာရှိက ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော် ကျားသစ်ကို လာစားခိုင်းလိုက်မယ်"
သူ ထိုသို့ ပြောသည်ကို ကြားသောအခါ ရွှီယန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ရဲအရာရှိ အားလုံး အံ့ဩမှင်တက်သွားကြ၏။
'ကျားသစ်ကို လာစားခိုင်းမယ်... ဒါက ဘယ်လို ထူးဆန်းတဲ့ စကားကြီးလဲ'
ရဲအရာရှိများကလည်း ရှောင်ဟွာ၏ ကိစ္စကို သိရှိထားကြသည်။ တရားဝင် စာရွက်စာတမ်းများတွင်တော့ မိခင်ကျားသစ်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး ကိုယ့်ဘာသာ အသက်မရှင်သန်နိုင်သော ကျားသစ် ဟု ရေးသားထားသည်။
ဤကိစ္စကို မကြာသေးမီက အထက်လူကြီးများက လိုက်လံ စုံစမ်းမေးမြန်းနေပြီး ရှင်းလင်းရေး လှုပ်ရှားမှု တစ်ခုအရ ဤကိစ္စကို စည်းကမ်းချိုးဖောက်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်၏။
သို့သော် ရွှီယန်က ရှောင်ဟွာမှာ ကိုယ့်ဘာသာကိုယ် အသက်ရှင်သန်နိုင်နေပြီဖြစ်ပြီး တောင်ထဲတွင် နေထိုင်နေပြီဖြစ်ကြောင်း အစီရင်ခံထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ ထိုအခါမှသာ အားလုံးက သဘောပေါက်သွားကြသည်။
"ကောင်းပြီ... ဒါဆို မင်းက ငါတို့နဲ့ အတူတူ ပြန်မလိုက်တော့ဘူး ဆိုတဲ့ သဘောလား"
လျိုမင်က မေးမြန်းလိုက်သည်။
ရွှီယန်က ခေါင်းညိတ်ကာ ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... ကျွန်တော် တောင်ထဲမှာ တစ်ပတ်လောက် လျှောက်သွားလိုက်ဦးမယ်"
ရဲအရာရှိများက ခေါင်းညိတ်လိုက်ကြပြီး ဓာတ်ပုံ အချို့ ရိုက်ယူကာ အရင် ထွက်ခွာသွားရန် ပြင်ဆင်လိုက်ကြ၏။ သို့သော် သူတို့က ထွက်ခွာသွားသည် ဆိုသော်လည်း သိပ်အဝေးကြီးသို့ မသွားကြဘဲ မြင့်မားသော ကုန်းအမြင့် တစ်ခုပေါ်တွင် ရပ်ကာ ပွဲကြည့်နေကြသည်။
"သူက တကယ်ပဲ ကျားသစ်ကို ခေါ်လာနိုင်လို့လား"
"အဲဒီကျားသစ်က သူ့စကားကို အရမ်း နားထောင်တာ... သေချာပေါက် ရမှာပေါ့"
"အရမ်းလှတဲ့ ကျားသစ်နက် တစ်ကောင်လည်း ရှိသေးတယ်လို့ ကြားတယ်... တောင်ထဲမှာ ကျားသစ်နက်ကို တစ်ခါမှ မမြင်ဖူးသေးဘူး"
"ဒါဆို ငါတို့ ခဏလောက် ကြည့်ကြတာပေါ့"
"ကောင်းပြီလေ"
အချိန်လည်း စောသေးသလို ပြန်သွားလျှင်လည်း ဘာမှ လုပ်စရာမရှိသဖြင့် သုံးယောက်သား ဤနေရာတွင် ပွဲကြည့်ရန် ကျန်ရစ်ခဲ့ကြ၏။
ရွှီယန်ကတော့ လမ်းတစ်လျှောက် ရှောင်ဟွာကို လိုက်ရှာနေသည်။
သူက တောင်ထဲရှိ အခြေအနေများကို ကောင်းစွာ သိရှိထားပြီး ဤနေရာက ရှောင်ဟွာ သွားလာလှုပ်ရှားတတ်သော နေရာနှင့် သိပ်မဝေးလှပေ။ သူက လျှောက်သွားနေရင်း အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။
"ရှောင်ဟွာ"
"ရှောင်ဟွာ"
လူရှာသည်ဖြစ်စေ ကျားသစ်ရှာသည်ဖြစ်စေ အကောင်းဆုံး နည်းလမ်းကတော့ သေချာပေါက် အသံကျယ်ကျယ်ဖြင့် အော်ခေါ်ခြင်းပင် ဖြစ်သည်။ အသံက ပို၍ ဝေးဝေးသို့ ရောက်ရှိနိုင်ပြီး ထောင့်စွန်ထောင့်ဖျား နေရာများအထိပါ ရောက်ရှိနိုင်ပေသည်။
ရှဉ့်နှစ်ကောင်က သစ်ပင်အခေါင်းပေါက်ထဲမှ ထွက်လာပြီး ရွှီယန်ကို သိချင်စိတ်ဖြင့် အကဲခတ်နေကြသည်။
'ဒီလူက ဘယ်သူလဲ... ဘာတွေ အော်နေတာလဲ'
ဟု ပြောနေသည့်အလားပင်။
သစ်ပင်ပေါ်ရှိ ငှက်ငယ်လေး တစ်အုပ်ကလည်း အလားတူပင် ဖြစ်ပြီး ခေါင်းလေးများကို စောင်းငဲ့ကာ ရွှီယန်ကို ကြည့်ရင်း တကျီကျီ အော်နေကြ၏။
ရွှီယန်က ဂရုမစိုက်ဘဲ ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် အော်ခေါ်နေလိုက်သည်။
"ရှောင်ဟွာ"
"ရှောင်ဟွာ"
ဤအချိန်တွင် ရှောင်ဟွာက အိပ်မောကျနေပြီး ရွှီယန်၏ ခေါ်သံကို ကြားသောအခါ ချက်ချင်းပင် လန့်နိုးလာတော့သည်။
ကျားသစ်နက် လူးနား လည်း နိုးလာခဲ့၏။
လူးနားက နားမလည်နိုင်သည့် မျက်နှာဖြင့် ရှောင်ဟွာကို ကြည့်ကာ မေးမြန်းနေပုံရသည်။
'ဘာဖြစ်လို့လဲ'
ရှောင်ဟွာကတော့ ချက်ချင်းပင် အနောက်သို့ ခုန်ဆွခုန်ဆွဖြင့် ပြေးသွားတော့သည်။ ဤသည်ကို မြင်သောအခါ လူးနား လည်း အတူတကွ လိုက်ပါသွား၏။
ရွှီယန်က တောင်ထဲတွင် အလွန် သက်သောင့်သက်သာ ရှိနေပေသည်။ သူက ဤသို့ပင် လွတ်လပ်ပေါ့ပါးစွာ အော်ခေါ်နေပြီး သားရဲတိရစ္ဆာန်များ ရောက်လာမည်ကိုလည်း မကြောက်ရွံ့ချေ။
လယ်ယာခြံဝင်း၏ နောက်ဘက်ရှိ ဤတောင်ပေါ်တွင် သူက တကယ်ကို ခေါင်းဆောင်ကြီး တစ်ယောက်ဟု ဆို၍ ရနိုင်ပေသည်။
ကျားသစ်များနှင့် ဝက်ဝံနက်များ အားလုံးက သူ့စကားကို နားထောင်ကြ၏။
ယခုအခါ တောဝက်ဘုရင်ကြီး လည်း ပစ်သတ်ခံလိုက်ရပြီ ဖြစ်သည်။ အရှေ့မြောက်ကျား သာ ရောက်မလာပါက သူ့အတွက် သေချာပေါက် ပြိုင်ဘက် မရှိတော့ချေ။ အဆိပ်ရှိသော မြွေများကိုသာ သတိထားရန် လိုအပ်ပေသည်။
ရွှီယန်က ဟိုဟိုဒီဒီ လိုက်လံ ရှာဖွေနေပြီး သူ၏ စိတ်ထဲတွင်တော့ ပျော်ရွှင်နေကာ ရှောင်ဟွာကို တောဝက်ဘုရင်ကြီး၏ အရသာကို မြည်းစမ်းခိုင်းရန် တွေးနေမိ၏။
မည်သို့ပင်ဆိုစေ ရှောင်ဟွာက ဤမျှလောက် တုံးအအဖြစ်နေသဖြင့် တောဝက်ကို ဖမ်းနိုင်မည် မဟုတ်ချေ။
ထိုအချိန်မှာပင် သိပ်မဝေးလှသော နေရာမှနေ၍ ရှောင်ဟွာ ပြေးလွှားလာသည်ကို တွေ့လိုက်ရသည်။ ဤကောင်လေးက အရွယ်ရောက်ချိန် ဖြစ်သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုက အလွန် ကောင်းမွန်ပြီး အလွန် မြန်ဆန်စွာ ပြေးနိုင်ပေသည်။
၎င်းက ရွှီယန်၏ အရှေ့သို့ ပြေးလာပြီး မျက်နှာချိုသွေးကာ ချွဲနွဲ့နေတော့၏။ ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ဤအချိန်တွင် လူးနား ကလည်း အနောက်မှ ထွက်ပေါ်လာခဲ့သည်။
"သွားရအောင်... မင်းတို့ကို စားကောင်းတာလေးတွေ ကျွေးမလို့... ဒီတစ်ခါဟာက သေချာပေါက် ထူးခြားတယ်နော်"
ရွှီယန်က လက်ယပ်ခေါ်လိုက်ပြီး ရှောင်ဟွာကို ခေါ်ကာ အနောက်သို့ ပြန်လှည့်သွားသည်။ သူက လူးနားကို ထပ်ကြည့်လိုက်ပြီး လက်ယပ်ခေါ်ကာ အော်ပြောလိုက်၏။
"လူးနား... မင်းလည်း လိုက်ခဲ့"
ရှောင်ဟွာက ရွှီယန်နှင့်အတူ လိုက်ပါသွားပြီး လူးနားကတော့ အနောက်တွင် အနည်းငယ် သံသယ ဝင်နေပုံရသည်။
သို့သော် ၎င်းက ရွှီယန်ကို အသိအမှတ် ပြုထားပြီး ဖြစ်သဖြင့် သိပ်ပြီးတော့ သတိထားမနေတော့ချေ။ ရှောင်ဟွာ လိုက်သွားသည်ကို မြင်သောအခါ ၎င်းလည်း အကွာအဝေး တစ်ခု ခြားထားကာ လိုက်ပါသွားတော့၏။
ဤသို့ဖြင့် လမ်းတစ်လျှောက် အနောက်သို့ ပြန်လာခဲ့ကြသည်။
တောတောင်၏ ရှုခင်းများက အလွန် သာယာလှပနေဆဲပင်။ ခုနက ပွဲကြည့်နေခဲ့သော ရှဉ့်လေးများက ကျားသစ် ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် သစ်ပင်အခေါင်းပေါက်ထဲသို့ ပြန်ဝင်ပုန်းသွားကြတော့သည်။ ငှက်ငယ်လေးများကတော့ တကျီကျီ အော်နေကြဆဲဖြစ်ပြီး ခေါင်းလေးများကို စောင်းငဲ့ကာ ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းနေပေသည်။
သိပ်မကြာခင်မှာပင် ရွှီယန်က ရှောင်ဟွာနှင့် လူးနားတို့ကို ခေါ်ဆောင်ကာ တောဝက်ဘုရင်ကြီး သေဆုံးသွားသော နေရာသို့ ရောက်ရှိလာခဲ့၏။
"ဒီမှာ ကြည့်... လတ်ဆတ်တဲ့ တောဝက်သားပဲ... အခုလေးတင် သတ်ထားတာ... ဒီမှာ တခြား အသားစား သတ္တဝါတွေလည်း မရှိဘူး... မင်းတို့ နှစ်ကောင်တည်းပဲ... ဖြည်းဖြည်းစားကြ"
ရွှီယန်က ရှောင်ဟွာနှင့် လူးနားတို့ကို လာရန် ခေါ်လိုက်သည်။
ရှောင်ဟွာက တောဝက်ကို မြင်သောအခါ အစပိုင်းတွင် အနည်းငယ် ကြောက်ရွံ့သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားသေးသော်လည်း တောဝက် သေဆုံးနေပြီ ဖြစ်ကြောင်းကို သိသွားသောအခါ ချက်ချင်းပင် ခုန်ဆွခုန်ဆွဖြင့် ပြေးလာတော့၏။
လူးနားကတော့ အလွန် အံ့ဩတုန်လှုပ်နေသော မျက်နှာဖြင့် ရွှီယန်ကို ကြည့်နေသည်။
ဤတောဝက်ကြီး၏ ခန္ဓာကိုယ်က ၎င်းထက်ပင် ပိုမို ကြီးမားနေပြီး အကယ်၍ တောထဲတွင်သာ တွေ့ခဲ့မည်ဆိုပါက လူးနား အနေဖြင့် သေချာပေါက် တောဝက်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲမည် မဟုတ်ချေ။
ဤမျှ ကြမ်းကြုတ်သော တောဝက်ကြီးက ရွှီယန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
လူးနား၏ အမြင်တွင်တော့ တောဝက်ကို ရွှီယန်က သတ်လိုက်ခြင်း ဖြစ်ရာ ၎င်း၏ စိတ်ထဲတွင် ရွှီယန်၏ စွမ်းရည်အပေါ် အမြင်သစ် တစ်ခု ရရှိသွားခဲ့၏။ ထို့အပြင် ရှောင်ဟွာက အဘယ်ကြောင့် ရွှီယန်၏ ဘေးတွင် ဤမျှလောက် ပျော်ရွှင်စွာ နေထိုင်နေရသလဲ ဆိုသည်ကိုလည်း နားလည်သွားတော့သည်။
ရွှီယန်က လူးနား တွေဝေနေသည်ကို မြင်သောအခါ တမင်တကူး အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ပေးလိုက်ပြီး ၎င်း လာရောက်နိုင်ရန် အကွာအဝေး တစ်ခု ချန်ထားပေးလိုက်သည်။
လူးနားက သူ၏ အဓိပ္ပာယ်ကို နားလည်သွားပြီး တောဝက်ဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားကာ တောဝက်၏ ကိုယ်ပေါ်တွင် အနံ့ခံကြည့်လိုက်ပြီးနောက် နေရာတစ်ခု ရှာကာ တောဝက်၏ ကိုယ်ပေါ်မှ အသားများကို စတင် ကိုက်ဖြဲတော့၏။
သိပ်မဝေးလှသော ကုန်းအမြင့်ပေါ်တွင်တော့ ရဲအရာရှိ သုံးယောက်က ဤမြင်ကွင်းကို တွေ့မြင်နေရသည်။ သူတို့ အားလုံးက အလွန် အံ့ဩချီးကျူးနေကြ၏။
"ဟ... သူက တကယ်ပဲ ကျားသစ်ကို ခေါ်လာနိုင်တာပဲ"
"အနက်ရောင်စစ်စစ် ကျားသစ်လည်း တကယ် ရှိတာပဲ... တကယ် လှတာ"
"ဒီနေ့တော့ မဆိုးဘူးပဲ... ကျားသစ်နက် ကိုတောင် မြင်တွေ့ရသေးတယ်"
"ငါ့ကို ဓာတ်ပုံ နည်းနည်းလောက် ရိုက်ပေးပါဦး... ဒီကျားသစ်နက် မျိုးက မြင်ရခဲတယ်ကွ"
သုံးယောက်သား အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ တောရိုင်း ကျားသစ်နက်ကို မြင်တွေ့ရပါက မည်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ ဤကောင်ကြီးက တကယ်ကို ချစ်စရာ ကောင်းလှပေသည်။
ကျားသစ် နှစ်ကောင်က အတူတကွ တောဝက်၏ အသားကို ကိုက်ဖြဲနေကြ၏။ တောဝက်က အရေခွံ ထူသည် ဆိုသော်လည်း ကျားသစ်များ၏ သွားများကလည်း ကောင်းမွန်လှသည်။
အရေခွံကို ကိုက်ဖြဲနိုင်လိုက်သည်နှင့် ကျန်သည့် အပိုင်းများကတော့ လွယ်ကူသွားပြီ ဖြစ်၏။ ဤတောဝက်က အနည်းဆုံးတော့ သူတို့ တစ်ပတ်ခန့် စားရန် လုံလောက်ပေသည်။ ထို့ထက် အချိန်ပိုကြာသွားပါက အဆင်မပြေတော့ချေ။
ရွှီယန်က အနီးကပ် ခဏမျှ ကြည့်ရှုလိုက်ပြီး ရှောင်ဟွာ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ သူတို့ကို အနှောင့်အယှက် ပေးရန် မလိုတော့ဘူးဟု ခံစားရသဖြင့် လှည့်ထွက်လာခဲ့လိုက်သည်။
ရှောင်ဟွာ အတွက် တောဝက် တစ်ကောင် ဖမ်းပေးနိုင်ခဲ့ခြင်းကလည်း မဆိုးလှပေ။
ရွှီယန် ထွက်သွားသည်ကို မြင်သောအခါ ရဲအရာရှိ သုံးယောက်လည်း လှည့်ထွက်လာခဲ့ကြ၏။ ရွှီယန် မရှိပါက ကျားသစ်များနှင့် ဝေးဝေးနေသည်ကသာ ပိုကောင်းပေသည်။ ဘာပြဿနာမှ မဖြစ်ချင်ကြပေ။
ကျားသစ် နှစ်ကောင်က ပျော်ရွှင်စွာ စားသောက်နေကြသည်။ လူးနားက ရှောင်ဟွာကို ကြည့်ကာ အသံနှစ်ချက် အော်လိုက်သေး၏။ ၎င်းက ဆိုလိုသည်မှာ
'မင်းရဲ့ အစ်ကိုကြီးက တကယ် တော်တာပဲ... ဒီလောက် ကြီးတဲ့ တောဝက်ကြီးကိုတောင် ဖမ်းနိုင်တယ်'
ရှောင်ဟွာက အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်သည်။
'ဒါပေါ့... ဒီအချက်ကို ငါ ငယ်ငယ်လေးကတည်းက သိထားတာလေ'
နေ့လယ်ပိုင်းတွင် ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့၏။ ရဲစခန်းဘက်မှလည်း တောဝက်ကို နှိမ်နင်းလိုက်သည့် ဗီဒီယိုကို ထုတ်ပြန်လိုက်ပြီး သတင်းလည်း တင်လိုက်ရာ ရွာထဲရှိ လူများနှင့် စိုက်ပျိုးရေး တက္ကသိုလ်မှ လူများ အားလုံးက တောဝက်ဘုရင်ကြီးကို နှိမ်နင်းလိုက်ပြီ ဖြစ်ကြောင်းကို သိရှိသွားကြတော့သည်။
မူလက တင်းမာနေသော လေထုက ပြန်လည်၍ ပေါ့ပါးသွားခဲ့သည်။
သို့သော် ဤကိစ္စက အားလုံးကို သတိပေးချက် တစ်ခု ပေးလိုက်သလို ဖြစ်သွားပြီး ဤတောအုပ်ထဲသို့ အလွယ်တကူ မဝင်ရောက်သင့်ကြောင်းကို သိရှိသွားစေ၏။ နောက်ပိုင်း တောင်ထဲ ဝင်ပါက ပို၍ သတိထားရတော့မည် ဖြစ်သည်။
ရွှီယန်နှင့် ရဲအရာရှိများ အတူတကွ တောင်ထဲ ဝင်သွားသည့် ဗီဒီယိုကို အင်တာနက်ပေါ်တွင် ကြည့်ရှုသူ မနည်းလှပေ။ ထို့အပြင် ရဲစခန်းမှ ထုတ်ပြန်လိုက်သော ဗီဒီယိုထဲတွင်လည်း ရွှီယန်၏ အရိပ်အယောင် ပါဝင်နေသဖြင့် ပရိသတ်များက အထူးပင် ပျော်ရွှင်နေကြ၏။
[လောင်ရွှီက အသံတိတ်ပြီး အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေပြန်ပြီကွာ]
[တကယ်ပဲ ချန်ပိုင်တောင်တန်းက နံပါတ်တစ် လမ်းသရဲကြီးပဲ... ရဲတွေ တောင်ထဲ ဝင်ရင်တောင် သူ့ကို ခေါ်သွားရတာ]
[လောင်ရွှီရဲ့ နေရာယူမှုကတော့ ပြောစရာ မလိုတော့ဘူး]
[တောဝက်ကို အမဲလိုက်တဲ့ အထဲမှာတောင် သူ ပါသေးတယ်... သူက အရမ်းကို ပြည့်စုံလွန်းနေပြီ]
[ဒီတောဝက်ကြီးက ကြည့်ရတာ အရမ်း ကြမ်းတမ်းတဲ့ပုံပဲ... သေနတ် မသုံးရင် တကယ်ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး]
လူများက အသီးသီး ပြောဆိုနေကြတော့သည်။
ရွှီယန်ကတော့ အင်တာနက်ပေါ်မှ ပြောဆိုနေမှုများကို ဂရုမစိုက်အားပေ။ သူက ရှောင်ဟွာနှင့် လူးနား တို့အတွက် အစားအစာ ထောက်ပံ့ပေးနိုင်ခဲ့သဖြင့် ဤကိစ္စအတွက် လိုက်သွားရသည်က တကယ်ကို တန်သည်ဟုသာ ခံစားနေရပေသည်။