← Chapters

ရှေးဟောင်းနတ်ဘုရား၏ ကြယ်ပျက်စီးခြင်း…

Vol. 018 Ch. 892

ရှေးဟောင်းနတ်ဘုရား၏ ကြယ်ပျက်စီးခြင်း…

Vol. 018 Ch. 892

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အထွတ်အထိပ်တွင် ရပ်တည်နေကြသော ပုဂ္ဂိုလ်ခုနစ်ယောက်နှင့် လမြွေနဂါးကြီးတို့၏ တိုက်ပွဲသည် စတင်ခဲ့လေပြီ။

လမြွေနဂါးကြီး၏ ခန္ဓာကိုယ်သည် နိုးထလာ၏။၎င်းက ကြမ်းကြုတ်စွာ ဟိန်းဟောက်၍ ဟင်းလင်းပြင်ထဲ၌ ၎င်း၏ လက်တံရှည်များကို ဝှေ့ယမ်းနေလေသည်။ပထမဆုံးအကြိမ်အဖြစ် ၎င်း၏မျက်လုံးထဲတွင် သတိထားသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်နေသည်။

၎င်း၏ အာရုံခံမနိုင်မှုသည် ကျင့်ကြံသူများနှင့် မတူညီသော်လည်း လမြွေနဂါးကြီးသည် အားကောင်းသောအန္တရာယ်အငွေ့အသက်ကို ခံစားမိဆဲသာ။၎င်းက အခုလိုမျိုး အန္တရာယ်အငွေ့အသက်ကို မခံစားမိသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လမြွေနဂါးသည် လွန်ခဲ့သော ရှည်ကြားလွန်းလှသည့် အချိန်က ဒေသတစ်ခုသို့ မဝင်ရောက်ရန် ပြောကြားခဲ့သည့် အသံကို ခပ်ရေးရေး ပြန်မှတ်မိသွားခဲ့ပေသည်။

ထိုအသံ၏စွမ်းအားက သူ့ကိုယ်ပင် ကြောက်ရွှံ့မှု ခံစားစေခဲ့သည် မဟုတ်လား။

ထိုမှတ်ဉာဏ်က အလွန်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။သို့သော်လည်း ထိုအသံ၏အန္တရာယ်အငွေ့အသက်သည် သူ့စိတ်ထဲ၌ ရေးထွင်းမိနေလေပြီ။၎င်းအသံက ခုချိန်ထိ သူ့အပေါ်၌ သက်ရောက်မှု ရှိဆဲပင်။

ယခုအခိုက်အတန့်တွင်လည်း လမြွေနဂါးသည် အန္တရာယ်ကို ခံစားမိပြန်သည်။အခု အန္တရာယ်အငွေ့အသက်က အတိတ်တုန်းကနှင့် ယှဉ်ပါက များစွာ အားနည်းသော်လည်း ၎င်းကို သတိထားစေပေသည်။

လမြွေနဂါးကြီး၏ လက်တံများသည် ဟိုဒီလှုပ်ရမ်းနေရင်း ၎င်းက မာန်ဖီနေ၏။

၎င်းက အန္တရာယ်ကို ခံစားမိသဖြင့် ၎င်း၏ ခွန်အားအပြည့်အဝကို အသုံးပြုရတော့မည်ဟု သိနေပေ၏။

၎င်း၏ဟိန်းသံထဲ၌ ရှုပ်ထွေးသော စကားတစ်ခု ရောထွေးနေကာ ၎င်းအသံက မန္တာန်တစ်ခုကို ဖြစ်စေပြီး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို စတင် ပျက်စီးစေတော့၏။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက လက်ညွှန်ကာ ရှစ်မြှောင့်အစီအရင်နှင့် ပေါင်းစပ်လိုက်၏။ အစီအရင်သည် လမြွေနဂါးကြီး၏ အထက်တွင် ရှိနေကာ ၎င်း၏ အပေါ်သို့ မိုးကြိုးမီးတောက်များ မိုးရွာသလို ကျဆင်းလာစေတော့သည်။

တစ်ချိန်တည်းမှာပင် လူငယ်လေးလေးယောက်ထံမှ အနီရောင်မိုးကြိုးသည် လမြွေနဂါးကြီး၏ လှုပ်ရှားမှုကို တင်းတင်းကြပ်ကြပ် တားဆီးထားတော့၏။

အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးက ပေတစ်ထောင်ခန့်ရှိသော သိမ်းငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။သူ့ကြီးမားလှသည့် ခန္ဓာကိုယ်မှာ အစစ်အမှန် သိမ်းငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေရင်း သူက လမြွေနဂါးအား လှည့်ပတ်နေရင်း လက်သည်းများဖြင့် တိုက်ခိုက်တော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ တိုက်ခိုက်မှုအောက်၌ အစစ်အမှန်ဂြိုဟ်တစ်ခုပင် လွယ်လင့်တကူ ပျက်စီးသွားရပေလိမ့်မည်။သူ့ကျင့်ကြံမှုအဆင့်က သန်မာလွန်းလှသည် မဟုတ်လား။

ရှန်ကုန်းမိသားစုဘိုးဘေးကလည်း လမြွေနဂါးနှင့် ခြေတစ်လှမ်းအကွာသို့ ရောက်လာ၏။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့ခန္ဓာကိုယ်ကနေ မိုးကြိုးတန်းများ အရူးအမူး ရွှေ့လျားကုန်ကြ၏။ မိုးကြိုးများကနေ မိုးကြိုးနဂါးများ ထွက်ပေါ်လာခဲ့တော့သည်။ ထိုမိုးကြိုးများက ရှေးဟောင်းမိုးကြိုးနဂါးထံကနေ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ မိုးကြိုးစိတ်ဝိညာဉ်ထံကနေ ဖြစ်ပေါ်လာခြင်း မည်၏။

မိုးကြိုးနဂါး တစ်သောင်းကျော်သည် မာန်ဖီကုန်၏။၎င်းတို့သည် ရှန်ကုန်းမိသားစုဘိုးဘေးနှင့်အတူ ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြင့် လမြွေနဂါးကြီးကို တိုက်ခိုက်လာကြသည်။

ကျန်းမိသားစုမှ လီယွမ်ဇီသည် တစ္ဆေဖြူတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။သူက သိသာစွာ မြန်ဆန်လွန်းလှသည်။သူ့လက်ထဲ၌ ငွေရောင်ဓားတလက်ကို ဆွဲကိုင်ထားသည်။သူ့လက်ထဲရှိ ဓားက ဆန့်ထွက်လာကာ လမြွေနဂါးကြီး အခြားအစိတ်အပိုင်းတစ်ခုအပေါ်သို့ ထွင်းဖောက်လာချေ၏။

ထိုမန္တာန်ကြောင့် လီယွမ်ဇီသည် အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းကြီးကို တုန်လှုပ်စေနိုင်ခဲ့ခြင်း ဖြစ်၏။နှလုံးသားလှုပ်ရှားမှု ကောင်းကင်ဘုံမန္တာန်။ သူ့နှလုံးသားက ဆန္ဒရှိနေသ၍ မည်သည့်အရာကမျှ သူ့အား ပိတ်ပင်နိုင်လိမ့်မည် မဟုတ်ပါ။

ငါးရောင်စုံတာအိုပညာရှင်က အလင်းတန်းငါးခုအဖြစ်သို့ ပြောင်းလဲသွား၏။အလင်းတန်းငါးခုသည် ဝဲကတော့တစ်ခုအလား ဖြစ်တည်ကာ လှည့်လည်လာသည်။ထိုဝဲကတော့သည် လောကတစ်ခုအဖြစ်သို့ ချဲ့ထွက်လာသည်။ထို့နောက် အပျိုစင် (၉၉) ယောက်၏ အရိပ်များ ပေါ်ထွက်လာ၏။သူတို့က ဝဲကတော့အတွင်း၌ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ကြသည်။ ထိုအပျိုစင်(၉၉)ယောင်ထံမှ တုန်လှုပ်ဖွယ် မိန်းမဆန်သည့်အော်ရာတစ်ခု ပျံ့နှံ့ကာ ပုန်းကွယ်နေသော မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ခုအဖြစ်သို့ သိပ်သည်းသွားရင် လမြွေနဂါးထံသို့ တိုးဝင်သွားသည်။

သွေးနတ်ဘုရား၏မျက်နှာက မထူးခြားနားပင်။သူက သွေးမြူထုကြီးအဖြစ်သို့ ပေါက်ကွဲထွက်စေ၏။သွေးရနံ့သည် အင်မတန် အားကောင်းလာကာ လမြွေနဂါးကြီး၏ခန္ဓာကိုယ်အား သွေးမြူသည် လွှမ်းခြုံလာတော့၏။သူက လက်တံများကို ကျော်ဖြတ်ကာ လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်း၌ ဝုန်းဒိုင်းကျဲ ဖျက်စီးမှုကို စတင်တော့သည်။

လမြွေနဂါးကြီး၏ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော တုန်ဟီးသံများ ဆက်တိုက ဖြစ်ပေါ်နေသည်။

အရှင်မီးတောက်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် သူ့ရှေ့၌ ပေါ်လာ၏။ အစိတ်အပိုင်းတစ်ခုချင်းစီသည် ကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းနှင့် ပြုလုပ်ထားခြင်းသာ။ ယင်းအစိတ်အပိုင်းများက သူ့ထိန်းချုပ်မှုကြောင့် လှည့်ပတ်လာရင်း ကြယ်များကြား၌ ပြင်းထန်သောကောင်းကင်ဘုံအားတစ်ခု ပေါ်ထွက်လာတော့၏။

ထိုတိုက်ခိုက်မှုအားလုံးသည် သည်လမြွေနဂါးကြီးကို ဖမ်းဆီးနိုင်ရန်အတွက် ဖြစ်လေ၏။

လမြွေနဂါးကြီး၏ ဟိန်းသံသည် ပို၍ ပြင်းထန်လာ၏။ထိုတိုက်ခိုက်မှုများက ၎င်း၏ခန္ဓာကိုယ်ကို အင်မတန် နာကျင်စေသည့်အတွက် လမြွေနဂါးသည် ရူးသွပ်လုနီးပါး ဖြစ်လာတော့သည်။သူက ယခုလို နာကျင်မှုမျိုး မခံစားမိသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ မဟုတ်လား။

လမြွေနဂါးက ဒေါသတကြီး ဟိန်းလိုက်ပြီးနောက် ၎င်း၏ ပါးစပ်ထဲကနေ လမြွေနဂါးငယ်များ ပျံသန်းထွက်လာကြတော့၏။ ၎င်းတို့ထဲ၌ ပေတစ်သိန်းခန့် ရှည်သည့် လမြွေနဂါးရှစ်ကောင်နှင့်အတူ ပေတစ်သောင်း၊ပေတစ်ထောင်လောက် ရှိသည့် လမြွေနဂါးများ ပါဝင်နေသည်။လမြွေနဂါးများ ထွက်ပေါ်လာသည်နှင့် ၎င်းတို့၏ ပါးစပ်ထဲကနေ ရှေးဟောင်းနတ်ဘုရား ဘာသာစကားများ ထွက်ပေါ်လာသည်။

ပင်မလမြွေနဂါးကြီးကသာ ရှေးဟောင်းနတ်ဘုရားအသံကို ထုတ်လွှတ်ခြင်း မဟုတ် ကျန်သည့် လမြွေနဂါးငယ်များသည်လည်း အလားတူ ထုတ်လွှတ်နေကြတော့၏။

လမြွေနဂါးကြီး၏ ဒေါသပုန်ထမှုသည် ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းနှင် အလားတူ၏။ လမြွေနဂါးတိုင်း၏ ရှေ့၌ တောက်ပသောအလင်းတစ်ခု ပေါ်လာသည်။ထိုအလင်းက မြန်ဆန်စွာ သိပ်သည်း၏။သိပ်မကြာခင်တွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ကြယ်များကြား၌ ပြည့်နှက်လာတော့သည်။

ကြယ်များကြား၌ မရေမတွက်နိုင်သော လမြွေနဂါးငယ်များသည် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ဖြစ်ပေါ်စေသည်။ထိုအရာက လမြွေနဂါးကြီး၏ အံ့မခန်းစွမ်းအားများထဲမှ တစ်ခု ဖြစ်ချေသည်။

ထိုလက်ချောင်း၏စွမ်းအားက လူခြောက်ယောက်၏အသွင်ကို ပြောင်းလဲသွားစေ၏။

လမြွေနဂါးကြီး၏မန္တာန်က ထိုမျှနှင့် အဆုံးမသပ်သေးပေ။ရှေးဟောင်းနတ်ဘုရား လက်ချောင်းကို ထုတ်ဖော်ပြီးသည့်နောက် ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာကာ ဆက်တိုက် မာန်ဖီဟိန်းတော့၏။

ထိုအခါ လက်တံမြောက်များစွာသည် ၎င်း၏ ခန္ဓာကိုယ်ထဲက‌နေ ပေါက်ကွဲထွက်လာကြ၏။လက်တံများအပေါ်မှ အမွှေးအမျှင်များသည် ထောင်မတ် ကြီးထွားလာကာ ပေတစ်သိန်းရှည်လျားသည့် လမြွေနဂါးငယ်များ အဖြစ်သို့ ပြောင်းလဲကုန်ကြသည်။

လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် သွေးနတ်ဘုရားမှလွဲ၍ အပြင်ဘက်ရှိ ကျန်သည့်ခြောက်ယောက်သည် တုန်လှုပ်သွားကြတော့၏။

“ဒါ…ဒါက ဘယ်လိုလမြွေ သားရဲမျိုးလဲ…။ရှေးဟောင်းစာအုပ်တွေထဲမှာ လမြွေသားရဲတစ်ကောင်ဟာ ဒီလိုမန္တာန်မျိုးကို အသုံးပြုနိုင်တယ်လို့ မှတ်ထားတာ လုံးဝ မရှိဘူး…”

လမြွေနဂါးကြီးက သည်တုန်လှုပ်ဖွယ်မန္တာန်ကို အသုံးပြုစဉ် ဝမ်လင်းအနီးအနားရှိ ကျင့်ကြံသူများနှင့်သေမျိုးအားလုံးသည် သူတို့၏ အသက်ဓာတ်ကို အပြီးတိုင် စုပ်ယူခြင်း ခံလိုက်ရကာ ပျက်စီးသွားကြတော့သည်။

ထိုသေမျိုးနှင့်ကျင့်ကြံသူများကို ဝန်းရံထားသည့် လက်တံများသည် ၎င်းတို့၏အသက်ဓာတ်ကို စုပ်ယူပြီးသည့်အခါ ပျောက်ကွယ်သွားကြ၏။ဤအခိုက်အတန့်၌ လက်တံအမြောက်အများသည် ဝမ်လင်းရှိနေသော နေရာတွင် လျော့ပါးသွားတော့သည်။

ဝမ်လင်းရှေ့ရှိ ရှေးဟောင်းနတ်ဘုရားကလေးငယ်အပေါ်ရှိ လက်တံများသည်လည်း စတင်၍ ကြောက်မက်ဖွယ်နှုန်းဖြင့် အသက်ဓာတ်ကို စုပ်ယူလာကြ၏။

လက်တံတစ်ခုချင်းစီပေါ်၌လည်း ဖုဖောင်းသည့် အလုံး များ ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် ထိုလက်တံများထံကနေ မရေမတွက်နိုင်သော အမျှင်များ ထွက်ပေါ်လာကြ၏။မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်းအမျှင်များသည် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိကာ စတင် ဝါးမြိုတော့သည်။

“ဒီရှေးဟောင်းနတ်ဘုရားကလေးငယ်က လမြွေနဂါကြီးရဲ့ အသက်ဓာတ်ရင်းမြစ် ဖြစ်လိမ့်မယ်…”

ဝမ်လင်း၏မျက်လုံးသ်ည အေးစက်လာ၏။သူက ညာလက်ကိုပင့်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ ပဲ့တင့်သံတစ်ခု ပေါ်လာပြန်၏။

ထိုအသံသည် အရင်ထက် အားပျော့သွားခဲ့ပြီ ဖြစ်သည်။

“မတိုက်နဲ့…ငါဟာ လမြွေနဂါးနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီ။ မင်း တိုက်ခုကိ်တာနဲ့ လမြွေနဂါးရဲ့ တိုက်ခိုက်တာ ချက်ခြင်း ခံရလိမ့်မယ်။ ငါ့ကလန်ဝင်…ဒီနေရာကနေ အမြန်ဆုံးထွက်သွားပြီး ငါ့ အမွေအနှစ်ကို ဆက်ခံနိုင်တဲ့လူကို ခေါ်လာခဲ့ပါ…။ငါ့မှာ အချိန်သိပ်မရှိတော့ဘူး…”

ဝမ်လင်းစိတ်ထဲ၌ ပေါ်လာသည့် ထိုရှေးဟောင်းအသံသည် ပို၍ အားနည်းလာနေတော့သည်။

“ဒီနေရာကနေ မင်းစွမ်းအားနဲ့ဆို ထွက်သွားနိုင်မှာ မဟုတ်ဘူး…။ငါ မင်းထွက်သွားလို့ရအောင် ကူညီပေးမယ်….”

လက်တံများစွာ ထွေးခြုံထားသည့် ရှေးဟောင်းနတ်ဘုရားကလေးငယ်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့နှဖူးထက်မှ ပုံရိပ်ယောင်ကြယ်ရှစ်ခုမှ တစ်ခုသည် ရုတ်တရက် ပျက်စီးသွားသည်။

ထိုပျက်စီးသွားမှုက အံ့မခန်းအားကို ဖြစ်ပေါ်စေကာ ဝမ်လင်းကို ဖြတ်ကျော်သွားရင်း ကျဉ်းမြောင်းသောနေရာလွဝ်၏ အဆုံးရှိ ဝဲကတော့ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ထိုအားမုန်တိုင်းက ဝဲကတော့ ထံသို့ တရကြမ်းတိုးဝင်လာစဉ်မှာပင် ဝဲကတော့ထိပ်၌ အနီရောင်အလင်းများစွာ ပေါ်လာ၏။သွေးနတ်ဘုရား၏ပုံရိပ်သည် မြန်ဆန်စွာ ထွက်ပေါ်လာလေသည်။သူက လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ဖျက်စီးရင် သည်နေရာထိ ရောက်လာခဲ့ခြင်းပင်။ သူ ပေါ်လာသည်နှင့် ရှေးဟောင်းနတ်ဘုရား၏စွမ်းအားသည် ရုတ်တရက် ရောက်ရှိလာတော့သည်။

သွေးနတ်ဘုရား၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက ငြီးငြူလိုက်ရသည်။သူ့ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ပျက်စီးသွားရ၏။ထို့နောက် နတ်ဆိုးအားတစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာကာ သူ့အား ရှေးဟောင်းနတ်ဘုရား၏စွမ်းအားကို ပိတ်ဆို့ရန် ကူညီပေးသွားသည်။ရုတ်တရက် ဖြစ်ပေါ်လာသည် နတ်ဆိုးအရိပ်သည် တုန်လှုပ်မှုနှင့် ပြည့်သွားကာ ချက်ခြင်း ပျက်စီးသွား၏။ ၎င်းက သွေးနတ်ဘုရားနှင့်အတူ နောက်သို့ လွင့်စင်သွားကာ ဝဲကတော့ထဲကနေ လွင့်ထွက်သွားသည်။

သွေးနတ်ဘုရား၏ခန္ဓာကိုယ် ပြန်ဖြစ်ပေါ်လာသည့်အခါ၌ သူ့မျက်နှာသည် အလွန်ဖြူရောနေလေပြီ။ သူက သွေးမျာစွာ အန်ထုတ်လိုက်ရ၏။ သူ့မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားသည့်အတွက် အလွန်အားနည်းသည့်ပုံ ပေါ်နေ၏။ နတ်ဆိုးသာ သူ့စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားခြင်း မဟုတ်ပါက သူသည် သေဆုံးသွားနိုင်ပေသည်။

သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှု၊ကြောက်ရွှံ့မှု၊မယုံကြည်နိုင်မှုတို့နှင့် ပြည့်နေတော့၏။

“ရှေးဟောင်းနတ်ဘုရား…”

သွေးနတ်ဘုရား၏ နောက်၌ နတ်ဆိုးအရိပ်သည် ပေါ်လာခဲ့ကာ ၎င်းက ထိုသို့ စကားဆိုလာသည်။ သူတို့နှစ်ယောက်ယောက်၏ မျက်လုံးထဲ၌ တူညီစွာ ကြောက်ရွှံ့မှုတို့ ပြည့်နေတော့သည်။

***

All Chapters