အခန်း (၈၇၅-၈၇၆)
Vol. 43 Ch. 875-876
အခန်း(၈၇၅) စေတနာကို ပြသခြင်း
“ဟေး... မင်းပါလား သူငယ်လေး”
ပညာရှိအဘိုးအိုသည် ထိုသူအား မြင်သည့်ခဏ၌ပင် ဝမ်းသာအားရ ရေရွတ်လိုက်ချေသည်။
ထိုသို့ ရောက်ရှိလာသော ပုံရိပ်ကား အခြားသူမဟုတ်ဘဲ အလျင်အမြန် ပြေးလွှားလာခဲ့သည့် ချင်ယွမ်ဖုန်းပင် ဖြစ်ပေရာ ယင်းက ယွီကုန်းအား မြင်သောအခါ သုတ်သီးသုတ်ပျာ ရှေ့သို့တိုး၍ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ဂျူနီယာက စီနီယာကို ဂါရဝပြုပါတယ်”
ယွီကုန်းက ခေါင်းညိတ်လျက် “မင်းက တကယ့်ကို ထွက်ပေါ်လာတဲ့ ကြယ်တစ်ပွင့်ပဲ၊ ဒီလောက် တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ဒီမျှအထိ ကြီးထွားလာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး” ဟု ဆိုချေသည်။
ချင်ယွမ်ဖုန်းနှင့် ယွီကုန်းတို့ ပထမဆုံး ဆုံတွေ့စဉ်က ယင်းသည် မဟာဆရာနယ်ပယ်အဆင့်မျှသာ ရှိသေးသော်လည်း ယခုအခါ နှစ်အနည်းငယ်မျှအတွင်းမှာပင် ဒုံးပျံတစ်စင်းကဲ့သို့ ဘုရင်နယ်ပယ်အဆင့်သို့ တဟုန်ထိုး တက်လှမ်းနိုင်ခဲ့လေရာ ယွီကုန်းအနေဖြင့် မည်သို့လျှင် အံ့ဩမဖြစ်ဘဲ နေနိုင်မည်နည်း။
“ယွီကုန်း... ဒါက ဘယ်သူလဲ” ပညာရှိအဘိုးအိုသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာရင်း မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် လှည့်၍ လက်ဝါးချင်းယှက်ကာ ပြန်လည်နှုတ်ဆက်ရင်း “ဒါက စီနီယာ ပညာရှိအဘိုးအို ဖြစ်တန်ရာတယ်၊ စီနီယာ ယွီကုန်း ပြောဖူးတာကို ကျွန်တော် ကြားဖူးပါတယ်” ဟု ဆိုလိုက်ချေသည်။
“ကိစ္စမရှိဘူး... ကိစ္စမရှိဘူး” ပညာရှိအဘိုးအိုက ခေါင်းညိတ်ပြသည်။
ယွီကုန်းက ပြုံးလျက် “ပညာရှိအဘိုးအို... ဒါက မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ ကောင်လေးလေ” ဟု ဆို၏။
“မင်းကိုး၊ တကယ့်ကို ဉာဏ်ပြေးတဲ့ ကောင်လေးပဲ” ပညာရှိအဘိုးအိုက သိပ်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံး၍ ဆိုချေသည်။
ချင်ယွမ်ဖုန်း၏ စိတ်အစုံ၌ လှိုင်းတံပိုးတို့ ထလာရသည်မှာ ဤသူတို့ကား စစ်မှန်သော နတ်ဘုရားတစ်ပိုင်းအဆင့် ပါဝါရှင်ကြီးများ ဖြစ်သောကြောင့်ပင်။
ယင်းဆုံတွေ့ခဲ့ဖူးသမျှသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများအားလုံးသည် ခြွင်းချက်မရှိ အလွန်ပင် ချဉ်းကပ်ရလွယ်ကူကြပေရာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် လောက၌ ၎င်းတို့အား ဒေါသထွက်စေနိုင်သည့်အရာ ဟူ၍ အလွန်နည်းပါးသွားဟန် တူပေသည်။
“ဒါနဲ့... မင်း ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ၊ ငါတို့ကို သက်သက်မဲ့ လာရှာတာလား” ယွီကုန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “ဟုတ်ပါတယ်၊ ကျွန်တော် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်က ကိစ္စတစ်ခုအတွက် စီနီယာနှစ်ဦးထံက အတည်ပြုချက် ရယူချင်လို့ပါ” ဟု ဆို၏။
“ပြောပါဦး... ဘာကိစ္စလဲ” ပညာရှိအဘိုးအိုက မေးသည်။
“ကွန်ရှန်းချိုင့်ဝှမ်းမှာရှိတဲ့ ချင်ယွင်မျှော်စင်ဟာ တစ်ညတာအတွင်းမှာတင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပါတယ်၊ လက်သည်ဟာ နတ်ဘုရားတစ်ပိုင်းအဆင့် ပါဝါရှင်တစ်ဦး ဖြစ်နိုင်တယ်လို့ သံသယရှိနေကြတဲ့အတွက် စီနီယာနှစ်ဦးကို အတည်ပြုချင်လို့ပါ” ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်ချေသည်။
“ဟားဟား... မင်း လူမှားရှာပြီ ထင်တယ်၊ ငါတို့ကတော့ တစ်ချိန်လုံး ဒီကျွန်းပေါ်မှာပဲ ပြိုင်ဆိုင်နေကြတာ” ယွီကုန်းက ရယ်မောလျက် ဆို၏။
ပညာရှိအဘိုးအိုက ခေါင်းညိတ်ထောက်ခံပြီးနောက် ချက်ချင်းဆိုသလို ယင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ ငါးမျှားတံဆီသို့ အပြေးအလွှား သွားရောက်လျက် ဆွဲတင်လိုက်ရာ ဧရာမ ပင်လယ်မိစ္ဆာသားရဲကြီးတစ်ကောင်ကို ဖမ်းမိလေသည်။ ယခင်အတိုင်းပင် ပညာရှိအဘိုးအိုသည် ထိုပင်လယ်သားရဲကြီးကို ယင်း၏ ကျောပိုးငါးခြင်းတောင်းထဲသို့ အလွယ်တကူ ထည့်သွင်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့ဩသွားရ၏။ ဤစီနီယာနှစ်ဦးသည် ဟင်းလင်းပြင်ဆိုင်ရာ နိယာမကို အလွန်မြင့်မားစွာ နားလည်သဘောပေါက်ထားကြပြီး စိတ်အလိုရှိတိုင်း အသုံးပြုနိုင်ကြပေရာ သာမန်ထက် ထူးကဲလှပေသည်။
“ဟားဟား... သုံးကောင်ရှိသွားပြီ၊ ယွီကုန်း... မင်း ဒီတစ်ခါတော့ သေချာပေါက် ရှုံးပြီသာ မှတ်တော့” ပညာရှိအဘိုးအိုက တဟားဟား ရယ်မောလိုက်ချေသည်။
ယွီကုန်း၏ မျက်နှာမှာမူ အနည်းငယ် ပျက်သွားပြီး “ဟမ့်... စောင့်ကြည့်နေလိုက်၊ ငါ လိုက်မီအောင် ဖမ်းပြမယ်” ဟု ဆို၏။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။ ဤစီနီယာနှစ်ဦးသည် ထိုကဲ့သို့သော ကိစ္စရပ်များကို လုပ်ဆောင်ရန် အချိန်ရှိလိမ့်မည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။
“စီနီယာတို့... ဒီကိစ္စက စီနီယာတို့နဲ့ မသက်ဆိုင်ဘူးဆိုတော့ ကျွန်တော် နှုတ်ဆက်ပါရစေဦး၊ နှောင့်ယှက်မိတာကို ခွင့်လွှတ်ပေးကြပါ” ချင်ယွမ်ဖုန်းက လက်ဝါးချင်းယှက်ကာ နှုတ်ဆက်စကား ဆိုလိုက်ချေသည်။
ယင်းသည် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများအပေါ် အမြဲတစေ ရိုသေပျော့ပျောင်းစွာ ဆက်ဆံလေ့ရှိသည်မှာ မည်သည့်အချိန်၌ ၎င်းတို့၏ အကူအညီကို ပြန်လည်လိုအပ်လာမည်ကို မသိနိုင်သောကြောင့် တည်း။ ယခုကဲ့သို့ ကောင်းမွန်သော အထင်အမြင်ကို ပေးစွမ်းနိုင်ခဲ့ပါက နောင်တစ်ချိန်တွင် အလုပ်ဖြစ်ရန် ပိုမိုလွယ်ကူပေလိမ့်မည်။
“ရပါတယ်၊ ငါတို့လည်း မကြာခင် ရှန်းဝူ စကြဝဠာ တိုက်ကြီးဆီ သွားမလို့ပဲ၊ အဲဒီကျရင် မင်းကို ဘယ်မှာ လာရှာရမလဲ” ယွီကုန်းက မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားသွားရ၏။ ဤသည်ကား နတ်ဘုရားတစ်ပိုင်းအဆင့် ပါဝါရှင်နှစ်ဦးက မိမိအပေါ် စေတနာအရိပ်အယောင် ပြသခြင်းပင် မဟုတ်လော။
“ကျွန်တော့်မှာ လုယွဲ့အင်ပါယာရဲ့ မြောက်ဘက်အစွန်းပိုင်းမှာ မြေနက်မြေတစ်ခု ရှိပါတယ်၊ အဲဒီမှာ မြေနက် ကုန်သည်ကြီးများအသင်းလည်း ရှိနေလို့ စုံစမ်းမေးမြန်းကြည့်ရုံနဲ့ သိနိုင်ပါတယ်၊ ကျွန်တော် အဲဒီမှာပဲ နေပါတယ်” ဟု ချင်ယွမ်ဖုန်းက ဆိုချေသည်။
“ကောင်းပြီ... အဲဒီကျရင် ငါ မင်းရဲ့ အကူအညီကို သေချာပေါက် လိုအပ်မှာပါ” ယွီကုန်းက ပြုံး၍ ဆို၏။
“ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကူညီပါ့မယ်” ဟု ချင်ယွမ်ဖုန်းက ပြန်လည်ပြောကြားလိုက်သည်။
“နောက်ပြီးတော့ မင်း ဘယ်သွားဦးမလို့လဲ” ပညာရှိအဘိုးအိုက ရုတ်တရက် မေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် “ဂျူနီယာက ထန်ဂူဒေသကို ပြန်ပြီး အဲဒီက သန့်ရှင်းသော နယ်မြေကို စူးစမ်းချင်လို့ပါ” ဟု ပြောဆို၏။
“ဒါဆိုရင်လည်း ငါတို့နှစ်ယောက် မင်းကို ပို့ပေးရုံပေါ့” ပညာရှိအဘိုးအိုက ပြုံးလျက် ဆိုချေသည်။
ချင်ယွမ်ဖုန်းမှာ အတိုင်းမသိ ဝမ်းသာသွားရပေသည်။ ယင်းအနေဖြင့် ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ ကိုယ်တိုင်ပြန်ရပါက ရက်အနည်းငယ်မျှ အချိန်ကုန်ဦးမည်ဖြစ်ရာ ဤပါဝါရှင်နှစ်ဦး၏ အကူအညီကို ရရှိပါက အလွန်ပင် လွယ်ကူသွားချေမည်။
မှန်ပေရာ... ပညာရှိအဘိုးအိုနှင့် ယွီကုန်းတို့၏ ကိုယ်ပေါ်မှနေ၍ တပြိုင်နက်တည်း အရှိန်အဝါတစ်ခု ပျံ့လွင့်ထွက်ပေါ်လာလေသည်။ ချင်ယွမ်ဖုန်းသည် ထိုစွမ်းအင်ကို အလွန်ပင် ရင်းနှီးကျွမ်းဝင်လှပေရာ ယင်းကား ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားပင် တည်း။
ထိုသူနှစ်ဦးသည် တပြိုင်နက်တည်း လက်ဝါးများကို ဆန့်ထုတ်လိုက်ရာ ၎င်းတို့၏ ရှေ့မှောက်၌ မဟူရာ အလင်းတန်းဖြင့် ပေါ်ထွက်လာသော ဟင်းလင်းပြင်တံခါးတစ်ခု ပွင့်ဟသွားချေသည်။
ချင်ယွမ်ဖုန်းမှာ မှင်တက်သွားရ၏။ ဤစီနီယာနှစ်ဦးသည် ဟင်းလင်းပြင်ဆိုင်ရာ တန်ခိုးတော်ကို အထွတ်အထိပ်အထိ အသုံးပြုနိုင်ကြပေရာ မည်သည့်အစီအရင်ကိုမျှ အသုံးမပြုဘဲ မိမိတို့၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့်ပင် ရှန်းဝူ စကြဝဠာ တိုက်ကြီးဆီသို့ ဦးတည်သော ဟင်းလင်းပြင်လမ်းကြောင်းကို ဖွင့်လှစ်ပေးနိုင်ကြသည်။
“သွားတော့... ကံကောင်းပါစေ ကောင်လေး” ပညာရှိအဘိုးအိုက ပြုံးလျက် ဆိုချေသည်။
“စီနီယာနှစ်ဦးစလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်”
ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုပြီးနောက် ဟင်းလင်းပြင်လမ်းကြောင်းအတွင်းသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရောက်သွားခဲ့လေသည်။
---
ဟင်းလင်းပြင်လမ်းကြောင်းသည် ဖြည်းညင်းစွာ ကွယ်ပျောက်သွားပြီးနောက် ပညာရှိအဘိုးအိုနှင့် ယွီကုန်းတို့သည်လည်း မိမိတို့၏ မူလနေရာများသို့ ပြန်လည်ထိုင်လိုက်ကြချေသည်။
“ယွီကုန်း... ငါပြောမယ်၊ ဒီကောင်လေးက ကြည့်ရတာ သာမန်တော့ မဟုတ်ဘူးနော်” ပညာရှိအဘိုးအိုက ဆို၏။
“ဒါပေါ့... ဘယ်သူမဆို မြင်တာနဲ့ သိနိုင်တာပဲကို” ယွီကုန်းက စိတ်မရှည်ဟန်ဖြင့် “ဒီလောကကြီးရဲ့ ကံကြမ္မာဟာ နောင်ကျရင် ဒီကောင်လေးရဲ့ လက်ထဲမှာပဲ ရှိတော့မယ် ထင်တယ်” ဟု ပြန်ဆိုချေသည်။
“ဟဲဟဲ... ငါတို့လို အရိုးရင့်ကြီးတွေကော နောင်လာမယ့်ရက်တွေမှာ ကူညီပေးနိုင်ဦးမလား မသိဘူး” ပညာရှိအဘိုးအိုက တည်ငြိမ်စွာ ဆို၏။
“မင်းက အိုမင်းနေပြီဆိုတော့ သေချာပေါက် မတတ်နိုင်တော့ဘူးပေါ့၊ ငါကတော့ ငယ်သေးတော့ စွမ်းဆောင်နိုင်ပါသေးတယ်” ယွီကုန်းက အော်ဟစ်ပြောဆိုလိုက်သည်။
“အရှက်မရှိလိုက်တာ” ပညာရှိအဘိုးအိုက ခေါင်းကို ခါယမ်းလျက် မတတ်သာဟန်ဖြင့် ရေရွတ်လိုက်ချေသည်။
---
ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် ထန်ဂူဒေသသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာခဲ့ရာ ယင်းသည် ထိုနတ်ဘုရားတစ်ပိုင်းအဆင့် ပါဝါရှင်နှစ်ဦး၏ စွမ်းဆောင်ရည်အပေါ် ပိုမို၍ပင် အံ့ဩတုန်လှုပ်သွားရချေသည်။
ယင်းသည် မိမိရောက်ရှိနေသော တည်နေရာကို အလျင်အမြန် ဆန်းစစ်ကြည့်ရာ ချင်းလိုင်မျှော်စင်နှင့် မနီးမဝေးသော နေရာ၌ ရောက်ရှိနေကြောင်း သိရှိရသဖြင့် ထိုနေရာဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ပေသည်။
ယခုအခါ အင်အားစု အနည်းငယ်မျှသာ ကျန်ရှိတော့ရာ ချင်ယွမ်ဖုန်းအနေဖြင့် ဤကိစ္စကို လုပ်ဆောင်နိုင်စွမ်းရှိသော အင်အားစုမှန်သမျှကို တစ်ခုမကျန် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။
ကယ်၍ ထိုသူတို့နှင့်လည်း မသက်ဆိုင်ပါက တစ်ပါးကျွန်းသား မိစ္ဆာများ၏ ခြေရာလက်ရာကို ရှာဖွေရန်သာ မျှော်လင့်ချက် ထားရတော့မည် ဖြစ်ချေသည်။
ချင်းလိုင်မျှော်စင်သည် သန့်ရှင်းသော နယ်မြေများအနက် တစ်ခုဖြစ်ပြီး အမြဲတစေ အေးချမ်းစွာ နေထိုင်လေ့ရှိသော်လည်း ဂိုဏ်းတော်သည် မိုးကြိုးလမ်းစဉ်ကို ကိုးကွယ်ကျင့်ကြံကြသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာမူ အလွန်တရာ အစွမ်းထက်မြက်လှပေသည်။
နောက်ပြီး ချင်ယွမ်ဖုန်း၏ မိတ်ဆွေကောင်းဖြစ်သော ချန်ဖန်းသည်လည်း ချင်းလိုင်မျှော်စင်၌ ရှိနေကာ ချန်ဖန်း၏ စီနီယာအစ်ကို ထန်ရှင်းရွှယ်ကိုပင် ချင်ယွမ်ဖုန်းက သိကျွမ်းထားသေးသည် မဟုတ်လော။
မကြာမီအချိန်၌ပင် ချင်ယွမ်ဖုန်းသည် တုတ်တစ်ချောင်းကဲ့သို့ လောကမြေပြင်ပေါ်၌ မတ်တတ်ထောင်နေသော မတ်စောက်လှသည့် တောင်ထိပ်တစ်ခုကို လှမ်းမျှော်မြင်တွေ့လိုက်ရချေသည်။
ဝေးလံသော နေရာမှနေ၍ ကြည့်လျှင်ပင် တောင်ထိပ်ပေါ်ရှိ မျှော်စင်များ၊ အဆောက်အအုံများကို မြင်တွေ့နိုင်ကာ လူရိပ်လူခြေ လှုပ်ရှားနေသည်ကိုပင် ချင်ယွမ်ဖုန်း မြင်တွေ့နေရပေသည်။
ချင်းလိုင်မျှော်စင်၏ ပြင်ပ၌မူ ဂိုဏ်းတော်တစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမ မဟာအစီအရင်ကြီးတစ်ခု ရှိနေချေသည်။ ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် အတင်းအဓမ္မ တိုးဝင်ခြင်း မပြုဘဲ အစီအရင်၏ ပြင်ပ၌ စောင့်ကြပ်နေကြသော ချင်းလိုင်မျှော်စင်၏ တပည့်များရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။
“ကျွန်တော့်အမည်က ချင်ယွမ်ဖုန်းပါ၊ စီနီယာအစ်ကို ချန်ဖန်းနဲ့ တွေ့ဆုံခွင့် ရချင်ပါတယ်” ချင်ယွမ်ဖုန်းက ရှေ့သို့တိုး၍ ဆိုလိုက်ချေသည်။
“ချင်ယွမ်ဖုန်းဟုတ်လား” ထိုတပည့်က ချင်ယွမ်ဖုန်းကို ကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြလျက် “ကောင်းပါပြီ... ခေတ္တမျှ စောင့်ဆိုင်းပေးပါ၊ ကျွန်တော် စီနီယာအစ်ကို ချန်ဖန်းကို သွားရောက်အကြောင်းကြားပေးပါ့မယ်” ဟု ဆို၏။
မကြာမြင့်မီအချိန်မှာပင် ချင်ယွမ်ဖုန်းသည် အစီအရင်အတွင်းမှနေ၍ ဖြည်းညင်းစွာ ထွက်ပေါ်လာသော ရင်းနှီးလှသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရချေသည်။ ယင်းကား ကာလအတန်ကြာ မတွေ့ရသည့် ချန်ဖန်းပင် ဖြစ်ပေသည်။
“စီနီယာအစ်ကို ချန်ဖန်း... နေကောင်းလား” ချင်ယွမ်ဖုန်းက ပြုံးလျက် လက်ဝါးချင်းယှက်ကာ နှုတ်ဆက်လိုက်ချေသည်။
“မတွေ့ရတာ ကြာပြီပဲ” ချန်ဖန်းက ခေါင်းညိတ်ပြရင်း “မင်း အသက်ရှင်လျက် လန်းလန်းဆန်းဆန်း ရှိနေတာကို မြင်ရတာ တကယ်ပဲ ဝမ်းသာဖို့ကောင်းပါတယ်” ဟု ပြန်လည်ဆိုလိုက်လေသည်။
အခန်း(၈၇၆) မိုးကောင်းကင်ကို ထောက်မထားသည့် မဏ္ဍိုင်ကြီး
နတ်ဘုရားသောင်းချီနယ်မြေ၌ လမ်းခွဲခဲ့ကြပြီးကတည်းက တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံတွေ့ခြင်း မရှိခဲ့ပေရာ၊ ယခုကဲ့သို့ ချင်ယွမ်ဖုန်းအား မြင်တွေ့လိုက်ရသဖြင့် ချန်ဖန်းသည် သဘာဝအလျောက် လွန်စွာဝမ်းမြောက်သွားချေသည်။
ပြောရလျှင် ဆေးနတ်ဘုရားဂိုဏ်းက ချင်ယွမ်ဖုန်းအတွက် ကျင်းပပြုလုပ်ခဲ့သော နာရေးဈာပန အခမ်းအနားသို့ပင် ချန်ဖန်း တစ်ခေါက်တက်ရောက်ခဲ့သေး၏။
ယခုအချိန်တွင် ချန်ဖန်းသည် ယခင်ကထက် ပိုမို၍ တည်ငြိမ်ရင့်ကျက်လာပုံရပြီး၊ သူ၏မျက်ဝန်းအစုံ၌လည်း လျှပ်စီးအလင်းတန်းတစ်ခု ဖျတ်ခနဲ လက်လှမ်းသွားသည်ကို မှုန်ဝါးဝါး မြင်တွေ့နိုင်ပေသည်။ ယင်းကား မိုးကြိုးပညာရပ်ကို အတိုင်းအတာတစ်ခုအထိ နက်နက်ရှိုင်းရှိုင်း ကျင့်ကြံပြီးမြောက်သူများ၌သာ ဖြစ်ပေါ်တတ်သော ထူးခြားချက် ဖြစ်တန်ရာ၏။
“မင်း ဘာကိစ္စရှိလို့ ရုတ်တရက် အလည်အပတ် ရောက်လာတာလဲ”
ချန်ဖန်းက မေးမြန်းလိုက်ပြီးမှ ယဉ်ကျေးစွာဖြင့် ထပ်လောင်းပြောဆိုပြန်သည်။
“ငါက တခြားရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါဘူး၊ ထူးထူးခြားခြား အကြောင်းကိစ္စ တစ်ခုခုမရှိရင် ဒီကိုလာမှာ မဟုတ်ဘူးလို့ ထင်လို့ပါ”
ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းညိတ်ထောက်ခံလိုက်၏။ ယင်းသို့သော သေဖော်ရှင်ဖက် ပြုခဲ့ကြသည့် သံယောဇဉ်မျိုးတွင် ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးမှုများ ပြုလုပ်နေရန် မလိုအပ်ပေ။
“ငါ ဒီကိုလာတာက ချင်ယွင်မျှော်စင် ပျက်စီးသွားရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ပါ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
“ချင်ယွင်မျှော်စင် ပျက်စီးသွားတဲ့ ကိစ္စလား၊ အဲဒီအကြောင်း ငါလည်း ကြားသိထားပါတယ်၊ ဒါပေမဲ့ မင်းက ဘာဖြစ်လို့ ချင်းလိုင်မျှော်စင်ကို ရောက်လာရတာလဲ” ချန်ဖန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ချကာ -
“ချင်ယွင်မျှော်စင်ကို ဖျက်ဆီးခဲ့တဲ့သူက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ယောက် ဖြစ်ရမယ်၊ ဒါကြောင့် ငါက ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာရှိတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတွေအားလုံးကို လိုက်လံစုံစမ်းနေတာ”
ထိုစကားကို ကြားရလျှင် ချန်ဖန်းသည် အံ့အားသင့်သွားခြင်း အဆင်မပြတ် ဖြစ်ရချေသည်။
“မင်းရဲ့ တိုးတက်မှုက ငါထင်ထားတာထက်တောင် ပိုပြီး ကြီးမားနေပါလား၊ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတွေနဲ့တောင် စကားပြောဆိုနိုင်နေပြီပေါ့” ချန်ဖန်းက ဆို၏။
“ငါ့မှာ အခွင့်အရေးတချို့ ကြုံတွေ့ခဲ့ရလို့ပါ၊ ဒါပေမဲ့လည်း နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းတော့ မရှိသေးပါဘူး” ချင်ယွမ်ဖုန်းက ပြုံး၍ ပြောဆိုသည်။
ချန်ဖန်းက ခေါင်းညိတ်လျက်
“ဒါဆိုရင် ဒီတစ်ခေါက်လာတာက ငါတို့ ချင်းလိုင်မျှော်စင်က နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးနဲ့ တစ်ခုခုကို အတည်ပြုဖို့ပေါ့ ဟုတ်လား”
“ဟုတ်တယ်၊ ဒီကိစ္စကို အတည်ပြုဖို့ ငါ့မှာ တခြား ပိုကောင်းတဲ့နည်းလမ်း မရှိတော့ဘူး” ချင်ယွမ်ဖုန်းက မတတ်သာသည့် လေသံဖြင့် ဆိုလေသည်။
“ကောင်းပြီလေ” ချန်ဖန်းက ခေါင်းညိတ်သဘောတူလိုက်ပြီး -
“ငါသိသလောက်ဆိုရင် ငါတို့ ချင်းလိုင်မျှော်စင်ရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးက မဟာအကြီးအကဲ တစ်ယောက်ပဲ၊ ဒါပေမဲ့ သူက လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ မင်းကို တွေ့ဖို့ ထွက်လာမှာ မဟုတ်လောက်ဘူး၊ အရင်ဦးဆုံး နင့်ကို ဂိုဏ်းချုပ်ဆီ ခေါ်သွားပေးမယ်”
“ဒါဆိုရင် စီနီယာအစ်ကို ချန်ဖန်းကို ဒုက္ခပေးရဦးမှာပဲ” ချင်ယွမ်ဖုန်းက လက်နှစ်ဖက် ဆုပ်ကိုင်၍ အလေးပြုလျက် ဆိုလိုက်သည်။
---
အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အမျှော်အမြင်ကြီးမားသော ချင်းလိုင်မျှော်စင်၏ မြင့်မားလှစွာသော တောင်ထိပ်ကြီးသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ထင်ရှားစွာ ပေါ်ပေါက်လာချေသည်။
ယင်းက မိုးကောင်းကင်ကို ထောက်မထားသည့် ကျောက်တုံးမဏ္ဍိုင်ကြီး တစ်ခုနှင့် ဆင်တူလှပြီး၊ တောင်ထိပ်သို့ တက်ရောက်ရာ လှေကားထစ်များသည် တောင်ကိုရစ်ပတ်၍ အပေါ်သို့ မြင့်တက်သွားရာ မဏ္ဍိုင်ကြီးပေါ်တွင် ရစ်ခွေနေသော စစ်မှန်သော နဂါးကြီးတစ်ကောင်ကဲ့သို့ အသွင်ဆောင်နေပေသည်။
ချန်ဖန်းသည် ချင်ယွမ်ဖုန်းကို ဦးဆောင်၍ လှေကားထစ်များအတိုင်း တက်လှမ်းခဲ့၏။ သူတို့သည် လမ်းလျှောက်နေကြခြင်း ဖြစ်သော်လည်း နှေးကွေးခြင်း မရှိပေ။ ချင်ယွမ်ဖုန်းကလည်း ခြေလှမ်းကို အနည်းငယ်လျှော့ကာ ချန်ဖန်း၏ နောက်မှ လိုက်ပါလာခဲ့သည်။
“ဒါနဲ့ မင်းဘယ်နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေကို ဖယ်ထုတ်ခဲ့ပြီးပြီလဲ” ချန်ဖန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားလိုက်ပြီး လျှို့ဝှက်ထားရန် မလိုအပ်ဟု ယူဆသဖြင့် သိရှိသမျှကို အကုန်အစင် ပြောပြလိုက်ချေသည်။
“ဝူးကျိဂိုဏ်း၊ ထိုက်ရှီဂိုဏ်းနဲ့ ရှန်းဝူအကယ်ဒမီတို့ကိုတော့ ဖယ်ထုတ်လို့ရပြီ၊ ပြီးတော့ ဘယ်ဂိုဏ်းနဲ့မှ မပတ်သက်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ နတ်ဘုရားတစ်ပိုင်းအဆင့် လေးယောက်လုံးကိုလည်း ဖယ်ထုတ်ပြီးသွားပြီ၊ အခု ကျန်နေတာဆိုလို့ မငတို့ ချင်းလိုင်မျှော်စင်၊ မြူနှင်းဂိုဏ်းနဲ့ ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်ပဲ ရှိတော့တယ်”
ချန်ဖန်းသည် အေးစက်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိရုံမျှမက အံ့အားသင့်သွားရချေသည်။ ယင်းသို့ဆိုလျှင် ချင်ယွမ်ဖုန်း မြင်တွေ့ခဲ့ရသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်အရေအတွက်သည် လက်တစ်ဆုပ်စာပင် ပြည့်လုနီးပါး ဖြစ်နေပေရာ၊ ယင်းကား လူအများအပြား အိပ်မက်ပင် မမက်ရဲသော အရာမျိုး ဖြစ်ပေသည်။
ထို့အပြင် လူအများစုမှာ ‘နတ်ဘုရားတစ်ပိုင်းအဆင့်’ ဟူသော အဆင့်အတန်းမျိုး ရှိနေသည်ကိုပင် ယခုတိုင် မသိရှိကြသေးပေ။
ချင်ယွမ်ဖုန်းကမူ သူမြင်တွေ့ခဲ့ရသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်များသည် ဤမျှမကသေးကြောင်းကို ချန်ဖန်းအား အသိပေးခြင်း မပြုခဲ့ပေ။
ချင်ယွမ်ဖုန်းသည် သူ၏ဖခင် ကျိရှန့်၊ ဘိုးဘေး ကျိရန် တို့အပြင် မိစ္ဆာဘုရင် မေ၊ မေ၏ နောက်လိုက်များနှင့် မိစ္ဆာမင်းသားများကိုပါ တွေ့ဆုံခဲ့ဖူးချေသည်။
ထို့ထက်မက သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော မိစ္ဆာမင်းသား နှစ်ပါးကို သတ်ဖြတ်ရာတွင်လည်း ပါဝင်ခဲ့ပြီး၊ ၎င်းတို့၏ ကျင့်စဉ်များကို စုပ်ယူခဲ့ခြင်းကြောင့်သာ သူ၏ ကျင့်စဉ်အဆင့်မှာ ယခုကဲ့သို့ ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ခြင်း ဖြစ်ပေသည်။
မကြာမီတွင် ချန်ဖန်းသည် ချင်ယွမ်ဖုန်းကို ဦးဆောင်၍ တောင်ထိပ်သို့ ရောက်ရှိလာခဲ့၏။ ထိုနေရာတွင် သက်ငယ်မိုး အိမ်ငယ်တစ်လုံး ရှိနေပြီး၊ ဘေးနားတွင် ကျဲကျဲပါးပါး စိုက်ပျိုးထားသော ဝါးပင်အနည်းငယ် ရှိပေသည်။
သို့သော် ယင်းကပင် ထိုနေရာအား ဆန်းသစ်၍ သန့်စင်မွန်မြတ်သော အသွင်ကို ဆောင်နှင်းပေးထားချေသည်။
“ဂိုဏ်းချုပ်က အိမ်ထဲမှာ ရှိတယ်၊ ငါ့ကို ဒီမှာ ခဏလောက် စောင့်နေပေးပါ”
ချန်ဖန်းက ပြောဆိုပြီးနောက် လမ်းကြောင်းအတိုင်း သက်ငယ်အိမ်၏ ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ သူသည် ကိုယ်ကိုညွတ်၍ အလေးပြုကာ -
“ဂိုဏ်းချုပ် ခင်ဗျာ၊ ချင်ယွမ်ဖုန်းက ဂိုဏ်းချုပ်ကို လာရောက်တွေ့ဆုံ ဂါရဝပြုချင်လို့ပါ”
သက်ငယ်အိမ်အတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။ ချန်ဖန်းက နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ၍ အော်ခေါ်ခဲ့သော်လည်း မည်သူမျှ ပြန်လည် ထူးခြင်းမရှိသေးပေ။
သူသည် ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် ရှေ့သို့ တိုးသွားကာ သက်ငယ်အိမ်၏ တံခါးကို တွန်းဖွင့်လိုက်ရာ အိမ်ထဲတွင် မည်သူမျှမရှိဘဲ စားပွဲပေါ်၌ စာတိုတစ်စောင်သာ ချန်ထားရစ်သည်ကို တွေ့ရှိလိုက်ရချေသည်။
ချန်ဖန်းသည် ထိုစာတိုကို ချင်ယွမ်ဖုန်းထံသို့ အလျင်အမြန် ကမ်းပေးလိုက်ရာ ၎င်း၌ စာတစ်ကြောင်းတည်းသာ ရေးသားထားလေသည်။
“ချင်ယွင်မျှော်စင်ရဲ့ ဘေးဒုက္ခက ချင်းလိုင်မျှော်စင်နဲ့ ဘာမှမပတ်သက်ဘူး”
“ဂိုဏ်းချုပ်က မင်းလာမှာကို ကြိုတင်သိနေတာလား” ချန်ဖန်းက မျက်မှောင်ကုတ်လျက် နားမလည်နိုင်သည့် အမူအရာဖြင့် ဆိုသည်။
ချင်ယွမ်ဖုန်းကလည်း ခေါင်းကို ခါယမ်းလိုက်မိ၏။ ချင်းလိုင်မျှော်စင်၏ ဂိုဏ်းချုပ်က နတ်ဘုရားတွက်ချက်ခြင်း ပညာရပ်ကို တတ်ကျွမ်းနေခြင်း ဖြစ်တန်ရာသလော။
“ဒါပေမဲ့ မင်းတို့ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပိုင်းအဆင့် မဟုတ်ဘူးလေ၊ အဲဒီလိုဆိုရင် မင်းတို့ရဲ့ မဟာအကြီးအကဲက ဒီကိစ္စကို မလုပ်ခဲ့ဘူးဆိုတာ သူက ဘယ်လိုလုပ်ပြီး သိနေရတာလဲ”
ချန်ဖန်းက သက်ပြင်းချလျက်
“ငါတို့ရဲ့ မဟာအကြီးအကဲက လူအများရှေ့မှာ ကိုယ်ထင်မပြခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီ၊ အမှန်အတိုင်းပြောရရင် သူ အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာတောင် ငါတို့ မသိကြဘူး၊ သူ အသက်ရှင်နေသေးတယ်ဆိုရင်တောင် ဘာဖြစ်လို့ ချင်ယွင်မျှော်စင်ကို သွားပြီး ပစ်မှတ်ထားရမှာလဲ”
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ ချန်ဖန်း၏ စကားက ကျိုးကြောင်းဆီလျော်မှု ရှိသော်လည်း၊ ချင်းလိုင်မျှော်စင် ဂိုဏ်းချုပ်က စာတိုတစ်စောင် ချန်ထားခဲ့သည့် အချက်က ချင်ယွမ်ဖုန်းအား သံသယများဖြင့် ပြည့်နှက်သွားစေချေသည်။
သူသည် အပြစ်ဒဏ်မှ လွတ်မြောက်ရန်အတွက် ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်တန်ရာသလော။
ထိုစဉ်မှာပင် လူရိပ်တစ်ခုသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ယင်းကား ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်ပြီး၊ မြေပြင်သို့ မုတ်ဆိတ်မွေးရှည်ကြီးများ တရွတ်တိုက် ကျနေကာ၊ ခန္ဓာကိုယ်မှာ ပိန်ချောင်ချောင် ရှိသော်လည်း မျက်ဝန်းများကမူ ထက်မြက်လှသော အလင်းတန်းများ လက်ပန်းနေပေသည်။
“အကြီးအကဲက... မဟာအကြီးအကဲလား”
ထိုပိန်ချောင်ချောင် အဘိုးအိုကို မြင်လိုက်ရလျှင် ချန်ဖန်းသည် လွန်စွာစိတ်လှုပ်ရှားသွားပြီး မြေပြင်ပေါ်သို့ ချက်ချင်းပင် ဒူးထောက်လိုက်မိချေသည်။
မဟာအကြီးအကဲ၏ ပုံတူပန်းချီကားကို ချင်းလိုင်မျှော်စင်တစ်ခုလုံးတွင် ချိတ်ဆွဲထားရှိပေရာ၊ ချန်ဖန်းက တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိသွားခြင်း ဖြစ်ပေသည်။
မဟာအကြီးအကဲက ခေါင်းညိတ်ပြကာ
“ဟားဟား... မိတ်ဆွေငယ်ချင်၊ ငါ့ရဲ့ မြေးတပည့်က စိတ်စောလွန်းတယ်၊ ငါက သူ့ကို မင်း ရောက်လာတဲ့အထိ စောင့်ပြီးမှ ထွက်သွားဖို့ ပြောခဲ့တာကို၊ သူက တကယ်ပဲ စာတစ်စောင် ချန်ထားခဲ့ပြီး ထွက်သွားတာကိုး”
ချင်ယွမ်ဖုန်းလည်း လွန်စွာအံ့အားသင့်သွားရချေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ဦးက သူ့အား တွေ့ဆုံရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာလိမ့်မည်၊ ထို့အပြင် မိမိအား ယခုကဲ့သို့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိမ့်မည်ဟု သူ ကြိုတင်မျှော်လင့်မထားခဲ့ပေ။
ယင်းက ဝူးကျိဂိုဏ်းချုပ် လီမင်၊ ယွီကုန်း နှင့် ပညာရှိအဘိုးအို တို့ကို သတိရစေပြီး၊ ၎င်းတို့အားလုံးသည်လည်း ချင်ယွမ်ဖုန်းအပေါ် အတိုင်းအတာတစ်ခုအထိ စေတနာကောင်းများ ပြသခဲ့ကြပေသည်။
ယင်းကား နောင်တွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ ဖြစ်ပျက်လာမည့် ကြီးမားသော အကြောင်းကိစ္စတစ်ခုခုနှင့် ဆက်စပ်နေခြင်း ဖြစ်တန်ရာသလော။
“မိတ်ဆွေငယ်... ဇဝေဇဝါ ဖြစ်မနေပါနဲ့၊ မကြာခင် အချိန်အတွင်းမှာ ချင်းလိုင်မျှော်စင်ကို ကာကွယ်ပေးနိုင်မယ့် အရာတစ်ခုခုကို သွားရောက်ရှာဖွေဖို့အတွက် ငါက ထုန်ကျီကို လွှတ်လိုက်တာပါ” မဟာအကြီးအကဲက ပြုံးလျက် ဆိုလိုက်သည်။
ချင်ယွမ်ဖုန်း၏ မျက်ဝန်းများ ပြူးကျယ်သွားရကာ
“အကြီးအကဲလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မယ်ဆိုတာကို ခံစားသိရှိနေတာလား”
“မှန်တယ်၊ ငါတို့ရဲ့ အဆင့်အတန်းကို ရောက်ရှိလာတဲ့အခါမှာ ငါတို့အားလုံးမှာ ဒီလိုမျိုး ကြိုတင်သိမြင်တဲ့ စိတ်မျိုး ရှိကြစမြဲပဲ၊ ဒါတင်မကသေးဘူး... မိတ်ဆွေငယ် မင်းက နောင်တစ်ချိန်မှာ ဒီတိုက်ကြီးကို ကယ်တင်မယ့်သူ ဖြစ်လာနိုင်တယ်” မဟာအကြီးအကဲက တည်ငြိမ်စွာ ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် ဤသတင်းစကားကို ချက်ချင်းပင် လက်ခံရယူရန် ခက်ခဲနေချေသည်။ မကြာမီ အချိန်အတွင်းမှာပင် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ ကြီးမားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာတော့မည် ဖြစ်ပြီး၊ ချင်ယွမ်ဖုန်းကသာ ယင်းကို ဖြေရှင်းပေးနိုင်မည့်သူ ဖြစ်ပေလိမ့်မည်။
“ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ ငါ ဖြစ်နေရတာလဲ” ချင်ယွမ်ဖုန်းက မျက်ဝန်းများ ပြူးကျယ်လျက် မေးမြန်းလိုက်သည်။
မဟာအကြီးအကဲက ခေါင်းကို ခါယမ်းလိုက်ပြီး
“ငါတို့လည်း အတိအကျ မသိနိုင်ပါဘူး၊ ငါတို့အနေနဲ့ အရိပ်အယောင် အချို့ကိုပဲ ကြိုတင်မြင်နိုင်တာပါ”
ချင်ယွမ်ဖုန်း၏ စိတ်နှလုံးသည် အချိန်အတော်ကြာသည်အထိ တည်ငြိမ်မှု မရှိဘဲ လှုပ်ရှားနေခဲ့ချေသည်။ ယင်းကား သူသည် အစောင့်အရှောက် မိသားစု၏ မျိုးဆက်ဖြစ်နေ၍လော၊ သို့မဟုတ် သူ၌ စနစ် ရှိနေ၍လော၊ သို့တည်းမဟုတ် သူသည် ဝိညာဉ်ကူးပြောင်းလာသူ တစ်ယောက် ဖြစ်နေ၍လော။
မည်သို့သော အခြေအနေမျိုးတွင်မဆို၊ ချင်ယွမ်ဖုန်းသည် သူကိုယ်တိုင် ရှန်းဝူ စကြဝဠာ တိုက်ကြီးဟူသော သင်္ဘောကြီးနှင့် တစ်သားတည်း နှောင်ဖွဲ့မိနေပြီဖြစ်ကြောင်း ကောင်းစွာနားလည်ထားပေသည်။
၎င်းတို့၏ ကံကြမ္မာများသည် အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့နေပြီး၊ သူသည် အခြားသူများနှင့်အတူ အတူတကွ ပျက်သုဉ်းခြင်း သို့မဟုတ် အတူတကွ ထွန်းတောက်ခြင်းသို့ ရောက်ရှိရပေလိမ့်မည်။