အခန်း (၈၈၁-၈၈၂)
Vol. 43 Ch. 881-882
အခန်း(၈၈၁) မြေပုံ
မိစ္ဆာများသည် လှည့်လည်သွားလာသူ သိုးကျောင်းသားများကဲ့သို့ ယင်းတို့၏ နွားနှင့် သိုးများကို ထိုနေရာမှ မောင်းနှင်၍ ထွက်ခွာသွားကြလေသည်။
၎င်းတို့သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူများ ဖြစ်ပေရာ အရပ်ဒေသအသီးသီး၏ ဓလေ့ထုံးတမ်းများနှင့် နေထိုင်မှုပုံစံများကို အလွန်နှံ့စပ်စွာ သိရှိကြပေသည်။
သို့ရာတွင် ၎င်းတို့သည် မိမိတို့အား စောင့်ကြည့်နေသော သိုင်းပညာရှင်များကို ဤနည်းဖြင့် လှည့်စားလွတ်မြောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ထိုသို့ ထွက်ခွာသွားခြင်းမှာ သိုင်းပညာရှင်များကို အဝေးသို့ မျှားခေါ်သွားရန် သက်သက်သာ ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းက တစ်ပါးကျွန်းသား မိစ္ဆာများ တည်ရှိနေကြောင်းကို ဖော်ထုတ်ခဲ့သည့် အချိန်မှစ၍ ၎င်းတို့၏ ဘဝများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲလာခဲ့ပြီး ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ သိုင်းပညာရှင်များသည်လည်း ၎င်းတို့ ပုန်းခိုရာနေရာကို နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့ကြပေသည်။
ထိုအခြင်းအရာကြောင့် မိစ္ဆာများသည် အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့ကြသော်လည်း မကြာသေးမီကမှ တစ်ဖန် ပြန်လည်လှုပ်ရှားလာခဲ့ကြခြင်း ဖြစ်တန်ရာသည်။
---
ချင်ယွမ်ဖုန်းသည် ထိုမိစ္ဆာများနှင့်အတူ လိုက်ပါသွားခြင်း မရှိခဲ့ချေ။ မိစ္ဆာအိုကြီးက မြေကြီးထဲတွင် တစ်ခုခုကို မြှုပ်နှံခဲ့သည်ကို သူက အထင်အရှား မြင်တွေ့ခဲ့ရပေရာ တစ်စုံတစ်ယောက်က လာရောက်ယူဆောင်သွားမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
သူသည် လေထုနှင့် တစ်သားတည်း ပေါင်းစပ်နေသည့် အခြေအနေတွင် သုံးရက်တိုင်တိုင် နေထိုင်ခဲ့ပြီးနောက် ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် မိမိကိုယ်မိမိ သံသယလွန်ကဲနေမိသလောဟု တွေးတောမိလာခဲ့သည်။
သူက လက်လျှော့ရန် ပြင်ဆင်နေသည့်အချိန်တွင်ပင် လူရိပ်တစ်ခုသည် ထိုနေရာသို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။
ထိုသူသည် ယန်ရုအင်ပါယာမှ သာမန် လှည့်လည်သွားလာသူ သိုးကျောင်းသားတစ်ဦး၏ ပုံစံမျိုး ဖြစ်ပြီး လေဒဏ်မိုးဒဏ်ကို ကာကွယ်ရန် ပိတ်စအဝတ်အစားများကို ဝတ်ဆင်ထားကာ ဦးခေါင်းတွင်လည်း ပိတ်စတစ်ခုကို ပတ်ထားပေသည်။
သူ့ပုံစံမှာ သာမန်လူသားတစ်ဦးနှင့် တူညီနေသော်လည်း သူသည် အမှန်စင်စစ် မိစ္ဆာတစ်ကောင် ဖြစ်နေသည်ကို ချင်ယွမ်ဖုန်းက ရိပ်မိသွားခဲ့ဆဲ ဖြစ်ချေသည်။
မိစ္ဆာနယ်မြေထဲ၌ သုံးနှစ်တိုင်တိုင် နေထိုင်ခဲ့ဖူးသဖြင့် ချင်ယွမ်ဖုန်းသည် လူသားများနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားလှသော မိစ္ဆာများ၏ အရှိန်အဝါကို အလွန်အမင်း ရိုးအီနေအောင် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်ပေသည်။
ထိုမိစ္ဆာသည် ချင်ယွမ်ဖုန်း ရှိနေသည်ကို သတိမပြုမိသော်လည်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုနေခဲ့သေးသည်။ ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို သေချာအောင် ပြုလုပ်ပြီးနောက်တွင်မှ ပန်းပွင့်လေး၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။
မကြာမီပင် ထိုမိစ္ဆာသည် မိစ္ဆာအိုကြီး အစောပိုင်းက မြှုပ်နှံခဲ့သည့် အရာကို တူးဖော်လိုက်ရာ ယင်းက သိုးရေပေါ်တွင် ရေးဆွဲထားသည့် မြေပုံတစ်ခု ဖြစ်နေချေသည်။
မိစ္ဆာက မြေပုံကို ဖြန့်လိုက်ရာ ချင်ယွမ်ဖုန်းသည်လည်း အနီးသို့ တိုးကပ်၍ လှမ်းကြည့်လိုက်မိသဖြင့် သူ၏နှလုံးသားသည် ရုတ်ချည်းပင် လေးလံသွားခဲ့ရသည်။
ဤမြေပုံသည် အမှန်စင်စစ် နတ်ဘုရားသောင်းချီနယ်မြေ၏ မြေပုံတစ်ခု ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ချေသည်။
၎င်းတို့သည် နတ်ဘုရားသောင်းချီနယ်မြေ တည်ရှိရာ နေရာကို အထင်အရှား မှတ်သားထားကြပေသည်။
ထိုခဏ၌ ဤမိစ္ဆာများသည် မည်သည့်အရာကို ပြုလုပ်လိုကြသည်ကို ချင်ယွမ်ဖုန်းက ရိပ်မိသွားခဲ့လေပြီ။ ၎င်းတို့သည် နတ်ဘုရားသောင်းချီနယ်မြေပေါ်ရှိ ချိပ်ပိတ်မှုကို ဖျက်ဆီးပစ်ချင်နေကြခြင်း ဖြစ်ပေသည်။
ဤသတင်းက ချင်ယွမ်ဖုန်းအား တုန်လှုပ်စေခဲ့သော်လည်း ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် နတ်ဘုရားသောင်းချီနယ်မြေအတွင်းရှိ အခြေအနေမှန်ကို သိရှိကြလိမ့်မည် မဟုတ်ဟု သူက ယုံကြည်နေပေသည်။
နတ်ဘုရားသောင်းချီနယ်မြေ၏ ချိပ်ပိတ်မှုသည် နှစ်ထပ် ခွဲခြားထားခြင်း ဖြစ်ပေရာ အပြင်ဘက်အလွှာမှာ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး ဖြစ်ပြီး အတွင်းဘက်အလွှာမှာမူ ကျိရှန့် စောင့်ကြပ်နေသည့် ချိပ်ပိတ်မှု ဖြစ်ချေသည်။
ချိပ်ပိတ်မှု နှစ်ထပ် ရှိနေသမျှ ကာလပတ်လုံး အပြင်ဘက် ချိပ်ပိတ်မှုဖြစ်စေ၊ အတွင်းဘက် ချိပ်ပိတ်မှုဖြစ်စေ တစ်ခုခု ပျက်စီးသွားခဲ့လျှင်ပင် ကျန်ရှိနေသေးသော ချိပ်ပိတ်မှု တစ်ခုက ခံနေမည် ဖြစ်သောကြောင့် ပျက်စီးသွားသော ချိပ်ပိတ်မှုကို ပြန်လည်ပြင်ဆင်ရန် အချိန်အလုံအလောက် ရရှိနိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ မိစ္ဆာများသည် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကို ဖျက်ဆီးပစ်ခဲ့လျှင်ပင် အခြားတစ်ဖက်၌ ၎င်းတို့အား တားဆီးထားဦးမည့် နောက်ထပ် ချိပ်ပိတ်မှုတစ်ခု ကျန်ရှိနေပါသေးသည်။
ဟင်းလင်းပြင် လမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီတွင် ရှိသော ချိပ်ပိတ်မှု နှစ်ခုလုံး တစ်ပြိုင်နက်တည်း ပျက်စီးသွားမှသာလျှင် ထိုမိစ္ဆာများသည် စိတ်တိုင်းကျ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ကြလိမ့်မည် ဖြစ်ချေသည်။
---
ချင်ယွမ်ဖုန်းသည် ရန်သူကို ရိပ်မိခြင်းမရှိစေဘဲ ထိုမိစ္ဆာ၏ နောက်ကွယ်မှ သာမန်ကာလျှံကာသာ လိုက်ပါသွားခဲ့လေသည်။
ဤမြေပုံကို မည်သူက ရေးဆွဲခဲ့သည်ကို သူ မသိရှိသော်လည်း ဤမြေပုံသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ ဌာနချုပ်သို့ မလွဲမသွေ ပေးပို့လိမ့်မည်ဖြစ်ကြောင်း ချင်ယွမ်ဖုန်းက ယုံကြည်နေပေသည်။ ထိုသို့ဆိုလျှင် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ တစ်ပါးကျွန်းသား မိစ္ဆာအားလုံးကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် သုတ်သင်ချေမှုန်းပစ်နိုင်မည် ဖြစ်ချေသည်။
အစောပိုင်းက ထွက်ခွာသွားသော မိစ္ဆာအုပ်စုသည် ယခုအချိန်တွင် သိုင်းပညာရှင်များ၏ သတ်ဖြတ်ခြင်းကို ခံရပြီးလောက်ပြီ ဖြစ်တန်ရာသည်။ ထိုမျှ များပြားလှသော မိစ္ဆာများ စုဝေးနေကြခြင်းက သိုင်းပညာရှင်များကို သတိမမူမိဘဲ နေစေမည် မမဟုတ်ပေ။
သို့သော် ပြန်လည်တွေးတောကြည့်လျှင် ထိုမိစ္ဆာများသည် သေဆုံးသွားခဲ့ရသော်လည်း အနည်းဆုံးတော့ သတင်းစကားကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့ပြီဖြစ်သဖြင့် ကျေနပ်သိမ့်မွေ့စွာဖြင့် သေဆုံးသွားကြလိမ့်မည် ဖြစ်ချေသည်။
မြေပုံကို ယူဆောင်သွားသော မိစ္ဆာသည် အလွန်အမင်း သတိကြီးလှပေသည်။ သူသည် ချင်ယွမ်ဖုန်းကို ပတ်ချာလည်အောင် လျှောက်လှမ်းခေါ်ဆောင်သွားခဲ့ပြီးနောက် မိမိနောက်သို့ မည်သူမျှ လိုက်ပါလာခြင်း မရှိသည်ကို သေချာမှသာ ၎င်းတို့ သွားရောက်မည့် ပန်းတိုင်ဆီသို့ ဦးတည်ရွေ့လျားတော့သည်။
"သူတို့က တကယ့်ကို သတိကြီးတာပဲ။ ဒါကြောင့်လည်း ဒီတိုက်ကြီးပေါ်မှာ ဒီလောက်ကြာအောင် နေထိုင်နိုင်ခဲ့ကြတာပေါ့"
ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်မိသည်။
ထိုတစ်ပါးကျွန်းသား သတ္တဝါသည် ခြေဦးတည့်ရာ လျှောက်သွားနေသူတစ်ဦးကဲ့သို့ စိတ်အေးလက်အေး ရွေ့လျားသွားလာနေပြီး မျိုးနွယ်စုများစွာကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ယန်ရုအင်ပါယာ၏ အစွန်အဖျား အမြောက်ဘက်ပိုင်းရှိ ချင်ယွမ်ဖုန်း တစ်ခေါက် ရောက်ရှိဖူးခဲ့သည့် ရှေးဟောင်းတောအုပ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေသည်။
ဤအရပ်ဒေသသည် အလွန်အမင်း အေးစိမ့်လှသော မြောက်ဘက်စွန်းဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီ ဖြစ်ပေရာ ရာသီဥတုက လွန်စွာ အေးစက်လှပေသည်။
ချင်ယွမ်ဖုန်းသည် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ ဤတစ်ပါးကျွန်းသား မိစ္ဆာသည် အဘယ်ကြောင့် ဤနေရာသို့ လာရသနည်း။ တစ်ပါးကျွန်းသား မိစ္ဆာများ၏ အခြေစိုက်စခန်းက မြောက်ဘက်စွန်းဒေသတွင် ရှိနေခြင်းများ ဖြစ်လေမလား။
ထိုသို့ ဖြစ်နိုင်ချေကို တွေးတောမိလိုက်သည်နှင့် ချင်ယွမ်ဖုန်းသည် အတိတ်က အဖြစ်အပျက်တစ်ခုကို ရုတ်တရက် သတိရသွားခဲ့လေသည်။
သူသည် စီမံခန့်ခွဲရေးမှူး လျိုဝမ်ချန်းကို အထူးလေ့ကျင့်မှုများ ပြုလုပ်ပေးစဉ်က မြေအောက် ရေခဲလိုဏ္ဂူထဲ၌ နောက်ထပ် လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ဖူးပေသည်။
ထိုလမ်းကြောင်းသည် လွန်စွာ အေးစိမ့်လှပြီး လျိုဝမ်ချန်းကိုယ်တိုင်ပင် ယင်းက မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိရှိခဲ့ချေ။
အခြားတစ်နည်းအားဖြင့် ဆိုရသော် မြောက်ဘက်စွန်းဒေသ၏ မြေအောက်၌ လူမသိသေးသော လျှို့ဝှက်နေရာများ ကျန်ရှိနေသေးခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် တောက်လောင်လာခဲ့ရသည်။ သူသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ လျှို့ဝှက်ချက်များကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိတော့မည်လော။
---
တောအုပ်ထဲ၌ ထိုမိစ္ဆာသည် သူ၏ရင်ခွင်ထဲမှ မြေပုံကို ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ အောက်တွင် ထည့်သွင်းထားလိုက်ရာ ထိုနေရာ၌ ဝါကျင်ကျင် ပန်းပွင့်လေးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီးနောက်တွင်မှ လှည့်ဖြာထွက်ခွာသွားခဲ့လေသည်။
ထိုအခြင်းအရာကို ကြည့်ရသော် ဤတစ်ပါးကျွန်းသား သတ္တဝါသည် သတင်းစကား ပေးပို့ရန်အတွက်သာ တာဝန်ရှိပုံရပြီး အခြားသော တစ်ပါးကျွန်းသား သတ္တဝါများနှင့် လူကိုယ်တိုင် တွေ့ဆုံခြင်း မရှိပေ။
ဤနေရာသို့ ရောက်ရှိလာပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် ထိုမိစ္ဆာကို လွတ်မြောက်ခွင့် မပေးတော့ချေ။ သူသည် နောက်မှ လိုက်လံဖမ်းဆီးကာ ဝိညာဉ်ရှာဖွေခြင်းပညာရပ်ဖြင့် ၎င်း၏ မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက် သတ်ဖြတ်ပစ်လိုက်လေသည်။
ဤတစ်ပါးကျွန်းသား မိစ္ဆာ၏ မှတ်ဉာဏ်များမှတစ်ဆင့် ချင်ယွမ်ဖုန်းသည် အကြောင်းအရာများစွာကို သိရှိလာခဲ့ရသည်။
ဥပမာအားဖြင့် ၎င်းကဲ့သို့ သတင်းစကား ပေးပို့ရသော အခြားသော မိစ္ဆာများစွာ ရှိနေသေးပြီး ၎င်းတို့သည် သူတစ်ပါး ရိပ်မိသွားခြင်းမှ ကာကွယ်ရန်အတွက် အချင်းချင်း လူကိုယ်တိုင် တွေ့ဆုံကြခြင်း မရှိချေ။ ၎င်းတို့ သတင်းစကား ပေးပို့သည့် ပုံစံမှာ ချင်ယွမ်ဖုန်း ယခု မြင်တွေ့ခဲ့ရသည့် နည်းလမ်းအတိုင်းပင် ဖြစ်ပေသည်။
ဤတစ်ပါးကျွန်းသား မိစ္ဆာ၏ မှတ်ဉာဏ် အနက်ရှိုင်းဆုံးအပိုင်းတွင် ချင်ယွမ်ဖုန်းသည် လူရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။
မိစ္ဆာ၏ မှတ်ဉာဏ်များသည် အနည်းငယ် ဝေဝါးနေသောကြောင့် ချင်ယွမ်ဖုန်း မြင်တွေ့ရသည့် လူရိပ်သည်လည်း အလွန် မှုန်ဝါးနေခဲ့ပေသည်။
ထိုလူရိပ်သည် ဤမိစ္ဆာကို ယန်ရုအင်ပါယာအတွင်း၌ အခြေချခိုင်းခဲ့ခြင်း ဖြစ်ပြီး အခြားသော မိစ္ဆာများသည်လည်း ထိုလူရိပ်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြပုံရသည်။
အခြားတစ်နည်းအားဖြင့် ဆိုရသော် ထိုလူရိပ်သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ တစ်ပါးကျွန်းသား မိစ္ဆာများ၏ ဘုရင် ဖြစ်ပေသည်။
"အဲဒီတစ်ပါးကျွန်းသား မိစ္ဆာက မြောက်ဘက်စွန်းဒေသမှာ ရှိနေတာလား မသိဘူး"
ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
---
သူသည် ရှေးဟောင်းသစ်ပင်ကြီးကို ရက်အနည်းငယ်ကြာအောင် စောင့်ကြပ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် မြေပုံကို လာရောက်ယူဆောင်မည့်သူ ပေါ်ပေါက်လာခဲ့လေသည်။ ၎င်းသည်လည်း မိစ္ဆာတစ်ကောင်ပင် ဖြစ်သော်လည်း ဤမိစ္ဆာမှာမူ ထူထဲသော ဝါဂွမ်းအဝတ်အစားများကို ဝတ်ဆင်ထားချေသည်။
ဤပုံစံကို ကြည့်ရုံဖြင့် မြောက်ဘက်စွန်းဒေသမှ လာခဲ့ခြင်းဖြစ်ကြောင်း သိသာလှပေသည်။
"ထင်တဲ့အတိုင်း မြောက်ဘက်စွန်းဒေသမှာပဲ။ ကျောင်းအုပ်ကြီးတောင် ရှန်းဝူအကယ်ဒမီရဲ့ အိမ်နီးနားချင်းက တစ်ပါးကျွန်းသား မိစ္ဆာတွေ ဖြစ်နေမယ်လို့ ထင်ထားမှာ မဟုတ်ဘူး"
ချင်ယွမ်ဖုန်းက အေးစက်စွာ ပြုံးလိုက်ပြီး နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
အေးစိမ့်လှသော နှင်းတောထဲ၌ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် လေထုထဲတွင် လွင့်မျောနေပြီး ရှေ့မှ တစ်ပါးကျွန်းသား မိစ္ဆာ၏ နောက်သို့ အနီးကပ် လိုက်ပါနေခဲ့ပေသည်။
ထို့အတူ ဤမိစ္ဆာသည်လည်း လွန်စွာ သတိကြီးလှပေသည်။ သူသည် ရှန်းဝူမျှော်စင်ဆီသို့ ဦးတည်သွားနေပြီး မျှော်စင်ကို စိန်ခေါ်ရန် ရည်ရွယ်ချက် ရှိနေသည့်ပုံစံမျိုး ဖြစ်ချေသည်။
နောက်ဆုံးတွင် ချင်ယွမ်ဖုန်းသည် ရိုးအီနေအောင် ရင်းနှီးလှသော မျှော်စင်ကြီးကို တစ်ဖန် ပြန်လည်မြင်တွေ့လိုက်ရသည်။ ဤမျှော်စင်ကြီးကို သူနှင့် မျိုးနွယ်တူ တစ်နယ်တည်းသားများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ကို တွေးတောမိလိုက်ရာ သူ၏ရင်ထဲ၌ ခံစားချက်များ လှိုင်းထန်လာခဲ့ရပေသည်။
ရှန်းဝူမျှော်စင်၏ အပြင်ဘက်၌ သိုင်းပညာရှင် အချို့ စုဝေးနေကြပေသည်။ ၎င်းတို့သည် ရှန်းဝူအကယ်ဒမီသို့ တက်ရောက်ခွင့် ရရှိရန် မျှော်လင့်ချက်ဖြင့် မျှော်စင်ကို လာရောက်စိန်ခေါ်ကြခြင်း ဖြစ်ပြီး အကယ်ဒမီထံမှ ဖိတ်ခေါ်စာ မရရှိထားကြသဖြင့် ဤနည်းလမ်းသည် ၎င်းတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ယခင်က လူအချို့နှင့် ဆုံတွေ့ဖူးသော်လည်း ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် လက်လျှော့ကာ ထွက်ခွာသွားခဲ့ကြပြီး ဖြစ်ပေသည်။
ထိုတစ်ပါးကျွန်းသား မိစ္ဆာသည် လူတိုင်းကို ရင်းနှီးကျွမ်းဝင်သည့် ပုံစံဖြင့် နှုတ်ဆက်စကား ဆိုပြီးနောက် ရှန်းဝူမျှော်စင်၏ ရှေ့၌ တဲတစ်လုံးကို ဆောက်လုပ်ကာ အခြေချ နေထိုင်လိုက်သည်ကို ချင်ယွမ်ဖုန်းက တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။
အခန်း(၈၈၂) မြေအောက်လိုဏ်ဂူ
“သူတို့က တကယ့်ကို သတိကြီးလွန်းတာပဲ။ အရှိန်နည်းနည်းလောက် မြှင့်လို့မရဘူးလား”
ချင်ယွမ်ဖုန်းသည် ဒေါသထွက်လွန်းသဖြင့် ဆဲရေးတိုင်းထွာမိလုနီးပါး ဖြစ်သွားချေသည်။ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် အရေးတကြီး လိုအပ်နေသည့် ပုံစံမျိုး လုံးဝမပြကြချေ။
သန်းခေါင်ယံအချိန်၌ ထိုတစ်ပါးကျွန်းသား မိစ္ဆာသည် တဲအတွင်းမှ ထွက်လာပြီးနောက် ရှန်းဝူမျှော်စင်၏ ခြေရင်းသို့ ရောက်ရှိလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်၌ မည်သူမျှမရှိကြောင်း သေချာစေရန် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးမှသာ မြေပုံကို နှင်းထုထဲ၌ မြုပ်နှံလိုက်လေသည်။
ချင်ယွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယခင်အတိုင်း လုပ်ရိုးလုပ်စဉ် အဟောင်းအတိုင်းပင် ဖြစ်ပေရာ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် အဘယ်ကြောင့် ယင်းကို ဒုက္ခဟု မမှတ်ယူကြသနည်းဟု သူတွေးတောမိသည်။
သူသည် ပြီးခဲ့သည့်အကြိမ်ကဲ့သို့ပင် ထိုမိစ္ဆာကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ဝိညာဉ်ကို ရှာဖွေစစ်ဆေးနေစဉ်အတွင်း ရုတ်တရက် ရပ်တန့်လိုက်မိသည်။
“သူ့ကို လောလောဆယ် ချန်ထားလိုက်တာက ပိုကောင်းလိမ့်မယ်” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ရှန်းဝူမျှော်စင်၏ အပြင်ဘက်တွင် သိုင်းပညာရှင်အနည်းငယ်သာ ရှိပေရာ အကယ်၍ ၎င်းတို့ထဲမှ တစ်ဦးဦး ရုတ်တရက် ပျောက်ဆုံးသွားပါက မည်သူမဆို သံသယဝင်လာနိုင်ချေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာကို လျစ်လျူရှုလိုက်ပြီး ရှန်းဝူမျှော်စင်၏ အပြင်ဘက်၌သာ ဆက်လက်စောင့်ကြည့်နေခဲ့သည်။
ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် ရှန်းဝူမျှော်စင်၏ အပြင်ဘက်၌ သတင်းအချက်အလက်များကို ပေးပို့ဝံ့ကြသဖြင့် သူတို့၏ သတ္တိကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ အန္တရာယ်အရှိဆုံးနေရာသည် အလုံခြုံဆုံးနေရာ ဖြစ်သည်ဟူသော စကားမှာ အမှန်ပင် ဖြစ်နေသလော။
ဤအကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် အချိန်အကြာကြီး စောင့်ဆိုင်းရန် မလိုခဲ့ချေ။ တစ်နာရီခန့် ကြာပြီးနောက် လူရိပ်တစ်ခု ရောက်ရှိလာခဲ့သည်။
ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ ထိုလူရိပ်သည် ဤနေရာ၌ အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့သည့် ပုံစံမျိုး ဖြစ်နေခြင်းကြောင့်ပင်။
ရန်သူကို ရိပ်မိမသွားစေရန်အတွက် ချင်ယွမ်ဖုန်းသည် သူ၏ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ချေ။ အကယ်၍ ရန်သူက ရိပ်မိသွားပါက သူ၏ ကြိုးပမ်းအားထုတ်မှုအားလုံးသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်ပင် ချင်ယွမ်ဖုန်းသည် မလှမ်းမကမ်းရှိ နှင်းပုံထဲ၌ ပုန်းအောင်းနေသော ထူးဆန်းသည့် မိစ္ဆာကို သတိမပြုမိခဲ့ခြင်း ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းသည် ရင်ထဲ၌ အတိုင်းထက်အလွန် သက်သာရာရသွားမိသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် စောစောက ထိုမိစ္ဆာကို တိုက်ခိုက်သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ သို့မဟုတ်ပါက သူသည် ရိပ်မိသွားလိမ့်မည် ဖြစ်ပြီး ဤနေရာ၌ အချိန်မည်မျှပင် စောင့်ဆိုင်းနေပါစေ အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။
ထိုမိစ္ဆာသည် မြေပုံကို တူးဖော်ရယူလိုက်ပြီးနောက် ယင်းကို တစ်ချက်မျှပင် ငဲ့မကြည့်ဘဲ သူ၏ခြေရာများကို ဖျောက်ဖျက်ကာ ရှန်းဝူမျှော်စင်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
အတန်ငယ် ဝေးကွာသောနေရာသို့ ရောက်ရှိသွားသောအခါမှသာ ထိုမိစ္ဆာသည် မြေပုံကို ဖြန့်ကြည့်လိုက်ပြီး မြေပုံပေါ်ရှိ သတင်းအချက်အလက်များကို ကြည့်ကာ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာအမူအရာကို ပြသလာခဲ့သည်။
“ဟားဟားဟား... ငါတို့ တကယ်ပဲ ရှာဖွေတွေ့ရှိခဲ့ပြီပေါ့။ ကောင်းကင်ဘုံက မစလို့ ငါတို့တွေ ကယ်တင်ခြင်းခံရပြီ”
ထိုမိစ္ဆာသည် မြေပုံကို ပြန်လည်သိမ်းဆည်းကာ ကပျာကယာ ထွက်ခွာသွားလေသည်။
---
ဤအကြိမ်၌မူ ထိုမိစ္ဆာသည် လမ်းကို လှည့်ပတ်မသွားတော့ဘဲ ချင်းဖုန်းရေကန်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။ ထို့နောက် ချင်ယွမ်ဖုန်း ယခင်က ကျင့်ကြံခဲ့ဖူးသည့် ရေခဲလိုဏ်ဂူဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် အမှန်တကယ်ပင် ဤနေရာ၌ ရှိနေကြခြင်းဖြစ်ရာ ယင်းက သူ့ကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
“ငါ ထင်တာ မမှားဘူးပဲ။ ဒီနေရာမှာ လျှို့ဝှက်ချက်တွေ အများကြီး ပုန်းကွယ်နေတာပဲ” ဟု ချင်ယွမ်ဖုန်း တိုးတိုးလေး ရေရွတ်ရင်း သူတို့နောက်သို့ လိုက်ပါသွားခဲ့သည်။
ချင်ယွမ်ဖုန်းသည် လေထုထဲ၌ လုံးဝပျော်ဝင်နေဆဲ ဖြစ်ပေရာ သူ၏တည်ရှိမှုကို ရိပ်မိခြင်းမရှိကြချေ။ သူသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာ၏ နောက်သို့ လိုက်ပါလျက် သူကျင့်ကြံခဲ့ဖူးသော နေရာသို့ ဆင်းသက်လာခဲ့သည်။
ဤနေရာ၌ မူလက လမ်းနှစ်လမ်း ရှိခဲ့ပြီး တစ်လမ်းမှာ ရေခဲသားရဲဘုရင်၏ လိုဏ်ဂူသို့ ဦးတည်ကာ ကျန်တစ်လမ်းမှာမူ မည်သည့်နေရာသို့ ဦးတည်မှန်းမသိသော လမ်းဖြစ်ချေသည်။
ရှန်းဝူအကယ်ဒမီမှ ကျောင်းသားများသည် ထိုလမ်းကို လုံးဝဂရုမစိုက်ခဲ့ကြချေ။ အလွန်ဆုံးရှိလှ စွမ်းအင်လှုပ်ခတ်မှု မရှိသော ရေခဲလိုဏ်ဂူတစ်ခုသာ ဖြစ်ပေရာ ၎င်းတို့သည် မည်သည့်အခါမျှ ဝင်ရောက်စူးစမ်းခြင်း မပြုခဲ့ကြပေ။
ထိုမိစ္ဆာသည် တုံ့ဆိုင်းမနေဘဲ လိုဏ်ဂူ၏ အခြားတစ်ဖက်သို့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွမ်ဖုန်းသည်လည်း သူ၏နောက်သို့ လိုက်ပါဝင်ရောက်သွားခဲ့သည်။ အတွင်းပိုင်းသည် အပြင်ဘက်နှင့် အနည်းငယ်မျှပင် ကွဲပြားခြားနားခြင်းမရှိဘဲ ထူထပ်သော ရေခဲတုံးများနှင့် ကြည်လင်ပြတ်သားသော ရေခဲစိုင်များဖြင့် နေရာအနှံ့ ပြည့်နှက်နေချေသည်။
သို့သော်လည်း လိုဏ်ဂူလမ်းကြောင်းသည် ထူးဆန်းစွာ ရှည်လျားလှပြီး အတွင်းပိုင်းရှိ အလင်းရောင်မှာ အလွန်မှောင်မိုက်နေသော်လည်း ထိုမိစ္ဆာသည် လမ်းကို ကျွမ်းကျင်စွာ သိရှိနေသည့် ပုံစံမျိုး ရှိနေသည်။
မကြာမီတွင် သူတို့သည် ရေခဲနံရံတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြရာ ယင်းက ရေခဲလိုဏ်ဂူ၏ အဆုံးသတ်ဖြစ်ပုံရသည်။ သို့သော်လည်း ချင်ယွမ်ဖုန်းသည် ရေခဲနံရံပေါ်ရှိ များပြားလှသော ဝိညာဉ်အဆောင်ပုံရိပ်များကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
ထိုသိပ်သည်းလှသော ပုံရိပ်များသည် သင်္ကေတတစ်ခုပြီးတစ်ခုအဖြစ် ပေါ်ထွက်နေချေသည်။
ချင်ယွမ်ဖုန်းသည် ယင်းတို့ကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သောအခါ ထိုသင်္ကေတများသည် အမှန်စင်စစ် ဝိညာဉ်အဆောင်ပုံရိပ်များ ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ဤနေရာသည် တစ်ချိန်က ပိတ်လှောင်ထားသည့် နေရာတစ်ခု ဖြစ်ခဲ့ဖူးချေသည်။
သို့သော်လည်း ယခုအချိန်၌မူ ထိုဝိညာဉ်အဆောင်ပုံရိပ်များသည် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ သာမန်အရာဝတ္ထုများသာ ဖြစ်နေတော့ပြီး ပိတ်လှောင်ခြင်း အာနိသင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤရေခဲလိုဏ်ဂူသည် ယခင်က ထိုတစ်ပါးကျွန်းသား မိစ္ဆာများကို အထူးပိတ်လှောင်ရန် အသုံးပြုခဲ့သည့် နေရာတစ်ခု ဖြစ်ခဲ့ဖူးလေသလော။
ထိုမိစ္ဆာသည် ရေခဲနံရံ၏ ရှေ့တွင် သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ဖြည်းညှင်းစွာ ရှေ့သို့ တွန်းလိုက်ရာ နောက်ဆုံးတွင် ရေခဲနံရံကို ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းက အမှန်စင်စစ် တံခါးတစ်ချပ် ဖြစ်နေချေသည်။
ချက်ချင်းဆိုသလိုပင် ချင်ယွမ်ဖုန်းသည် ရေခဲနံရံ၏ အနောက်ဘက်မှ ထွက်ပေါ်လာသော ထူထပ်လှသည့် မိစ္ဆာအရှိန်အဝါကို ခံစားလိုက်ရပေရာ ဤနေရာသည် အမှန်ပင် ထိုတစ်ပါးကျွန်းသား မိစ္ဆာများ၏ အခြေစိုက်စခန်း ဖြစ်ကြောင်း ညွှန်ပြနေသည်။
ရေခဲနံရံသည် ဖြည်းညှင်းစွာ ပြန်လည်ပိတ်သွားခဲ့ပြီး ချင်ယွမ်ဖုန်းသည်လည်း ထိုဟတ်ကြားထဲမှ လျင်မြန်စွာ တိုးဝင်သွားခဲ့သည်။
---
ရေခဲနံရံ၏ နောက်ကွယ်ရှိ မြင်ကွင်းသည် ချင်ယွမ်ဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။ ထိုနေရာ၌ ထူထပ်သော ရေခဲလွှာများ သို့မဟုတ် အေးစက်သော လေထုများ လုံးဝမရှိချေ။ ယင်းက သာမန်လိုဏ်ဂူတစ်ခုကဲ့သို့ပင် ဖြစ်ပြီး အနည်းငယ်ပင် နွေးထွေးနေသေးသည်။
ဤနေရာသည် ချွန်ထက်သော ကျောက်စူးများဖြင့် ပြည့်နှက်နေသည့် ဧရာမ မြေအောက်လိုဏ်ဂူကြီးတစ်ခု ဖြစ်သည်။ လိုဏ်ဂူနံရံများတွင် ပျားအုံတစ်ခုကဲ့သို့ ကြီးမားသော အပေါက်များစွာ ရှိနေပြီး ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် ထိုအပေါက်များထဲတွင် နေထိုင်ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် လိုဏ်ဂူ၏ အောက်ခြေ၌ ဖြည်းညှင်းစွာ စီးဆင်းနေသော ချော်ရည်မြစ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုချော်ရည်မြစ်ကြောင့်သာ အပြင်ဘက်ရှိ ပြင်းထန်သော အအေးဒဏ်ကို ပြီးပြည့်စုံစွာ တန်ပြန်နိုင်ခြင်း ဖြစ်ချေသည်။
တစ်စုံတစ်ဦး ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ မိစ္ဆာများသည် လိုဏ်ဂူအတွင်းမှ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။ ချင်ယွမ်ဖုန်းသည် တစ်ချက်ကြည့်ရုံမျှဖြင့် ဤနေရာ၌ မိစ္ဆာပေါင်း သောင်းချီ၍ နေထိုင်နေကြကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ထိတ်လန့်သွားရသည်။
သူတို့သည် ရှန်းဝူစကြဝဠာ တိုက်ကြီး၌ ပိတ်လှောင်ခံထားရခြင်းကြောင့် ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် သားသမီးမျိုးဆက်ပွားနိုင်သည့် အရည်အချင်းကို တိုးတက်ပြောင်းလဲစေခဲ့ကြရာ အချိန်အတန်ငယ် ကြာသွားပါက သူတို့သည် စစ်တပ်ကြီးတစ်ခုကိုပင် ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။
“ငါတို့ ကယ်တင်ခြင်းခံရပြီ။ ငါတို့ ကယ်တင်ခြင်းခံရပြီ” ဟု ထိုမိစ္ဆာက မြေပုံကို ထုတ်ယူရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် လိုဏ်ဂူ၏ အောက်ခြေမှ မိစ္ဆာအိုကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော မိစ္ဆာကို ကြည့်လိုက်ရာ သူ၏မျက်နှာထက်၌ မနှစ်မြို့သော အမူအရာများဖြင့် ပြည့်နှက်နေချေသည်။
ချင်ယွမ်ဖုန်းသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာ၏ စွမ်းအားကို ခံစားသိရှိနိုင်ပေရာ သူသည် အနည်းဆုံး ပဉ္စမအဆင့် ဘုရင်နယ်ပယ်တွင် ရှိနေချေသည်။
ထို့အပြင် ဤလိုဏ်ဂူထဲ၌ ဤကဲ့သို့သော အဆင့်ရှိသည့် အခြားမိစ္ဆာအချို့လည်း ရှိနေသေးသည်။
ချင်ယွမ်ဖုန်းသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာများစွာက အပြင်ဘက်၌ ရှိနေကြပြီး အသင်းခွဲတစ်ခုပြီးတစ်ခု ဖွဲ့စည်းထားကြောင်းနှင့် ထိုအသင်းခွဲများ၏ အကြီးအကဲများသည် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း သိရှိထားပြီးဖြစ်သည်။
လူအများ မသိရှိကြဘဲ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် ရှန်းဝူစကြဝဠာ တိုက်ကြီးပေါ်တွင် အစွမ်းထက်သော အင်အားစုတစ်ခုကို ဖွဲ့စည်းထားပြီး ဖြစ်ချေသည်။ အကယ်၍ ချင်ယွမ်ဖုန်းသာ ထိုတစ်ပါးကျွန်းသား မိစ္ဆာများ၏ လျှို့ဝှက်ချက်ကို ရှာဖွေမတွေ့ရှိခဲ့ပါက ၎င်းတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ၌ သူတို့ကို ခုခံနိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။
“ကောင်းပြီ... မင်းကို ဒီလောက်တောင် ပျော်ရွှင်စေတာက ဘာကိစ္စလဲ”
“မင်းသားက ဟင်းလင်းပြင်လမ်းကြောင်း တည်ရှိရာနေရာကို မှတ်သားထားတဲ့ မြေပုံကို ပြန်လည်ပေးပို့လိုက်ပါတယ်” ဟု ထိုမိစ္ဆာက ပြောလိုက်သည်။
“မင်းသား ဟုတ်လား”
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ရှန်းဝူစကြဝဠာ တိုက်ကြီးပေါ်တွင် မိစ္ဆာမျိုးနွယ်စု၏ မင်းသားတစ်ပါး ရှိနေနိုင်သလော။
“မဟုတ်ဘူး... မိစ္ဆာမျိုးနွယ်စုရဲ့ မင်းသားခုနစ်ပါးစလုံးက မိစ္ဆာနယ်မြေထဲမှာပဲ ရှိနေသေးတာ။ ဒီမင်းသားဆိုတဲ့သူက... ကိုယ့်ဘာသာကိုယ် ဘွဲ့အမည်ပေးထားတာ ဖြစ်ဖို့များတယ်” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
မိစ္ဆာဘုရင်ဖြစ်သော မေပင်လျှင် မင်းသား ခုနစ်ပါးသာ ရှိကြောင်း ပြောကြားခဲ့ဖူးရာ မိမိကိုယ်မိမိ မင်းသားဟု ခေါ်ဆိုနေသော ဤလူသည် ကိုယ့်ဘာသာကိုယ် ဘွဲ့အမည် သတ်မှတ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဟင်းလင်းပြင်လမ်းကြောင်း ဟုတ်လား” မိစ္ဆာအိုကြီး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ “တကယ်ပဲလား။ မင်းသားက ဟင်းလင်းပြင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့တာလား”
“မှန်ပါတယ် အကြီးအကဲ... ဒီမှာကြည့်ပါ၊ မြေပုံပေါ်မှာ မှတ်သားထားပြီးသားပါ” ထိုမိစ္ဆာသည် အောက်သို့ ကပျာကယာ ပြေးဆင်းသွားခဲ့သည်။
“ကောင်းလှချည်ကွယ်... ကောင်းလှချည်ကွယ်... ငါတို့တွေ ကယ်တင်ခြင်းခံရပြီ”
ဤအကြိမ်တွင်မူ ထိုအကြီးအကဲပင်လျှင် စိတ်လှုပ်ရှားသွားခဲ့ပြီး စတင်အော်ဟစ်လေတော့သည်။
လိုဏ်ဂူအတွင်းမှ နားကွဲလုမတတ် ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာအားလုံးသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြွေးကြော်နေကြချေတော့သည်။