← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) ဒီခေတ်ကြီးထဲ လူတွေက စိတ်ထားယုတ်မာလိုက်ကြတာ... ခွေးလေးကိုတောင် လိမ်ရက်တယ်

နွေဦးရာသီဆိုတာ ယေဘုယျအားဖြင့် အလုပ်များတတ်တဲ့ အချိန်ပဲ ဖြစ်သည်။

လွန်ခဲ့တဲ့ရက်ပိုင်းက လယ်ယာခြံဝင်းထဲမှာ စိုက်ပျိုးရေးတွေ လုပ်နေခဲ့ကြတာမို့ အားလုံးက နေ့တိုင်း မှန်လုံအိမ်တွေထဲမှာ အလုပ်လုပ်နေခဲ့ကြပြီး ထွန်စက်ကြီးကလည်း နေ့စဉ်ရက်ဆက် မောင်းနှင်နေခဲ့ရသည်။

စိုက်ပျိုးလို့ ပြီးသွားတဲ့အခါမှာတော့ အနည်းငယ် သက်သောင့်သက်သာ ရှိသွားခဲ့ပြီ ဖြစ်သည်။

လယ်ယာခြံဝင်းရဲ့ ဘဝဆိုတာ ဒီလိုပါပဲ... တစ်ခဏလောက် အလုပ်များလိုက်... တစ်ခဏလောက် အားလပ်သွားလိုက်ပင်။

ဒါပေမယ့် အသေးအဖွဲ ကိစ္စလေးတွေက များပြားလွန်းလှတာကြောင့် တစ်ခါတလေတော့လည်း စိတ်ရှုပ်စရာ ကောင်းလှသည်။

ရွှီယန်က အားလုံးကို သေချာ စီစဉ်ထားပြီးဖြစ်ရာ လောလောဆယ်တော့ အားလပ်သွားခဲ့ပြီ ဖြစ်သည်။

သူက လယ်ယာခြံဝင်းကနေ ဝင်ငွေ ဘယ်လိုရှာရမလဲ ဆိုတာကို တွက်ချက်နေဆဲပင်။

ဒီတလော ထွန်စက် လာငှားတဲ့သူ တော်တော်များပြီး တစ်ခါငှားရင် ယွမ် နှစ်ထောင် သုံးထောင်လောက် ရတာမို့ ဝင်ငွေက မဆိုးဘူးလို့ ဆိုရမည်။

သူက တစ်ခါတရံ စာရင်းပြန်တွက်ကြည့်ရာ အထွေထွေ ဝင်ငွေက တက်ရိပ်ပြနေဆဲပင် ဖြစ်သည်။

လယ်ယာခြံဝင်းရဲ့ တိုးတက်မှုက တော်တော်လေး ကောင်းမွန်နေပေသည်။

လူဆိုတာ အားလပ်သွားပြီဆိုတာနဲ့ နေ့စဉ်ဘဝ နေထိုင်မှုအပေါ်ကို အာရုံစိုက်လာတတ်ကြစမြဲပင်။

ရွှီယန်က ရေခဲမုန့် နည်းနည်းလောက် ကိုယ်တိုင် လုပ်ကြည့်ဖို့ စဉ်းစားနေသည်။

ပြီးခဲ့တဲ့တစ်ခေါက်က လက်လုပ် ဒိန်ချဉ် သွားရောင်းခဲ့တာက သူ့ကို လယ်ယာခြံဝင်းအတွက် အကျိုးအမြတ်ရနိုင်မယ့် လမ်းကြောင်းသစ်တစ်ခုကို မြင်တွေ့သွားစေခဲ့သည်။

အကယ်၍ ခြံဝင်းထဲမှာ အလုပ်သိပ်မရှိဘူးဆိုရင် ဝန်ထမ်းတွေကို အကူအညီတောင်းပြီး လက်လုပ် အစားအစာတချို့ လုပ်ကာ အပြင်မှာ သွားရောင်းလို့ ရနိုင်ပေသည်။

မြို့လေးက သိပ်မကြီးဘဲ လူတော်တော်များများက တစ်ယောက်နဲ့တစ်ယောက် သိနေကြသည်။

ဒါကြောင့် ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုကိုလည်း ဖန်တီးလို့ ရနိုင်ပေသည်။

တိုက်တိုက်ဆိုင်ဆိုင် လိုက်ဖ်မလွှင့်ရတာလည်း ရက်အတော်ကြာနေပြီဖြစ်ရာ ရွှီယန်က ရေခဲမုန့်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်လိုက်ပြီး လယ်ယာခြံဝင်းရဲ့ နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်ဖို့ ပြင်ဆင်လိုက်တော့သည်။

ဒီနေ့ နေ့လယ်ခင်းလေးက လေပြေလေညင်းလေးတွေ တိုက်ခတ်နေပြီး ရာသီဥတုက သာယာနေ၏။

ရွှီယန်က လိုက်ဖ်ကို ဖွင့်လိုက်သည်။

သူက အဖြူရောင် စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားပြီး တကယ့်ကို ပရော်ဖက်ရှင်နယ် ဆန်လှပေသည်။

ပရိသတ်အဟောင်းတွေက လိုက်ဖ်ထဲကို ဝင်လာတာနဲ့ တစ်ခဏလောက် ကြောင်အမ်းသွားကြတော့သည်။

ဒါက ဘယ်လို အခြေအနေကြီးလဲ။

တောတောင်ထဲ ဝင်တဲ့ လိုက်ဖ်လွှင့်သူ တစ်ယောက်က ဘယ်လိုလုပ် စားဖိုမှူး ဝတ်စုံကြီး ဝတ်ထားရတာလဲ။

[လောင်ရွှီ... အလုပ်ပြောင်းလိုက်ပြီလား]

[ဒါက ဘယ်စားဖိုမှူးကြီးရဲ့ လိုက်ဖ်ကြီးလဲဟ]

အင်တာနက်သုံးစွဲသူတွေရဲ့ ပါးစပ်တွေကလည်း တော်တော်လေး လက်သွက်ကြပြီး အသီးသီး မေးမြန်းနေကြတော့သည်။

ရွှီယန်က ပြုံးပြီး ပြန်ဖြေလိုက်၏။

"ဒီနေ့ ဘာမှ သိပ်လုပ်စရာ မရှိတာနဲ့ မလိုင်တို့ ပျားရည်တို့ ဝယ်လာပြီး ရေခဲမုန့် နည်းနည်းလောက် လုပ်ကြည့်မလို့"

"ကျွန်တော့် ခြံဝင်းက မှန်လုံအိမ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးပဲ လုပ်တာမဟုတ်ဘူး... အခု လက်လုပ် အစားအစာ တချို့ပါ လုပ်နေပြီလေ"

"အရင်က လက်လုပ် ဒိန်ချဉ် ရောင်းဖူးတယ်... အခု ရေခဲမုန့်ကို စမ်းသပ်ကြည့်မလို့"

"နွားနို့ကလည်း ကိုယ့်ခြံက နို့စားနွားမတွေဆီကနေ ညှစ်ထားတာ... ခြံထွက် မြက်တွေနဲ့ ကျွေးပြီး မွေးထားတာဆိုတော့ ဒီနွားနို့ကို သောက်ရတာ စိတ်ချရတယ်"

"ဒီစားဖိုမှူး ဝတ်စုံ ဝတ်ထားတာက မလိုင်တွေ ကိုယ်ပေါ် စင်မှာစိုးလို့ပါ"

ရွှီယန်က အားလုံးကို ရှင်းပြလိုက်တော့မှသာ အားလုံး သဘောပေါက်သွားကြတော့သည်။

ဒီနေ့ လယ်ယာခြံဝင်းရဲ့ နေ့စဉ်ဘဝ လိုက်ဖ်က ရေခဲမုန့် လုပ်မှာကိုး။

[လောင်ရွှီမှာ ဒီလို လက်ရာမျိုး ရှိသေးတာပဲ]

[အရည်အချင်း စုံလင်လှချည်လား]

[သူက အရမ်းကို ပြည့်စုံလွန်းနေပြီ]

အားလုံးက ပျော်ရွှင်သွားကြတော့သည်။

ရွှီယန်က မီးဖိုကို ဖွင့်ပြီး ဒယ်အိုးကို အပူပေးလိုက်ကာ ပါဝင်အချိုးအစား အတိအကျအတိုင်း နွားနို့ ဂရမ် လေးရာနဲ့ မလိုင် ဂရမ် တစ်ထောင့်နှစ်ရာကို ထည့်ပြီး စတင် ကျိုချက်တော့သည်ကို မြင်တွေ့လိုက်ရသည်။

မလိုင်နဲ့ နွားနို့က ဒယ်အိုးထဲမှာ ပွက်ပွက်ဆူလာတော့သည်။

အားလုံးက ရေခဲမုန့်ကို ဘယ်လို လုပ်ရလဲ ဆိုတာကို မမြင်ဖူးကြသေးချေ။

ဒီလို လုပ်နေတာကို ကြည့်ရှုနေတဲ့ လူအရေအတွက်က တော်တော်လေး များပြားလှပေသည်။

အထူးသဖြင့် သူ တောင်ထဲဝင်တဲ့ လိုက်ဖ်တွေကိုပဲ ကြည့်နေကျ ဖြစ်ရာ တစ်ခါတလေ ဒီလို နေ့စဉ်ဘဝလေးကို ကြည့်ရတာကလည်း တော်တော်လေး စိတ်အပန်းပြေစေသည်။

အဲဒီနောက် ရွှီယန်က ဇလုံတစ်လုံးကို ယူလာပြီး ခေါက်ခနဲ ခေါက်ခနဲ အသံတွေနဲ့အတူ ကြက်ဥ ဆယ်လုံးကို ဖောက်ထည့်လိုက်ကာ သကြား ဂရမ် တစ်ရာ့ခြောက်ဆယ် ထပ်ထည့်ပြီး လက်ထဲမှာ မွှေစက်ကို ကိုင်ကာ စတင် မွှေတော့သည်။

ဒီမြင်ကွင်းက ကြည့်ရတာ တော်တော်လေး ပရော်ဖက်ရှင်နယ် ဆန်လှ၏။

ရွှီယန်ရဲ့ ဟင်းချက်လက်ရာ အရမ်းကောင်းတယ် ဆိုတာကို လူအတော်များများက မသိကြသေးပေ။

အခု ရွှီယန်မှာ အချိန်တွေ တော်တော်များများ ရှိနေပြီး လိုက်ဖ်မလွှင့်တဲ့ အချိန် အားလပ်နေတဲ့အခါ စားသောက်ကစားစရာတွေကို ကိုယ်တိုင် လေ့လာ စူးစမ်းလေ့ ရှိသည်။

ဒီအချိန်မှာပဲ မလိုင်နဲ့ နွားနို့က ကျိုလို့ တော်တော်လေး အနေတော် ဖြစ်သွားပြီဖြစ်ရာ ရွှီယန်က ကြက်ဥနဲ့ သကြား အရည်တွေကို အဲဒီအထဲ လောင်းထည့်လိုက်ပြီး ဆက်လက် မွှေပေးနေလိုက်သည်။

မွှေလို့ ပြီးသွားတဲ့အခါမှာတော့ အဝါရောင်သန်းနေတဲ့ နို့နှစ်အရည်တွေ ရရှိသွားတော့သည်။

"ရေခဲမုန့် လုပ်ရတာက အရမ်း လွယ်ပါတယ်... ဒါပေမယ့် အသေးစိတ် အချက်အလက်လေးတွေကိုတော့ သေချာ ဂရုစိုက်ဖို့ လိုတယ်"

"ပါဝင်ပစ္စည်း အချိုးအစားက ရေခဲမုန့် အေးခဲသွားတဲ့အခါ ဖြစ်ပေါ်လာမယ့် အခြေအနေကို သက်ရောက်မှု ရှိပြီး... ကျိုချက်တဲ့ အပူချိန်ကလည်း နောက်ဆုံး ထွက်ပေါ်လာမယ့် အရသာကို သက်ရောက်မှု ရှိစေတယ်"

"ရေခဲမုန့် အကောင်းစား ဆိုရင် ဇွန်းလေးနဲ့ ခပ်ဖွဖွလေး တွန်းလိုက်ရုံနဲ့တင် ရေခဲမုန့် အလုံးလေး တစ်လုံး ဖြစ်လာပြီး စားရတာလည်း အရမ်း နူးညံ့တယ်လေ"

"ညံ့တဲ့ ရေခဲမုန့် ဆိုရင်တော့ ဇလုံထဲမှာ အခဲကြီး ဖြစ်နေပြီး ဇွန်းနဲ့ အားစိုက်ပြီး ခပ်မှပဲ ရမှာ"

ရွှီယန်က နို့နှစ်အရည်ကို မွှေနေရင်း ဗဟုသုတ ဝေမျှဖို့လည်း မမေ့ချေ။

နို့နှစ်အရည်က ကြည့်ရတာ အရမ်းကို ချောမွေ့နေပြီး နူးညံ့ အိစက်နေပေသည်။

အင်တာနက်သုံးစွဲသူတွေက ဒီအတိုင်း ကြည့်နေရုံနဲ့တင် နို့နံ့ မွှေးမွှေးလေးက ဖန်သားပြင်ထဲကနေ လျှံကျလာပြီး သူတို့ရဲ့ နှာခေါင်းထဲကို တန်းတန်းမတ်မတ် ဝင်ရောက်လာသလိုမျိုး ခံစားနေကြရသည်။

ပြောရရင်လည်း ထူးဆန်းလှသည်... လိုက်ဖ်ကို ကြည့်နေရုံ သက်သက်ဖြစ်ပေမယ့် နှာခေါင်းထဲမှာတော့ နို့နံ့ မွှေးမွှေးလေးကို ရနေသလိုပင်။

[လောင်ရွှီရဲ့ ဒီလက်ရာက တော်တော်လေး မိုက်တာပဲ]

[လိုက်ဖ်လွှင့်သူကြီး... ဒီနို့နှစ်တွေကို ငါ့ဆီ ပို့ပေးလို့ ရမလား... ငါ မင်းအတွက် အရသာ စမ်းပေးမယ်လေ]

[လခွမ်း... နေ့စဉ်ဘဝ အိမ်မှုကိစ္စတွေမှာပါ ကျွမ်းကျင်နေတာပဲ]

[လိုက်ဖ်လွှင့်သူကြီးကိုသာ လက်ထပ်ရရင် ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ ဆိုတာ တွေးတောင် မတွေးရဲဘူး]

ကွန်မန့်တွေက အရင်လိုပဲ စည်ကားနေဆဲ ဖြစ်သည်။

ရွှီယန်က နို့နှစ်အရည်ကို အနေတော်ဖြစ်အောင် ကျိုချက်လိုက်ရာ အနည်းငယ် ပျစ်ချွဲချွဲလေး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူက နို့နှစ်အရည်တွေ အကုန်လုံးကို စတီးဇလုံ လေးထောင့် အကြီးကြီး တစ်လုံးထဲ လောင်းထည့်လိုက်ပြီး ရေခဲသေတ္တာရဲ့ အခဲခန်းထဲ ထည့်ကာ စတင် အေးခဲစေလိုက်သည်။

အေးခဲသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ရေခဲမုန့် ဖြစ်လာတော့မည် ဖြစ်၏။

လုပ်နည်းက ရိုးရှင်းပြီး သန့်ရှင်းသပ်ရပ်လှသည်။

အခု သူ လုပ်နေတာက မူလအရသာ ရေခဲမုန့် ဖြစ်ပြီး အဓိကကတော့ နို့နံ့နဲ့ ကြက်ဥနံ့လေးပဲ ဖြစ်သည်။

အကယ်၍ တခြား အရသာတွေကို ကြိုက်တယ်ဆိုရင်လည်း အိုရီယို ဘီစကွတ် အစအနလေးတွေ ဒါမှမဟုတ် သစ်သီးတုံး သေးသေးလေးတွေကို ထည့်လို့ ရနိုင်သေးသည်။

"ဒီလိုဆိုရင်တော့ ပြီးသွားပြီ... နှစ်နာရီလောက် နေရင် ထုတ်စားလို့ ရပြီ"

"ကျွန်တော် ကိုယ်တိုင် လုပ်တဲ့ ရေခဲမုန့်က သဘာဝ ပါဝင်ပစ္စည်း အစစ်တွေချည်းပဲ... မလိုင်ကိုလည်း သေချာ ရွေးချယ်ပြီး မြက်ခင်းပြင်ဘက်က စက်ရုံတစ်ခုဆီကနေ အထူး ဝယ်ထားတာ"

"ဒီလို ရေခဲမုန့်မျိုးက ကြာကြာ အထားခံဖို့ ခက်တယ်ဆိုပေမယ့် အရသာကတော့ လုံးဝ အာမခံတယ်"

"မကြာခင် နွေရာသီ ရောက်တော့မယ်... နောက်ပိုင်း ဈေးနေ့တွေတိုင်း ကျွန်တော့် ခြံဝင်းက ဝန်ထမ်းတွေ ဈေးတန်းကို သွားပြီး လက်လုပ် ဒိန်ချဉ်တို့ လက်လုပ် ရေခဲမုန့်တို့ သွားရောင်းကြမှာ"

"ဒါလည်း ပိုက်ဆံ နည်းနည်းပါးပါး ရှာလို့ရတာပဲလေ"

ရွှီယန်က နို့နှစ်အရည်ကို ရေခဲသေတ္တာထဲ ထည့်လိုက်ပြီးနောက် အားလုံးကို ပြောလိုက်သည်။

ဒီနေ့ လိုက်ဖ်လေးက တော်တော်လေး သက်သောင့်သက်သာ ရှိလှပေသည်။

အဲဒီနောက် သူက စားဖိုမှူး ဝတ်စုံကို ချွတ်လိုက်ပြီး ခြံဝင်းအပြင်ဘက်ကို ထွက်လာကာ လယ်ယာခြံဝင်းကို ခဏလောက် လိုက်ဖ်လွှင့်ပြဖို့ ပြင်ဆင်လိုက်သည်။

ဒီနေ့ လယ်ယာခြံဝင်းရဲ့ နေ့စဉ်ဘဝ လိုက်ဖ်အတွက် အဓိက ဇာတ်ဆောင်ကတော့ မြေခွေးတွေပဲ ဖြစ်တော့မည်။

ရွှီယန် အပြင်သို့ ထွက်လာခဲ့သည်။

အင်တာနက်သုံးစွဲသူတွေက ဒရယ်ပြောက်လေးတွေ ဘေးနားမှာ အနားယူနေတာကို မြင်တွေ့ရသလို မြင်းမည်းကြီးကလည်း အဝေးမှာ လမ်းလျှောက်နေတာကို မြင်တွေ့လိုက်ကြရသည်။

လယ်ယာခြံဝင်းရဲ့ လေထုက အလွန်ကို သက်သောင့်သက်သာ ရှိနေပုံ ပေါ်ပေသည်။

သိပ်မကြာခင်မှာပဲ ရွှီယန်က မြေခွေး သုံးကောင်ရဲ့ တွင်းနားကို ရောက်လာခဲ့သည်။

ဒီနေရာက မြက်ခင်းပြင် ဧရိယာရဲ့ အပြင်ဘက် နည်းနည်း ရောက်တဲ့ နေရာလေးမှာ ဖြစ်သည်။

အခုအချိန်မှာတော့ မြက်ပင်တွေက ခြေကျင်းဝတ်ထက်တောင် ပိုမြင့်နေအောင် ရှည်ထွက်နေပြီဖြစ်ပြီး မြေခွေးတွေက အဲဒီအထဲမှာ ဆော့ကစားနေကြသည်။

ရွှီယန်က အသံပြု ခေါ်လိုက်ရာ မြေခွေးထီး နှစ်ကောင်က ပထမဆုံး အနေနဲ့ ချက်ချင်း ခုန်ထွက်လာပြီး မျက်နှာချိုသွေးကြတော့သည်။

မြေခွေးမလေးကလည်း တွင်းထဲကနေ တွားသွားကာ ထွက်လာခဲ့၏။

မူလက အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေတဲ့ မြေပြင်လေးက မြေခွေးတွေ ထွက်ပေါ်လာတာကြောင့် ချက်ချင်းပဲ စည်ကားသွားတော့သည်။

မြေခွေးတွေရဲ့ ပုံစံက ချစ်စရာကောင်းပြီး လူတွေရဲ့ အချစ်ကို တော်တော်လေး ရရှိကြပေသည်။

လိုက်ဖ်ထဲက ကြည့်ရှုသူတွေလည်း ကြည့်ရင်းနဲ့ ပျော်ရွှင်နေကြသည်။

မြေခွေးမလေးက တွင်းထဲကနေ ထွက်လာပြီးနောက် အရမ်းကို သေးငယ်တဲ့ မြေခွေးပေါက်လေး တစ်ကောင်က တွင်းထဲကနေ ခေါင်းလေး ပြူထွက်လာတာကို မြင်တွေ့လိုက်ရသည်။

ဒီကောင်လေးက လက်ဖဝါး အရွယ်အစားလောက်သာ ရှိပေမယ့် အမွေးတွေ အားလုံးကတော့ ပေါက်နေပြီ ဖြစ်သည်။

သေးသွယ်တဲ့ ခြေတံ လေးချောင်းစလုံးက အမည်းရောင် ဖြစ်ပြီး တစ်ကိုယ်လုံးကတော့ လိမ္မော်ရောင် အမွေးတွေ ဖြစ်ကာ ရင်ဘတ် ဧရိယာကတော့ အဖြူရောင်လေး ဖြစ်နေတာမို့ ပုံစံလေးက တကယ်ကို အသည်းယားစရာ ကောင်းလွန်းလှပေသည်။

အားလုံးရဲ့ အကြည့်တွေက ချက်ချင်းပဲ မြေခွေးပေါက်လေး အပေါ်ကို ကျရောက်သွားတော့သည်။

[ဘုရားရေ... ဒီကောင်လေးက အရမ်း အသည်းယားဖို့ ကောင်းတာပဲ]

[လောင်ရွှီက အသည်းယားစရာ သတ္တဝါလေးတွေ ဘယ်နှစ်ကောင်တောင် မွေးထားတာလဲ]

[အာ... ငါ့ရဲ့ မိန်းမပျိုလေး နှလုံးသားတော့ အရည်ပျော်သွားရပါပြီကွာ]

ကွန်မန့်တွေက အလွန်အမင်း စည်ကားနေတော့သည်။

မြေခွေးပေါက်လေးက တွင်းထဲကနေ ထွက်လာပြီး လမ်းလျှောက်တာက အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေသေးသည်။

သူ ထွက်လာပြီးနောက် နောက်ထပ် မြေခွေးပေါက်လေး နှစ်ကောင်ရဲ့ ခေါင်းလေးတွေ ထွက်ပေါ်လာပြန်သည်။

အဲဒီနောက် နောက်ထပ် တစ်ကောင်

မြေခွေးပေါက်လေး လေးကောင်စလုံး အပြင်ကို ပြေးထွက်လာကြတော့သည်။

သူတို့က ခုန်ဆွခုန်ဆွနဲ့ မြေခွေးမလေးရဲ့ ဘေးမှာ လိုက်ပါသွားကြသည်။

ဒီကောင်လေး လေးကောင်က ငယ်ငယ်လေးကတည်းက သခင် အဖြစ် အသိအမှတ် ပြုထားတာကြောင့် ရွှီယန်ကိုလည်း မကြောက်ကြဘဲ ရွှီယန်ကို မြင်တာနဲ့ အလွန် ရင်းနှီးတဲ့ ပုံစံ ပြသနေကြ၏။

"အရင်က မြေခွေး မိသားစု ကျွန်တော့်ဆီမှာ မီးနေသည် လာလုပ်တုန်းက ကျွန်တော် သူတို့ကို အကြိမ်တချို့ အစာကျွေးဖူးတယ်"

"မြေခွေးက တစ်ကြိမ်တည်း လေးကောင် မွေးတာ... အခုဆို တစ်လလောက် ရှိပြီ"

"ဒီကောင်လေးတွေက တကယ်ကို ချစ်စရာ ကောင်းတာမို့ ကျွန်တော် မကြာခဏ လာလာကြည့်ဖြစ်တယ်"

ရွှီယန်က မြေခွေးပေါက်လေး နှစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး အားလုံးကို ပြုံးကာ ပြောလိုက်သည်။

အင်တာနက်သုံးစွဲသူတွေကတော့ အားကျလွန်းလို့ မျက်လုံးတွေတောင် ပြူးကျယ်နေကြပြီ ဖြစ်သည်။

ရွှီယန်ရဲ့ ဒီလို ဘဝမျိုးက တကယ့်ကို ဘဝအောင်နိုင်သူ တစ်ယောက်ပင်။

သာမန်လူတွေက ပုံမှန်အချိန်ဆို မြေခွေးကို ဘယ်နေရာမှာ သွားပြီး ပွတ်သပ်ခွင့် ရနိုင်မှာလဲ... အဲဒါတောင် ဒီလိုမျိုး နူးညံ့ပြီး အသည်းယားစရာ ကောင်းတဲ့ မြေခွေးပေါက်လေးကို ဆိုတော့ ပိုဆိုးပြီပေါ့။

ဒီကောင်လေးတွေက သေးသေးလေးသာ ရှိသေးပြီး ပုံစံလေးတွေက ပြောမပြတတ်အောင်ကို လှပချစ်စရာ ကောင်းလွန်းလှပေသည်။

ဒီအတိုင်း ကြည့်နေရုံနဲ့တင် စိတ်ထဲမှာ သက်သောင့်သက်သာ ရှိစေတာကို ကိုယ်တိုင် လက်နဲ့ ပွတ်သပ်ခွင့် ရမယ်ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပေ။

အားလုံးက ဒီလိုမျိုးပဲ လယ်ယာခြံဝင်းရဲ့ နေ့စဉ်ဘဝကို ကြည့်ရှုနေလိုက်ကြသည်။

ရွှီယန်က ကွက်လပ်ထဲမှာ မြေခွေး မိသားစုနဲ့ အတူတူ ဆော့ကစားနေ၏။

ဒီလို ကြည့်လိုက်ရင် မြေခွေးတွေက တော်တော်လေး များနေသည်ပင်။

အရွယ်ရောက်ပြီး မြေခွေး သုံးကောင်နဲ့ မြေခွေးပေါက်လေး လေးကောင်။

ဒီမြေခွေးတွေက မီးနေသည် လုပ်တဲ့ အချိန်လောက်သာ ဒီနေရာမှာ ရှိနေကြပြီး ပုံမှန်အချိန်ဆို သူတို့က တောအုပ်ထဲမှာ သွားဆော့ရတာကို ပိုသဘောကျကြသည်။

မြေခွေးပေါက်လေးတွေ ကြီးလာတဲ့အခါ သူတို့လည်း တောအုပ်ထဲကို ပြန်ဝင်သွားကြလောက်မည် ဖြစ်၏။

မြင်ကွင်းက အမြဲတမ်းလိုလို သက်သောင့်သက်သာနဲ့ ပျော်ရွှင်စရာ ကောင်းနေပေသည်။

ကွက်လပ်ထဲမှာ လိုက်ဖ်လွှင့်နေတာ တစ်နာရီကျော်လောက် ကြာသွားပြီး ဒရယ်ပြောက်တွေနဲ့ မြင်းမည်းကြီးကို ထပ်ကြည့်ပြီးနောက် ရွှီယန်က အခန်းထဲ ပြန်ဝင်လာပြီး အေးခဲထားတဲ့ ရေခဲမုန့်ကို သွားကြည့်လိုက်သည်။

ထုတ်ယူလာတဲ့ ရေခဲမုန့်က အဝါရောင်ဖျော့ဖျော့လေး ဖြစ်နေ၏။

မျက်နှာပြင်က နှင်းပွင့် အလွှာလေး တစ်လွှာလိုမျိုး ဖြစ်နေပြီး ကြည့်လိုက်ရုံနဲ့တင် အရမ်း နူးညံ့နေမှန်း သိသာလှသည်။

ဇလုံတစ်လုံးစာ အပြည့်ရှိတဲ့ ရေခဲမုန့်ကြီးက လိုက်ဖ်ထဲမှာ ထွက်ပေါ်လာတော့ အင်တာနက်သုံးစွဲသူတွေ ထပ်ပြီး အားကျသွားကြပြန်သည်။

ဘယ်သူကများ ရေခဲမုန့် စားတာကို ဇလုံကြီးနဲ့ စားလို့လဲ။

ရွှီယန်က ဇွန်းတစ်ချောင်းကို ကိုင်ကာ ရေခဲမုန့်ထဲ ထိုးထည့်လိုက်ပြီး ခပ်ဖွဖွလေး ရှေ့ကို တွန်းကာ ခပ်ယူလိုက်သည်။

ရေခဲမုန့်က ချက်ချင်းပဲ အလုံးလေး တစ်လုံး ဖြစ်သွားတော့သည်။

ရွှီယန်က ရေခဲမုန့် အလုံးလေးကို ပါးစပ်ထဲ ထည့်လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပဲ အေးမြပြီး မွှေးပျံ့ချိုမြိန်တဲ့ ခံစားချက်က လျှာပေါ်ကနေ တစ်ဆင့် ပျံ့နှံ့သွားတော့သည်။

အချိုရသာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးပြီး လူကို စိတ်လှုပ်ရှားစေတဲ့ ဒိုပါမင်း ဓာတ်တွေကို ထွက်ပေါ်လာစေတာမို့ လူကို အလွန်အမင်း ပျော်ရွှင်သွားစေနိုင်ပေသည်။

ရွှီယန်က သေချာ အရသာခံနေလိုက်သည်။

ရေခဲမုန့်ရဲ့ အထိအတွေ့က ချောမွေ့ပြီး နူးညံ့ကာ အရသာက မွှေးပျံ့ချိုမြိန်လှသည်။ တစ်လုတ်လောက် ပါးစပ်ထဲ ထည့်စားလိုက်တာနဲ့ နို့နံ့လေးက တံတွေးထဲမှာ ပျော်ဝင်သွားပြီး အစာအိမ်ထဲကို စီးဆင်းသွားတော့၏။

တစ်ကိုယ်လုံးတောင် အေးမြသွားသလို ခံစားလိုက်ရသည်။

"အရသာက တကယ်ကို မဆိုးဘူးပဲ... ကိုယ်တိုင် လုပ်ထားတဲ့ အရာဆိုတော့ စားရတာ စိတ်ချရတာပေါ့"

ရွှီယန်ရဲ့ မျက်ဝန်းထဲမှာ ဝမ်းသာပျော်ရွှင်မှုတွေ ထွက်ပေါ်လာပြီး ပြုံးကာ ပြောလိုက်သည်။

[မယုံဘူးကွာ... ငါ့ကို ကျွေးကြည့်မှပဲ ယုံမယ်]

[လောင်ရွှီ... မင်းရဲ့ ဘဝက အရမ်းကို အေးချမ်းလွန်းနေပြီ]

[ကြည့်ရင်းနဲ့ အားကျလာပြီ]

အင်တာနက်သုံးစွဲသူတွေက ပါးစပ်ထဲမှာ သွားရည်တွေ ထွက်လာသလို ခံစားလိုက်ကြရသည်။

တချို့လူတွေဆိုရင် စူပါမားကတ်ကို တိုက်ရိုက် ပြေးသွားပြီး ရေခဲမုန့် တစ်ဘူး ဝယ်စားလိုက်ကြသည်အထိပင်။

အဲဒီလိုလုပ်မှပဲ ပိုပြီး နေလို့ထိုင်လို့ ကောင်းသွားမှာ မဟုတ်ပါလား။

အဲဒီအချိန်မှာပဲ ရှောင်ဟေး ပြေးလာခဲ့သည်။

သူက ရွှီယန် ရေခဲမုန့် စားနေတာကို မြင်တော့ ချက်ချင်းပဲ အသံ နှစ်ချက်လောက် ထုတ်ပြီး အော်လိုက်၏။

သူ့ပုံစံက သူလည်း စားချင်တယ်လို့ ပြောနေတဲ့ အဓိပ္ပာယ်ပင်။

ရွှီယန်က အအေးတွေ စားတာက ခွေးတွေအတွက် မကောင်းဘူး ဆိုတာကို သိထားသည်။

သူက ရှောင်ဟေးကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်၏။

"ရှောင်ဟေး... ရေခဲမုန့်မှာ အဆိပ်ပါတယ်ကွ... လူတွေ စားရင် ဘာမှမဖြစ်ပေမယ့် ခွေးတွေ စားရင်တော့ သေသွားနိုင်တယ်"

"မင်း စားလို့ မရဘူးနော်... လိမ္မာတယ်"

ရွှီယန်ရဲ့ စကားကို ကြားတော့ ရှောင်ဟေးရဲ့ အမြီးခါယမ်းနေမှုက တစ်ခဏလောက် ရပ်တန့်သွားခဲ့သည်။

သူက ရွှီယန်ရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်စွမ်း ရှိရာ သေသွားနိုင်တယ် ဆိုတာကို ကြားတာနဲ့ နောက်တောင် လှည့်မကြည့်တော့ဘဲ တန်းပြေးတော့သည်။

သူ အဝေးကို ပြေးသွားတာကို မြင်တော့ ရွှီယန်က ထပ်ပြောလိုက်၏။

"ခွေးကို လိမ်သင့်ရင်တော့ လိမ်ရမှာပဲ... ဒီအရာက သူ့အတွက်မှ မကောင်းတာကိုး"

လိုက်ဖ်ထဲက ကြည့်ရှုသူတွေကတော့ အသံထွက်အောင်ကို ရယ်မောကုန်ကြတော့သည်။

ဒီခေတ်ကြီးထဲ လူတွေက စိတ်ထားယုတ်မာလိုက်ကြတာ... ချစ်စရာကောင်းတဲ့ ခွေးလေးကိုတောင် လိမ်ရက်တယ်ပေါ့။

တကယ်ကို လွန်လွန်းလှပေသည်။

All Chapters