← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) သွက်လက်တဲ့ ဟက်စကီခွေးလေးနဲ့ အဖွဲ့ဝင်အသစ်

ရေခဲမုန့် စမ်းသပ်မှု အောင်မြင်သွားပြီဖြစ်ရာ သေချာပေါက် ရောင်းချရမည်သာ ဖြစ်သည်။

နွားနို့က တကယ့်ကို ရတနာတစ်ပါးဖြစ်ပြီး အစားအသောက် မျိုးစုံ လုပ်လို့ရကြောင်း ရွှီယန် ယခုအခါ ရှာဖွေတွေ့ရှိသွားခဲ့သည်။

နို့စားနွားမ နောက်ထပ် တစ်ကောင်လောက် ထပ်ဝယ်ရမလားလို့တောင် သူ စဉ်းစားနေမိသည်။

နို့စားနွားများ၏ နို့ထွက်နှုန်းက အတော်လေး များပြားလှသည်။ ရွှီယန်က နေ့စဉ် လတ်ဆတ်သော မြက်များကို ကျွေးမွေးနေသဖြင့် နို့ပိုထွက်သည်မှာလည်း သဘာဝကျပေသည်။

မနက်ဖြန်တွင် ဈေးနေ့ဖြစ်ရာ ယနေ့ ဝန်ထမ်းများကို ရေခဲမုန့်များ ပိုလုပ်ခိုင်းထားပြီး မနက်ဖြန်တွင် ဈေးရောင်းကားဖြင့် ထွက်ရောင်းရန် ရွှီယန် စဉ်းစားထားလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် လယ်ယာခြံဝင်းတွင် အလုပ်များနေပြီး ဤရက်ပိုင်းအတွင်း ပေါင်းနှုတ်ခြင်းနှင့် မြေဩဇာကျွေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ရာ အားလုံးက အလုပ်များနေကြသည်။

ထို့ကြောင့် ရွှီယန်က ဈေးတန်းသို့ ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်သည်။ ဈေးရောင်းရသည့် ခံစားချက်ကို မြည်းစမ်းကြည့်ချင်၍ ဖြစ်သည်။

ရွှီယန်က ရေခဲမုန့် အရသာ လေးမျိုး ပြုလုပ်ထားသည်။ မူလအရသာ... ဗနီလာ... စတော်ဘယ်ရီ နှင့် ချောကလက် အရသာတို့ ပါဝင်သည်။ အဓိကကတော့ ရွေးချယ်စရာ များပြားစေရန် ဖြစ်သည်။

သူပြုလုပ်ထားသော ရေခဲမုန့်များက နူးညံ့ချောမွေ့ပြီး အရည်အသွေးပိုင်းတွင် ထိပ်တန်း အမှတ်တံဆိပ်များနှင့် လုံးဝ အောက်ကျမနေပေ။ အရေးအကြီးဆုံးမှာ ပါဝင်ပစ္စည်းများက သန့်ရှင်းသပ်ရပ်ပြီး စားရသည်မှာ စိတ်ချမ်းသာစေခြင်းပင် ဖြစ်သည်။

"သူဌေး... ကိုယ်တိုင် သွားမလို့လား... ဈေးရောင်းကား မောင်းပြီး ဈေးတန်းအထိ သွားရတာ တော်တော်ဝေးတယ်နော်"

ဝမ်ဝူက မေးမြန်းလိုက်သည်။

"ခြံထဲမှာ အလုပ်တွေ အရမ်းများနေတယ်လေ... မင်းတို့ အကုန်လုံး ဒီမှာ ရှိနေမှ ရမှာမို့ ဒီတစ်ခေါက်တော့ ငါပဲ သွားလိုက်ပါ့မယ်... ဘာမှ မဖြစ်ပါဘူး... ငါလည်း ဈေးရောင်းကြည့်ချင်လို့ပါ"

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

အလုပ်များက တကယ်ကို များပြားလှသဖြင့် အားလုံး အတူတကွ လုပ်ဆောင်မှသာ ရမည်ဖြစ်သည်။ သို့သော် ငွေရှာမည့် ကိစ္စကိုလည်း နှောင့်နှေးခံ၍ မရသဖြင့် သူဌေးဖြစ်သူ သူကိုယ်တိုင် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဝန်ထမ်းများကလည်း တက်တက်ကြွကြွ ရှိကြပြီး မှန်လုံအိမ်ဘက်ရှိ ကိစ္စများအတွက် ရွှီယန် အများကြီး စိတ်ပူနေစရာ မလိုပေ။

ဒုတိယနေ့ နံနက်ပိုင်းတွင် ရွှီယန်က လျှပ်စစ် ဈေးရောင်းကားလေးကို မောင်းနှင်ကာ ဈေးတန်းရှိရာဘက်သို့ ထွက်လာခဲ့သည်။

သူ ပြင်ဆင်လာသော ရေခဲမုန့်များက မနည်းလှချေ။ အကယ်၍ အကုန် ရောင်းထွက်သွားပါက ယွမ် ရာဂဏန်းခန့် မြတ်စွန်းနိုင်ပေသည်။ အရောင်းအဝယ် ကောင်းပါက ယွမ် ထောင်ဂဏန်းအထိတောင် ရနိုင်၏။ မည်သို့ပင်ဆိုစေ ဈေးနေ့ဖြစ်သဖြင့် လူများသလို ခရီးသွား ဧည့်သည်များလည်း များပြားလှသည်။

လက်လုပ် ရေခဲမုန့်၏ ပြိုင်ဆိုင်မှုက အတော်လေး နည်းပါးပြီး အကြီးမားဆုံး ပြိုင်ဘက်ကတော့ ဈေးတန်းထဲတွင် ဖွင့်ထားသော မီရွှဲ့ ဆိုင်တစ်ဆိုင်သာ ရှိသည်။

မြို့ငယ်လေးတွင် ဘိုဘာတီး ဆိုင်များ သိပ်မရှိသော်လည်း မီရွှဲ့ ဆိုင်ကတော့ တစ်ဆိုင်ရှိပြီး အရောင်းအဝယ်လည်း တော်တော်လေး ကောင်းမွန်သည်။

မီရွှဲ့မှ ရေခဲမုန့်များက ဈေးမကြီးဘဲ ကတော့ရေခဲမုန့်က တစ်ခုကို နှစ်ယွမ်ဖြစ်ပြီး ခွက်ရေခဲမုန့်ကတော့ ခြောက်ယွမ် ဖြစ်သည်။

ရွှီယန် သတ်မှတ်ထားသော ဈေးနှုန်းကတော့ လက်လုပ် ရေခဲမုန့် တစ်ပန်းကန်ကို လေးယွမ် ဖြစ်သည်။ စုစုပေါင်း ရေခဲမုန့် အလုံးလေးလုံး ပါဝင်ပြီး အရသာများကို ရွေးချယ်နိုင်ပေသည်။

အားလုံးက သူကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ပြီး အရသာကိုလည်း ဝန်ထမ်းများက မြည်းစမ်း အတည်ပြုပေးထားပြီး ဖြစ်ရာ လုံးဝ မဆိုးနိုင်ချေ။

ရေခဲမုန့်၏ နို့ရနံ့က အထူးပင် မွှေးပျံ့နေပြီး အထိအတွေ့ကလည်း ကောင်းမွန်ကာ ပါဝင်ပစ္စည်းများကို အပြည့်အဝ အသုံးပြုထားကြောင်း သိသာလှသည်။

'မလိုင်နဲ့ ကြက်ဥတွေ အများကြီး သုံးထားတာဆိုတော့ ကုန်ကျစရိတ်က ယွမ် ငါးရာ ခြောက်ရာလောက် ရှိတယ်... ရောင်းရငွေ ငါးရာ ကျော်သွားရင်တော့ အမြတ်ထွက်ပြီပဲ'

ရွှီယန်က စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

သိပ်မကြာခင်မှာပင် သူ ဈေးတန်းသို့ ရောက်ရှိသွားသည်။ ဈေးတန်းက စည်ကားနေဆဲပင်။

ဈေးရောင်းရန် လာရောက်ကြသော ကုန်သည်များက အစောကြီးကတည်းက ဆိုင်ခန်းများကို ဖွင့်လှစ်ထားကြပြီး ရောင်းသည့် ပစ္စည်းများလည်း စုံလင်လှသည်။

ဆိုင်ခန်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းထားပြီး အရာအားလုံး ရှိပေသည်။ ကုန်ပစ္စည်း အများအပြားက ကိုးဆယ်ကျော် ခုနှစ်များ၏ ပုံစံမျိုး ရှိနေသေးပြီး အထူးသဖြင့် ကစားစရာ အရုပ်လေးများနှင့် သရေစာလေးများ ဖြစ်သည်။ သူတို့ ဘယ်ကနေ ကုန်ကူးလာသလဲ ဆိုတာကိုတော့ မသိနိုင်သော်လည်း ဤဆိုင်များက ယခုအထိ ရှိနေသေးသည်မှာ အံ့ဩစရာပင်။

ဤကဲ့သို့သော ဈေးတန်းမျိုးတွင်သာ ဤရှေးဟောင်း ပစ္စည်းများကို မြင်တွေ့နိုင်မည် ဖြစ်သည်။

ရွှီယန်က ဈေးရောင်းကားကို ရပ်တန့်လိုက်ပြီး လော်စပီကာကို ထုတ်ယူကာ ဝမ်ဝူ အသံသွင်းပေးထားသော ကြော်ငြာသံကို စတင် ဖွင့်လိုက်သည်။

"အရသာရှိတဲ့ လက်လုပ် ရေခဲမုန့်လေး ရပါမယ်ဗျာ... တစ်ပန်းကန်ကို လေးယွမ်တည်းပါ... အရသာလည်းရှိ ဈေးလည်း သက်သာတဲ့ အပြင် ထိပ်တန်း ခံစားမှုကို ရရှိစေမှာပါဗျာ"

လော်စပီကာထဲမှ အသံများ ထွက်ပေါ်လာသည်နှင့် လူအတော်များများက ရွှီယန်၏ ဈေးရောင်းကားလေးကို ချက်ချင်းပင် စိတ်ဝင်စားသွားကြတော့သည်။

"လက်လုပ် ရေခဲမုန့်... စားလို့ ကောင်းပါ့မလား"

အားလုံးက စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

လူအတော်များများက သေချာ ကြည့်လိုက်သောအခါ ရေခဲမုန့် ရောင်းနေသူမှာ ရွှီယန် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

"အဲဒါ ဖော်လိုဝါ သန်းချီရှိတဲ့ လယ်ယာခြံဝင်း ပိုင်ရှင်လေ"

"သူ့ခြံက ထွက်တဲ့ ပစ္စည်းတွေ အကုန်လုံးက ပထမတန်းစားတွေချည်းပဲ"

"သွားရအောင်... သွားကြည့်ကြစို့"

ရွှီယန်၏ လယ်ယာခြံဝင်းက ထိုဒေသတွင် အလွန် နာမည်ကြီးပြီး နေ့စဉ်နှင့်အမျှ တိုးတက်နေသဖြင့် အမြဲတမ်း သွားရောက် ကြည့်ရှုသူများ ရှိပေသည်။

ထို့အပြင် ခြံဝင်းနှင့် ပူးပေါင်းဆောင်ရွက်နေသူများ အားလုံးက ဖောက်သည်ကြီးများသာ ဖြစ်ပြီး စိုက်ပျိုးထားသည်များကလည်း ပထမတန်းစား သီးနှံများသာ ဖြစ်ရာ သာမန်လူများ ဝယ်ယူ၍ မရနိုင်ကြောင်းကိုလည်း လူအတော်များများ သိရှိထားကြသည်။

ခရီးသွား ဧည့်သည် အချို့ကလည်း ဤဘက်မှ အသံများကို ကြားသောအခါ လှမ်းကြည့်လာကြသည်။

"သူပဲ... တောတောင်ရှာဖွေသူ လောင်ရွှီလေ... အပြင်မှာ တော်တော်လေး ချောတာပဲ... ကိုယ်တိုင် ရေခဲမုန့် ထွက်ရောင်းနေတယ်ပေါ့"

"သွားမယ်... သူနဲ့ အတူတူ ဓာတ်ပုံ သွားရိုက်ရအောင်"

"နာမည်ကြီး အင်တာနက်စတားကြီးပဲ"

ရွှီယန်က သူ၏ နာမည်ကျော်ကြားမှုကို လျှော့တွက်ထားသည်မှာ သိသာလှသည်။ သူက အင်တာနက်၏ လွှမ်းမိုးမှုကို သိပ်ပြီး ဂရုမစိုက်သော်လည်း လက်တွေ့တွင်တော့ အွန်လိုင်းပေါ်၌ သူ၏ နာမည်ကျော်ကြားမှုက အလွန် မြင့်မားလှပေသည်။

ရောင့်ရဲတင်းတိမ်ခြင်း... အေးဆေးတည်ငြိမ်ခြင်း... ယောကျာ်းပီသခြင်း... ကျားရိုင်းကို ယဉ်ပါးအောင် လုပ်နိုင်ခြင်း... လယ်ယာခြံဝင်း ပိုင်ရှင်ဖြစ်ခြင်း... ကျားသစ် မွေးမြူထားခြင်း... သူဌေးဖြစ်ခြင်း အစရှိသည့် အချက်များထဲမှ တစ်ချက်လောက် ရှိနေလျှင်ပင် လူများ၏ သဘောကျမှုကို ရရှိနိုင်ပေသည်။

လူများက ဝိုင်းအုံလာကြပြီး အားလုံးက အလွန် စိတ်လှုပ်ရှားနေကြသည်။

"တန်းစီပေးကြပါ... တစ်ယောက်ချင်းစီ လာကြပါ... အားလုံးပဲ မလောကြပါနဲ့ဗျာ"

ရွှီယန်က တတ်နိုင်သမျှ စည်းကမ်းတကျ ဖြစ်အောင် ထိန်းသိမ်းနေရသည်။

အရင်က တောင်ထွက်ပစ္စည်း ဈေးတန်းတွင် ပစ္စည်းရောင်းသကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် အေးဆေးစွာ ငေးမောနေလိုက် အရောင်းအဝယ် နည်းနည်းပါးပါး လုပ်လိုက်ဖြင့် တစ်နေ့တာ မြန်မြန် ကုန်ဆုံးသွားလိမ့်မည်ဟု သူက တွေးထားခဲ့သည်။ သို့သော် လူတွေ ဤမျှလောက် များပြားနေမည်ဟု ဘယ်သူက ထင်ထားမည်နည်း။ အားလုံးက လက်လုပ် ရေခဲမုန့် လာဝယ်ကြသူများချည်းသာ ဖြစ်သည်။

ရွှီယန် စတင် အလုပ်ရှုပ်လာတော့သည်။ တစ်ဖက်မှ ရေခဲမုန့်များကို ခပ်ပေးနေရသလို တစ်ဖက်မှလည်း အားလုံးနှင့် ဓာတ်ပုံ တွဲရိုက်ပေးနေရသည်။ သူ၏ လက်များက တစ်ခဏလေးမျှပင် မနားရချေ။

"ဒီမှာ ရေခဲမုန့် ရပါပြီဗျ... ချောကလက် နှစ်လုံးနဲ့ ဗနီလာ နှစ်လုံးပါ"

"ဒါက ခင်ဗျားအတွက်ပါ... အရသာ လေးမျိုး တစ်မျိုး တစ်လုံးစီပါ"

"ဒီမှာ ဗနီလာ နှစ်လုံးနဲ့ မူလအရသာ နှစ်လုံးပါဗျ"

ရွှီယန်၏ မှတ်ဉာဏ်က ကောင်းမွန်လှသဖြင့် လူတွေ ဘယ်လောက်ပဲ များပြားနေပါစေ အမှားအယွင်း မရှိချေ။

အော်ဒါမှာသူများက အဆက်မပြတ် ရှိနေပြီး ဈေးတန်းကြီးကလည်း ပိုမို စည်ကားလာတော့သည်။

ရွှီယန် ပြုလုပ်ထားသော ရေခဲမုန့်က တကယ်ကို အရသာရှိလှသည်။ ပါးစပ်ထဲ ရောက်သည်နှင့် ပြင်းထန်သော နို့ရနံ့ကို ခံစားရပြီး အပြင်မှ ဝယ်လာသော ရေခဲမုန့်များထက်ပင် ပို၍ စစ်မှန်ပေသည်။ ထို့အပြင် လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားခြင်း ဖြစ်ရာ အထိအတွေ့က ပြောမပြတတ်အောင်ကို ချောမွေ့နေ၏။

မူလက ရာသီဥတုက အနည်းငယ် ပူပြင်းနေပြီး လူများက တိုးကြိတ်နေကြသဖြင့် ချွေးများ ထွက်နေကြသည်။ ရေခဲမုန့် အလုံးအချို့ကို စားလိုက်ပြီးနောက် ချက်ချင်းပင် အေးမြသွားတော့၏။

ရေခဲမုန့်က ပါးစပ်ထဲ ရောက်သည်နှင့် အရည်ပျော်သွားပြီး နူးညံ့ကာ မွှေးပျံ့နေသဖြင့် တစ်လုတ် စားလိုက်ရုံဖြင့် လန်းဆန်းသွားစေသည်။

"ဘုရားရေ... အရမ်း စားလို့ ကောင်းတာပဲ"

ဧည့်သည်များက ရေခဲမုန့်ကို စားလိုက်ရသောအခါ မျက်လုံးများပင် တောက်ပသွားကြတော့သည်။

"ဒါက ဘယ်လို ရတနာမြေကြီးလဲ... ဘယ်လိုလုပ် ရေခဲမုန့်ကအစ ဒီလောက် အရသာရှိနေရတာလဲ"

"သူ့ရဲ့ ခြံဝင်းကို သေချာ ဂရုစိုက်ထားလို့ ဖြစ်မယ်"

"တကယ်ကို ပြိုင်ဘက်ကင်းတာပဲ"

ပတ်ဝန်းကျင်မှ လူများက ပို၍ပို၍ များပြားလာကြသည်။ ဒီခေတ်ကြီးက ဒီလိုပါပဲ... နာမည်ကြီးသည့် ဆိုင်များက ပို၍ပို၍ နာမည်ကြီးလာတတ်ကြစမြဲပင်။

ကံကောင်းသည်မှာ ရေခဲမုန့် ခပ်ပေးရသည့် အရှိန်က အတော်လေး မြန်ဆန်သဖြင့် ဧည့်သည်များ အကြာကြီး စောင့်ရမည်ကို စိုးရိမ်စရာ မလိုပေ။

ရွှီယန်မှာ နားချိန်ပင် မရှိလောက်အောင် အလုပ်ရှုပ်နေပြီး အော်ဒါများကို အဆက်မပြတ် လက်ခံကာ ရေခဲမုန့်များကို အဆက်မပြတ် ခပ်ပေးနေရသည်။ သူတောင် အနည်းငယ် ကြောင်အမ်းသွားခဲ့၏။ 'ဒါက ဘယ်လို အခြေအနေကြီးလဲ'

ယခင်က ဝမ်ဝူတို့ ဒိန်ချဉ် ရောင်းစဉ်က အရောင်းအဝယ် ကောင်းသည် ဆိုသော်လည်း ဤအခြေအနေလောက်ထိတော့ မဟုတ်ခဲ့ချေ။ တစ်ခါတလေမှ ဧည့်သည် အနည်းငယ် လာတတ်ပြီး ကြည့်ရသည်မှာ အတော်လေး သက်သောင့်သက်သာ ရှိနေခဲ့သည်။ ယခု သူ လာရောင်းသော အခါမှာတော့ တိုက်ရိုက်ပင် ဝိုင်းအုံခြင်း ခံလိုက်ရတော့၏။

လူအတော်များများက ဖုန်းများ ကိုင်ဆောင်ကာ ဓာတ်ပုံ ရိုက်နေကြသေးသည်။ လူများကို တန်းစီရန် သူက အကြိမ်အနည်းငယ်ခန့် အော်ပြောရသေး၏။ မြင်ကွင်းက စည်ကားနေဆဲပင် ဖြစ်သည်။

ဤသို့ဖြင့် အဆက်မပြတ် ခပ်ပေးနေလိုက်ရာ သိပ်မကြာခင်မှာပင် သံပန်းကန် လေးခုထဲရှိ ရေခဲမုန့်များ အားလုံး အံ့ဩစရာကောင်းလောက်အောင် ရောင်းထွက်သွားတော့သည်။

ထိုအခါမှသာ ရွှီယန်လည်း သက်ပြင်းချနိုင်တော့သည်။

"ကုန်သွားပါပြီဗျာ... ကုန်သွားပါပြီ"

"နောက်မှ ထပ်လာခဲ့ကြပါဦးနော်"

"ကျွန်တော်တို့ ခြံဝင်းကနေ လက်လုပ် အစားအစာတွေကို ဒီမှာ အချိန်မရွေး လာရောင်းပါဦးမယ်... အားလုံး အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ရွှီယန်က လူအုပ်ကြီးကို လှမ်းအော်လိုက်သည်။

ဒေသခံ အတော်များများက သူ့စကားကို ကြားသောအခါ စိတ်ထဲတွင် ချက်ချင်းပင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာကြတော့သည်။

"ဒီခြံဝင်းကြီးက ထုတ်တဲ့ ပစ္စည်းတွေက တကယ်ကို မတူတာပဲ... အရသာ အရမ်းကောင်းတာ"

"နောက်ပိုင်းဆို သူ့ခြံက ပစ္စည်းတွေကိုပဲ ရွေးဝယ်ရမယ်"

"အဖွဲ့အစည်းကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလို့ ကြားတယ်... မနှစ်ကဆို ဘလူးဘယ်ရီတွေကို ကားတစ်စီးပြီး တစ်စီး အပြင်ကို သယ်သွားကြတာ... တကယ်ကို လန်ထွက်နေတာပဲ"

"သူ့မှာ ဒီလို အရည်အချင်း ရှိတာကိုး"

လူများက အသီးသီး ပြောဆိုနေကြသည်။ ရွှီယန်ကတော့ မြန်မြန်ဆန်ဆန်ပင် ဆိုင်သိမ်းလိုက်၏။ တစ်ဖက်မှ ဖယ်ပေးကြရန် အော်ပြောရင်း တစ်ဖက်မှလည်း လျှပ်စစ် သုံးဘီးကားလေးကို မောင်းနှင်ကာ ဈေးရောင်းကားကို ဆွဲပြီး လူအုပ်ကြားထဲမှ တိုးထွက်လာကာ လျှပ်တစ်ပြက် ပြေးထွက်လာခဲ့တော့သည်။

'နောက်ပိုင်း ဒီလိုကိစ္စမျိုးကို ဝန်ထမ်းတွေကိုပဲ လွှဲပေးရမယ်... နည်းနည်း အရမ်း စည်ကားလွန်းနေတယ်'

ရွှီယန်က သက်ပြင်းချကာ တွေးလိုက်မိသည်။

အရောင်းအဝယ် ဘယ်လောက်ရလဲ ဆိုတာကိုတောင် သူ ကြည့်ဖို့ အချိန်မရခဲ့သလို သေချာတောင် မနားရသေးချေ။ တကယ်ကို အညှာအတာမဲ့သော ရေခဲမုန့် ခပ်သည့် စက်ရုပ်ကြီး တစ်လုံးနှင့်ပင် တူနေတော့သည်။

ရွှီယန်က အချိန်ရတုန်း နာရီကို တစ်ချက် ကြည့်လိုက်ရာ ဤဘက်သို့ ရောက်လာသည်မှာ တစ်နာရီခန့်သာ ရှိသေးသော်လည်း ရေခဲမုန့်များ အားလုံး ရောင်းကုန်သွားပြီ ဖြစ်သည်။ အလုပ်တွင်ကျယ်မှုက တကယ်ကို မြန်ဆန်လှပေသည်။

အချိန်ကျန်သေးသည်ကို မြင်သဖြင့် ဘေးနားတွင်လည်း ခွေးကြောင် အိမ်မွေးတိရစ္ဆာန် ဈေးကွက် ရှိနေရာ ရွှီယန်က တိုက်ရိုက်ပင် ကားမောင်းသွားပြီး လမ်းကြုံ ခွေးကြောင်များကို သွားကြည့်လိုက်သည်။

ခွေးကြောင်များကို ပိုမို မွေးမြူချင်နေသည်မှာ ကြာပြီဖြစ်သည်။ လယ်ယာခြံဝင်းကြီးက ဤမျှ ကျယ်ဝန်းသော်လည်း ခွေးကြောင် အရေအတွက်က နည်းပါးနေဆဲပင်။ အထူးသဖြင့် ကြောင်ဆိုလျှင် လီဟွာကြောင် ဆန်းပြောင် တစ်ကောင်တည်းသာ ရှိပြီး လွှတ်မွေးထားခြင်း ဖြစ်ကာ အကိုင်လည်း မခံချေ။ ရှောင်ဟွာ ကလည်း မကြာသေးမီက အပြင်တွင် ၎င်း၏ မိန်းမနှင့် အတူတူ နေနေသည်။

ထို့ကြောင့် ရွှီယန်က ချစ်စရာကောင်းသော ခွေးကြောင်များ ရှိမရှိ သွားကြည့်ရန် ရည်ရွယ်လိုက်သည်။

ကားကို သေချာ ရပ်တန့်ပြီးနောက် ရွှီယန်က တိုက်ရိုက်ပင် ကားပေါ်မှ ခုန်ဆင်းကာ ခွေးကြောင် ဈေးကွက်ထဲသို့ ဝင်သွားတော့သည်။

ဤဘက်တွင် ခွေးကြောင် ရောင်းသူ အများအပြား ရှိပြီး အရောရောအနှောနှော ဖြစ်နေသည်။ အများစုက လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းများ ဖြစ်ကြပြီး အားလပ်ချိန်များတွင် ခွေးကြောင်များ မွေးမြူကာ ငွေအနည်းငယ် ရှာဖွေနေကြခြင်း ဖြစ်သည်။

အချို့ကတော့ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးကို သီးသန့် လုပ်ကိုင်ကြသူများ ဖြစ်ပြီး ကိုယ်ပိုင် မွေးမြူရေး ခြံများ ရှိကြကာ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပို၍ ပရော်ဖက်ရှင်နယ် ဆန်ကြသည်။

ယခုအခါ ခွေးကြောင် အိမ်မွေးတိရစ္ဆာန် ဈေးကွက်၏ အလားအလာက အလွန် ကြီးမားသော်လည်း ခွေးကြောင်များက အနည်းငယ် ပေါများနေသည့် အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ဈေးနှုန်းက သိပ်ပြီး မြင့်မားလေ့ မရှိချေ။

ရွှီယန်က လျှောက်သွားနေစဉ်မှာပင် ဘေးနားရှိ ဟက်စကီ သီးသန့် ရောင်းသော ဆိုင်လေး တစ်ဆိုင်တွင် အလွန် ဉာဏ်ကောင်းသော ဟက်စကီခွေးလေး တစ်ကောင်က လျှာဖြင့် လှောင်အိမ်၏ ကလပ်ကို ယက်ဖွင့်ကာ တိုက်ရိုက်ပင် ထွက်ပြေးလာခဲ့သည်။

ဆိုင်ရှင်က ဟက်စကီလေး ထွက်ပြေးသွားသည်ကို မြင်သောအခါ ချက်ချင်းပင် လိုက်ဖမ်းတော့သည်။ ခွေးလေး၏ အပြေးအမြန်နှုန်းက သိပ်မမြန်လှဘဲ ခြေလှမ်း အနည်းငယ်ဖြင့်ပင် လိုက်မီနိုင်ပေသည်။ ဤကောင်လေးကလည်း ဉာဏ်ကောင်းလှရာ တည့်တည့်မတ်မတ်ပင် ရွှီယန်ဆီသို့ ပြေးလာပြီး ရွှီယန်၏ အနောက်တွင် ပုန်းကွယ်နေတော့၏။

ရွှီယန်က ဤကောင်လေးကို အနည်းငယ် အံ့ဩစွာဖြင့် ကြည့်နေလိုက်သည်။ ဟက်စကီလေး၏ မျက်လုံးများက ဉာဏ်ပညာများနှင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အလွန် အဆော့သန်မည့်ပုံ ပေါ်သည်။ ဤအကောင်က အိမ်ဖျက် နတ်ဘုရားပင် ဖြစ်၏။ ခွေးလေးများ အိမ်ကို ဖျက်ဆီးသည်ဟု ပြောလိုက်သည်နှင့် အထင်ရှားဆုံး ကိုယ်စားပြု သတ္တဝါကတော့ ဟက်စကီ ပင် ဖြစ်သည်။

ဆိုင်ရှင်က ခါးကိုင်းကာ ၎င်းကို ဆတ်ခနဲ ဖမ်းဆွဲလိုက်သည်။

"မင်းက တော်တော် မြန်မြန် ပြေးနိုင်သေးတာပဲ"

ဟက်စကီခွေးလေးက ဆိုင်ရှင်၏ လက်ထဲတွင် ဘဝကြီးကို စိတ်ပျက်နေသည့် မျက်နှာထားမျိုး ဖြစ်နေသော်လည်း လွတ်မြောက်ရန် မည်သည့် နည်းလမ်းမှ မရှိတော့ချေ။

ရွှီယန်က စိတ်ဝင်စားသွားခဲ့သည်။

"သူဌေး... ဒီဟက်စကီက ဘယ်လောက်လဲ"

ရွှီယန်က မေးမြန်းလိုက်သည်။

"ဒီအကောင်က ၃၀၀ ပါ"

ဆိုင်ရှင်က ချက်ချင်း ပြန်ဖြေလိုက်၏။

မြို့လေးရှိ ခွေးကြောင် ဈေးကွက်၏ ဈေးနှုန်းများက မမြင့်မားလှဘဲ သာမန် ဟက်စကီ ဆိုလျှင် ယွမ် ၂၀၀ ခန့်သာ ရှိသည်။

"၃၀၀ လား"

ရွှီယန်က ရှေ့သို့ တိုးသွားပြီး ဤဟက်စကီကို လှမ်းယူကာ တစ်ချက် ကြည့်လိုက်သည်။ မျက်ခုံးပေါ်တွင် မီးတောက်ကဲ့သို့ အဖြူရောင် အကွက် သုံးကွက် ရှိနေပြီး မျက်လုံးများက အပြာနုရောင် ဖြစ်ကာ ကျောဘက်ရှိ အမွေးများက အလွန် ထူထဲလှသည်။ ဤသည်က တကယ့်ကို ခွေးကောင်း တစ်ကောင်ပင် ဖြစ်၏။

ခွေးဈေးတန်းတွင် ခွေးဝယ်ရာ၌ အကြောက်ရဆုံးက တစ်ပတ်ခံ ခွေးများကို ဝယ်မိခြင်းပင် ဖြစ်သည်။ အိမ်ပြန်ရောက်ပြီး တစ်ပတ်ခန့် မွေးမြူလိုက်သည်နှင့် ကြီးငယ်မဟူ ရောဂါများ အဆက်မပြတ် ဖြစ်ပေါ်လာပြီး တိုက်ရိုက်ပင် သေဆုံးသွားတတ်ကာ ကယ်တင်၍ပင် မရနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ရွှီယန်က တောင်ပေါ်ရွာလေးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသဖြင့် ခွေးများနှင့် ပတ်သက်၍လည်း နားလည်မှု ရှိရာ ခွေး၏ မျိုးစိတ် ကောင်းမကောင်း ဆိုသည်ကို ခန့်မှန်းနိုင်ပေသည်။

"အစ်ကို... စိတ်ချပါ... ကျွန်တော်တို့က ဟက်စကီ မွေးမြူရေးကို သီးသန့် လုပ်တာပါ... ကိုယ်ပိုင် ဆိုင်ရှိပြီး အထောက်အထား လက်မှတ်တွေ အကုန်လုံး အပြည့်အစုံ ရှိပါတယ်ဗျ... တစ်လအတွင်း သဘာဝ ရောဂါ တစ်ခုခု ဖြစ်လာရင် ကျွန်တော်တို့ဆီမှာ အခမဲ့ ကုသပေးပါတယ်"

ဆိုင်ရှင်က ရွှီယန် ဝယ်ယူမည့် ရည်ရွယ်ချက် ရှိနေသည်ကို မြင်သောအခါ ချက်ချင်းပင် ရှင်းပြလိုက်သည်။

"ဒီအကောင်က တော်တော်လေး ကောင်းတယ်... အရမ်းလည်း ကျန်းမာတာပဲ"

ရွှီယန်က ဟက်စကီကို လက်ထဲတွင် ကိုင်ထားလိုက်သည်။ ဤကောင်လေးက အလွန် အဆော့သန်ပြီး ပါးစပ်ကို အဆက်မပြတ် ဟကာ ကိုက်ချင်နေသော်လည်း တကယ် ကိုက်ခြင်းတော့ မဟုတ်ဘဲ ဤသို့ ဆော့ရသည်ကို သဘောကျနေခြင်းသာ ဖြစ်သည်။ အိမ်ဖျက်မည့် အလားအလာများ ရှိနေပြီ ဖြစ်၏။

ခန္ဓာကိုယ်ပိုင်းတွင် ပြဿနာ မရှိဘဲ ရုပ်ရည်သွင်ပြင်ကလည်း အလွန် လှပလှသည်။ သို့သော် ယခုအခါ ဤခွေးမျိုးကို သဘောကျသူများနှင့် မကျသူများဟူ၍ အစွန်းနှစ်ဖက် ရောက်နေကြသည်။ သဘောကျသူများက အလွန် သဘောကျကြပြီး မကျသူများကတော့ အနည်းငယ် တုံးအအ နိုင်သည်ဟု ထင်ကြ၏။

အထူးသဖြင့် အချို့သော ဟက်စကီများက ကြီးလာသောအခါ အနည်းငယ် ရုပ်ဆိုးသွားတတ်ပြီး ရယ်စရာ ဓာတ်ပုံများ အဖြစ် ဖန်တီးခြင်း ခံရတတ်သည်။ လက်တွေ့တွင်တော့ ဟက်စကီ၏ ရုပ်ရည်သွင်ပြင်က အတော်လေး မြင့်မားလှပေသည်။

"ကောင်းပြီ... ကျွန်တော် ယူမယ်"

ရွှီယန်က ဤဟက်စကီခွေးလေးကို တစ်ခဏမျှ ကြည့်ပြီးနောက် ရေစက်ပါသည်ဟု ခံစားလိုက်ရသဖြင့် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဤဟက်စကီလေး ကိုယ်တိုင်လည်း ထင်မှတ်မထားခဲ့ချေ။

လူတစ်ယောက်၏ အနောက်သို့ ရမ်းသန်း ပြေးသွားလိုက်ရုံဖြင့် ဖျက်ဆီး၍ရမည့် အိမ်တစ်အိမ်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဘယ်လောက်ပဲ ဖျက်ဖျက် ဖျက်လို့ မကုန်နိုင်သော အိမ်ကြီး တစ်အိမ်ပင် ဖြစ်နေတော့၏။

All Chapters