အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း (၂၃၅) ချင်လင်တောင်တန်း ရတနာရှာဖွေရေး... ဒီတောင်တန်းကြီးထဲမှာ ဘာတွေများ ပုန်းကွယ်နေတာလဲ
ရွှီယန်က ပြေးနေရင်းနဲ့ ဖုန်းကို မြှောက်ကာ ဓာတ်ပုံရိုက်ခလုတ်ကို နှိပ်လိုက်သည်။
"ချလပ်"
[တောဆိတ်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံရခြင်း .jpeg]
ရွှီယန်က ကိုယ့်ဘာသာ ဆဲလ်ဖီ တစ်ပုံ ရိုက်လိုက်ခြင်းပင် ဖြစ်၏။
ဓာတ်ပုံထဲတွင် ရွှီယန်၏ မျက်ဝန်းများက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်ပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ရှိနေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ခြင်း ဖြစ်ရာ မျက်နှာအမူအရာကိုတော့ သေချာ ထိန်းချုပ်ထားရမည် မဟုတ်ပါလား။
သူ၏ အနောက်တွင်တော့ ဒေါသထွက်နေသော တောဆိတ်ကြီးက ခေါင်းငုံ့ကာ ချွန်ထက်သော နွားချိုများဖြင့် ရွှီယန်ဆီသို့ ဦးတည်ပြီး ကြမ်းတမ်းသော စက်ယန္တရားကြီး တစ်ခုအလား ပြေးဝင်လာနေ၏။
ရွှီယန်ကတော့ အလွန် တည်ငြိမ်နေသည်။
ဖြေရှင်းရမည့် နည်းလမ်းကို သူ စဉ်းစားထားပြီး ဖြစ်၏။
အကယ်၍ သူ လဲကျသွားပြီး တောဆိတ်၏ ခတ်ခြင်းကို ခံရလျှင်တောင် အချိန်မီ နွားချို၏ အဖျားကို လက်ဖြင့် ဖမ်းဆုပ်ကာ ကာကွယ်ထားနိုင်ပါက နွားချိုကြောင့် ရရှိနိုင်မည့် ဒဏ်ရာကို အတိုင်းအတာ တစ်ခုအထိ ရှောင်လွှဲနိုင်မည် ဖြစ်သည်။
ထို့အပြင် သူက အဲဒီလောက် အလွယ်တကူ လဲကျသွားမည့်သူလည်း မဟုတ်ချေ။
ဓာတ်ပုံရိုက်ပြီးသွားသောအခါ ရွှီယန်က ဆက်လက် စွန့်စားမနေတော့ဘဲ ရုတ်တရက် လားရာ ပြောင်းကာ ဘေးသို့ ရှောင်ထွက်လိုက်သည်။
နွားများ၏ လားရာ ပြောင်းနိုင်စွမ်းက အားနည်းလှရာ ရွှီယန်၏ ရှောင်တိမ်းမှုကြောင့် ၎င်းက ရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် ကျော်လွန် ပြေးထွက်သွားတော့၏။
လိုက်ဖ်ထဲမှ ကြည့်ရှုသူများ အားလုံး အသံတိတ်သွားကြတော့သည်။
ခုနက ရွှီယန် ဆဲလ်ဖီ ရိုက်လိုက်သည့် လုပ်ရပ်က အားလုံးကို ယခုအထိ ကြောင်အမ်းနေစေဆဲ ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သာမန်လူ ဆိုပါက အကြောက်လွန်ပြီး ဦးနှောက် အလုပ်မလုပ်တော့ဘဲ ခြေထောက်များပင် ပျော့ခွေသွားလောက်ပေသည်။
သူကတော့ အေးအေးဆေးဆေး ပြေးနေရုံသာမက ဖုန်းကို ထုတ်ပြီး ဆဲလ်ဖီပါ ရိုက်လိုက်သေးသည်။
ဘာတွေ လုပ်နေတာလဲ။
ဒါက ချန်ပိုင်တောင်တန်း လမ်းသရဲကြီးရဲ့ တည်ငြိမ်မှုလား။
တောဆိတ်က တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် ခေါင်းလှည့်ကာ ရွှီယန်ဆီသို့ နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။
ရွှီယန်ကလည်း တုံ့ပြန်မှု မြန်ဆန်လှရာ သစ်ပင်တစ်ပင်ကို ရှာပြီး နှစ်ချက် သုံးချက်မျှနင်းပြီး အပေါ်သို့ တက်သွားတော့၏။
ဤသည်က သူ့၏ ကိုယ်ပိုင် ကျွမ်းကျင်မှုပင် ဖြစ်သည်။
သစ်ပင်တက်ခြင်း။
သစ်ပင် မတက်တတ်သော သားရဲများနှင့် တွေ့လျှင် သစ်ပင်ပေါ် တက်လိုက်ရုံဖြင့် အားလုံး ပြီးဆုံးသွားပြီ ဖြစ်၏။
တောဆိတ်က တိုက်ခိုက်ရန် အခွင့်အရေး မရှိတော့သည်ကို မြင်သောအခါ သစ်ပင်အောက်တွင် နှစ်ပတ်ခန့် လှည့်ပတ်သွားလာပြီးနောက် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။
"လန့်သွားတာပဲ"
"ဒီကောင်ကြီးက တကယ် ဒေါသကြီးတာ"
ရွှီယန်က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
လိုက်ဖ်ထဲမှ ကွန်မန့်များကတော့ ပွက်လောညံသွားခဲ့ပြီ ဖြစ်၏။
[လောင်ရွှီ... မင်း တကယ် လန့်သွားတာ ဟုတ်လို့လား... မင်း ခုနက ဆဲလ်ဖီ ရိုက်လိုက်တယ် မဟုတ်လား]
[ဒီလိုက်ဖ်လွှင့်သူက အရမ်း စွမ်းတာပဲကွာ... ဒီလောက်တောင် လန်ထွက်နေတာလား]
[သူ တကယ် သေရမှာကို မကြောက်ဘူးလား]
[လောင်ရွှီရေ... မင်း ခုနက ဘာတွေ တွေးနေတာလဲ]
[တောင်းပန်ပါတယ်ကွာ... ထပ်ပြီးတော့ ကိုယ့်သေတွင်း ကိုယ်မတူးပါနဲ့တော့]
အင်တာနက်သုံးစွဲသူများ အထူးပင် အံ့ဩတုန်လှုပ် သွားကြတော့သည်။
အရင်က ရွှီယန် တောဝက် အလိုက်ခံရသည်ကို မြင်တွေ့ခဲ့ရခြင်းက အသစ်အဆန်းတော့ မဟုတ်ချေ။
ကြည့်ရသည်မှာလည်း ပုံမှန်လိုပင် ဖြစ်၏။
သို့သော် ယခုတစ်ကြိမ်တွင်တော့ ပိုမို ကြမ်းကြုတ်သော တောဆိတ်နှင့် ရင်ဆိုင်နေရပြီး အသက်အန္တရာယ် ရှိနေသည့် အခြေအနေမျိုးတွင်ပင် သူက ဂိမ်းကစားနေသကဲ့သို့ ပြုမူနေပေသည်။
ရွှီယန်က ကွန်မန့်များကို တစ်ချက် ကြည့်လိုက်သည်။
အဆက်မပြတ် တက်လာနေသော အံ့ဩတုန်လှုပ်ဖွယ် စကားလုံးများကို မြင်သောအခါ ရွှီယန်က ပြုံးလိုက်၏။
"တောဆိတ် ပြေးတာက အဲဒီလောက်ကြီး မမြန်ပါဘူး... ဒီနေရာကလည်း အနည်းငယ် ပြန့်ပြူးနေတော့ ဘာမှ မဖြစ်ပါဘူး"
"ကျွန်တော်က တောဆိတ်နဲ့ ဓာတ်ပုံ တွဲရိုက်ဖို့ စဉ်းစားထားတာဆိုတော့ ဒါက အခွင့်အရေး ကောင်းပဲလေ"
ပြောရင်းနဲ့ ရွှီယန်က ဖုန်း၏ ဓာတ်ပုံပြခန်းကို ဖွင့်ကာ ခုနက ရိုက်ထားသော ဓာတ်ပုံကို ကြည့်လိုက်သည်။
ဓာတ်ပုံက အလွန် ပြည့်စုံလွန်းလှ၏။
AI ကတောင် ဤမြင်ကွင်းကို ရေးဆွဲနိုင်မည် မဟုတ်ချေ။
"ရိုက်ထားတာ မဆိုးဘူးပဲ"
ရွှီယန်က ဖုန်းထဲမှ ဓာတ်ပုံကို ကြည့်ရင်း ပြုံးလိုက်သည်။
[ငါတို့ကိုလည်း ပြဦးလေ]
[ငါလည်း ကြည့်ချင်တယ်]
သူ ထိုသို့ ပြောသည်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက ချက်ချင်းပင် အော်ဟစ် တောင်းဆိုကြတော့သည်။
ရွှီယန်က ဒရုန်း၏ ကင်မရာကို ချိန်ညှိလိုက်ပြီး ဖုန်းကို မြှောက်ကာ ဓာတ်ပုံကို ပြသလိုက်သည်။
ဓာတ်ပုံ၏ ဆန့်ကျင်ဘက် အချိုးအကွေ့က အလွန် မြင့်မားလှ၏။
ဒေါသထွက်နေသော တောဆိတ်နှင့် ပြုံးနေသော လူသား။
ကြည့်ရသည်မှာ တကယ်ကို ရယ်စရာ ကောင်းနေပေသည်။
"ဒီလိုလုပ်မယ်... ဒီဓာတ်ပုံကို ကျွန်တော့်ရဲ့ ပထမဆုံး ဗီဒီယို ကွန်မန့်ထဲမှာ သွားတင်ထားလိုက်မယ်... လိုချင်တဲ့သူတွေ သွားယူကြပေါ့"
ဓာတ်ပုံ၏ မူရင်းပုံကို တောင်းဆိုနေကြသော ကွန်မန့် အများအပြားကို မြင်သောအခါ ရွှီယန်က ပြန်ပြောလိုက်သည်။
ဓာတ်ပုံကို ကွန်မန့်ထဲတွင် တင်လိုက်၏။
သိပ်မကြာခင်မှာပင် ထိုဓာတ်ပုံက လူအများအပြား၏ လက်ဆင့်ကမ်း ဝေမျှခြင်းကို ခံလိုက်ရတော့သည်။
ဓာတ်ပုံပညာ နားလည်သော လူတစ်ယောက်က ဤဓာတ်ပုံဖြင့် ပြည်တွင်း ဓာတ်ပုံပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သေး၏။
ထိုလူက တော်တော်လေး ရိုးသားလှသည်။ ရွှီယန်၏ နာမည်ကို အသုံးပြုကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လိပ်စာကိုလည်း ရွှီယန်၏ လယ်ယာခြံဝင်း လိပ်စာကို ပေးထားခဲ့သည်။
ဤကိစ္စကိုတော့ ရွှီယန် မသိခဲ့ချေ။
ဓာတ်ပုံက အင်တာနက်ပေါ်တွင်လည်း အလွန် ရေပန်းစားသွားခဲ့၏။
ဤသည်က အထာကျသူများ၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။
ချင်လင်တောင်တန်း အနက်ပိုင်းသို့ ဝင်လာပြီး ဤမျှ စည်ကားသော ကိစ္စများနှင့် ကြုံတွေ့ရမည်ဟု သူ တကယ် မထင်ထားခဲ့ချေ။
ရွှီယန်က သစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။
"ဓာတ်ပုံ တစ်ပုံတော့ ရပြီ... သုံးပုံ လိုသေးတယ်"
"ဒီတာဝန်က ချင်လင်တောင်တန်း ရတနာ လေးပါးရဲ့ နေရာတွေကို အမှတ်အသား လုပ်မပေးထားတော့ ကိုယ့်ဘာသာကိုယ် ရှာရဦးမယ်"
"ကံတရား အတိုင်းပေါ့"
"ခုနက ပန်ဒါကို တွေ့တုန်းက တာဝန် မနှိုးဆွလိုက်နိုင်တာ နှမြောစရာပဲ... ပန်ဒါရဲ့ ဓာတ်ပုံကို မရိုက်လိုက်ရဘူး"
"နောက်တစ်ခါ ထပ်တွေ့အောင် လုပ်ရမယ်"
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် သူက ဤတစ်ကြိမ်တွင် တောင်ထဲ၌ နှစ်ရက်ခန့် နေရန် ရည်ရွယ်ထား၏။
ကျောပိုးအိတ်ထဲတွင် အသုံးအဆောင်များ အများအပြား ပါလာသလို အစားအစာလည်း မရှားပါးပေ။
မည်သို့ပင်ဆိုစေ တောင်ထွက်ပစ္စည်း လာရှာခြင်း မဟုတ်သဖြင့် အိတ်ထဲတွင် ပစ္စည်းများ ပိုထည့်လာ၍ ရပေသည်။
ရွှီယန်၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြုနိုင်သော အကြိမ်ရေမှာ ၁၀/၁၀ ဖြစ်ပြီး တစ်ခါမှ မသုံးရသေးချေ။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ်ခန့် အသုံးပြုပြီး လမ်းစမ်းကြည့်ရန် ရည်ရွယ်လိုက်သည်။
ဤနေရာတွင် သင်္ချိုင်းဂူများ အများအပြား ရှိပြီး တောင်နက်ကြီးထဲတွင်လည်း ရှိနေကြောင်း သူ ကြားဖူးထား၏။ အရင်က ဤနေရာများကို သင်္ချိုင်းဖောက်သူများ ဘယ်နှစ်ကြိမ်လောက် ဝင်ရောက် ဖောက်ထွင်းခဲ့ပြီးပြီလဲ ဆိုသည်ကို မသိနိုင်သလို တစ်ခါတရံ ဖောက်ထွင်းခံထားရသော အရာအချို့ကိုလည်း တွေ့မြင်ရလေ့ ရှိသည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ရတနာရှိသည့် နေရာကို ပြသပေးလိုက်ရာ ရွှီယန်က ထိုနေရာသို့ တောက်လျှောက် လျှောက်သွားလိုက်၏။
အကွာအဝေးက သိပ်မဝေးဘဲ မီတာ လေးရာခန့်သာ ရှိသည်။
မြေပုံက ပြသနေသည်မှာ ရတနာက မြေအောက် ၄၀ စင်တီမီတာ အနက်တွင် ရှိနေကြောင်း ဖြစ်၏။
မြေအောက်ထဲတွင် ရှိနေသည်ကို မြင်သောအခါ ဤအရာက သာမန် မဟုတ်ကြောင်းကို ရွှီယန် ချက်ချင်း သိလိုက်သည်။
ဘာကြောင့်လဲဆိုတော့ တောင်ထွက်ပစ္စည်းများက အဲဒီလောက် အနက်ကြီးထဲမှာ ပေါက်ရောက်လေ့ မရှိသောကြောင့် ဖြစ်၏။
"၄၀ စင်တီမီတာ ဆိုတော့ အရမ်းကြီး မနက်ပါဘူး... အနည်းဆုံးတော့ သင်္ချိုင်းဂူ မဟုတ်တာ သေချာတယ်"
"ဒီအထဲမှာ ဘာတွေများ မြုပ်နေတာလဲ"
"ချင်လင်တောင်တန်း ထဲက ရတနာတွေက နည်းနည်း ထူးဆန်းတယ်နော်"
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် သူက ထုံးစံအတိုင်း အင်တာနက်လိုင်း မကောင်းကြောင်း အကြောင်းပြကာ လိုက်ဖ်ကို ခဏ ပိတ်လိုက်၏။
ဒရုန်းကိုလည်း ခဏ သိမ်းထားပြီး မြေပြင်ပေါ်တွင် ချထားလိုက်သည်။
ထို့နောက် ရွှီယန်က တူးရွင်းကို ယူကာ မြေကြီးထဲတွင် စတင် တူးဆွ ရှာဖွေတော့၏။
ဤနေရာက တောနက်ကြီးထဲ ဖြစ်ပြီး လူသူကင်းမဲ့သော နေရာဖြစ်သည်။
တောင်တန်းများက အဆုံးအစမရှိ ရှည်လျားပြီး ဧရိယာကလည်း ကျယ်ဝန်းလှပေသည်။
သူ ဤနေရာတွင် တူးဆွနေသည်ကို ဘယ်သူမှ သိနိုင်မည် မဟုတ်ချေ။
ရတနာ တူးဖော်ရသည့် ခံစားချက်က အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
အထူးသဖြင့် မြေကြီးထဲတွင် မြုပ်နေသော ရတနာများ ဖြစ်သည်။
ရွှီယန်က အောက်သို့ ဆက်တိုက် တူးဆွနေပြီး မကြာခင်မှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ပြသထားသော ရတနာကို တူးဖော်တွေ့ရှိသွားခဲ့၏။
အထဲမှ အရာက သူ ထင်မှတ်ထားသည်နှင့် လုံးဝ ကွဲလွဲနေပေသည်။
ပထမဆုံး တွေ့ရသည်မှာ ဆွေးမြည့်နေပြီဖြစ်သော သစ်သားသေတ္တာ တစ်ခုဖြစ်ပြီး အကောင်အထည်ပင် မရှိတော့ချေ... မြေကြီးထဲမှနေ၍ အပိုင်းအစလေးများကိုသာ ကောက်ယူ၍ ရတော့သည်။
ထို့နောက် သေတ္တာ၏ အလယ်တွင် မြေကြီးများဖြင့် ဖုံးလွှမ်းနေသော ညစ်ပတ်နေသည့် ပုလင်းငယ်လေး တစ်လုံး ရှိနေ၏။
ပုလင်းငယ်လေးက ရေခွက် အရွယ်အစားခန့်သာ ရှိပြီး အထဲတွင် မြေကြီးများ ပြည့်နှက်နေကာ အပြင်ဘက်တွင်လည်း မြေကြီးများဖြင့် ဖုံးအုပ်နေသည်။
ရွှီယန်က အလွန် သတိထားကာ လက်ဖြင့် မြေကြီးများကို နည်းနည်းချင်းစီ ဖယ်ရှားလိုက်သည်။ ပုလင်းငယ်လေးကို ထိခိုက်မိမည် စိုး၍ ဖြစ်၏။
သူ၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ဖြစ်ပေါ်လာခဲ့သည်။
"ကြွေပုလင်း လား"
"တောင်ထဲမှာ ကြွေပုလင်း မြုပ်နေတာလား"
ရွှီယန် ကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။
သူ ချန်ပိုင်တောင်တန်းတွင် ရတနာ အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ပြီး လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
တစ်ကြိမ်သာ ခါးပတ်ပေါ်မှ ကျောက်စိမ်း အလှဆင်ပစ္စည်း တစ်ခုကို တွေ့ခဲ့ဖူးပြီး ထိုစဉ်ကတောင် သူ အတော်လေး အံ့ဩခဲ့ရသေးသည်။
ယခု ချင်လင်တောင်တန်း အနက်ပိုင်းသို့ ပထမဆုံးအကြိမ် လာရောက်ပြီး ရတနာ ရှာဖွေရာတွင် ကြွေပုလင်းငယ်လေး တစ်လုံးကို တွေ့ရှိခဲ့ရပြီ ဖြစ်၏။
ရွှီယန်က ရှေးဟောင်း သုတေသနပညာကို နားမလည်သလို ဤကြွေပုလင်းက ဘယ်ခေတ်က ဆိုသည်ကိုလည်း မသိချေ။
အရောင်က အရောင်တစ်မျိုးတည်း ဖြစ်ပြီး အပြာရင့်ရောင်ဘက်သို့ အနည်းငယ် သန်းနေသည်ကိုသာ တွေ့ရသည်။
ချင်လင်တောင်တန်း၏ ဇာတ်လမ်းများကိုတော့ ရွှီယန် သိထားပေသည်။
ပြည်တွင်းရှိ တစ်ခုတည်းသော အရှေ့အနောက် ဦးတည်ချက်ရှိသည့် တောင်တန်းဖြစ်ပြီး အနောက်ဘက် ကွန်းလွန် မှ စတင်ကာ ယန်ဇီမြစ် နှင့် မြစ်ဝါမြစ် တို့ ဤနေရာတွင် ပေါင်းဆုံကြသဖြင့် ရှေးခေတ်ကတည်းက နဂါးဓာတ် စုဝေးရာ နေရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤအနီးအနားက ခေတ်အဆက်ဆက် မြို့တော် အများဆုံး တည်ဆောက်ခဲ့သော နေရာလည်း ဖြစ်၏။
'မိုင်ရှစ်ရာ ချင်ချွမ်း၊ ရှေးဟောင်းသင်္ချိုင်း တစ်သိန်း' ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ဤစကားတစ်ခွန်းတည်းဖြင့်ပင် ချင်လင်တောင်တန်းထဲတွင် ဇာတ်လမ်းပေါင်း မည်မျှ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို တွေးကြည့်နိုင်ပေသည်။
ရေတွက်၍ပင် မရနိုင်ချေ။
သင်္ချိုင်းဂူ တည်ဆောက်သူများ... သင်္ချိုင်း ဖောက်ထွင်းသူများ... နေရာလုသူများ... ရတနာလုသူများ...
ထိုအရာများ အားလုံးက ဥပဒေ မစိုးမိုးသေးဘဲ နည်းပညာ မဖွံ့ဖြိုးသေးသော ရှေးဟောင်း ခေတ်ကာလတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
ဤအထဲတွင် တန်ဖိုးရှိသော ရတနာမည်မျှ လူဘယ်နှစ်ယောက် လက်ထဲသို့ ပြောင်းရွှေ့သွားခဲ့ပြီလဲ ဆိုသည်ကို မသိနိုင်တော့ပေ။
"ဒီပုလင်းငယ်လေးကို သစ်သားသေတ္တာလေးနဲ့ ထည့်ထားတာဆိုတော့ တစ်ယောက်ယောက်က ဒီနေရာမှာ လာမြုပ်ထားတာ ဖြစ်ရမယ်"
"နောက်မှ ပြန်လာယူဖို့ ရည်ရွယ်ထားတာ ဖြစ်မယ်"
"တခြားသူတွေ မတွေ့အောင် ဖွက်ထားတာလည်း ဖြစ်နိုင်သလို သင်္ချိုင်းဖောက်တဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တစ်ယောက်က ကိုယ့်ဘာသာ အပိုင်စီးဖို့ ကြံစည်ထားတာလည်း ဖြစ်နိုင်တယ်"
"သူ့ရဲ့ သားမြေးတွေအတွက် ရတနာရှာဖွေရေး မြေပုံလေးတောင် ချန်ထားခဲ့လောက်သေးတယ်"
ရွှီယန်က လက်ထဲရှိ ပုလင်းငယ်လေးကို ကြည့်ရင်း ဤပုလင်းနှင့် ပတ်သက်သည့် ဇာတ်လမ်းများကို ခန့်မှန်းနေမိသည်။
သို့သော် ဤအရာများကိုတော့ မည်သူမျှ မသိနိုင်တော့ချေ။
သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ ချင်လင်တောင်တန်း အနက်ပိုင်းတွင် ဤပုလင်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
ရွှီယန်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။
ပတ်ဝန်းကျင်တွင် ထူးခြားသည်ဟု ဆို၍ရမည့် အရာမှာ အနည်းဆုံး သက်တမ်း နှစ်တစ်ရာကျော် ရှိမည့် သစ်ပင်ကြီး တစ်ပင်သာ ရှိပေသည်။
တောနက်ထဲရှိ သစ်ပင်များက မူလသစ်တောများ ဖြစ်ပြီး ဒုတိယအဆင့် သစ်တောများ မဟုတ်သဖြင့် ခုတ်လှဲခံထားရခြင်း မရှိချေ။
ထို့ကြောင့် အတိတ်က အချိန်ကာလများ၏ အရိပ်အယောင်များကို ထိန်းသိမ်းထားနိုင်သေးသည်။
"ဒီသစ်ပင်ကြီးကို မှတ်တိုင်အနေနဲ့ ထားခဲ့တာ ဖြစ်မယ်"
"ကိုယ်တိုင် တူးဖော် မတွေ့ရှိခဲ့ရင် ငါတောင် ယုံမှာ မဟုတ်ဘူး"
"တောနက်ကြီးထဲက မြေကြီးထဲမှာ ဒီလိုအရာမျိုး မြုပ်နေတာကိုး"
ရွှီယန်က ပုလင်းကို သတိကြီးစွာဖြင့် ကြည့်ရှုရင်း သူ့ကိုယ်သူ ပြောလိုက်သည်။
သူက ဘာမှ ဆက်မလုပ်တော့ချေ။
ယခုအချိန်တွင် အသုံးအဆောင်များ မရှိသလို ဆေးကြောရန်လည်း မဖြစ်နိုင်ပေ... အတင်းအဓမ္မ ဆေးကြောလိုက်ပါက ပျက်စီးသွားခြင်း သို့မဟုတ် ခြစ်ရာများ ထင်သွားခြင်းတို့ ဖြစ်နိုင်ပေသည်။
ရွှီယန်က ရှေးဟောင်းပစ္စည်းများကို နားမလည်သော်လည်း ဤအရာက အလွန် တန်ဖိုးကြီးမည်ဟု ခန့်မှန်းမိ၏။
အလှပြ သိမ်းထားလျှင်လည်း မဆိုးပါဘူးလေ။
"ဒီလောက်နှစ်တွေ အကြာကြီး ဘယ်သူမှ လာမရှာဘူးဆိုတော့ ပိုင်ရှင်မဲ့ ပစ္စည်း ဖြစ်နေပြီပဲ"
"မြေအောက်ထဲမှာ ဘယ်နှစ်နှစ်လောက် မြုပ်နေခဲ့လဲ မသိဘူး... အခုတော့ နေရောင် ပြန်မြင်ရမယ့် အချိန် ရောက်ပြီပေါ့"
ရွှီယန်က မျက်နှာသုတ်ပုဝါဖြင့် ပုလင်းကို နှစ်ထပ်ခန့် ပတ်လိုက်ပြီး ကျောပိုးအိတ်ထဲတွင် သေချာ ထည့်ကာ ပုလင်းကို တတ်နိုင်သမျှ အကောင်းဆုံး ကာကွယ်ထားလိုက်သည်။
အချိန် တော်တော်လေး လင့်နေပြီဖြစ်ရာ ရွှီယန်က နေရာတစ်ခု ရှာပြီး ရွက်ဖျင်တဲ ထိုးရန် ရည်ရွယ်လိုက်၏။
ယနေ့တော့ တောင်ထဲတွင် အိပ်ရန် စီစဉ်ထားသည်။
ချင်လင်တောင်တန်းတွင် တောရိုင်း တိရစ္ဆာန် အရေအတွက် အလွန် များပြားသော်လည်း လူကို အန္တရာယ် ပေးနိုင်သည့် အကောင်များ သိပ်မများလှပေ။
အဆိပ်ရှိသော မြွေများ... အဆိပ်ရှိသော ပိုးမွှားများ... တောဝက်များ... တောဆိတ်များ... ပန်ဒါဝက်ဝံများ... ဝက်ဝံမည်းများ စသည်တို့သာ ရှိ၏။
ကျားများ ဝက်ဝံညိုများ ကဲ့သို့သော သားရဲတိရစ္ဆာန်ကြီးများ မရှိသဖြင့် ရွှီယန်လည်း မကြောက်ရွံ့ချေ။
ထို့ကြောင့် တောင်ထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
မနက်ဖြန်တွင်လည်း တောတောင်ရှာဖွေရန် အချိန် ပိုရမည် မဟုတ်ပါလား။
လိုက်ဖ် ပိတ်ထားစဉ်အတွင်း ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထပ်မံ အသုံးပြုကာ ရတနာ ရှာဖွေလိုက်သည်။
ရတနာက သူ့ဆီမှ တစ်ကီလိုမီတာ အကွာတွင် ရှိနေ၏။
ရွှီယန်က အမြန် သွားရောက်ပြီး သေချာ ကြည့်ရှုလိုက်ရာ ရတနာက မြေအောက် မီတာဝက်ခန့် အနက်တွင် ရှိနေပြန်သည်။
"ဟ... မြေအောက်ထဲမှာချည်းပဲလား"
"ချင်လင်ကတော့ ချင်လင်ပါပဲ"
ရွှီယန်က ချန်ပိုင်တောင်တန်းတွင် သူရှာတွေ့ခဲ့သည်များကို ပြန်စဉ်းစားမိသည်။ အများစုက တောရိုင်း ဂျင်ဆင်းများ သို့မဟုတ် အခြား တောင်ထွက်ပစ္စည်းများသာ ဖြစ်ပြီး တစ်ခါတရံ ရွှေနှင့် လင်ဇီးမှိုများကိုသာ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
ချင်လင်တောင်တန်း အနက်ပိုင်းသို့ ရောက်လာချိန်တွင်တော့ နှစ်ကြိမ်စလုံး ရှာတွေ့ခဲ့သည်များက မြေအောက်ထဲတွင်ချည်းသာ ဖြစ်နေသည်။
တကယ်ကို အံ့ဩစရာပင်။
ရွှီယန်က ဤတစ်ကြိမ်လည်း ရှေးဟောင်း ပစ္စည်း တစ်ခုခု ဖြစ်မည်ဟု တွေးလိုက်မိသည်။
သူက စတင် တူးဖော်တော့၏။
ရတနာကို တူးဖော်တွေ့ရှိသွားသောအခါ သူကိုယ်တိုင်ပင် အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။
မြေအောက်ထဲမှ ရတနာမှာ အရိုးများ ဖြစ်နေပြီး အရမ်းကြီးမားသော အရိုးများ ဖြစ်သည်။
ရွှီယန် တကယ်ပင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။
တွင်းတူးပြီး အရိုးရှာသည်ဆိုသည်က ယေဘုယျအားဖြင့် လယ်ယာခြံဝင်းမှ ရှောင်ဟေး၏ အလုပ်ပင် ဖြစ်သည်။
ယခုတော့ သူက အဲဒီအလုပ်ကို လုပ်နေရပြီ မဟုတ်ပါလား။
"အရိုးတွေလား"
"ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ဒီဘက်မှာ ဘာတွေ ရှာတွေ့နေတာလဲ"
"ဒါကတော့ တကယ် လွန်လွန်းနေပြီ"
ရွှီယန် တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။