← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) လှပတဲ့ ချင်လင် ရတနာလေးပါး... တည်ငြိမ်လှတဲ့ ဂျပန်ကြိုးကြာ

ရွှီယန်က ဆက်ပြီး တွင်းတူးနေခဲ့သည်။

သူက မြေကြီးတွေကို ဖယ်ရှားလိုက်ပြီး မြေအောက်ထဲကနေ ရှည်လျားတဲ့ အရိုးကြီး တချို့ကို တူးဖော်တွေ့ရှိသွားခဲ့သည်။

"ရှောင်ဟေးကို ခေါ်လာသင့်တာ... သူက ဒီလိုကိစ္စမျိုးဆို သိပ်ကျွမ်းကျင်တာ"

ရွှီယန်က ရုတ်တရက် ရှောင်ဟေးကို သတိရသွားသည်။ ဒီလိုအလုပ်မျိုးက သူ့ကိုပဲ အားကိုးရမှာ ဖြစ်၏။

ဒီအရာတွေက ဘာလဲဆိုတာကို ရွှီယန် သိရှိသွားခဲ့သည်။

ကျားရိုးများ ဖြစ်နေ၏။

ကျားရိုးဆိုတာ နာမည်ကြီး တရုတ်တိုင်းရင်းဆေး တစ်မျိုးဖြစ်ပြီး တန်ဖိုးက အလွန် ကြီးမားလှပေသည်။ အချို့သော တရားမဝင် ကုန်သည်တွေဆိုလျှင် အကျိုးအမြတ်ကို မက်မောလွန်းလို့ နယ်ကျော်ပြီးတောင် ကျားရိုးတွေကို ရောင်းချလေ့ ရှိကြသည်။

ဒီပစ္စည်းတွေက တန်ဖိုးမဖြတ်နိုင်ဘူး ဆိုပေမယ့် နိုင်ငံတော် ဥပဒေက အရောင်းအဝယ် လုပ်ခွင့် မပြုထားချေ။

အဓိကကတော့ ကျားတွေကို ကာကွယ်ဖို့ပဲ ဖြစ်သည်။

တချို့ ကုန်သည်တွေက နွားရိုး သို့မဟုတ် သိုးရိုးတွေကို အသုံးပြုပြီး ကျားရိုးလို့ လိမ်လည်ကာ ငွေလိမ်ယူတတ်ကြပြီး ကျားရိုးဆိုတဲ့ နာမည်ကို သုံးပြီး လူတွေကို လှည့်စားကြခြင်း ဖြစ်၏။

မဟုတ်ရင် တောဘုရင် ဖြစ်တဲ့ ကျားတွေတောင် လူတွေရဲ့ အမဲလိုက်ခြင်းကို ခံရပြီး မျိုးသုဉ်းလုနီးပါး အခြေအနေကို ရောက်သွားခဲ့မှာ မဟုတ်ပေ။

ကျားတွေက တကယ်ကို တစ်ကိုယ်လုံးက ရတနာတွေချည်းပဲ ဖြစ်သည်။

အရိုးတွေကအစ ထိပ်တန်း ရတနာတွေပဲ ဖြစ်၏။

စိတ်ကူးယဉ် ဝတ္ထုတွေထဲမှာဆိုရင်တော့ ဒါက အကောင်းဆုံး ပစ္စည်းတွေကို ထုတ်ပေးနိုင်တဲ့ နတ်ဘုရား တိရစ္ဆာန်တွေပဲ ဖြစ်ပေလိမ့်မည်။

"လခွမ်း... တူးလို့ရတဲ့ ပစ္စည်းက ငါ့ကို ထောင်ထဲမှာ တစ်သက်လုံး အပုပ်ခံခိုင်းချင်နေတာပဲ"

"ကျားရိုးလား..."

"ဒီပစ္စည်းက အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်လောက်တော့ ကျနိုင်တယ်နော်..."

ရွှီယန် တစ်ယောက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားခဲ့ရသည်။

ဒီပစ္စည်းကိုသာ တစ်ယောက်ယောက် တွေ့သွားခဲ့ရင် တကယ်ကို ရှင်းပြလို့ရမှာ မဟုတ်ဘူးလေ။

ရဲတွေကို တောင်ထဲမှာ တူးလို့ရတာလို့ ပြောရင်တောင် ဘယ်လိုလုပ် တူးမိတာလဲ ဆိုတာကို သေချာပေါက် အမေးခံရမှာ ဖြစ်၏။

ပြီးတော့ ကျည်ဆန်ရထားတို့ လေယာဉ်တို့ကလည်း သေချာပေါက် စီးလို့မရဘူး... လုံခြုံရေး စစ်ဆေးမှုကနေ ဖြတ်သွားလို့ ရမှာ မဟုတ်ပေ။

အဲဒီအချိန်ကျရင် ရထားဘူတာရုံ ဒါမှမဟုတ် လေဆိပ်က လုံခြုံရေး ဝန်ထမ်းတွေရဲ့ ဖမ်းချုပ်တာကို ခံရမှာ သေချာသည်။

ကိုယ်ပိုင်ကားနဲ့ ပြန်ရင်တော့ ရနိုင်ပေမယ့် အန္တရာယ်ကတော့ ကြီးမားလှဆဲပင်။

တရားမဝင် လက်ဝယ်ထားရှိမှုက ပြစ်မှုကြီး တစ်ခု ဖြစ်သည်။

ကြွေပုလင်းလေးကတော့ ကိစ္စမရှိလှဘူး... ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းက လုံခြုံရေး စစ်ဆေးမှုတွေက အဲဒီလောက်ကြီး အသေးစိတ် စစ်ဆေးလေ့ မရှိဘူးလေ။

ဒါပေမယ့် ကျားရိုးကတော့ မတူတော့ဘူး။

"ချင်လင် တောင်တန်းမှာ အရင်က တောင်ပိုင်းကျားတွေ အများကြီး ရှိခဲ့ဖူးတယ်... ဒါပေမယ့် မကြာသေးခင် နှစ်တွေကပဲ တောရိုင်း တောင်ပိုင်းကျားတွေ မျိုးသုဉ်းသွားပြီလို့ ကြေညာလိုက်တယ်"

"တိရစ္ဆာန်ရုံတွေမှာတော့ မွေးမြူထားတဲ့ တောင်ပိုင်းကျားတွေ အများကြီး ရှိသေးတာပေါ့..."

"အမှားအယွင်း မရှိဘူးဆိုရင် ဒါက တောရိုင်း တောင်ပိုင်းကျားရဲ့ အရိုးတွေ ဖြစ်ရမယ်"

"ဒီပစ္စည်းကို လက်ဝယ်ထားရှိတာက ပြစ်မှုကြီးပဲ... အန္တရာယ် အရမ်းများတယ်... ပြန်မြှုပ်ထားလိုက်ရင် ကောင်းမလား ဒါမှမဟုတ် လှူလိုက်ရင် ကောင်းမလား"

ရွှီယန်က သူရှာတွေ့ထားတဲ့ ရတနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် မသိနိုင်အောင် ဖြစ်နေမိသည်။

အန္တရာယ်က အရမ်းကြီးမားလွန်းပြီး ရွှေတွေ ကြွေပုလင်းတွေနဲ့ မတူညီဘူးလေ။

လှူလိုက်တာက ကိစ္စမရှိပေမယ့် မလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ဖြစ်လာမှာကိုပဲ ကြောက်ရတာ ဖြစ်သည်။

ဥပမာ ဘယ်လို တူးမိတာလဲ... ဘာလို့ တူးတာလဲ... ချင်လင် တောင်တန်း အနက်ပိုင်းကို ဘာလို့ လာတူးတာလဲ... သင်္ချိုင်းလာဖောက်တာလား အစရှိတဲ့ မေးခွန်းတွေပဲ ဖြစ်၏။

ရွှီယန်က ပြဿနာတွေကို အရမ်း ကြောက်တဲ့သူ ဖြစ်သည်။

"ထားလိုက်ပါတော့... မလိုအပ်ပါဘူးလေ... တောင်ပိုင်းကျား အတွက်တော့ ချင်လင်တောင်တန်းမှာပဲ မြှုပ်နှံထားတာက သူ့ရဲ့ နောက်ဆုံး ခိုကိုးရာ ဖြစ်မှာပါ"

"မရည်ရွယ်ဘဲ အနှောင့်အယှက် ပေးမိသွားတယ်... ခွင့်လွှတ်ပေးပါ..."

ရွှီယန်က ကျားရိုးကို ပြန်မြှုပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

ဒီကိစ္စကို ဘာမှမသိခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့မည်။

အကယ်၍ အထက်ကို အပ်လိုက်ရင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်လေ။

အရေးအကြီးဆုံးက ဒီပစ္စည်းက တစ်သီးပုဂ္ဂလ အကျိုးအမြတ်အတွက် သုံးလို့ရတာမို့ နောက်ဆုံးမှာ ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာကိုတောင် မသိနိုင်တာကြောင့် ဖြစ်သည်။

ရွှီယန်ရဲ့ စိတ်ထားက အလွန် ကောင်းမွန်လှရာ အကျိုးအမြတ်ရဲ့ သွေးဆောင်ဖြားယောင်းမှုကို ကြုံတွေ့ရရင်တောင် ခွဲခြားသိမြင်နိုင်စွမ်း ရှိပေသည်။

ကိုယ်ပိုင် မဟုတ်တဲ့ ပစ္စည်းတွေကို သူ ဘယ်တော့မှ မယူချေ။

ကျားရိုးကို မူလနေရာမှာပဲ ပြန်မြှုပ်ထားလိုက်ပြီးနောက် ရွှီယန်က တောင်ထဲမှာ ဆက်လက် လျှောက်သွားနေကာ ရွက်ဖျင်တဲ ထိုးလို့ရမယ့် နေရာကို ရှာဖွေနေလိုက်သည်။

အချိန် အနေတော် ရောက်သွားတော့ ရွှီယန်က လိုက်ဖ်ကို ပြန်ဖွင့်လိုက်သည်။

ကြည့်ရှုသူ အရေအတွက်ကလည်း လျင်မြန်စွာ ပြန်လည် မြင့်တက်လာခဲ့၏။

"အင်တာနက်လိုင်း ပြန်ရသွားပြီ... အခု ကျွန်တော် တောနက်ထဲမှာပဲ ရှိနေသေးတယ်..."

"လောလောဆယ်တော့ အန္တရာယ်ကင်းပါတယ်..."

ရွှီယန်က ကြည့်ရှုသူတွေကို ပြောလိုက်သည်။

"ကျွန်တော် ရွက်ဖျင်တဲ ထိုးဖို့ နေရာရှာနေတာ..."

"ဒီညတော့ တောနက်ထဲမှာပဲ ညအိပ်တော့မယ်..."

"ကျောပိုးအိတ်ထဲမှာ သယ်သွားလို့ရတဲ့ ပါဝါဘဏ် အသေးလေး တစ်ခု ပါတယ်ဆိုတော့ နှစ်ရက်လောက်တော့ ကိစ္စမရှိပါဘူး..."

"ချင်လင်တောင်တန်းရဲ့ ရှုခင်းတွေက တကယ် မဆိုးဘူး... ပြီးတော့ မြစ်ချောင်းတွေလည်း ပေါများတယ်..."

"ဒီတောင်ကို ကျော်သွားရင် တောင်နှစ်လုံးကြားမှာ စီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်းကို တွေ့ရလောက်တယ်..."

"ရေကန်တွေလည်း အများကြီး ရှိဦးမှာ..."

"ငှက် အမျိုးအစားတွေ ပိုများလာလောက်တယ်ပေါ့..."

ရွှီယန်က လမ်းလျှောက်ရင်း ရှင်းပြနေသည်။

လိုက်ဖ် မြင်ကွင်းက အလွန် သက်သောင့်သက်သာ ရှိနေ၏။

အင်တာနက်သုံးစွဲသူတွေကလည်း ဒီလို ခံစားချက်မျိုးကို တော်တော်လေး သဘောကျကြသည်။

[လောင်ရွှီရဲ့ လိုက်ဖ်ကပဲ ကြည့်လို့ အကောင်းဆုံးပါပဲကွာ]

[အင်း... ဒီခေတ်ကြီးမှာ သေမှာမကြောက်တဲ့ လိုက်ဖ်လွှင့်သူ သိပ်မရှိတော့ဘူးနော်]

[မရှိတာ မဟုတ်ဘူး... သူ တစ်ယောက်တည်း ရှိတာ... တောဆိတ်ကြီး ကြမ်းကြမ်းတမ်းတမ်း ပြေးဝင်လာတာကိုတောင် မကြောက်တာဆိုတော့ သူ့ကို ဘယ်အရာကများ ခြောက်လှန့်နိုင်မလဲ ဆိုတာ ငါတောင် မသိတော့ဘူး]

[တောတောင်ရှာဖွေသူတွေထဲမှာ နံပါတ်တစ်ပဲ]

အားလုံးက လိုက်ဖ်ထဲမှာ အသီးသီး ချီးကျူးနေကြသည်။

ရွှီယန်က လမ်းလျှောက်ရင်း ဘယ်ညာ လှည့်ပတ်ကြည့်ရှုနေပြီး ရွက်ဖျင်တဲ ထိုးဖို့ သင့်တော်တဲ့ နေရာတစ်ခုကို ရှာဖွေနေလိုက်သည်။

အကောင်းဆုံး နေရာကတော့ မတ်စောက်တဲ့ ကျောက်ဆောင် အောက်က မြက်ပင်တွေ သိပ်မရှိတဲ့ နေရာပဲ ဖြစ်သည်။

မြက်ပင်တွေ မရှိရင် ပိုးမွှားတွေနဲ့ အဆိပ်ရှိတဲ့ မြွေတွေလည်း နည်းပါးသွားမှာမို့ ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်မှာပဲ ဖြစ်၏။

အကယ်၍ ကျောက်ဆောင်ပေါ်မှာ ရွက်ဖျင်တဲ ထိုးနိုင်ရင်တော့ ပိုကောင်းပြီး မြေကြီးထဲကနေ ပိုးမွှားတွေ တိုးထွက်လာမှာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ရွှီယန်က ခဏလောက် လမ်းလျှောက်သွားပြီးနောက် ကျောက်ဆောင် ဧရိယာတစ်ခုကို တကယ်ပဲ ရှာတွေ့သွားခဲ့သည်။

သူက မို့မောက်နေတဲ့ ကျောက်ဆောင်ကြီး နှစ်ခုကြားထဲမှာ ရွက်ဖျင်တဲကို ထိုးလိုက်ရာ လေဒဏ်ကိုလည်း ကာကွယ်နိုင်သလို တိရစ္ဆာန်တွေ ဖျက်ဆီးမှာကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။

တကယ်ကို ပြည့်စုံလွန်းလှပေသည်။

ရွှီယန်က ကျောပိုးအိတ်ပေါ်ကနေ ရွက်ဖျင်တဲကို ဖြုတ်ယူလိုက်ပြီး သေချာ တပ်ဆင်လိုက်သည်။

ရွက်ဖျင်တဲက အနည်းငယ် ရိုးရှင်းလှပြီး အခုက လေးလပိုင်း ရောက်နေပြီဖြစ်လို့ အပူချိန်ကလည်း နှိုင်းယှဉ်ကြည့်ရင် အနည်းငယ် နွေးထွေးနေပြီ ဖြစ်၏။ ရွှီယန်မှာ အထူ စောင်တစ်ထည်လည်း ပါလာသေးရာ တစ်ညလောက် အိပ်ဖို့ကတော့ ပြဿနာ မရှိလှချေ။

"တောင်ထဲမှာ ညဘက်ဆိုရင် တော်တော်လေး အေးတာ... ဒီနေရာက တကယ် မဆိုးဘူး..."

"ဘေးနှစ်ဖက်စလုံးက လေကို ကာထားပေးနိုင်တော့ အပူချိန်က နည်းနည်း ပိုနွေးတာပေါ့..."

"ညဘက်ဆိုရင်လည်း ကျွန်တော် တောင့်ခံနိုင်ပါတယ်..."

"ဒီညတော့ ဒီနေရာမှာပဲ အိပ်တော့မယ်..."

ရွှီယန်က ရွက်ဖျင်တဲ ထိုးပြီးသွားတော့ အင်တာနက်သုံးစွဲသူတွေကို ပြောလိုက်သည်။

အင်တာနက်သုံးစွဲသူတွေ အတွက်တော့ ရွှီယန်ရဲ့ လိုက်ဖ်က စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပြင်ပ ရှင်သန်ရေး အစီအစဉ်တစ်ခုလိုပါပဲ။

မသိနိုင်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ တစ်ချိန်တည်းမှာပဲ တောနက်ကြီးထဲက ရှုခင်းတွေကိုလည်း ခံစားနိုင်သေးတယ်လေ။

အရေးအကြီးဆုံးက လိုက်ဖ်လွှင့်တာက ဗီဒီယိုတွေ ကြည့်ရတာထက် အများကြီး ပိုပြီး ကြည့်ကောင်းတာပဲ ဖြစ်၏။

နောက်ထပ် ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်တာမို့ လူတွေရဲ့ စိတ်ခံစားချက်ကို ပိုပြီး ဆွဲဆောင်နိုင်ပေသည်။

ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေလိုပဲ လိုက်ဖ် ကြည့်ရတာက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသလို ပိုပြီးတော့လည်း ရင်ခုန်စရာ ကောင်းလှသည်။

ရွှီယန်က ရွက်ဖျင်တဲကို ထိုးပြီးသွားတော့ ကျောပိုးအိတ်ကို ရွက်ဖျင်တဲထဲမှာ ထားခဲ့လိုက်သည်။

သူက တုတ်တစ်ချောင်းကိုသာ ယူသွားပြီး ခါးမှာ ဓားမြှောင် တစ်လက်ကို ထိုးထားကာ နောက်ထပ် တစ်ခေါက်လောက် သွားပတ်ကြည့်ဖို့ ရည်ရွယ်လိုက်၏။

ကျောပိုးအိတ်ကို ချထားလိုက်တော့ တစ်ကိုယ်လုံး ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။

အခုမှသာ သူက လွတ်လပ်မှုကို တကယ် ခံစားနေရတော့သည်။

"ဒီလိုမျိုးက ပိုပြီး သက်သောင့်သက်သာ ရှိတာပဲ... ပေါ့ပေါ့ပါးပါးလေး ဖြစ်နေတုန်း ဟိုဟိုဒီဒီ သွားလျှောက်လည်လိုက်ဦးမယ်..."

"အဝေးမှာ ရေကန် တစ်ကန် ရှိတာ မြင်လိုက်တယ်... ရှားပါး တိရစ္ဆာန်တွေများ ရှိမလား သွားကြည့်လိုက်ဦးမယ်..."

ရွှီယန်က ပြောလိုက်သည်။

သူက အရှိန်ကို မြှင့်လိုက်ပြီး ရှေ့ကို တောက်လျှောက် လျှောက်သွားလိုက်သည်။

အားလုံးကလည်း မျှော်လင့်နေကြတော့၏။

တောင်ထဲက ပတ်ဝန်းကျင်က တော်တော်လေး ကောင်းမွန်လှပေသည်။

သိပ်မကြာခင်မှာပဲ ရွှီယန်က မြက်ခင်းပြင်ထဲမှာ ပြေးလွှားနေတဲ့ ရွှေဝါရောင် ရစ်ငှက် နှစ်ကောင်ကို တကယ်ပဲ မြင်တွေ့လိုက်ရသည်။

ရွှေဝါရောင် ရစ်ငှက်တွေက တောကြက်တွေထက် အများကြီး ပိုလှပြီး အမွေးအမျှင်တွေက အထူး တောက်ပကာ နီရဲနေကြသည်။

ဒီအကောင်တွေက တောရိုင်းမှာ အရေအတွက် အရမ်း နည်းပါးလှ၏။

ဒါပေမယ့် ပြောရရင်လည်း ထူးဆန်းတယ်... အဘိုးအို တစ်ယောက်က ရွှေဝါရောင် ရစ်ငှက် နှစ်ကောင်ကို ကောက်ရခဲ့ပြီး ဖီးနစ်ငှက်လို့ ထင်ကာ သူ့ဘာသာ မွေးထားခဲ့ရာကနေ မွေးရင်း မွေးရင်းနဲ့ ပိုပိုပြီး များလာခဲ့တယ်တဲ့လေ။

အဘိုးအိုက တကယ်ကို မွေးတတ်တာပဲ ဖြစ်သည်။

"ရွှေဝါရောင် ရစ်ငှက်တွေက တကယ်ကို လှတာပဲ..."

"ချင်လင်က တိရစ္ဆာန်တွေက တစ်ကောင်ချင်းစီက အရမ်းကို စိုပြည်နေတာပဲ..."

ရွှီယန်က ရင်ထဲကနေ လှိုက်လှဲစွာ ချီးကျူးလိုက်သည်။

သူ့စကားကို ကြားတော့ အင်တာနက်သုံးစွဲသူတွေက ချက်ချင်း ရယ်မောကုန်ကြတော့၏။

[လောင်ရွှီ... မင်းက ချန်ပိုင်တောင်တန်းက ဆိုတာကို မေ့သွားပြီလား]

[ချန်ပိုင်တောင်တန်း : ဖူး... လူရှုပ်ကြီး... နောက်ဆိုရင် ငါ့ဆီကို ပြန်မလာနဲ့တော့]

[ဟားဟားဟား... လောင်ရွှီ ကြည့်ရတာ တကယ် ပျော်နေတဲ့ပုံပဲ]

[ဒီရွှေဝါရောင် ရစ်ငှက်တွေက တကယ်ကို လှတာပဲ... ငါလည်း ကြည့်ကောင်းတယ်လို့ ထင်တယ်]

ရွှီယန်က ရွှေဝါရောင် ရစ်ငှက်တွေကို ခဏလောက် ကြည့်နေလိုက်ပြီး သူတို့ ပျောက်ကွယ်သွားတဲ့ အထိ နေပြီးမှ တောင်ထဲကို ဆက်လျှောက်သွားလိုက်သည်။

သိပ်မကြာခင်မှာပဲ သူက ရေကန် ဧရိယာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။

သူက ရေကန်ရဲ့ အပြင်ဘက်မှာ ရပ်ကာ ဘယ်ညာ လှည့်ပတ်ကြည့်ရှုရင်း ပစ်မှတ်ကို ရှာဖွေနေလိုက်၏။

သူ ရှာချင်တဲ့ ပစ်မှတ်ကတော့ ချင်လင် ရတနာ လေးပါးထဲက တစ်ပါးဖြစ်တဲ့ ဂျပန်ကြိုးကြာ ပဲ ဖြစ်သည်။

အခုအခါ ဂျပန်ကြိုးကြာ တွေကို ရှာရတာ မခက်တော့ချေ။

တကယ်တော့ ဂျပန်ကြိုးကြာ တွေရဲ့ ရုပ်ရည်က အဲဒီလောက်ကြီး ထူးခြားပေါ်လွင်နေတာ မဟုတ်ပါဘူး။

အဓိက အချက်ကတော့ ဒီကောင်လေးတွေက တရုတ်နိုင်ငံမှာပဲ ရှိပြီး မျိုးသုဉ်းလုနီးပါး အခြေအနေတောင် ဖြစ်ခဲ့ဖူးတာမို့ ရှားပါးမှု အဆင့်အတန်းက မြင့်တက်လာခဲ့တာပဲ ဖြစ်၏။

၈၁ ခုနှစ်တုန်းကဆိုရင် ကမ္ဘာပေါ်မှာ တောရိုင်း ဂျပန်ကြိုးကြာ ခုနစ်ကောင်တည်းသာ ကျန်ရှိတော့ပြီး အားလုံးက တရုတ်နိုင်ငံမှာပဲ ဖြစ်သည်။

အဲဒီနောက်ပိုင်း တရုတ်နိုင်ငံက ဂျပန်ကြိုးကြာ တွေကို ကာကွယ် ကယ်တင်တဲ့ စီမံကိန်းကို စတင်ခဲ့ရာ အခုဆိုရင် အကောင်ရေ တစ်သောင်း တစ်ထောင်လောက် အထိတောင် ရှိနေပြီ ဖြစ်၏။

မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တွေကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တဲ့ စံပြ သာဓကတစ်ခုပဲ ဖြစ်ပေသည်။

ဒါကြောင့် အခုအခါ ချင်လင် တောင်တန်းမှာ ဂျပန်ကြိုးကြာ တွေကို မြင်တွေ့ရတာ အဲဒီလောက်ကြီး ခက်ခဲတဲ့ ကိစ္စ မဟုတ်တော့ချေ။

ရေကန် ဧရိယာတွေကို ရှာလိုက်တာနဲ့ မြင်တွေ့နိုင်ပြီ ဖြစ်သည်။

ရွှီယန်က ရှေ့ကို နည်းနည်း ထပ်လျှောက်သွားလိုက်ရာ ရေကန်ဘေးမှာ ဂျပန်ကြိုးကြာ အနည်းငယ်ကို တကယ်ပဲ မြင်တွေ့လိုက်ရသည်။

"ဟိုမှာ ကြည့်လိုက်... အဲဒီ အဖြူရောင် ရေပျော်ငှက်လေးတွေက ချင်လင် ရတနာ လေးပါးထဲက တစ်ပါးဖြစ်တဲ့ ဂျပန်ကြိုးကြာ တွေပဲ..."

"ဂျပန်ကြိုးကြာ တွေက ရုပ်ရည် သိပ်မလှဘူးလို့ မထင်လိုက်နဲ့နော်... ကာကွယ်စောင့်ရှောက်မှု အဆင့်အတန်းက အဆင့် တစ် မှာ ရှိတာ..."

"ချင်လင် တောင်တန်းထဲမှာဆိုရင် ပန်ဒါဝက်ဝံ တွေနဲ့ အဆင့်အတန်း တူတူပဲလေ..."

ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

သူ ဒီလို ပြောလိုက်တာကို ကြားတော့ အင်တာနက်သုံးစွဲသူတွေ အကုန်လုံး လိုက်ဖ် မြင်ကွင်းထဲကို သေချာ ကြည့်လိုက်ကြ၏။

မူလက ဂျပန်ကြိုးကြာ ကို မြင်ရတော့ အားလုံးက ဘာမှ မထူးခြားဘူးလို့ ထင်နေခဲ့ကြပေမယ့် အဆင့်(၁) ကာကွယ်ရမယ့် တိရစ္ဆာန်လို့ ကြားလိုက်ရတဲ့ အခါမှာတော့ ချက်ချင်းပဲ အများကြီး မြင့်မြတ်သွားတော့သည်။

ဂုဏ်ပုဒ် မတူတဲ့အခါ ခံစားချက်ကလည်း မတူတော့တာ သဘာဝပါပဲ။

ရွှီယန်ကတော့ ဂျပန်ကြိုးကြာ တွေနဲ့ ဘယ်လို ဆဲလ်ဖီ တွဲရိုက်ရမလဲ ဆိုတာကို စိတ်ထဲကနေ တွက်ချက်နေလိုက်သည်။

ငှက်တွေ အားလုံးက သတိထားတတ်ကြပြီး လူသားတွေကို အဲဒီလောက် အလွယ်တကူ အနားကပ်ခွင့် မပေးကြဘူးလေ။

ဒါကြောင့် ရွှီယန်က အလွန် သတိထားကာ ဂျပန်ကြိုးကြာ တွေဆီကို နည်းနည်းချင်းစီ တဖြည်းဖြည်း တိုးကပ်သွားလိုက်သည်။

သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို နှေးကွေးလှ၏။

"ကျွန်တော် စဉ်းစားနေတာက... မလွယ်မကူနဲ့ ချင်လင်ကို ရောက်လာတာ ဆိုတော့ ချင်လင် ရတနာ လေးပါးရဲ့ မိသားစု ဓာတ်ပုံလေး စုဆောင်းချင်လို့ပါ..."

"တောဆိတ်နဲ့လည်း ဓာတ်ပုံ တွဲရိုက်ပြီးသွားပြီဆိုတော့ အခု တစ်လှည့်က ဂျပန်ကြိုးကြာနဲ့ ဓာတ်ပုံ တွဲရိုက်ဖို့ပဲ..."

"အမှတ်တရလည်း ဖြစ်တာပေါ့..."

ရွှီယန်က သူ့ရဲ့ လုပ်ရပ်ကို ရှင်းပြနေသည်။

တကယ်တော့ အနှစ်သာရ အားဖြင့် သူက အမှတ်တရ ဖြစ်ဖို့ အတွက်နဲ့ အပင်ပန်းခံမယ့်သူ မျိုးတော့ မဟုတ်ပါဘူး။ သူက ဖြစ်စဉ်ကိုသာ ခံစားချင်တာ ဖြစ်၏။

ဒါပေမယ့် ကိစ္စတစ်ခု လုပ်ဖို့ဆိုတာ အကြောင်းပြချက် တစ်ခုတော့ ရှိရမှာမို့ ရှင်းပြသင့်တာကို ရှင်းပြရတာပဲ ဖြစ်သည်။

အင်တာနက်သုံးစွဲသူတွေကတော့ သူ့ရဲ့ အတွေးကို တော်တော်လေး ပုံမှန်ပါပဲလို့ ထင်နေကြသည်။

ချင်လင် တောင်တန်း အနက်ပိုင်းမှာ တောရိုင်း ချင်လင် ရတနာ လေးပါးနဲ့ ဓာတ်ပုံတွဲရိုက်ပြီး အမှတ်တရ သိမ်းထားမယ်ဆိုတာက ကြားရတာ တကယ် မဆိုးဘူးလေ။

ဂျပန်ကြိုးကြာ တွေက ရွှီယန်ကို သတိထားမိကြပေမယ့် သူတို့က ဘယ်လို ထိတ်လန့်နေတဲ့ ပုံစံမျိုးမှ မပြသကြချေ။

သူတို့ကိုယ်သူတို့ အဆင့်(၁) ကာကွယ်ရမယ့် တိရစ္ဆာန်တွေမှန်း သိနေတဲ့ အတိုင်းပါပဲ။

ရွှီယန် လျှောက်သွားတာက အရမ်းကို နှေးကွေးလွန်းပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဂျပန်ကြိုးကြာ တွေရဲ့ လှုပ်ရှားမှုကို ရပ်ကြည့်နေရကာ ဂျပန်ကြိုးကြာ တွေ ပြေးသွားမှာကို ကြောက်နေရသည်။

ဒီဓာတ်ပုံ တွဲရိုက်ရမယ့် တာဝန်ရဲ့ သတ်မှတ်ချက်က ၂ မီတာ အကွာအဝေး အတွင်းမှာ ဖြစ်ပြီး အရင်က ဓာတ်ပုံ တွဲရိုက်ရတဲ့ တာဝန်တွေထက် စည်းကမ်းချက် ပိုလျော့ရဲပေသည်။

ရွှီယန်က ဂျပန်ကြိုးကြာ တွေဆီကို ဒီလိုပဲ နည်းနည်းချင်းစီ တိုးကပ်သွားတာကို တွေ့လိုက်ရ၏။

အကွာအဝေး အနေတော် ရောက်သွားတာနဲ့ သူက ချက်ချင်း လက်သွက်ခြေသွက်နဲ့ ဖုန်းကို ယူကာ သူ့ကိုယ်သူ ချိန်ပြီး ဓာတ်ပုံရိုက်ခလုတ်ကို နှိပ်လိုက်တော့တယ်။

[တည်ငြိမ်လှတဲ့ ဂျပန်ကြိုးကြာ .jpg]

ဖုန်းထဲမှာ နောက်ထပ် ဓာတ်ပုံတစ်ပုံ မှတ်တမ်းဝင်သွားခဲ့ပြန်ပြီ။

တာဝန်ကလည်း အောင်မြင်စွာနဲ့ တစ်ဝက် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

နောက်ဆက်လုပ်ရမှာကတော့ တောရိုင်း ရွှေရောင် မျောက် နဲ့ တောရိုင်း ပန်ဒါဝက်ဝံ တွေကို ရှာဖို့ပဲ ဖြစ်သည်။

ရွှီယန်က အဆုံးအစမရှိ ကျယ်ပြောလှတဲ့ တောင်တန်းကြီးကို ကြည့်ရင်း ရှာတွေ့နိုင်မလား မရှာတွေ့နိုင်ဘူးလား ဆိုတာကို ခဏလောက် မသိနိုင်ဖြစ်သွားခဲ့ရသည်။

ချင်လင် တောင်တန်းက အရမ်း ကြီးမားလှပြီး ကွန်းလွန်တောင် ကနေ အရှေ့ဘက်ကို သွားမယ်ဆိုရင် ပြည်နယ် တော်တော်များများကို ဖြတ်ကျော်ရတာ ဖြစ်၏။

အကယ်၍ တကယ်ပဲ ခြေလျင်နဲ့ တစ်ပတ် ပတ်လျှောက်မယ် ဆိုရင်တောင် ခြောက်လ တစ်နှစ်လောက် အချိန်မပေးရဘဲ လျှောက်လို့ ပြီးနိုင်မှာ မဟုတ်ဘူးလေ။

သူက ဒီနေရာကို နှစ်ရက်ပဲ လာတာဆိုတော့ အလွန်ဆုံး တောင်ထိပ် အနည်းငယ် ကြားမှာပဲ လှည့်ပတ်သွားလာနိုင်မှာ ဖြစ်သည်။

ဘာတွေ မြင်တွေ့ရမလဲ ဆိုတာကလည်း ကံတရား အပေါ်မှာပဲ အပြည့်အဝ မူတည်နေတော့၏။

All Chapters