← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း (၂၃၇) တခြားသူတွေက ပျားလေးတွေ လိပ်ပြာလေးတွေကို ခေါ်တာ... မင်းက ဝံပုလွေတွေကို ခေါ်နေတာလား

ဂျပန်ကြိုးကြာများနှင့် ဓာတ်ပုံတွဲရိုက်ပြီးချိန်တွင် ညနေ ငါးနာရီကျော်သွားခဲ့ပြီ ဖြစ်သည်။ ရွှီယန်က ရွက်ဖျင်တဲရှိရာဘက်သို့ ပြန်ရန် ရည်ရွယ်လိုက်သည်။ အကွာအဝေး အနည်းငယ် လိုသေးသဖြင့် စောစောပြန်မှ ရမည်ဖြစ်သည်။ ညဘက် တောတောင်ထဲတွင် သိပ်ပြီး မလုံခြုံလှပေ။

"ငါ စောစော ပြန်မှရတော့မယ်... တိရစ္ဆာန် တော်တော်များများက နေဝင်ရီတရောအချိန်မှာ ထွက်ပြီး လှုပ်ရှားတတ်ကြတယ်... ဒီအချိန်လောက်ဆို အနေတော်ပဲ... ဥပမာ မြွေတွေ... ပိုးမွှားတွေ... ဝံပုလွေတွေ အစရှိတာတွေ အကုန်လုံးက ဒီအချိန်ဆို လှုပ်ရှားမှု သွက်လက်လာကြတာ... အခု တောနက်ကြီးထဲမှာဆိုတော့ အခြေအနေတွေက ရှုပ်ထွေးတယ်... ဘာတွေ ရှိမလဲဆိုတာ မပြောတတ်ဘူးလေ..."

ရွှီယန်က အင်တာနက်သုံးစွဲသူများကို လှမ်းပြောပြီးနောက် ရွက်ဖျင်တဲရှိရာဘက်သို့ အမြန်ပြန်လာခဲ့သည်။

နေဝင်ရီတရော နေရောင်ခြည်က အနည်းငယ် နွေးထွေးနေပြီး အထီးကျန်ဆန်သော ခံစားချက်လေးများ ပိုမို ပါဝင်နေသည်။ အလင်းရောင် အနည်းငယ် မှိန်သွားသည်နှင့် သေးငယ်သော တိရစ္ဆာန်လေးများ ထွက်ပြီး လှုပ်ရှားလာကြတော့သည်။

ရွှီယန်က တောတောင်ထဲတွင် ဆက်လက် လမ်းလျှောက်နေလိုက်သည်။ သူ၏ အရှိန်ကလည်း မမြန်လှဘဲ တစ်ခါတရံ အဝေးသို့ လှမ်းကြည့်ကာ ချစ်စရာကောင်းသော တိရစ္ဆာန်လေးများ ရှိမရှိ ရှာဖွေနေသေးသည်။

မည်သို့ပင်ဆိုစေ ဤဘက်ရှိ တိရစ္ဆာန်များက တော်တော်လေး ထူးခြားဆန်းကြယ်လှပေသည်။ သူ့ကဲ့သို့ တောတောင်ရှာဖွေသူများကလည်း သိပ်မရှိချေ။ လိုက်ဖ်ထဲတွင် ရှုခင်းကြည့်ရန် ဝင်လာသော လူများလည်း အများအပြား စုဝေးနေကြသည်။

အရာအားလုံးက မူလက သက်သောင့်သက်သာနှင့် အေးချမ်းနေခဲ့သည်။ ထိုစဉ် သိပ်မဝေးလှသော နေရာဆီမှ ရုတ်တရက် သာယာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အာ ဝူး..."

ဤအသံကို အားလုံးက အရမ်း ရင်းနှီးနေပြီးသားဖြစ်ကာ သိသာထင်ရှားလှသော ဝံပုလွေ အူသံပင် ဖြစ်သည်။ ရွှီယန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်သည်။

"ဒီမှာ ဝံပုလွေတွေ ရှိတယ်... အခုဆို တောရိုင်းဝံပုလွေတွေကို မြင်ရခဲနေပြီ... ချင်လင်တောင်တန်း အနက်ပိုင်းမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး... ဒါပေမယ့် ဝံပုလွေတွေက အုပ်စုလိုက် နေကြတာဆိုတော့ ငါလည်း သတိထားမှ ရမယ်..."

ရွှီယန်က ပါးစပ်မှ သတိထားရမည်ဟု ပြောနေသော်လည်း တစ်ကိုယ်လုံး အနေအထားကို ကြည့်ရသည်မှာ အေးအေးဆေးဆေးပင် ဖြစ်နေဆဲဖြစ်သည်။ လိုက်ဖ်ထဲသို့ အခုမှ ဝင်လာသူများကတော့ မျက်လုံးပြူး မျက်ဆန်ကြောင် ဖြစ်ကုန်ကြပြီး ပရိသတ်အဟောင်းများကတော့ အထူးအဆန်း မဟုတ်တော့သကဲ့သို့ ကြည့်နေကြသည်။

[အားလုံးပဲ မအံ့ဩကြပါနဲ့... ဒီလိုက်ဖ်လွှင့်သူက ဒီလို သတ္တိကောင်းနေတာ တစ်ရက် နှစ်ရက်မှ မဟုတ်တော့တာ]

[တကယ်လို့ တခြားသူသာဆိုရင် ဝံပုလွေတွေ လာနေပြီ မြန်မြန်ပြေးလို့ ပြောမိမှာ... လောင်ရွှီသာ ဆိုရင်တော့ ဝံပုလွေတွေ မြန်မြန်ပြေးလို့ပဲ ပြောရမှာပေါ့]

[ဝံပုလွေ အူသံကို ကြားတာတောင် တကယ် မကြောက်ကြဘူးလား]

[တကယ် ဝံပုလွေတွေ ရှိတာလား... ဘယ်မှာလဲ]

[တောင်ထဲမှာ တကယ် အန္တရာယ် များတာပဲ... သူ့လိုက်ဖ်ကို ကြည့်ပြီး တောင်ထဲတောင် မဝင်ရဲတော့ဘူး]

အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲတွင် အပူတပြင်း ဆွေးနွေးနေကြသည်။

ရွှီယန်ကတော့ တော်တော်လေး တည်ငြိမ်နေ၏။ မည်သို့ပင်ဆိုစေ သစ်ပင်တက်မည့် ကျွမ်းကျင်မှု ရှိနေသေးသည် မဟုတ်ပါလား။

တကယ်၍ ဝံပုလွေ သုံးကောင်ခန့်သာ ဆိုလျှင် သူ လုံးဝ မကြောက်ချေ။ သူ၏ ကျွမ်းကျင်မှုနှင့် ဝံပုလွေ သုံးကောင်ခန့်ကို ရင်ဆိုင်ရသည်က တော်တော်လေး လွယ်ကူလှသည်။ အကိုက်မခံရအောင် ရှောင်ရှားပြီး ခွေးရူးပြန် ကာကွယ်ဆေး သွားထိုးရမည်ကို ရှောင်ရှားရန်သာ လိုအပ်သည်။

တကယ်၍ ငါးကောင်မှ ခုနစ်ကောင်ခန့် ဆိုလျှင်တော့ အရင်ဆုံး လစ်ပြေးရမည် ဖြစ်သည်။ လက်နှစ်ဖက်ဖြင့် ပါးစပ် ငါးပေါက်ကို ဘယ်လိုမှ မယှဉ်နိုင်ရာ အန္တရာယ်နှင့် ကြုံလာပါက ရှောင်နိုင်သမျှ ရှောင်ရမည်သာ ဖြစ်၏။

ရွှီယန်က တောရိုင်းဝံပုလွေများကို ကြည့်ချင်သဖြင့် ပြောလိုက်သည်။

"ဝံပုလွေ အူသံက ဒီဘက်ကနေ ထွက်လာတာ... ဒီနားမှာပဲ ရှိရမယ်... သွားကြည့်ကြတာပေါ့..."

ရွှီယန်က ဝံပုလွေ အူသံ ထွက်ပေါ်လာရာဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ လုပ်ရပ်များအပေါ်ကို အင်တာနက်သုံးစွဲသူများလည်း အသားကျနေကြပြီ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ တောင်ထဲတွင် သေကြောင်းကြံသည်မှာ ဤတစ်ကြိမ် ပထမဆုံးအကြိမ်မှ မဟုတ်တော့ပေ။

သို့သော် ရွှီယန် လျှောက်သွားပြီး တောအုပ်ထဲတွင် တစ်ပတ်ခန့် လှည့်ပတ်ကြည့်သော်လည်း တောရိုင်းဝံပုလွေများ၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။ တောတောင်က အရမ်း ကျယ်ဝန်းပြီး ကွယ်နေသော နေရာများလည်း များပြားလှသဖြင့် ဝံပုလွေများက မြက်တောထဲတွင် ပြေးလွှားနေပါက သူတို့ကို တကယ်ပင် ရှာမတွေ့နိုင်ပေ။

ရွှီယန်က အနည်းငယ် စိတ်ပျက်သွားသည်။

"အရင်က မုဆိုးတွေက ယုန်အော်သံကို အတုခိုးပြီး ဝံပုလွေတွေကို ဆွဲဆောင်ပြီး သတ်လေ့ရှိတယ်လို့ ကြားဖူးတယ်... ဝံပုလွေတွေက အဲဒီလို ဆွဲဆောင်ခံရတတ်တယ်လေ... ဒါပေမယ့် အခု ဘယ်သူမှ အမဲမလိုက်ကြတော့ ဒီကျွမ်းကျင်မှုတွေ အကုန်လုံး ပျောက်ကွယ်သွားပြီပေါ့..."

သူ၏စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ချက်ချင်းပင် နောက်ပြောင်လိုက်ကြသည်။

[လောင်ရွှီ... မင်း ဝံပုလွေ အူသံကို အတုခိုးကြည့်ပါလား... တကယ်လို့ ဆွဲဆောင်နိုင်ရင်ရော]

[ဝံပုလွေ အော်သံ အတုခိုးတာ သေချာပေါက် အလုပ်ဖြစ်မှာပဲ]

[ငါတို့ အတူတူ ဝံပုလွေ အော်သံလေး သင်ကြမယ်... အတူတူ အာဝူး ဝူး ဝူး လို့ အော်မယ်လေ]

ရွှီယန်က ကွန်မန့်များကို တစ်ချက် ကြည့်လိုက်ပြီး အားလုံး၏ အကြံပြုချက်ကို မြင်သောအခါ ယုတ္တိရှိသည်ဟု တွေးလိုက်မိသည်။

"ကောင်းပြီလေ... အဲဒါဆို ငါ စမ်းကြည့်မယ်..."

ရွှီယန်က အနေတော်ဖြစ်သော ကျောက်ဆောင် တစ်ခုကို ရှာလိုက်ပြီး ထိုအပေါ်တွင် ရပ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူ၍ ဝံပုလွေ အူသံလို အော်လိုက်သည်။

"အာ ဝူး..."

သူ၏ အူသံက သာယာပြီး ထိုးဖောက်နိုင်စွမ်း အလွန် ကောင်းမွန်ကာ တကယ့် ဝံပုလွေ အူသံနှင့် ဘာမျှမကွာခြားလှချေ။ အင်တာနက်သုံးစွဲသူများကတော့ အံ့ဩသွားကြသည်။

[လောင်ရွှီ... မင်းက ဝံပုလွေ နှစ်လား]

[ဒီအော်သံကို ကြည့်ရတာ သေချာ လေ့ကျင့်ထားတာပဲ]

[ငါ ခုနက စမ်းအော်ကြည့်လိုက်တာ ငါ့အမေက ငါ သရဲပူးနေတာလားလို့ မေးတယ်]

[သူက ဘာလို့ ဒီလောက်တောင် ပီပြင်အောင် အော်နိုင်ရတာလဲ]

ထိုအချိန်မှာပင် သိပ်မဝေးလှသော နေရာမှ အတူတူ သွားလာနေကြသည့် တောရိုင်းဝံပုလွေ နှစ်ကောင်ကလည်း ရွှီယန်၏ အော်သံကို ကြားလိုက်ရသည်။ ဝံပုလွေ နှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အနည်းငယ် အံ့ဩသည့် အရိပ်အယောင်များ ပါဝင်နေကြ၏။

'ဘယ်က အမျိုးတွေလဲ... အသံနေအသံထား ကြည့်ရတာ ဒေသခံ ဝံပုလွေတော့ မဟုတ်ဘူး... မင်း သူငယ်ချင်းလား'

'မသိပါဘူးကွာ... သွားကြည့်ကြတာပေါ့'

ဝံပုလွေ နှစ်ကောင်က ချက်ချင်းပင် လားရာ ပြောင်းလိုက်ပြီး ရွှီယန် အူလိုက်သည့် နေရာဆီသို့ ဦးတည် သွားကြတော့သည်။ ဒါက တကယ်ကို အမျိုး ရှာနေခြင်းပင် ဖြစ်၏။

ရွှီယန်က ဝံပုလွေ အူသံကို ကြားပြီး ဝံပုလွေများကို လိုက်ရှာသကဲ့သို့ ဝံပုလွေများကလည်း ရွှီယန်၏ အူသံကို ကြားပြီး ရွှီယန်ဆီသို့ လိုက်ရှာကြခြင်းပင်။

ရွှီယန်က တစ်ချက် အူလိုက်ပြီး ဘယ်ညာ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ပတ်ဝန်းကျင် တောအုပ်ထဲတွင် ဘာပြောင်းလဲမှုမျှ မရှိချေ။ သူက သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ ဘာမှ အသုံးမဝင်ဘူး ထင်တယ်..."

ရွှီယန်က ကျောက်ဆောင်ပေါ်မှ ဆင်းလာပြီး ဆက်လက် လမ်းလျှောက်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင် ဘေးနားရှိ မြက်တောထဲတွင် တစ်ခုခု လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။ သေချာ ကြည့်လိုက်သောအခါ မီးခိုးရောင်နှင့် အဝါရောင် ရောနှောနေသည့် တောရိုင်းဝံပုလွေ နှစ်ကောင်က မြက်တောထဲမှ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။

သူတို့နှစ်ကောင်က ရွှီယန်ကို မြင်သည်နှင့် သေချာပေါက် ကြောင်အမ်းသွားကြပြီး မျက်နှာပေါ်တွင်လည်း နားမလည်နိုင်သည့် ပုံစံများ အပြည့် ဖြစ်နေကာ

'ဘာလို့ ခြေနှစ်ချောင်း သတ္တဝါကြီး ဖြစ်နေရတာလဲ'

ဟု ပြောနေသည့် အတိုင်းပင်။ ရွှီယန်၏ မျက်ဝန်းများထဲတွင်တော့ ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

"တကယ် ဝံပုလွေတွေပဲ... နှစ်ကောင်တောင် ပါတယ်... သူတို့ လာပြီ... ဒီပုံစံက တော်တော်လေး တုံးအအ နိုင်တာပဲ..."

လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ အားလုံး မှင်တက်သွားကြတော့သည်။ တခြားသူများက ပျားလေးများ လိပ်ပြာလေးများကို ခေါ်ဆောင်တတ်သော်လည်း သူကတော့ ဝံပုလွေများကို ခေါ်နေသည် မဟုတ်ပါလား။ အရေးအကြီးဆုံးမှာ တကယ် ခေါ်၍ လာခြင်းပင် ဖြစ်၏။

[ဒါ သေချာပေါက် ဝံပုလွေတွေ ဟုတ်ရဲ့လား... ခွေးတွေ မဟုတ်ဘူးလား]

[လခွမ်း... ဝံပုလွေတွေ]

[တကယ် ရှိတာပဲ]

လိုက်ဖ် မြင်ကွင်းက ချက်ချင်းပင် စိတ်လှုပ်ရှားစရာ ကောင်းလာတော့သည်။ ဤအချိန်တွင် ရွှီယန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ဝံပုလွေ နှစ်ကောင်တည်း ဆိုတော့ သိပ်ဆိုးဆိုးရွားရွား မဟုတ်ပါဘူး... ကြောက်စရာ ဘာမှမရှိပါဘူး... ရွာထဲက အကောင်ကြီး ခွေးတွေနဲ့ အတူတူလောက်ပါပဲ... ဝံပုလွေ အုပ်စုကြီး မဟုတ်သရွေ့တော့ နည်းနည်းလေးမှ စိုးရိမ်စရာ မလိုပါဘူး... ဒီကောင်တွေကလည်း အခြေအနေကို သေချာ အကဲခတ်တတ်တယ်... ပြောရရင် နှစ်ကောင်တည်း ဆိုတော့ သူတို့လည်း လူတွေကို မြင်ရင် ကြောက်တာပဲလေ..."

ရွှီယန် ပြောသကဲ့သို့ပင် ဝံပုလွေ နှစ်ကောင်က ရွှီယန်ကို ကြည့်ပြီး အနားသို့ လုံးဝ မကပ်ရဲကြချေ။ ဝံပုလွေနှင့် ခွေးများ၏ စရိုက်က ဆင်တူကြသည်။ ရက်စက်သင့်သည့် အချိန်တွင် ရက်စက်ပြီး ကြောက်သင့်သည့် အချိန်တွင် ကြောက်တတ်ကြ၏။

ဝံပုလွေများ၏ မျက်နှာက ပိုရှည်ပြီး ပိုသွယ်ကာ ကြည့်ရသည်မှာ ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ရွှီယန်က တောရိုင်းဝံပုလွေများကို မြင်သောအခါ ပြုံးလိုက်ပြီး အိတ်ကပ်ထဲမှ ကိတ်မုန့် နှစ်ခုကို ထုတ်ယူလိုက်သည်။

"ဟေ့... မင်းတို့ နှစ်ကောင် ကိတ်မုန့် စားမလား... ရော့..."

ရွှီယန်က ကျွမ်းကျင်စွာဖြင့် အထုပ်ကို ဖောက်ပြီး ကိတ်မုန့်ကို ထုတ်ယူကာ အားကုန်သုံး၍ ပစ်ပေါက်လိုက်ရာ ဝံပုလွေ တစ်ကောင်ဆီသို့ ရောက်သွားသည်။

ထို့နောက် နောက်ထပ် ဝံပုလွေ တစ်ကောင်ဆီသို့လည်း နောက်ထပ် တစ်ခု ထပ်ပစ်ပေးလိုက်၏။ ကောင်လေး နှစ်ကောင်က ပစ်ပေးလိုက်သည့် ကိတ်မုန့်ကို မြင်သောအခါ လန့်ပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားကြသေးသည်။

အဲဒီနောက် အန္တရာယ် မရှိဘူးဆိုသည်ကို သိသွားသောအခါမှ ခေါင်းငုံ့ပြီး ကိတ်မုန့်ဆီသို့ တိုးကပ်သွားကြသည်။ သူတို့က နှာခေါင်းဖြင့် ကိတ်မုန့်၏ အနံ့ကို ခံကြည့်လိုက်ရာ အနည်းငယ် မွှေးနေသည်ဟု ခံစားရသဖြင့် ပါးစပ်ကို ဟကာ ကိတ်မုန့်ကို တစ်ကိုက်တည်း ကိုက်၍ စားပစ်လိုက်ကြ၏။

လူသားများ၏ အရသာရှိသော အစားအစာများက ခွေးမျိုးရင်းဝင် တိရစ္ဆာန်များ၏ အစာအိမ်နှင့် ပို၍ ကိုက်ညီပေသည်။ တောရိုင်းဝံပုလွေများက ဤမျှ အရသာရှိသော အစားအစာမျိုးကို ဘယ်တုန်းက စားဖူးပါမည်နည်း။ တစ်လုတ် စားလိုက်သည်နှင့် မျက်လုံးများပင် အရောင်တောက်ပ သွားကြတော့သည်။

တောရိုင်းဝံပုလွေများက ရွှီယန်ကို လှည့်ကြည့်လာကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များနှင့် ဝမ်းသာပျော်ရွှင်မှုများ ပါဝင်နေကြ၏။ ဝံပုလွေများက စည်းကမ်း တော်တော် နားလည်ကြသည်။ ရွှီယန်က အစာကျွေးမှသာ စားရမည် ဆိုသည်ကို သူတို့ သိကြပေသည်။

တောရိုင်းဝံပုလွေများ၏ မျက်နှာအမူအရာကို မြင်သောအခါ ရွှီယန် ထပ်မံ ပြုံးလိုက်မိသည်။ လိုက်ဖ်ထဲမှ ကြည့်ရှုသူများလည်း မစိုးရိမ်ကြတော့ချေ။ ဤဝံပုလွေ နှစ်ကောင်က ကြောက်စရာ ဘာမှမရှိဘူး ဆိုသည်ကို အားလုံး သိသွားကြပြီ ဖြစ်သည်။ ခွေးများကဲ့သို့ပင် တုံးအအ နိုင်လှ၏။

အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲတွင် စတင် အော်ဟစ်နေကြတော့သည်။

[ဝံပုလွေ ညီအစ်ကိုရေ... မင်းတို့က ဘယ်လိုလုပ် မျက်နှာချို သွေးနေရတာလဲ... မင်းတို့ အစွမ်းပြမှ ရမှာပေါ့ကွာ]

[တက်သွားလေ... သူ့ကို ကိုက်လိုက်]

[ကိတ်မုန့် တစ်ခုတည်းနဲ့တင် အသိမ်းသွင်းခံလိုက်ရပြီလား]

[ဟားဟားဟား... ဒီတောရိုင်း ဝံပုလွေ နှစ်ကောင်က အရမ်းကို တုံးအအ နိုင်တာပဲ]

လိုက်ဖ်ထဲတွင် အထူးပင် စည်ကားနေတော့သည်။ နေဝင်ရီတရော... တောနက်ကြီး... တောတောင်ရှာဖွေသူနှင့် တောရိုင်းဝံပုလွေ နှစ်ကောင်။

ဖူဆုလင် ၏ ဇာတ်လမ်းများထဲတွင်ဆိုလျှင် ဝံပုလွေ နှစ်ကောင်ထဲမှ တစ်ကောင်က အရှေ့တွင် အိပ်ချင်ယောင်ဆောင်ကာ ရန်သူကို သွေးဆောင်ပြီး နောက်တစ်ကောင်က အနောက်မှနေ၍ မြက်ပုံကို တူးဖောက်လေ့ရှိရာ နောက်ဆုံးတွင်တော့ မုဆိုး၏ ခုတ်သတ်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။

ရွှီယန်၏ လိုက်ဖ် မြင်ကွင်းတွင်တော့ သူက တောရိုင်းဝံပုလွေ နှစ်ကောင်ကို အေးအေးဆေးဆေး အစာကျွေးနေပေသည်။ ခေတ်တွေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

လူများက ဝံပုလွေများ၏ စရိုက်လက္ခဏာကို နားလည်လာသည်နှင့်အမျှ ဝံပုလွေများက ထိုမျှလောက်ကြီး ကြမ်းတမ်းသည်ဟု မထင်ကြတော့ချေ။ ထို့အပြင် ယခင်က ဝံပုလွေများ များပြားခဲ့သော်လည်း ယခုတော့ ဝံပုလွေများ နည်းပါးလာပြီ ဖြစ်ရာ သူတို့ကို သေချာ ကာကွယ်ပေးရမည် ဖြစ်သည်။

"ဒီကောင်လေး နှစ်ကောင်က တော်တော်လေး အခြေအနေကို နားလည်ကြတာပဲ... ချက်ချင်းပဲ မျက်နှာချို လာသွေးနေကြပြီ... ငါ ယူလာတဲ့ သရေစာတွေကလည်း အများကြီး မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် တောင်ထဲမှာ နှစ်ရက်လောက် နေရမှာဆိုတော့ ချွေတာစားမှ ရမယ်..."

ရွှီယန်က ပြောရင်းနှင့်ပင် ဘောင်းဘီ အိတ်ကပ်ကို ထပ်စမ်းလိုက်သည်။ သူက အိတ်ကပ်ထဲမှနေ၍ နောက်ထပ် ကိတ်မုန့် နှစ်ခုကို ထုတ်ယူလိုက်ပြီး တောရိုင်းဝံပုလွေများဆီသို့ ပစ်ပေးလိုက်၏။

ရွှီယန်က သရေစာ စားရသည်ကို နှစ်သက်ပြီး သူ၏ အိတ်ကပ်ထဲတွင် အမြဲတမ်း သရေစာ မျိုးစုံ ပါတတ်ကြောင်းကို ပရိသတ်အဟောင်းများ အားလုံး သိကြပေသည်။ ဥပမာ အမဲသားခြောက်... စပျစ်သီးခြောက်... နေကြာစေ့... ဘီစကွတ်... ကိတ်မုန့် စသည်တို့ ဖြစ်၏။ မည်သို့ပင်ဆိုစေ ဘယ်တုန်းကမှ လက်ချည်းသက်သက် မဖြစ်ခဲ့ချေ။

တိရစ္ဆာန်များနှင့် တွေ့လျှင်လည်း အစာကျွေး၍ ရပေသည်။ တောရိုင်းဝံပုလွေ နှစ်ကောင်က ကိတ်မုန့်ကို အကုန်ပြောင်အောင် စားပစ်လိုက်ကြသည်။ ရွှီယန်က သူတို့ကို လက်ယပ်ပြလိုက်သည်။

"ကုန်ပြီ... သွားကြတော့..."

ဝံပုလွေ နှစ်ကောင်က ရွှီယန်ကို စိုက်ကြည့်နေပြီး ရွှီယန်ကလည်း သူတို့ကို တည်ငြိမ်စွာဖြင့် စိုက်ကြည့်နေလိုက်သည်။ ဝံပုလွေများက အခြေအနေကို အကဲခတ်တတ်ကြရာ ရွှီယန်ကို သူတို့ ရင်မဆိုင်နိုင်ဘူး ဆိုသည်ကို သူတို့ သိကြ၏။

အထက်တန်းစား တစ်ယောက်က အောက်ခြေလူတန်းစား တစ်ယောက်ကို ကြည့်နေသည့် ခံစားချက်မျိုးကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိကြသည်။ ထို့ကြောင့် ဝံပုလွေ နှစ်ကောင်က ခေါင်းလှည့်ပြီး ချက်ချင်းပင် ပြေးထွက်သွားကြတော့သည်။

နေဝင်ရီတရော အချိန်က တောအုပ်ထဲတွင် အပျော်ဆုံး အချိန်ဖြစ်ရာ တောရိုင်းဝံပုလွေ နှစ်ကောင်က တောအုပ်ထဲတွင် ဆက်လက် ဆော့ကစားနေကြတော့သည်။ ရွှီယန်ကတော့ ရွက်ဖျင်တဲဆီသို့ အမြန် ပြန်ရဦးမည် ဖြစ်၏။

မနက်ဖြန်ကျလျှင် သူ ပန်ဒါဝက်ဝံနှင့် ရွှေရောင်မျောက် ကို ထပ်ရှာချင်သေးသည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်မှာ ယခု ၈ ကြိမ် ကျန်သေးပြီး မနက်ဖြန်ဆို ၉ ကြိမ် ဖြစ်လာတော့မည် ဖြစ်ရာ အမြန် အသုံးပြုမှ ရတော့မည် ဖြစ်သည်။ ဤသို့ ကြည့်လိုက်တော့ အချိန်က တကယ်ကို မလုံလောက်ချေ။ တောင်ထဲတွင် နှစ်ရက်တည်း နေရသည်က တကယ်ကို နည်းလွန်းလှပေသည်။

"ကြည့်ရတာ တောင်ထဲမှာ နေမယ့် အချိန်ကို နည်းနည်း ထပ်တိုးမှ ရတော့မယ်... ချွေတာစားပြီး တောင်ကျစမ်းရေ သောက်မယ်ဆိုရင် သုံးလေးရက်လောက်တော့ ကိစ္စမရှိပါဘူး... ဒီတောင်တန်းကြီးက အရမ်း ကျယ်ဝန်းတာ... အရှေ့အနောက် ဦးတည်ချက်အတိုင်း ကွန်းလွန်တောင် ဘက်ကို လျှောက်သွားမယ်ဆိုရင် ရှုခင်းတွေ အများကြီး တွေ့ရမှာ သေချာတယ်... တချို့ ရှင်သန်ရေး ကျွမ်းကျင်သူတွေဆိုရင် တောင်ထဲ ဝင်သွားလိုက်တာ လဝက်ကျော်လောက် ကြာတယ်... ငါ့လောက်ကတော့ ဘာမှ မဟုတ်သေးပါဘူးလေ..."

ရွှီယန်က တွက်ချက်နေလိုက်သည်။ ရောက်လာမှတော့ ရှုခင်းများကို ပိုပြီး သေချာပေါက် ကြည့်ရှုရမည်သာ ဖြစ်၏။

ရွှီယန်က သူ၏ ရွက်ဖျင်တဲ ရှိရာဆီသို့ တောက်လျှောက် ပြန်လာခဲ့သည်။ သူက လိုက်ဖ်ကို ပိတ်လိုက်ပြီး ဖုန်းကို အားသွင်းလိုက်၏။ ဒရုန်း၏ ဘက်ထရီက တော်တော်လေး ကျန်သေးရာ နှစ်ရက်လောက်တော့ ခံနိုင်သေးသည်။

အကယ်၍ လုံးဝ မရတော့လျှင်လည်း သူက တောင်ထဲမှနေ၍ တစ်ခေါက်လောက် ထွက်ပြီး အားပြန်သွင်းကာ မူလ လမ်းကြောင်းအတိုင်း ဆက်လက် ထွက်ခွာလို့ ရသေးပေသည်။ မည်သို့ပင်ဆိုစေ အများကြီး လျှောက်လည်ရမည်သာ ဖြစ်သည်။

လိုက်ဖ် ပိတ်သွားပြီးနောက် အင်တာနက်သုံးစွဲသူများက အနည်းငယ် အားမလိုအားမရ ဖြစ်နေကြသည်။ တီဘား တွင်လည်း ဆွေးနွေးသည့် ပို့စ်များ အများအပြား ရှိနေ၏။

"လောင်ရွှီ ဒီနေ့ ချင်လင်မှာ ဝံပုလွေနဲ့ တွေ့ခဲ့တယ်... တကယ် မိုက်တာပဲ"

"ဒီလိုက်ဖ်လွှင့်သူက ငါမြင်ဖူးသမျှ အတော်ဆုံးပဲ... လုံးဝကို အပြစ်ပြောစရာ မရှိဘူး"

"နတ်ဘုရားလို လူသားပဲ"

"ဒီတစ်ခေါက် ချင်လင် အထူး လိုက်ဖ်လွှင့်မှုက အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်... ဒီနေ့ ကြည့်ရှုသူ အရေအတွက် တစ်သိန်းတောင် ပြည့်တော့မလို့ပဲ"

"မသိမသာနဲ့ လောင်ရွှီက နာမည်ကြီး လိုက်ဖ်လွှင့်သူ ဖြစ်လာခဲ့ပြီပဲ…”

All Chapters