အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) ညောင်ပင်ကြီးပေါ်က ရွှေရောင်မျောက်နဲ့ လှပတဲ့ မြင်ကွင်း
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထပ်မံ အသုံးပြုရန် ရွေးချယ်လိုက်သည်။
သူက သံလိုက်အိမ်မြှောင်၏ ညွှန်ကြားချက်အတိုင်း သွားလိုက်ရာ သိပ်မကြာခင်မှာပင် ရတနာကို ရှာတွေ့သွားခဲ့၏။
ထိုရတနာမှာ တောရိုင်း သစ်ခွစိမ်း ဖြစ်ပြီး နတ်ဆေးပင် ကိုးမျိုးထဲတွင် ပထမဆုံးအပင်အဖြစ် သတ်မှတ်ခံထားရသည်။
ချင်လင်တောင်တန်းသည် သယံဇာတ ပေါကြွယ်ဝပြီး တန်ဖိုးကြီးမားသော တိရစ္ဆာန်နှင့် အပင်များစွာ ရှိရာ ရှားပါး တရုတ်တိုင်းရင်းဆေးပင်များကို အလွယ်တကူ ရှာတွေ့နိုင်ခြင်း ဖြစ်သည်။
သစ်ခွစိမ်းက ကာကွယ်စောင့်ရှောက်ရမည့် အပင်ဖြစ်ပြီး ယခုက ချန်ပိုင်တောင်တန်း နယ်မြေထဲတွင် မဟုတ်သဖြင့် ရွှီယန်လည်း ခူးယူရန် အစီအစဉ် မရှိပေ။
သူက အင်တာနက်သုံးစွဲသူများကို ဗဟုသုတ ဝေမျှပေးပြီး တောင်ထဲရှိ ရတနာများ အကြောင်းကို နားလည်သွားစေရန်သာ ရည်ရွယ်သည်။
အင်တာနက်သုံးစွဲသူများက သေချာ နားထောင်နေကြသော်လည်း ခဏနေလျှင် မေ့သွားကြမည်သာ ဖြစ်၏။
လိုက်ဖ်ကြည့်ခြင်းက စိတ်အပန်းဖြေရန် သက်သက်သာဖြစ်ရာ ဘယ်သူကများ ဦးနှောက်စားခံပြီး မှတ်ထားမည်နည်း။
[လောင်ရွှီ ရှင်းပြတာ တကယ် ကောင်းတယ်... ဒါပေမယ့် ငါတော့ သေချာပေါက် မှတ်မိမှာ မဟုတ်ဘူး]
[ဟားဟားဟား... နောက်တစ်ခါ ထပ်တွေ့ရင်လည်း သိမှာ မဟုတ်ဘူး]
[ဒီအပင်တွေ အကုန်လုံးက ပုံစံတူတွေချည်းပဲလို့ ထင်နေတာ]
ရွှီယန်ကတော့ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ပြသထားသော ရတနာ အများစုမှာ ယူသွား၍ မရကြောင်းကို သူ သတိထားမိလိုက်သည်။ ကာကွယ်ရမည့် အပင် မဟုတ်လျှင်တောင် ဥပဒေနှင့် ငြိစွန်းနေသည်များချည်းသာ ဖြစ်၏။
ထို့အပြင် ရွှေရောင်မျောက်နှင့် ပန်ဒါကို ရှာတွေ့ရန်ကလည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။
ယခင်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ထားစဉ်က သတ်မှတ်ထားသော တိရစ္ဆာန် တစ်မျိုးမျိုးကို တွေ့နိုင်သည့် အခွင့်အရေး ပိုများလာအောင် လုပ်၍ ရပေသည်။
ထို့ကြောင့် သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ သတ်မှတ်ချက် တာဝန် လုပ်ဆောင်ချက်ကို ရွေးချယ်လိုက်ပြီး ရွှေရောင်မျောက် ဟု ရိုက်ထည့်ကာ ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်သည်။
[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ - သစ်ပင်ထိပ်က ရွှေရောင်မျောက်]
[တာဝန် ဖော်ပြချက် - ရွှေရောင်မျောက် အုပ်စု နေထိုင်သည့် သစ်ပင်ပေါ်သို့ တက်ပြီး သစ်ရွက်နု တစ်ရွက်ကို ခူးကာ ရွှေရောင်မျောက် တစ်ကောင်ကို အစာကျွေးပါ]
[တာဝန် ဆုလာဘ် - အဆင့်မြင့် ရွှေရောင် နန်းမု သစ်သား ပုတီး]
တာဝန်က အောင်မြင်စွာ နှိုးဆွသွားပြီ ဖြစ်သည်။
ရွှေရောင်မျောက်များ၏ အလေ့အထများကိုလည်း ရွှီယန်က သိရှိထားသည်။ သူတို့က သစ်ပင်ထိပ်များတွင် နေထိုင်ရသည်ကို နှစ်သက်ပြီး မိသားစုအလိုက် အုပ်စုဖွဲ့ နေထိုင်တတ်ကြ၏။
ချင်လင် ရွှေရောင်မျောက်များက စီချွမ်း ရွှေရောင်မျောက်များ၏ မျိုးကွဲတစ်ခု ဖြစ်သော်လည်း အမွေးအရောင်ကတော့ ရွှေရောင်ဘက်သို့ ပိုသန်းပေသည်။
အချို့က ချင်လင် ရွှေရောင်မျောက်များကသာ အစစ်အမှန် ရွှေရောင်မျောက် ဖြစ်သည်ဟုပင် ပြောဆိုကြသေးသည်။
တာဝန် နေရာက သူနှင့် ရှစ်ကီလိုမီတာခန့် ကွာဝေးသည်။
ရတနာရှာဖွေရေး တာဝန်၏ ရှာဖွေနိုင်သည့် အကွာအဝေးက ကြီးမားပြီး သာမန် ရတနာရှာဖွေသည်ထက် ပိုကျယ်ပြန့်သည်။
ထို့ကြောင့် ရှစ်ကီလိုမီတာ အကွာအဝေးရှိ နေရာများကိုလည်း ရှာဖွေနိုင်ခြင်း ဖြစ်သည်။
ပစ်မှတ် ရှိသွားပြီဖြစ်ရာ ရွှီယန်ကလည်း ပစ်မှတ် ရှိရာဆီသို့ အရှိန်တင်ပြီး ထွက်ခွာသွားတော့သည်။
အချိန်က လူကို မစောင့်ချေ။
ရွှေရောင်မျောက်ကို ရှာပြီးလျှင် ပန်ဒါဝက်ဝံကိုပါ ထပ်ရှာရဦးမည် မဟုတ်ပါလား။
ရှစ်ကီလိုမီတာ အကွာအဝေးဆိုသည်က မနီးလှပေ။ ညွှန်ကြားချက် အတိုင်း တောက်လျှောက် လျှောက်သွားလိုက်ပြီး ချောက်ကမ်းပါး တစ်ခုကို ကျော်ဖြတ်ပြီးသည့် အခါမှာတော့ ရွှီယန်က တောင်စောင်းမှနေ၍ အောက်သို့ စတင် ဆင်းလာခဲ့သည်။
အရှေ့တွင် အလွန် ပြန့်ပြူးနေသော နေရာတစ်ခု ရှိနေသည်ကို ရွှီယန်က အဝေးမှ လှမ်းမြင်လိုက်ရသည်။
ထိုနေရာက တောင်များ ဝိုင်းရံထားပြီး တောင်တန်းများကြားထဲတွင် ပိတ်မိနေသည့် အလားပင်။
ချိုင့်ဝှမ်း တစ်ခုနှင့် တူနေသည်။
သေချာ ကြည့်လိုက်ပါက ထိုနေရာ၏ အပြင်ဘက်တွင် မြက်ခင်းစိမ်းစိမ်းကြီးများ ရှိနေပြီး တစ်ခါတရံမှသာ သစ်ပင် သေးသေးလေး အချို့ ရှိနေကာ သိပ်ပြီးလည်း မထူထပ်ပေ။
ချိုင့်ဝှမ်း အလယ်သို့ ရောက်လေ သစ်ပင်များ ပိုများလေ ဖြစ်ပြီး တစ်စုတစ်စည်းတည်း စုဝေးနေသကဲ့သို့ ဖြစ်ကာ တောအုပ်လေး တစ်ခု ဖြစ်ပေါ်နေသည်။
ဤနေရာက ကြည့်ရသည်မှာ တော်တော်လေး ထူးဆန်းလှသည်။
ရွှီယန်က တောင်ပေါ်လမ်းအတိုင်း ဆင်းလာပြီး မြက်ခင်းပြင်ပေါ်သို့ လျှောက်သွားလိုက်သည်။ မြက်ခင်းပြင်ထဲတွင် တောပန်း တော်တော်များများက ဖူးပွင့်နေပြီး မြက်ခင်းပြင်ထဲတွင် အလှဆင်ထားသလို ဖြစ်နေရာ အလှတရား တစ်ခုကို ဖန်တီးပေးနေ၏။
ရွှီယန်က သင်းပျံ့သော ပန်းရနံ့လေးကို ရလိုက်သည်။ ဤအနံ့လေးက ရှူရသည်မှာ အလွန် သက်သောင့်သက်သာ ရှိပြီး လူကို လန်းဆန်းသွားစေသည်။
သူက ပြောလိုက်သည်။
"ဒီတောပန်းတွေက တော်တော်လေး မွှေးတာပဲ..."
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက နောက်ပြောင်စရာ အချက်ကို တွေ့သွားပြီး ကွန်မန့်များ ချက်ချင်းပင် စည်ကားလာတော့သည်။
[ဘာ... လောင်ရွှီက တောပန်းတွေကို ကြိုက်တယ် ဟုတ်လား... တကယ်ပဲ အပြင်က တောပန်းတွေက ပိုမွှေးတယ်ဆိုတာ အမှန်ပဲ]
[ဟွန့်... ယောကျာ်းတွေ]
[အိမ်က ပန်းက ဘယ်လိုလုပ် တောပန်းလောက် မွှေးမှာလဲ]
[ဖူး... လူရှုပ်ကြီး]
ရွှီယန်လည်း အမှတ်တမဲ့ ပြောလိုက်သည်လေးက အင်တာနက်သုံးစွဲသူများ၏ နောက်ပြောင်ခြင်း ခံရမည်ဟု မထင်ထားခဲ့ချေ။
လူသိများလာသည်နှင့်အမျှ ဝေဖန်သူများလည်း များလာသည်မှာ သဘာဝပင် ဖြစ်၏။
"ဒီနေရာက တော်တော်လေး ထူးဆန်းတယ်... ပတ်ပတ်လည်မှာ တောင်တွေ ဝိုင်းရံထားတော့ လေလည်း မတိုက်ဘူး... ပြီးတော့ ရေက နိမ့်တဲ့နေရာကို စီးဆင်းတာ ဆိုတော့ ဒီနေရာမှာ မြေအောက်ရေလည်း ပေါများမှာ သေချာတယ်... အလယ်ဗဟိုကို ကြည့်လိုက်... သစ်ပင်တွေ တော်တော်လေး သန်စွမ်းနေတာပဲ... သီးခြား ကမ္ဘာလေး တစ်ခုနဲ့ တူတယ်နော်... အထဲမှာ တိရစ္ဆာန်တွေ အများကြီး နေထိုင်နေမှာ သေချာတယ်..."
ရွှီယန်က လိုက်ဖ်ထဲမှ နောက်ပြောင်မှုများကို ဂရုမစိုက်တော့ဘဲ သူ၏ အမြင်များကို အားလုံးအား ပြောပြနေလိုက်သည်။
သူက ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ မြက်ခင်းပြင်ကို ဖြတ်ကာ ပန်းခင်းကို ကျော်လွန်ပြီး တောအုပ်ထဲသို့ ဝင်သွားလိုက်၏။
ဤနေရာမှ သစ်ပင်များက တကယ် ကောင်းစွာ ရှင်သန်နေပြီး ရှုခင်းကလည်း သာယာလှပေသည်။
သစ်ပင်များကြားထဲတွင် နွယ်ပင်များနှင့် မြက်ပင်ရှည်များ အများအပြား ပေါက်ရောက်နေသည်။
ရွှီယန်က ဟိုဟိုဒီဒီ ကြည့်ရှုရင်း ရှုခင်းများကို ခံစားကာ ရှေ့သို့ ဆက်သွားနေလိုက်သည်။
ထိုစဉ် ဘေးနားရှိ သစ်ပင်ပေါ်တွင် လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရွှီယန်က ချက်ချင်းပင် ဘေးဘက်သို့ လှမ်းကြည့်လိုက်၏။
ထင်သည့်အတိုင်းပင် သစ်ပင်ကြီး တစ်ပင်၏ အပေါ်တွင် ရွှေရောင်မျောက် တစ်ကောင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ ၎င်းက ကင်းထောက် တစ်ယောက်ကဲ့သို့ ရွှီယန်ကို အသေအချာ အကဲခတ်နေသည်။
"ဟိုမှာ ကြည့်... ရွှေရောင်မျောက်... ရွှေရောင်မျောက်တွေက အုပ်စုလိုက် နေကြတာ... ဒီနေရာက ရွှေရောင်မျောက်တွေရဲ့ နယ်မြေ ဖြစ်ရမယ်... ဒီကောင်လေးက ကင်းထောက်များ ဖြစ်နေမလား မသိဘူး... ငါများ ဟွာကော်တောင် ရေတံခွန်ဂူ ကို ရောက်သွားသလို ခံစားရတယ်..."
ရွှီယန်က ရွှေရောင်မျောက်ကို မြင်သောအခါ ပြုံးပြီး ပြောလိုက်သည်။
ဒရုန်း၏ ကင်မရာက ရွှေရောင်မျောက်ဆီသို့ ရိုက်ကူးသွားသည်။ အင်တာနက်သုံးစွဲသူများလည်း ရွှေရောင်မျောက်၏ ပုံစံအပြည့်အစုံကို မြင်တွေ့လိုက်ရ၏။
သစ်ပင်ပေါ်ရှိ ရွှေရောင်မျောက်က အလွန် လှပပြီး အထူးသဖြင့် ၎င်း၏ ရွှေရောင် အမွေးများပင် ဖြစ်သည်။
ယခုက နေ့လယ်ခင်း ဖြစ်ပြီး နေရောင်ခြည် ဖြာကျနေသဖြင့် ရွှေရောင်မျောက်က လင်းလက်နေသကဲ့သို့ပင်။
အားလုံး၏ အာရုံစိုက်မှုက ရွှေရောင်မျောက်ဆီသို့ ချက်ချင်း ရောက်သွားတော့သည်။
[ဘုရားရေ... အရမ်း လှတဲ့ မျောက်လေးပဲ]
[တကယ်တော့ ငါ မျောက်တွေကို တော်တော် မုန်းတာ... ဒါပေမယ့် ရွှေရောင်မျောက်ကတော့ ကြည့်လို့ ကောင်းတယ်... ချစ်စရာလေး]
[ဒီအမွေးတွေနဲ့တင် ကြည့်ရတာ ဂုဏ်သိက္ခာ ရှိနေပြီ]
[တောင်ထဲက ရှုခင်းတွေက အရမ်း လှတာပဲ]
ကွန်မန့်များ အဆက်မပြတ် တက်လာနေသည်။ လက်ဆောင်ပေးသည့် အထူးပြုလုပ်ချက်များကလည်း မရပ်မနား ထွက်ပေါ်နေ၏။
ရွှီယန်ကတော့ ကျေနပ်နေပြီ ဖြစ်ကာ ရွှေရောင်မျောက်နှင့် ဓာတ်ပုံ တွဲရိုက်ရန်သာ လိုတော့သည်။
ဤရွှေရောင်မျောက်က အစသာ ရှိသေးပြီး ဤတောအုပ်၏ အနက်ပိုင်းတွင် ရွှေရောင်မျောက်များ၏ အသိုက် ရှိလောက်ပေသည်။
သူက အထဲသို့ ဆက်ဝင်သွားသည်။ သိပ်မကြာခင်မှာပင် ရွှီယန်က သွားချင်သော နေရာသို့ ရောက်သွားခဲ့၏။
တစ်ခဏမျှ သူ၏ မျက်ဝန်းများထဲတွင် အံ့ဩမှင်တက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ကွက်လပ် တစ်ခုပေါ်တွင် အလွန် ကြီးမားပြီး ထင်ရှားသော သစ်ပင်ကြီး တစ်ပင် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရပြီး သစ်ကိုင်းများက ရှုပ်ယှက်ခတ်နေကာ သစ်ပင်အပြင်ဘက်သို့ ဖြာထွက်နေသည်။
သစ်ပင်ထိပ်က မှိုပွင့်ကြီး တစ်ခုကဲ့သို့ စိမ်းလန်းစိုပြည်စွာဖြင့် ဖုံးလွှမ်းနေပြီး မြင်ကွင်းက တကယ်ကို ကြီးကျယ်ခမ်းနားလှပေသည်။
"အရမ်း ကြီးတဲ့ သစ်ပင်ကြီးပဲ..."
ဤအချိန်တွင် ရွှီယန် ဘာပြောရမှန်း မသိတော့ဘဲ ရိုးရှင်းသော စကားလုံးများဖြင့်သာ ချီးကျူးလိုက်မိသည်။
[ဒါ ဘာကြီးလဲ... ချင်လင် နတ်သစ်ပင် လား]
[ဒါက သင်္ချိုင်းဖောက်တဲ့ မှတ်တမ်း ထဲက ချင်လင် နတ်သစ်ပင်ရဲ့ မူလပုံစံ များလား]
[အကြီးကြီးပဲ... ဟိုမှာ ကြည့်... အပေါ်မှာ ရွှေရောင်မျောက်တွေလည်း ရှိတယ်]
[အရမ်း ခမ်းနားတာပဲ]
[ဘာ... သင်္ချိုင်းဖောက်တဲ့ မှတ်တမ်း က တကယ်ကြီးလား... တကယ်ပဲ ချင်လင် နတ်သစ်ပင် ရှိတာလား... အဲဒါက ထင်ယောင်ထင်မှား ဖြစ်စေတာ မဟုတ်ဘူးလား]
အင်တာနက်သုံးစွဲသူများ အသီးသီး ပြောဆိုနေကြသည်။ ယခု လိုက်ဖ်က လူကြည့်များနေသဖြင့် လူအများအပြားက သူ၏ လိုက်ဖ်ထဲတွင် ဆွေးနွေးနေကြခြင်း ဖြစ်၏။
ဤတစ်ကြိမ် ချင်လင် လိုက်ဖ်တွင် ရွှီယန်၏ နာမည်ကျော်ကြားမှုက နောက်တစ်ဆင့် ထပ်တက်သွားခဲ့ပြီ ဖြစ်သည်။ နာမည်ကြီး လိုက်ဖ်လွှင့်သူများ၏ စာရင်းထဲသို့ ဝင်ရောက်လာပြီ ဖြစ်၏။
ထိုအချိန်မှာပင် ရွှီယန် ရှင်းပြလိုက်သည်ကို ကြားလိုက်ရသည်။
"ဒါက ချင်လင် နတ်သစ်ပင် မဟုတ်ပါဘူး... ညောင်ပင်ကြီး ပါ... ဒီလောက် ကြီးလာဖို့က အရမ်း ခက်ခဲတာ... ဒီနေရာရဲ့ လေကြောရေကြော က တကယ်ကို ကောင်းတာပဲ..."
သူက သစ်ပင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ညောင်ပင်ကြီးပေါ်တွင် ရွှေရောင်မျောက် ဆယ်ကောင်ကျော်ခန့် ရှိနေသည်ကို တွေ့လိုက်ရ၏။ တစ်ကောင်ချင်းစီက သစ်ပင်ပေါ်မှနေ၍ ရွှီယန်ကို စိုက်ကြည့်နေကြသည်။ သူတို့ထဲမှ အချို့က ကလေးများကို ပွေ့ချီထားပြီး အချို့ကတော့ ထိုင်နေကြကာ မြင်ကွင်းက တော်တော်လေး ထူးဆန်းနေသည်။
ရွှီယန် ကိုယ်တိုင်တွင်လည်း တာဝန် ရှိသေးသည် မဟုတ်ပါလား။ အဲဒါက သစ်ပင်ပေါ်မှ သစ်ရွက်နု တစ်ရွက်ကို ရှာပြီး ရွှေရောင်မျောက် တစ်ကောင်ကို အစာကျွေးရန်ပင် ဖြစ်သည်။ ရွှေရောင်မျောက်များက လူတွေကို ခင်မင်တတ်သလား... ကြောက်တတ်သလား ဆိုသည်ကို သူ သေချာ မသိချေ။ တကယ်၍ သတိထားပြီး အနားမကပ်ဘူး ဆိုလျှင်တော့ တော်တော်လေး ခက်ခဲပေလိမ့်မည်။
ရွှီယန်က ကျောပိုးအိတ်ကို ချထားလိုက်သည်ကို တွေ့ရသည်။
"အောက်ဆုံးက သစ်ကိုင်းတွေက အရမ်း တုတ်တော့ ငါ တက်သွားလည်း ဘာမှ မထိခိုက်လောက်ပါဘူး... ရောက်လာမှတော့ ရွှေရောင်မျောက်တွေနဲ့ ဓာတ်ပုံ တွဲရိုက်လို့ ရမရ စမ်းကြည့်မယ်လေ..."
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများက ထိုအခါမှသာ ရွှီယန် ချင်လင် ရတနာ လေးပါးနှင့် ဓာတ်ပုံတွဲရိုက်ရန် စုဆောင်းချင်နေသည် ဆိုသည်ကို သတိရသွားကြသည်။
အစတုန်းကတော့ အားလုံးက သူ ဒီအတိုင်း ပြောသည်ဟုသာ ထင်ခဲ့ကြသည် မဟုတ်ပါလား။ ဘယ်လိုလုပ် အဲဒီလောက် ကံကောင်းမည်နည်း။ သို့သော် ယခု ရွှီယန်က ရတနာ သုံးပါးနှင့် ဓာတ်ပုံ တွဲရိုက်ပြီးသွားပြီ ဖြစ်သည်။ ပန်ဒါဝက်ဝံ တစ်ကောင်သာ လိုတော့၏။ ဤကိစ္စကို သူ တကယ် လုပ်နိုင်သွားပြီ ဖြစ်သည်။ တကယ်ကို မယုံနိုင်စရာပင်။
ရွှီယန်က တုတ်ခိုင်သော သစ်ကိုင်းပေါ်သို့ ပေါ့ပါးစွာ တက်သွားလိုက်သည်။ အချို့နေရာများတွင် သစ်ရွက်နုလေးများ ထွက်နေသည်ကို တွေ့ရာ သူက အရွက်အချို့ကို ခူးလိုက်သဖြင့် လက်ထဲတွင် အပြည့်ဖြစ်သွား၏။
ရွှေရောင်မျောက်များက သူ တက်လာသည်ကို မြင်သောအခါ အနောက်သို့ အနည်းငယ် ဆုတ်သွားကြသည်။ ရွှေရောင်မျောက် အထီး တစ်ကောင်ကတော့ သတ္တိကောင်းပြီး ရွှီယန်နှင့် အလွန် နီးကပ်စွာ ရှိနေကာ ရွှီယန်ကို သေချာ စိုက်ကြည့်နေသည်။
"ရွှေရောင်မျောက်တွေက တော်တော် ယဉ်ကျေးတယ်လို့ မှတ်မိတယ်... အရင်က သတင်းတစ်ခု ဖတ်ဖူးတယ်... ရွှေရောင်မျောက်တွေက လယ်သမားတွေရဲ့ အိမ်မှာ သွားပြီး အစာတောင်းကြတယ်... မဆူမပူဘဲ တော်တော်လေး ပူးပေါင်းဆောင်ရွက်ကြတယ်တဲ့လေ... သူတို့ကို တစ်ခုခု ကျွေးရင် ပြဿနာ သိပ်မရှိလောက်ဘူးထင်တယ်..."
ရွှီယန်က လက်တစ်ဖက်ဖြင့် သစ်ရွက်နုလေးများကို ကိုင်ကာ ရွှေရောင်မျောက် ရှိရာဆီသို့ ကမ်းပေးလိုက်သည်။ ရွှေရောင်မျောက် အထီးက ရွှီယန်ကို မသေချာမရေရာသည့် အကြည့်များဖြင့် ကြည့်နေ၏။ ရွှီယန်၏ လက်ထဲတွင် တစ်ခုခု ပါလာသည်ကို မြင်သောအခါ ၎င်းက သတိထားပြီး စက္ကန့်အနည်းငယ်မျှ ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း အနားသို့ တိုးကပ်လာသည်။
သိချင်စိတ်က တကယ်ကို ပြင်းထန်သည် မဟုတ်ပါလား။ မူလက သူတို့၏ အရာဖြစ်သော်လည်း ဘာများလဲဆိုပြီး လာကြည့်ချင်သေးသည်။ ရွှီယန်က ငြိမ်ငြိမ်လေး နေလိုက်၏။ သူ တိရစ္ဆာန်များကို အစာကျွေးသည်က ရေစက် အပေါ်တွင်သာ မူတည်သည်။ တိရစ္ဆာန်များက စားချင်လျှင် စားမည်... မစားချင်လျှင်လည်း နေမည်သာ ဖြစ်သည်။
ရွှေရောင်မျောက် အထီးက စက္ကန့်အနည်းငယ်မျှသာ တုံ့ဆိုင်းနေပြီး ရွှီယန်၏ လက်ထဲမှ သစ်ရွက်နုများကို တစ်ရွက်ချင်း ယူကာ အကုန်လုံး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ လောဘကြီးလိုက်သည်ဖြစ်ခြင်း။
၎င်း၏ ကျေးဇူးကြောင့်ပင် တာဝန်က အောင်မြင်သွားခဲ့သည်။
[ရတနာရှာဖွေရေး တာဝန် အောင်မြင်ပါသည်... ဆုလာဘ်အဖြစ် အဆင့်မြင့် ရွှေရောင် နန်းမု သစ်သား ပုတီး ရရှိပါသည်]
စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
ဤအချိန်တွင် ရွှီယန်က အစောကြီးကတည်းက အသင့်ပြင်ထားပြီးဖြစ်ရာ ကျန်သည့် လက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်ကာ ဓာတ်ပုံရိုက်ခလုတ်ကို နှိပ်လိုက်သည်။
"ချလပ်..."
[လောဘကြီးတဲ့ ရွှေရောင်မျောက်လေး .jpg]
နောက်ထပ် ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်နိုင်ပြန်ပြီ ဖြစ်သည်။ ဓာတ်ပုံ တွဲရိုက်ရမည့် တာဝန်၏ လေးပုံသုံးပုံ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ တစ်ကြိမ်တည်းဖြင့် တာဝန် နှစ်ခု အောင်မြင်သွားသည်ဖြစ်ရာ တကယ်ကို ကျေနပ်စရာပင်။ ရွှီယန်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ရွှေရောင်မျောက်လေးက တကယ်ကို ချစ်စရာ ကောင်းသည်။ သိပ်မဝေးသော နေရာတွင် ရပ်ကာ ရွှီယန်ကို အကဲခတ်နေ၏။ သို့သော် တောရိုင်း ရွှေရောင်မျောက် ဖြစ်သဖြင့် အားလုံးက သတိထားနေကြပြီး ရွှီယန် အနားသို့လည်း သိပ်မကပ်ကြချေ။ ရွှေရောင်မျောက်ကို ပွတ်သပ်ကြည့်ချင်သည့် ဆန္ဒကတော့ မပြည့်ဝနိုင်တော့ပေ။ အနီးကပ် ကြည့်ရသည်ကလည်း မဆိုးပါဘူးလေ။
ရွှီယန်က သစ်ပင်ပေါ်မှ ဆင်းလာပြီး မျက်စိရှေ့ရှိ ဧရာမ ညောင်ပင်ကြီးကို ကြည့်နေလိုက်သည်။ မြင်ကွင်းက ပြောမပြတတ်အောင်ကို လှပလွန်းလှ၏။ ဤညောင်ပင်ကြီးက လူများကို ခမ်းနားကြီးကျယ်သည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
လိုက်ဖ်ထဲတွင် လူအရေအတွက်က ပိုပိုပြီး များလာနေကာ အားလုံးက သဘာဝတရားကြီး၏ အလွန် လှပသော သဘာဝ ရှုခင်းကို ခံစားနေကြသည်။ ရွှီယန်၏ လိုက်ဖ် နာမည်ကျော်ကြားမှုကလည်း မြင့်တက်လာခဲ့၏။
[ဒီမြင်ကွင်းက တကယ် လှတာပဲ... အန်နီမေးရှင်း ကားတွေထဲက အတိုင်းပဲ]
[သဘာဝတရားကြီးမှာ ဒီလို ရှုခင်းမျိုး ရှိသေးတယ်လို့ မထင်ထားဘူး]
[လောင်ရွှီ ကို ကျေးဇူးတင်ပါတယ်]
[ဒီလိုက်ဖ်က တကယ်ကို မိုက်တာပဲကွာ]
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများ အားလုံးက အံ့ဩချီးကျူး နေကြတော့သည်။