အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀) ပန်ဒါဝက်ဝံ... ဒီခြေနှစ်ချောင်းသတ္တဝါ ဘာရှာနေတာလဲ
ညောင်ပင်ကြီးနှင့် ရွှေရောင်မျောက်အုပ်စု။
ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ဗီဒီယိုများထဲတွင်ပင် မြင်တွေ့ရရန် အလွန်ခက်ခဲလှသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပြသနေခြင်းဖြစ်ရာ ပို၍ပင် ပြောစရာမလိုတော့ပေ။
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အင်တာနက်သုံးစွဲသူများအား အမြဲတမ်း အံ့ဩတုန်လှုပ်မှုများ ပေးစွမ်းနိုင်စွမ်းရှိ၏။ ကြည့်ရှုသူ အရေအတွက်မှာလည်း အလွန်များပြားနေသည်။
ရွှီယန်သည် သစ်ပင်အောက်တွင် ရပ်ကာ အထက်ရှိ မျောက်အုပ်စုကို မော့ကြည့်နေလိုက်သည်။ မြင်ကွင်းက ဤအချိန်လေး၌ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေ၏။
ဤရှားပါးတောရိုင်းတိရစ္ဆာန်များကို အနီးကပ် ကြည့်ရှုရခြင်းက ပို၍ထူးခြားသော ခံစားချက်ကို ရရှိစေသည်။ ဤသည်က ရွှီယန်၏ စိတ်ဝင်စားမှုတစ်ခုလည်း ဖြစ်ပေသည်။
ရွှီယန်သည် သစ်ပင်အောက်တွင် ခဏမျှ ရပ်ကြည့်နေပြီးနောက် လှည့်ထွက်လာခဲ့၏။
"ဒီနေရာက တကယ်ကောင်းတယ်... ရွှေရောင်မျောက်တွေ နေထိုင်ဖို့ အရမ်း သင့်တော်တာပဲ... ဒါက သူတို့ရဲ့ ပျော်ရွှင်ရာ ကမ္ဘာလေးမို့ ငါ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး... ဒီတစ်ခေါက် ချင်လင်တောင်တန်းကို လာပြီး တောတောင်ရှာဖွေရင်း မြင်တွေ့ခဲ့ရတဲ့ ရှုခင်းတွေက ငါမျှော်လင့်ထားတာထက် အများကြီး ပိုကောင်းတယ်... ဒီနေရာက တကယ်ကောင်းတာပဲ... နောက်ဆိုရင် အပြင်ကို ပိုထွက်ဖြစ်အောင် လုပ်ရမယ်"
ရွှီယန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
တောင်ထဲတွင် တောတောင်ရှာဖွေရသည်မှာ အနည်းငယ် ပင်ပန်းသော်လည်း သူ့အတွက်မူ ခရီးသွားရင်း တွေ့ရသော ရှုခင်းများက ပို၍ တန်ဖိုးရှိလှပေသည်။ သူက အမြဲတမ်း ဤကဲ့သို့ နေရသည်ကို သဘောကျသူ ဖြစ်၏။
လိုက်ဖ်ထဲတွင် လူဦးရေ တစ်သိန်းခြောက်သောင်းခန့် ရှိနေပြီး ပွဲကြည့်ရန် ဝင်လာသည့် အင်တာနက်သုံးစွဲသူများလည်း အများအပြား ရှိနေသည်။
[ဒီရှုခင်းက တကယ် လှတာပဲ]
[လောင်ရွှီရဲ့ လိုက်ဖ်ကို ကြည့်ရတာ ငါကိုယ်တိုင် ချင်လင် တောင်တန်းကို ရောက်သွားသလို ခံစားရတယ်]
[ချင်လင် ရတနာ လေးပါးထဲက ပန်ဒါဝက်ဝံ တစ်ကောင်ပဲ လိုတော့တာ မဟုတ်လား... ရှာတွေ့နိုင်ပါ့မလား]
[တောရိုင်း ပန်ဒါကို ရှာတွေ့ဖို့က အဲဒီလောက် မလွယ်ဘူးနော်]
[တောရိုင်း ပန်ဒါ အနားကို ကပ်ပြီး ဆဲလ်ဖီ ရိုက်လို့ရမလား... အဲဒါ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်မှာပေါ့]
ရွှီယန်သည် ချင်လင်ရတနာလေးပါးနှင့် ဓာတ်ပုံတွဲရိုက်မည့် အောင်မြင်မှုကို ရယူချင်နေကြောင်းကို အားလုံးက သိရှိထားကြသည်။ လောလောဆယ်တွင် ဓာတ်ပုံသုံးပုံကို အင်တာနက်ပေါ်၌ တင်ထားပြီး ဓာတ်ပုံအရည်အသွေးက အလွန်ကောင်းမွန်သည့်အပြင် လိုက်ဖ်လွှင့်ရင်း ရိုက်ထားခြင်းဖြစ်ရာ နှစ်သက်သဘောကျသူ အများအပြား ရှိနေ၏။
လူများက သူ ဤအောင်မြင်မှုကို ရယူနိုင်ပါစေဟု မျှော်လင့်နေကြသည်။ အားလုံးအတွက် လိုက်ဖ်ကို ကြည့်ရှုရသည်မှာ ကိုယ်တိုင် ပါဝင်ပတ်သက်နေရသကဲ့သို့ ခံစားရပြီး ဤအောင်မြင်မှုက သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကာ ပြီးမြောက်သွားသကဲ့သို့ ဖြစ်နေပေသည်။
ရွှီယန်က တောအုပ်ထဲတွင် လမ်းလျှောက်နေရင်း အားလုံး၏ ကွန်မန့်များကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။
"ပန်ဒါဝက်ဝံက ရှာရ သိပ်မခက်လောက်ပါဘူး... ဘာလို့လဲဆိုတော့ ဒီဘက်မှာ ဧရိယာ ကျယ်ဝန်းတဲ့ ဝါးတောတွေ အများကြီး ရှိတယ်လေ... ဝါးတောထဲမှာ ရှာရင်တော့ သေချာပေါက် တွေ့မှာပါ... ဒါပေမယ့် ဓာတ်ပုံ တွဲရိုက်ဖို့ကတော့ တကယ် ပြဿနာပဲ... အရင်ဆုံး ရှာတွေ့အောင် လုပ်ရမယ်"
ထိုသို့ပြောရင်း ရွှီယန်က ကျန်ရှိနေသေးသော ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အကြိမ်ရေ လေးကြိမ်ကို ရတနာရှာဖွေရေး တာဝန်အဖြစ် ပြောင်းလဲလိုက်သည်။ ပစ်မှတ်ကို ပန်ဒါဝက်ဝံဟု သတ်မှတ်လိုက်၏။
[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ - လောဘကြီးတဲ့ ပန်ဒါဝက်ဝံ]
[တာဝန် ဖော်ပြချက် - နွေဦးပေါက် ဝါးမျှစ် ဆယ်တောင့်ကို တူးပြီး တောရိုင်း ပန်ဒါဝက်ဝံကို အစာကျွေးပါ... တိုးတက်မှု (၀/၁၀)]
[တာဝန် ဆုလာဘ် - ယင်ယန် ကျောက်စိမ်းပြား]
[ယင်ယန် ကျောက်စိမ်းပြား - အနက်နှင့် အဖြူ အရောင်နှစ်မျိုး သဘာဝအတိုင်း ပါဝင်နေပြီး ထိုက်ကျိ ပုံစံနှင့် ဆင်တူသော အကောင်းဆုံး ကျောက်စိမ်းပြား တစ်ခု ဖြစ်ပါသည်]
ရတနာရှာဖွေရေးတာဝန် အောင်မြင်စွာ နှိုးဆွသွားခဲ့သည်။ ရွှီယန်က တာဝန်ကို ကြည့်ပြီး ဆုလာဘ်ကို မြင်သောအခါ ချက်ချင်းပင် မျှော်လင့်တကြီး ဖြစ်သွားရတော့၏။
သဘာဝ ကျောက်စိမ်းပြား မှန်သမျှ အထူးသဖြင့် ပုံစံအသွင်အပြင်များ ပါဝင်သော ကျောက်စိမ်းဆိုလျှင် ဈေးမပေါချေ။ ဥပမာအားဖြင့် ကျောက်စိမ်းတုံး တစ်တုံးက ပုံစံ အလွန်လှပနေပါက ကျောက်စိမ်းပန်းပုဆရာက အနည်းငယ် သွေးလိုက်သည်နှင့် ပုစဉ်းရင်ကွဲ ပုံစံလေး ဖြစ်သွားတတ်ပြီး ထိုအကောင်းဆုံး ကျောက်စိမ်းက ယွမ် သန်းနှင့်ချီ၍ ရောင်းရပေသည်။
ယင်ယန်ကျောက်စိမ်းပြား ဆိုသည်ကလည်း ထိုကဲ့သို့ပင် ဖြစ်လောက်သည်။ သဘာဝ ကျောက်စိမ်းပြားများက အမြဲတမ်း ပို၍ အဆင့်မြင့်သည်ဟု ခံစားရစေ၏။
'မဆိုးဘူး... အစာကျွေးရမယ့် တာဝန် ဆိုတော့ လွယ်ကူပြီး စိတ်ဝင်စားစရာ ကောင်းတယ်... နိုင်ငံတော်ရတနာနဲ့ ပတ်သက်တဲ့ တာဝန်ဆိုတော့ ပေးတဲ့ ဆုလာဘ်ကလည်း အနက်နဲ့ အဖြူ အရောင်စပ်ပဲ... ဒီတစ်ခေါက်တော့ တကယ်ကို အမြတ်ကြီးစားပဲ'
ရွှီယန်က စိတ်ထဲမှနေ၍ တွေးလိုက်သည်။
ပန်ဒါဝက်ဝံက သူနှင့် အကွာအဝေး တစ်ခုတွင် ရှိနေသေးပြီး တောင်များကို ကျော်ဖြတ်ကာ သိပ်သည်းသော ဝါးတောထဲသို့ ဝင်သွားရန် လိုအပ်ပေသည်။
ဝါးတောထဲသို့ ရောက်လျှင် နွေဦးပေါက် ဝါးမျှစ် ဆယ်တောင့် တူးနိုင်မှသာ တာဝန် ပြီးမြောက်မည် ဖြစ်၏။ အချိန်က နေ့လယ် တစ်နာရီသို့ ရောက်ရှိနေပြီဖြစ်ရာ ရွှီယန်က အိတ်ထဲတွင် ကျန်နေသေးသော သရေစာများကို အကုန်စားလိုက်ပြီး ခွန်အားပြည့်စေရန် ရေအနည်းငယ် သောက်လိုက်သည်။
ဤသို့ကြည့်လိုက်လျှင် တောင်ထဲတွင် နေထိုင်ရသည်မှာ တကယ်ပင် ခက်ခဲလှသည်။ နေ့စဉ် ထမင်းစားရန်နှင့် ရေသောက်ရန်က ပြဿနာ အကြီးကြီးတစ်ခုပင် ဖြစ်၏။
ရွှီယန်က ယနေ့ အဆုံးသတ်ပြီး မနက်ဖြန် တောင်အောက်သို့ ဆင်းကာ အနားယူရန် ရည်ရွယ်ထားသည်။ တောင်ထဲတွင် နှစ်ရက်တိုင်တိုင် လမ်းလျှောက်ထားရသဖြင့် တော်တော်လေး ပင်ပန်းနေပြီ ဖြစ်သည်။
ဝါးတော၏ သိပ်သည်းဆက အလွန်များပြားပြီး ဝါးပင်များက ပူးကပ်ပေါက်ရောက်နေသဖြင့် ကြားထဲရှိ ကွက်လပ်က အရမ်းကို သေးငယ်ကာ အတင်း တိုးဝင်သွားမှသာ ရမည်ဖြစ်သည်။
ရွှီယန်က ပန်ဒါဝက်ဝံကို ရှာရန် မည်သို့ ဝင်သွားရမည်နည်းဟု တွေးနေစဉ် ဘေးနားရှိ ဝါးတောထဲတွင် ဖိချိုးခံထားရသော ဝါးပင်များ အများအပြား ရှိနေပြီး လမ်းတစ်ခုသဖွယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အတွင်းပိုင်းသို့ အနည်းငယ် ထပ်ဝင်သွားသောအခါ ကွက်လပ်က ပိုကျယ်လာပြီး ဝါးတောထဲတွင် လွယ်ကူစွာ လမ်းလျှောက်၍ ရသွားတော့သည်။
"အားလုံးပဲ ဒီဘက်ကို ကြည့်လိုက်... ဝါးပင်တွေ အကုန်လုံး ဖိချိုးခံထားရတယ်... ဒါတွေ အကုန်လုံးက ဝါးပင် အသစ်တွေ ဖြစ်ပေမယ့် ဝါးပင်တွေကို ဖိချိုးနိုင်တယ် ဆိုတော့ တစ်ဖက်လူရဲ့ ကိုယ်အလေးချိန်က မပေါ့ဘူးဆိုတာ သေချာတယ်... ဒါ ဘာတိရစ္ဆာန်လဲဆိုတာ အားလုံး ခန့်မှန်းကြည့်လို့ ရတယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများအား ပြုံး၍ မေးလိုက်သည်။
ဘာတိရစ္ဆာန်လဲ ဟုတ်လား။ ဤသည်ကို ရွှီယန်က မေးနေစရာ လိုသေးသည်လား။
အားလုံးက ချက်ချင်းပင် ရယ်မောကုန်ကြတော့၏။
[ပန်ဒါဝက်ဝံ : မင်း ငါ့နာမည်ကို တိုက်ရိုက် မခေါ်ရုံ တစ်မယ်ပဲ ရှိတော့တယ်]
[ဟားဟားဟား... ဝါးတောထဲမှာ ပန်ဒါဝက်ဝံကလွဲရင် ဘယ်သူများ နေသေးလို့လဲ]
[ငါ ခန့်မှန်းတာတော့ အနက်နဲ့ အဖြူ အရောင်စပ် တိရစ္ဆာန် တစ်မျိုးပဲ... ဟုတ်တယ်... ဝေလငါး လုပ်သွားတာ သေချာတယ်]
[ဘယ်သူများလဲနော်... ဘယ်သူများ ဖြစ်မလဲ]
အားလုံးက ဝိုင်းဝန်း နောက်ပြောင်ကြသဖြင့် လေထုကလည်း တော်တော်လေး စည်ကားနေပေသည်။
ရွှီယန်က ဝါးတောထဲသို့ တောက်လျှောက် ဝင်သွားလိုက်၏။ အတွင်းပိုင်းတွင် နှိုင်းယှဉ်ကြည့်ပါက တော်တော်လေး ကျယ်ဝန်းပြီး ဝါးပင်များအပြင် အခြား သစ်ပင် တော်တော်များများလည်း ပေါက်ရောက်နေသည်။
ရွှီယန်က ဝါးပင်များ ဖိချိုးခံထားရသည့် လမ်းကြောင်းအတိုင်း အတွင်းပိုင်းသို့ ဆက်သွားနေသည်။ သူက တစ်ခါတရံ ထိုင်ချကာ သေချာစွာ စစ်ဆေးကြည့်လိုက်၏။
ဝါးပင်များ အားလုံးက ဖိချိုးခံထားရသည်မှာ သိပ်မကြာသေးကြောင်းကို တွေ့ရှိရသည်။ ဆိုလိုသည်မှာ တရားခံက ဤနေရာနှင့် သိပ်မဝေးဘူး ဆိုသည့် သဘောပင်။
"ဝါးပင်တွေ အကုန်လုံးက အသစ်တွေချည်းပဲ... ဒီပန်ဒါဝက်ဝံက ဒီအနီးအနားမှာပဲ ရှိရမယ်... သူက ပုန်းလည်း မပုန်းဘူး... ဒီအတိုင်း တိုက်ရိုက် တိုးဝင်သွားတဲ့ ပုံစံမျိုးပဲ... သူ့ကို လိုက်ရှာကြည့်မယ်... ဓာတ်ပုံရိုက်လို့ ရရင်လည်း ကောင်းတာပဲ"
ရွှီယန်က ရှေ့သို့ လမ်းလျှောက်ရင်း ရှင်းပြနေသည်။ သူက ပြစ်မှုကျူးလွန်သူကို ခြေရာခံနေသော စုံထောက် တစ်ယောက်နှင့်ပင် တူနေတော့၏။
အင်တာနက်သုံးစွဲသူများက ရွှီယန် ပြောသည်ကို ကြားသောအခါ မျှော်လင့်ချက်များ အပြည့် ဖြစ်သွားကြသည်။ အားလုံးက ရွှီယန် ဤပန်ဒါဝက်ဝံကို ရှာတွေ့ရန် မစောင့်နိုင်အောင် ဖြစ်နေကြပြီ ဖြစ်၏။
ရွှီယန်က လမ်းကြောင်းအတိုင်း အတွင်းပိုင်းသို့ ဆက်သွားလိုက်ရာ ရှေ့သို့ ရောက်သွားသောအခါ ဝါးပင်များက ပို၍ ရှင်းလင်းလာသည်။ ဤဘက်တွင် ငါးပင် ဟိုဘက်တွင် ရှစ်ပင်ခန့် ရှိပြီး ကြားထဲ၌ သစ်ပင်ငယ်လေးများ အများအပြား ရှိနေသည်။
ရွှီယန်က ပန်ဒါ၏ အရိပ်အယောင်ကို မတွေ့ရချေ။ သူ ပတ်ဝန်းကျင်ကို တစ်ပတ်ခန့် ကြည့်လိုက်သော်လည်း အထောက်အထား အသစ် ဘာတစ်ခုမျှ ရှာမတွေ့ပေ။
စနစ်က ပန်ဒါဝက်ဝံ ဤနေရာတွင် ရှိနေသည်ဟု ပြသနေသော်လည်း ရွှီယန်က ဘယ်ညာ လှည့်ပတ်ကြည့်တာတောင် ပန်ဒါဝက်ဝံ ဘယ်မှာလဲ ဆိုသည်ကို မတွေ့ရပေ။
"မဖြစ်နိုင်ပါဘူး... ခြေရာတွေအရ ဆိုရင် ပန်ဒါဝက်ဝံက ဒီနေရာကို ရောက်လာခဲ့တာ သေချာတယ်... ဒါပေမယ့် ဘာခြေရာမှ ထပ်မတွေ့တော့ဘူး... ဒီကောင်ကြီး ဘယ်ကနေ ထွက်ပြေးသွားတာလဲ"
ရွှီယန်က ပန်ဒါဝက်ဝံ ထွက်သွားသည့် လားရာကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ ထိုအချိန်မှာပင် ဒရုန်းက ကောင်းကင်ယံမှနေ၍ ရွှီယန်ကို ရိုက်ကူးနေ၏။
အနီအောက်ရောင်ခြည် အာရုံခံ စနစ်ကြောင့် ဒရုန်း၏ ကင်မရာက အပေါ်သို့ စတင် ရွေ့လျားသွားသည်။
အင်တာနက်သုံးစွဲသူများက လိုက်ဖ် မြင်ကွင်းမှနေ၍ မြင်တွေ့လိုက်ရသည်က သစ်ပင်ငယ်လေး တစ်ပင်၏ အမြင့်ဆုံး နေရာတွင် ပန်ဒါဝက်ဝံ တစ်ကောင်က သစ်ကိုင်း တစ်ခုပေါ်၌ ခြေကားယားဖြင့် ထိုင်နေသည်ကိုပင် ဖြစ်သည်။
ပန်ဒါဝက်ဝံက ခေါင်းငုံ့ကာ ရွှီယန်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေပြီး မျက်ဝန်းများထဲတွင် နားမလည်နိုင်သည့် ပုံစံလေးများ ပါဝင်နေသည်။
ထိုမျက်နှာထားက 'ဒီခြေနှစ်ချောင်းသတ္တဝါ အောက်မှာ ဘာတွေ လိုက်ရှာနေတာလဲ' ဟု ပြောနေသည့် အတိုင်းပင် ဖြစ်၏။
ပန်ဒါဝက်ဝံက ရွှီယန်၏ ခေါင်းပေါ် တည့်တည့်တွင် ရှိနေခြင်းဖြစ်ပြီး ရွှီယန်က အစပိုင်း၌ သူ့ကို တကယ်ပင် သတိမထားမိခဲ့ချေ။ ထိုသို့ ဖြစ်နေခြင်းကြောင့် လိုက်ဖ် မြင်ကွင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းလာတော့သည်။
ကြည့်ရှုသူများ အားလုံး ရယ်မောကုန်ကြတော့၏။
[ဟားဟားဟား... လောင်ရွှီက ပန်ဒါဝက်ဝံကို ရှာမတွေ့သေးဘူး... ငါတို့ မြင်နေရပြီဟေ့]
[လောင်ရွှီ... ခေါင်းပေါ်ကို ကြည့်... မင်း ခေါင်းပေါ်မှာ]
[ပန်ဒါဝက်ဝံ : ဒီလူက ငါ့ကို မမြင်ဘူးလား]
[ဒီလောက် အကောင်ကြီးတာကိုတောင် ရှာမတွေ့ဘူးလား]
ကွန်မန့်များ အဆက်မပြတ် တက်လာနေသည်။ မျက်နှာပြင် အပြည့်က ဟားဟားဟား ဟူသော ရယ်သံများချည်းသာ ဖြစ်နေ၏။
ရွှီယန်က နှစ်မိနစ်ခန့် ရှာလိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်တော့မှသာ ပန်ဒါဝက်ဝံ၏ နေရာကို အောင်မြင်စွာ ရှာတွေ့သွားတော့သည်။
"အပေါ်မှာ ရှိနေတာကိုး... ငါလည်း စဉ်းစားနေတာ လေထဲကို ပျောက်သွားတာတော့ မဖြစ်နိုင်ပါဘူးလို့... ဒီကောင်ကြီး သတ္တိ တော်တော်ကောင်းတာပဲ... အဲဒီလောက် မြင့်တဲ့နေရာကို တက်သွားတာ"
ရွှီယန်က သစ်ပင်အောက်တွင် ရပ်ကာ ပန်ဒါဝက်ဝံ၏ ကိုယ်ဟန်ကို အကဲခတ်နေလိုက်သည်။
ဤကောင်လေးက တကယ့် နိုင်ငံတော်ရတနာ အစစ်ပင် ဖြစ်၏။ သူက အဆင့်(၁) ကာကွယ်ရမည့် တိရစ္ဆာန် ဖြစ်နေခြင်းမှာ အမြင့်ဆုံး သတ်မှတ်ချက်က အဆင့်(၁) သာ ရှိသောကြောင့် ဖြစ်သည်။
ယခုအခါတွင် အများစုကို ကာကွယ်ထားပြီးဖြစ်ရာ တောရိုင်းထဲ၌ မြင်တွေ့ရရန် အရမ်းကို ခက်ခဲလှပေသည်။ တောရိုင်း ပန်ဒါဝက်ဝံ၏ အဖြူရောင် အမွေးများက သိပ်ပြီး မဖြူဘဲ အနည်းငယ် ဝါကျင့်ကျင့် ဖြစ်နေသော်လည်း ရုပ်ရည်ကတော့ လှပနေဆဲပင်။
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများက တောရိုင်း ပန်ဒါဝက်ဝံကို မြင်သောအခါ အံ့ဩတကြီး ဖြစ်ကုန်ကြသည်။
တရုတ်နိုင်ငံ၏ နိုင်ငံတော်ရတနာ အဆင့်အတန်းက မြင့်မားနေဆဲ ဖြစ်၏။ အချို့နေရာများရှိ နိုင်ငံတော်ရတနာ တိရစ္ဆာန်များက သူတို့ နိုင်ငံသားများ၏ နှစ်သက်မှုကို မရရှိကြဘဲ အသားအဖြစ်တောင် စားသောက်ခံရသည်များ ရှိပေသည်။
"ဒီအကောင်ကြီးက အောက်ကို မဆင်းလာဘူး... သူနဲ့ ဆဲလ်ဖီ တစ်ပုံလောက် ရိုက်ချင်နေတာကို"
ရွှီယန်က ပန်ဒါဝက်ဝံကို မော့ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် ဒီလို အခြေအနေမျိုး အတွက် ငါ့မှာ နည်းလမ်း ရှိပါတယ်"
သူက ထပ်မံ၍ ပြုံးလိုက်ပြန်၏။ လိုက်ဖ်က ကြည့်လေလေ ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေပင်။
ရွှီယန်က ကျောပိုးအိတ်ကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး လက်ထဲတွင် တပ်သုံး တူးရွင်းငယ် တစ်ခုကို ကိုင်ကာ ဘေးနားရှိ ဝါးတောဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
"အခုက နွေဦးပေါက်ရာသီဆိုတော့ မိုးမရွာသေးပေမယ့် နွေဦးပေါက် ဝါးမျှစ်တွေ အများကြီး ရှိတယ်... ငါ ဝါးမျှစ် အကြီးကြီး တချို့ သွားရှာလိုက်ဦးမယ်... ငါက အမြဲတမ်း ချန်ပိုင်တောင်တန်းမှာပဲ တောတောင်ရှာဖွေနေခဲ့တာဆိုတော့ ဝါးမျှစ်တော့ သိပ်မတူးဖူးဘူး... ဒါပေမယ့် ဝါးမျှစ်တူးတဲ့ ဗီဒီယိုတွေတော့ ကြည့်ဖူးတယ်... ငါ တောင်ထွက်ပစ္စည်း ရှာတဲ့ နည်းလမ်းနဲ့ သိပ်ပြီး မကွာပါဘူး... ဒါကြောင့် ဝါးမျှစ်တူးတာက ငါ့အတွက် သိပ်မခက်ခဲလောက်ပါဘူး"
ရွှီယန်က ဝါးပင်များ ဘေးနားရှိ ကွက်လပ်တွင် လိုက်လံ ရှာဖွေနေလိုက်သည်။
ဝါးမျှစ် ရှာသည့် နည်းလမ်းကလည်း လွယ်ကူလှသည်။ အပေါ်သို့ ထွက်နေသော ဝါးမျှစ်ကို ရှာပါက တူးလိုက်တိုင်း ရရှိမည်ဖြစ်ပြီး မြေကြီး အက်ကွဲနေသည့် နေရာကို ရှာပါကလည်း အောက်တွင် သေချာပေါက် ရှိနိုင်ပေသည်။
ယခုအချိန်၌ ဝါးမျှစ်များက မြေကြီးကို ဖောက်၍ မထွက်လာသေးသဖြင့် အက်ကွဲကြောင်းများကိုသာ ရှာဖွေရမည် ဖြစ်၏။ သိပ်မကြာခင်မှာပင် ရွှီယန်က မြေကြီး အက်ကွဲနေသော နေရာတစ်ခုကို ရှာတွေ့သွားခဲ့သည်။
သူက ထိုင်ချလိုက်ပြီး တူးရွင်းဖြင့် အက်ကွဲကြောင်းကို ညွှန်ပြကာ ပြောလိုက်၏။
"ဒီဘက်ကို ကြည့်... မြေကြီးက အက်ကွဲနေတဲ့ ပုံစံမျိုး ရှိတယ်... ဝါးမျှစ် ဖြစ်ဖို့ သေချာသလောက်ပဲ... အခု ဝါးမျှစ်တွေက အပေါ်ကို မထွက်လာသေးတော့ ဒီလိုပဲ ရှာရတော့မှာပေါ့"
ထို့နောက် ရွှီယန်က စတင် တူးဆွတော့သည်။ သူက တစ်ချက် တူးလိုက်သည်နှင့် မြေကြီးများ ပွင့်ထွက်လာပြီး ထိုသို့ ခဏမျှ တူးလိုက်သောအခါ သေချာထုပ်ပိုးထားသော ဝါးမျှစ် တစ်ခုကို တကယ်ပင် ရှာတွေ့သွားခဲ့၏။
"တကယ် ရှိတာပဲ"
ရွှီယန်က မြေကြီးထဲမှနေ၍ ဝါးမျှစ်ကို ထုတ်ယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဝါးမျှစ်ကလည်း ပစ္စည်းကောင်း တစ်ခုပဲ... ဟော့ပေါ့စားစား အသုပ်ပဲသုပ်စားစား တကယ် ကောင်းတယ်... ပြီးတော့ ဝါးမျှစ်က မှိုတွေလိုပဲ လတ်ဆတ်လေ ပိုပြီး စားလို့ကောင်းလေပဲ... အထူးသဖြင့် အခုမှ တူးလာတဲ့ ဝါးမျှစ်ကို ဒယ်အိုးထဲမှာ ဝက်သားလေးနဲ့ ဆီပြန်ကြော်လိုက်ရင် အရသာက တကယ်ကို ပြိုင်ဘက်ကင်းပဲ... တကယ်လို့ တစ်ရက်လောက် ထားလိုက်ရင် ဝါးမျှစ်က ရင့်သွားပြီး အရသာ သိပ်မရှိတော့ဘူး"
အင်တာနက်သုံးစွဲသူများက ရွှီယန် ဝါးမျှစ်တူးသည့် မြင်ကွင်းကို ကြည့်ရှုရင်း အရမ်းကို စိတ်ဖိစီးမှု ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
[တကယ်ပဲ တူးလို့ရတာပဲ... လောင်ရွှီ အရမ်းတော်တာပဲ... တောင်ထဲက လမ်းသရဲကြီး ဆိုတာ အလကားတော့ မဟုတ်ဘူးပဲ]
[ပြောရရင် တောင်ထွက်ပစ္စည်း ရှာတဲ့ နေရာမှာတော့ ငါ သူ့ကိုပဲ အထင်ကြီးတယ်]
[တွေ့လား... ဒါကိုမှ ပရော်ဖက်ရှင်နယ် လို့ ခေါ်တာကွ]
[ချင်လင်ကို ရောက်လာတာတောင် ဒီလောက် စွမ်းနေသေးတာပဲလား]
ရွှီယန်က ဝါးမျှစ် တစ်ခု တူးပြီးသွားသည့်နောက် ပတ်ဝန်းကျင်တွင် ဆက်လက် ရှာဖွေနေလိုက်သည်။
ကံကောင်းပါက ဝါးမျှစ် တစ်ခု နှစ်ခုခန့် အပေါ်သို့ ထွက်နေသည်ကိုတောင် မြင်တွေ့နိုင်ပေသည်။ သူက မြင်သည်နှင့် ချက်ချင်း တူးယူသည့် သူ၏ စွမ်းရည်ကို ဆက်လက် အသုံးချနေလိုက်၏။
ရွှီယန်က ဝါးတောထဲတွင် အလုပ်ရှုပ်နေသည်။
ပန်ဒါဝက်ဝံကတော့ သစ်ပင်ပေါ်မှနေ၍ သူ့ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေ၏။ ရွှီယန် ဘာလုပ်နေသလဲ ဆိုသည်ကို သူ နားမလည်ချေ။
တောရိုင်း ပန်ဒါဝက်ဝံက သူ ဤနေရာတွင် ရပ်နေလိုက်သည်နှင့် ခြေနှစ်ချောင်းသတ္တဝါများက သူ့ကို အလိုလို ပြုစုစောင့်ရှောက်ကြမည် ဆိုသည်ကို ယခုအထိ သတိမထားမိသေးပေ။
ရွှီယန်ကတော့ ဝါးမျှစ်တူးရသည်မှာ အလုပ်ရှုပ်နေပြီး မကြာခင်မှာပင် ဝါးမျှစ် တစ်ခုပြီးတစ်ခု တူးဖော်ပြီးသွားခဲ့သည်။
တူးပြီးသွားသောအခါ ရွှီယန်က သစ်ပင်အောက်သို့ သွားကာ ဝါးမျှစ်များကို မြေပြင်ပေါ် ချထားလိုက်ပြီး အပေါ်သို့ မော့ကြည့်ကာ အော်လိုက်၏။
"ထွမ်ဇီ... ထမင်းဆင်းစားတော့လေ"
ရွှီယန်က ဤအချိန်တွင် သူကိုယ်တိုင် ပန်ဒါစခန်းမှ တိရစ္ဆာန်ထိန်း တစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ခံစားချက်က တော်တော်လေး ထူးဆန်းလှ၏။
အော်သံကို ကြားသောအခါ ပန်ဒါဝက်ဝံက အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ထားထားသော ဝါးမျှစ်များကို ချက်ချင်း သတိထားမိသွားသည်။ သူက ချက်ချင်းပင် ဖင်ကို အောက်စိုက်ကာ တစ်ရွေ့ရွေ့ဖြင့် အောက်သို့ ဆင်းလာတော့၏။
ပန်ဒါဝက်ဝံ၏ သစ်ပင်ဆင်းသည့် ပုံစံက လူများနှင့် အနည်းငယ် ဆင်တူပြီး တစ်ဆင့်ချင်းစီ ဆင်းရခြင်း ဖြစ်သည်။
ရွှီယန်က သူ မွေးထားသော ကျားသစ် ရှောင်ဟွာ ကို ချက်ချင်း သတိရသွားသည်။ ရှောင်ဟွာလည်း ဤသို့ပင် သစ်ပင်ဆင်းသည် မဟုတ်ပါလား။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ မှန်ကန်သော သစ်ပင်ဆင်းသည့် ပုံစံက မြေပြန့်တွင် ပြေးသကဲ့သို့မျိုး ဖြစ်သော်လည်း မည်သူက ဂရုစိုက်နေမည်နည်း။ ဆင်းနိုင်လျှင် ပြီးရောပေါ့။