← Chapters

သင် ဉာဏ်အလား ရပြီလား…

Vol. 018 Ch. 897

သင် ဉာဏ်အလား ရပြီလား…

Vol. 018 Ch. 897

ထိုတောနက်၏ အပြင်ဘက် အစိမ်းရောင်တောင်တန်းများကြား၌ အများသူငါ သွားလာသည့် လမ်းတစ်ခု ရှိနေသည်။ထိုလမ်းပေါ်ပေါ်၌ ရထားလှည်းများနှင့် အဖွဲ့တစ်ခု သွားလာနေ၏။ထိုရထားလှည်းများသည် သတ္တုတစ်မျိုးနှင့် ပြုလုပ်ထားပုံရကာ မွေးရနံ့တစ်ခုကို ပေးစွမ်းနေသည်။

ဘီးသံ၊ဝင်ရိုးသံများက တညံညံ ရှိနေ၏။ထိုစဉ် ရှေ့ဆုံးမှ လှည်းတစ်စင်းက ရုတ်တရက် ရပ်တန့်သွားပြီး အသက်ခုနစ်နှစ်၊ရှစ်နှှစ်လောက် ရှိမည့် ကလေးမလေးတစ်ယောက်သည် လှည်းပေါ်ကနေ ခုန်ဆင်းလာသည်။

ထိုမိန်းကလေးက ပိုးသားအင်္ကျီကို ဝတ်ဆင်ထားကာ သူမ၏ မျက်နှာသည် ပန်းရောင်သန်းနေ၏။သူမက လှည်းပေါ်ကနေ ဆင်းပြီး ဘေးတစ်ဖက်ရှိ မြက်ခင်းထဲသို့ အမြန် လျှောက်လှမ်းသွားသည်။

ထို့နောက် သူမက ထိုင်ချကာ လက်ထဲရှိ တစ်စုံတစ်ခုကို မြေပြင်ထက်သို့ ချထားလိုက်၏။ထိုအရာမှာ ခြေထောက်တွင် ပတ်တီးစီးထားသည့် အကောင်ငယ်လေးတစ်ကောင်ပင်။

“အနက်လေး…ပြန်သွားတော့…” မိန်းကလေးငယ်လေး၏ မျက်လုံးထဲ၌ အပြစ်ကင်းစင်မှုတို့က အထင်းသား ပေါ်နေကာ သူမသည် အကောင်ငယ်လေး၏ဦးခေါင်းကို လက်ဖြင့် တို့ထိလိုက်၏။ထိုအကောင်ငယ်လေးက မော့ကြည့်လာသည်။၎င်းက အသိဉာဏ်ရှိသည့်အလား မိန်းကလေးငယ်လေးကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ပြန်ကြည့်၏။

ထိုအခိုက်မှာပင် ရထားလှည်း၏ လိုက်ကာစသည် လှုပ်ခတ်သွားပြီး အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ အသွင် ထွက်ပေါ်လာ၏။သူတို့နှစ်ယောက်လုံးမှာ သက်လတ်ပိုင်းအရွယ် ရှိသည်။သူတို့က မိန်းကလေးငယ်လေးကို ချစ်ခင်သောအကြည့်ဖြင့် ကြည့်နေကြ၏။

လေပြင်ညင်း တိုက်ခတ်သွားသဖြင့် လိုက်ကာစသည် တဖျပ်ဖျပ် ဖြစ်သွား၏။ရထားပေါ်ရှိ ထိုနှစ်ယောက်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။သူတို့သာ ထိုသို့ ဖြစ်သည် မဟုတ်၊အနီးအနားရှိ ကျန်သည့် သေမျိုးများကလည်း ထိုကဲ့သို့ ဖြစ်သွားကြသည်သာ။

မိန်းကလေးငယ်လေး၏ မျက်လုံးထဲ၌ပင် စိတ်ရှုပ်ထွေးမှု ပြည့်သွား၏။အကောင်ငယ်လေးက ရုတ်တရက် ၎င်း၏ ပါးစပ်ထဲကနေ ရန်လိုစွာ နှာမှုတ်ကာ သွားဖြဲပြလာ၏။ ကြည့်ရသည်မှာ ၎င်း၏ ဒဏ်ရာကိုပင် မေ့သွားဟန် ရပြီး မိန်းကလေးငယ်၏ အပေါ်သို့ ပြန်၍ ခုန်တက်လာသည်။၎င်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီးနောက် ဟိန်းသံအရှည်ကြီး ပြု၏။

၎င်း၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ရှိနေ၏။ထိုအခိုက်မှာပင် မည်သူမျှ သတိမပြုမိနိုင်လောက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ထိုအဖြစ်အပျက်မှာ အကောင်ငယ်လေး၏ ပတ်တီးစီးထားသော ခြေထောက်မှ သွေးစီးကြောင်းတစ်ခု စီးကျလာခြင်းပင်။

“ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုဟာ အဆုံးမဲ့တယ်။ တာအိုလမ်းကြောင်းဟာ အကန့်အသတ်မရှိဘူး။ ဒီနေ့ ပြုမူစောင်ရွက်မှုဟာ ကံကြမ္မာအကြောင်းရင်းကို ဖန်တီးစေလိမ့်မယ်…။အနာဂတ်မှာတော့ သံသရာ တကြော့ပြန်ပြီး ကံကြမ္မာအကျိုး ဖြစ်ထွန်း လိမ့်မယ်…”

ရှေးဟောင်းအသံတစ်ခုသည် ကမ္ဘာလောကတွင် ဉာဏ်အလင်း၏အငွေ့အသက်နှင့်အတူ ပဲ့တင်ထပ်လာသည်။

အကောင်ငယ်လေး၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။သို့သော် ၎င်းက ဟိန်းသံ ပြုနေဆဲပင်။၎င်း၏ မျက်လုံးထဲတွင် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း အသိဉာဏ်တို့ ပြည့်နေသည့်ပုံ ရသည်။

စောနက ပေါ်ထွက်လာသည့် အသံမှာ တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွား၏။အကောင်ငယ်လေးက စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေ၏။ ၎င်းက ၎င်း၏ဉာဏ်အလင်းကို ပြည့်ပြည့်ဝဝ မနိုးထနိုင်၊ထိုအသံ၏ အဓိပ္ပာယ်ကို နားမလည်နိုင်သည့်ဟန် ဖြစ်နေ၏။သို့သော်လည်း ထိုအသံကို ကြားခဲ့ပြီးသည့်နောက် ၎င်း၏အမြင်သည် ရေးတေးတေး ရှိလာကာ တစ်စုံတစ်ရာကို တွေ့မြင်သွားသည့်အလား။

အဘွားအိုတစ်ယောက်သည် ဇိမ်ခံအခန်းတစ်ခုထဲ၌ လှဲလျောင်းနေ၏။သူမ၏မျက်နှာထက်၌ အရေးအကြောင်းများ ပေါ်ထွက်နေလျှင်ပင် သူမ၏ကြင်နာသည့်ဟန်ပန်ကို မဖုံးကွယ်ထားနိုင်ပေ။သူမက သေဆုံးတော့မည် ဖြစ်သော်လည်း သူမ၏မျက်လုံးများမှာ ဝေဝါးမနေပါ။သူမသည် မျက်လုံးမှိတ်သွားရင်း အပြုံးတစ်ခုကို ထုတ်ဖော်၏။ ရုတ်တရက် ကြမ်းကြုတ်ကာ ကြီးမားသည့် သားရဲတစ်ကောင်သည် ကောင်းကင်ထက်ကနေ ရောက်ရှိလာ၏။ထိုသားရဲ ကျရောက်လာသည့်အခါတွင် ၎င်းက အဘွားအိုကို ကြည့်ကာ အဖြူရောင်တိမ်ထုတစ်ခုအား ထွေးထုတ်သည်။၎င်းအဖြူရောင်အခိုးငွေ့တို့သည် အဘွားအိုအား ဝန်းရံသွားသည်။သည့်နောက် ၎င်းအခိုးငွေ့သည် ပြန်ထွက်ခွာသွားသည်။

“အနက်ရောင်လေး…” အဘွားအိုက မျက်လုံးဖွင့်လာ၏။

ပုံရိပ်ယောင်က ပျောက်ကွယ်သွား၏။အကောင်ငယ်လေး၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပိုဖြစ်လာသည်။လေပြေညင်းက အရာအားလုံးကို တိုက်ခတ်သွားသည်။ရထားလှည်းများပေါ်ရှိ လူများသည် ပြန်၍ သတိဝင်လာကြ၏။သို့သော် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူတို့ လုံးဝ မသိလိုက်ကြပေ။မိန်းကလေးငယ်လေးပင် သတိမထားမိလိုက်ပေ။သူမက ပြုံး၍ အကောင်ငယ်လေးကို အောက်သို့ ပြန်ချလိုက်၏။ “အနက်ကောင်လေး…သွားတော့…အိမ်ပြန်တော့…”

သေမျိုးကမ္ဘာ၏ ရွာတစ်ရွာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦးသည် ဇလုံအပဲ့တစ်ခုကို လက်ညွှိုးထိုးရင်း ကလေးငယ်တစ်ယောက်ကို ဆူနေ၏။ကလေးငယ် မတ်တပ်ရပ်နေရင်း ငိုယိုနေ၏။သို့သော် သူက စကားတစ်ခွန်းမှ ပြန်မပြောဝံ့ပေ။

သူတို့နှစ်ယောက်ဘေး၌ သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရှိနေ၏။သူက မြေပြင်တွင် ထိုင်ကာ ဆေးတံကို လက်၌ ကိုင်ထားသည်။ သူက ဆေးတံကို အနည်းငယ် ဖွာရှိုက်ပြီးနောက် တစ်ခုခု ပြောရန် ဟန်ပြင်သည်။သို့သော်လည်း သူက သက်ပြင်းသာ ပြန်ချမိ၏။

ထိုအခိုက်အတန့်၌ လေပြေညင်းသည် တိုက်ခတ်လာသည်။ဆူဆဲသံများ ရပ်တန့်သွားကာ အမျိုးသမီး၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပေါ်လာသည်။သူမသာ မက ဆေးတံသောက်နေသော အမျိုးသားဖြစ်သူပင် ရပ်တန့်သွား၏။

ကလေးငယ်က သတိပြုမိဟန် မရဘဲ ငိုယိုနေရင်း ခပ်တိုးတိုး ဆိုနေသည်။ “အမေ…ဒီဇလုံပေါ်မှာ အစောကတည်းက အက်ကွဲကြောင်းတစ်ခု ရှိပြီးသားပါ…”

“တာအိုဟာ ဒီဇလုံလိုမျိုးပဲ…ပြည့်စုံမှုမရှိ၊ အက်ကွဲမှုတွေနဲ့ ပြည့်နေတယ်။ဒါဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်…” ရှေးကျသည့် သက်ပြင်းသံသည် လောကတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ထို့နောက် လေပြေညင်းအလား ပြန်ထွက်ခွာသွားပြန်၏။

အမျိုးသမီး၏မျက်လုံးထဲရှိ ရှုပ်ထွေးမှုသည် ပျောက်ကွယ်သွားသည်။သူက ကလေးငယ်ကို ဇလုံကိုကျကွဲစေသည့်အတွက် ဆက်လက် မာန်မဲဆူဆဲနေသည်။သက်လတ်ပိုင်းလူမှာ မြေပြင်ထက်မှ ဆေးတံကိုကောက် တရှိုက်ဖွာချလိုက်တော့၏။

ကလေးငယ်သည် ကောင်းကင်ထက်သို့ မျက်လုံးအပြူးသားနှင့် ကြည့်နေ၏။သူကကောင်းကင်ထက်၌ သူ့ဦးလေးတစ်ယောက် လှမ်းလာသည်ကို တွေ့မြင်နေသည့်အလား။ ကလေးငယ်မှာ သူ့အမေ၏ ဆူဆဲသံကို ထပ်ကြားလိုက်ရသည့်အခါ သူ့မျက်လုံးကို ပွတ်သပ်ကြည့်လိုက်၏။ထိုအခါ သူသည် မည်သည့်အရာကိုမျှ မတွေ့မြင်ရတော့ပေ။

အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် တောင်ကြောတစ်လျှောက် ကြောက်လန့်တကြား ပြေးနေ၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။သူက ကြောက်မက်ဖွယ်တစ်ခုခုကို တွေ့မြင်ခဲ့ရသည့်အလား ထင်ရသည်။

သူ့နောက်၌ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် လိုက်လာနေသည်။သူမ၏ မျက်လုံးထဲ၌ မုန်းတီးမှုတို့ ပြည့်နေသည်။သူမက နီးကပ်လာသည်နှင့် လက်ထဲရှိ ဓားကို ပင့်မြှောက်ကာ ရှေ့က လူကို ခုတ်ပိုင်းချလိုက်သည်။ သည့်နောက် သူမသည် ဝမ်းနည်းစွာ ရယ်မောပြန်သည်။

လေပြေညင်းသည် ရောက်လာပြန်သည်။အမျိုးသားဖြစ်သူ၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုတို့ ပျောက်ကွယ်သွားကာ စိတ်ရှုပ်ထွေးမှု အစားဝင်လာသည်။အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီးသည်လည်း ထို့အတူသာ ဖြစ်သည်။သူမက လက်ထဲရှိ ဓားကို ပင့်မြှောက်ထားလျက်သား ရှိနေသည်။

“နောက်ထပ် ကံအကြောင်းရင်းနဲ့ကံအကျိုးဆက်…” ရှေးဟောင်းအသံသည် ပဲ့တင်ထပ်သွားပြီး တဖြေးဖြေး ပြန်လွင့်ပြယ်သွားတော့သည်။

လေပြေညင်းတိုက်ခတ်မှု ပျောက်ကွယ်သွားသည့်အခါ အမျိုးသမီးဖြစ်သူသည် ပြန်သတိဝင်လာ၏။သူမ၏ဓားသည် သက်လတ်ပိုင်းလူ၏ဦးခေါင်းကို ဖြတ်တောက်သွားခဲ့လေပြီ။သူမ၏မျက်လုံးထဲတွင် မျက်ရည်စတို့ ပြည့်နေကာ သူမက မြေပေါ်သို့ ဒူးထောက်ချရင်း ပြောဆိုလိုက်သည်။ “အဖေ၊အမေ၊ သင်တို့ရဲ့ကလေးဟာ သင်တို့အတွက် ပြန်လက်စားချေပြီးသွားပါပြီ…”

ဝမ်လင်းသည် တာအိုရှာဖွေခြင်းတွင် နစ်မြုပ်ရင်း ခရီးနှင်ကာ သူ့တာအိုကို သေချာရန် ကြိုးပမ်းနေ၏။တခါတရံ သူက ရှုပ်ထွေးသွားလိုက်၊တခါ သံသယ ဖြစ်သွားလိုက်၊ ပဟေဋိ ဖြစ်သွားလိုက်နှင့် ရှိနေသည်။ကောင်းကင်နှင့်မြေကြီး၏ တာအိုသည် အဆုံးမဲ့ပေသည်။ထို့ကြောင့် ဖမ်းဆုပ်မိရန်အတွက် အလွန်ခက်ခဲလွန်းလှ၏။

သူက လေနှင့်အတူ ခရီးနှင်နေရင်း အိပ်မက်တစ်ခုကို တွေ့ကြုံခဲ့သည့်ပုံပင်။ထိုအိပ်မက်ထဲ၌ သူက ချင်လင်းဂြိုဟ် ဖြစ်လာခဲ့သည်။သူက ထိုဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံး၏ လုပ်ဆောင်မှု၊ခံစားမှုအားလုံးကို တွေ့မြင်နိုင်၊ကြားသိနိုင်နေသည်။

သူသည် ကလေးငယ်တစ်ယောက် မွေးဖွားမှု၊လူအိုတစ်ယောက်သေဆုံးမှု၊ မိဘများ၏ အားထုတ်မှု၊ချစ်သူတစ်ယောက်၏အကြည့်၊ ခွဲခွာခြင်း၊ ကောင်းမှု၊ဆိုးမှု အားလုံးကို တွေ့မြင်ခဲ့ပေသည်။

“နောက်ဆုံးတော့…ဘယ်အရာဟာ တာအိုလဲ…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးနေဆဲပင်။ထိုအရာများကို တွေ့မြင်ပြီးသည့်နောက်လည်း သူက အဖြေကို ရှာမတွေ့နိုင်သေးဆဲ ဖြစ်နေ၏။သူက ဆက်လက်၍ တာအိုနောက်သို့ လိုက်နေရင်း သူ့တာအိုကို သေချာအောင် ရှာဖွေနေရင်း ပို၍ပို၍ စိတ်ရှုပ်ထွေးလာတော့သည်။

ချင်လင်းဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ပို၍ သိပ်သည်းလာခဲ့၏။သို့သော် ရှုပ်ထွေးမှုအငွေ့အသက်တို့ ပါဝင်နေသည်။ ကျင့်ကြံနေသူတိုင်းသည် ထူးဆန်းသောနယ်ပယ်တစ်ခုထဲသို့ နစ်မြုပ်သွားကာ ချင်လင်းဂြိုဟ်နှင့် ပေါင်းစပ်သွားသည့်အလား ထင်မှတ်ရသည်။ထိုအခိုက်အတန့်၌ သူတို့၏စိတ်သည် ထိန်းချုပ်ခံထားရပြီး အဖြေတစ်ခု၊ရလဒ်တစ်ခုနောက်သို့ အလိုလို လိုက်ရှာနေမိသည်။

ဝမ်လင်း၏ တာအိုနောက်သို့ လိုက်လံနေမှုသည် ဆက်လက်၍ ဖြစ်နေ၏။အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။သူ့အတွက် အဆုံးမရှိတော့ဟုပင် ထင်ရသည်။သူက ချင်လင်းဂြိုဟ်အနှံ့ ပေါင်းစပ်နေသည့်အလား။

ရွာလေးတစ်ရွာ၏ နေဝင်ချိန်သကာလ စာသင်ကျောင်းအတွင်း၌ ကလေးအများစုသည် ကျောင်းကနေ အိမ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။လူငယ်လေးတစ်ယောက်သာ ကျောင်းထဲ၌ တံမြက်စီးလှည်းလျက် ကျန်ရစ်ခဲ့သည်။ထိုအခိုက်၌ လေပြေ တိုက်ခတ်လာကာ ထိုလူငယ်လေးသည် မှင်သက်သွားသည်။သူ့မျက်လုံးက တောက်ပသွားပြီး တံမြက်စီးတံကို ချကာ သူ့ဆရာ၏အိမ်ရှိရာသို့ လှမ်းလျှောက်သွားတော့သည်။

“ဆရာ…တပည့် မေးစရာတစ်ခု ရှိလို့ပါ…”

အိမ်တံခါးသည် ပွင့်သွား၏။ ပညာရှိပုံစံ သေမျိုးအဘိုးအိုသည် လှမ်းထွက်လာရင်း နူးညံ့စွာ ပြန်တုန့်ပြန်သည်။ “ဘာများ မေးမလို့လဲ…”

လူငယ်လေးသည် အဘိုးအိုကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “ဆရာ… တာအိုဆိုတာ ဘာလဲ သိလား…”

“တာအိုလား…” အဘိုးအိုသည် လူငယ်လေးကို ကြည့်ကာ သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ပြန်ဖြေသည်။ “ဒီအဘိုးအိုက လူသားဆန်မှုနဲ့လူတွေအကြောင်းကိုပဲ သင်ပေးတယ်…တာအိုကို မသင်ဘူး…”

လူငယ်လေးသည် တိတ်တဆိတ်စဉ်းစားရင်း ပြန်ထွက်ခွာသွားသည်။လေပြေညင်းသည်လည်း တရွေ့ရွေ့ပြန်လွင့်ပါးသွား၏။လူငယ်လေး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ အသိပြန်ဝင်လာသည်။သူက မည်သည့်အရာကို လုပ်ခဲ့မိမှန်းမသိဘဲ စိတ်ရှုပ်ထွေးဟန် ဖြစ်နေ၏။

မြို့ငယ်လေးတစ်မြို့တွင် လေးစားကြည်ညိုဖွယ်ကောင်းသည့် အဘိုးအိုရွှယ်သည် ညနက်သည့်အထိ ဆီမီးအိမ်ကို ထွန်းထားသည်။သူက စာလိပ်တစ်ခုကို ကောက်ယူပြီး ဖတ်ရှုရန် ပြင်လိုက်သည်။

လေပြေညင်းသည် အခန်းထဲသို့ ရိုက်ခတ်လာကာ ဆီမီးအိမ်ကို တဖျပ်ဖျပ် ဖြစ်စေသည်။အဘိုးအိုက ခေါင်းမော့ကြည့်လိုက်၏။

ရှေးဟောင်းအသံတစ်ခုသည် သူ့အခန်းထဲ၌ ပေါ်ထွက်လာခဲ့သည်။

“သင်ဟာ ဒီမြို့မှာ ပညာရှိတစ်ယောက်ဖြစ်တယ်။ ဒီတော့ သင် တာအိုဆိုတာ ဘာလဲ သိလား..”

အဘိုးအို၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။သူ့လက်ထဲရှိ စာလိပ်သည် လွတ်ကျသွား၏။သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုပေါ်လာကာ တုန်တုန်ယင်ယင်နှင့် ပြောလာ၏။ “သင်…သင်ဟာ လူလား…တစ္ဆေလား…”

ရှေးဟောင်းအသံသည် နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။ “တာအိုဆိုတာ ဘာလဲ…”

အဘိုးအိုက အသက်ဝဝရှုသွင်းမိ၏။သူက သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင်လုပ်ကာ တုန်တုန်ယင်ယင်နှင့် ဖြေလာသည်။ “ဒီအဘိုးအိုက တာအိုကို ဘာမှန်း မသိပါဘူး…

ထိုအသံသည် သက်ပြင်းချခြင်းနှင့်အတူ အကွာအဝေးတစ်ခုသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။အခန်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။သို့သော် အဘိုးအိုရွှယ်မှာ စာဖတ်ရန် စိတ်မပါတော့ချေ။

တိုင်းပြည်တစ်ပြည်၏ မြို့တော်တစ်ခုမှ စာသင်ကျောင်းတစ်ခုအတွင်း ကျောင်းသားများစွာသည် လူ့အကြောင်းနှင့်ပတ်သတ်သည့် စာအုပ်များ ကိုင်ကာ ဖတ်ရှုနေကြသည်။သူတို့၏ ရှေ့၌ အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ဆင်မြန်းထားသည်။

ထိုအခိုက်အတန့်၌ လေပြေညင်းသည် ရိုက်ခတ်လာသည်။ကျောင်းသားများထဲမှ တစ်ယောက်သည် လက်ထဲရှိ စာအုပ်ကို ချကာ မတ်တပ်ထရပ်ပြီး တည်ငြိမ်စွာ မေးလာသည်။ “ဆရာ…သင် တာအိုကို သိလား…”

ထိုကျောင်းသား၏အသံကို ကြားလိုက်ရသည့်အခိုက် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။အဘိုးအို၏အသွင်သည် သာယာသည့်ဟန် မရတော့ဘဲ သူက ပြောလိုက်၏။ “ကောင်းကင်နဲ့မြေကြီးက တာအိုပဲ…”

ထိုကျောင်းသားသည် ခေါင်းယမ်းလိုက်၏။သူက ပြန်ထိုင်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။သည့်နောက် လေပြေညင်းသည် ထိုကျောင်းထဲကနေ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ထိုလေပြေညင်းက ချင်းလင်းဂြိုဟ်အနှံ့သို့ ရောက်ရှိနေ၏။ယင်းလေပြေ ရောက်ရှိလာတိုင်း ရှေးဟောင်းအသံသည် ဂြိုဟ်ပေါ်ရှိ ပညာတတ်ဆိုသူတိုင်းကို တာအိုကဘာလဲ ဟု မေးခွန်းအား မေးမြန်းခဲ့ပေသည်။

အဆုံးသပ်၌ သူတို့အားလုံးသည် အဖြေမျိုးစုံ ပေး၏။သို့သော် မည်သူကမျှ ရှင်းလင်းသောအဖြေကို ပေးနိုင်စွမ်း မရှိခဲ့ကြပေ။

စိတ်ရှုပ်ထွေးနေမှု။ ဝမ်လင်းသည် တာအိုကို ရှာဖွေနေရင်း အိပ်မက်ထဲ၌ နစ်မြုပ်နေဆဲ ဖြစ်သည်။သူက တာအို၏ အစစ်အမှန်အဓိပ္ပာယ်ကို ထာဝရ ရှာဖွေတော့မည့် အလားဟု ထင်ရသည်။

သည်နေ့တွင် ဝမ်လင်း၏ မေးခွန်းမေးခြင်း ခံခဲ့ရသည့် ရွှယ်အဘိုးအိုသည် သူ့အိမ်ထဲ၌ လူလားခေါက်တုံ လျှောက်နေကာ သူက တည်တည်ငြိမ်ငြိမ် မနေနိုင် ဖြစ်နေသည်။သူက တည်ငြိမ်မလို ဖြစ်တိုင်း ရှေးဟောင်းအသံသည် သူ့စိတ်ထဲသို့ ရောက်ရောက်လာနေ၏။

သူက သက်ပြင်းလေးလံစွာ ချပြီးသည့်နောက် သူ့ထီးကို ကောက်ယူကာ မိုးရွာထဲသို့ လမ်းလျှောက်ရန် ထွက်သွားတော့သည်။သူက မြို့ထဲ၌ ဟိုဒီလျှောက်နေသည်။သူ့မျက်လုံးထဲတွင်လည်း ရှုပ်ထွေးမှုတို့ ပြည့်နေ၏။

“တာအိုဆိုတာ ဘာလဲ…။ငါက ငါ့ကိုယ်ငါ ဗဟုသုတနဲ့ ပြည့်တယ်လို့ တွေးထင်ခဲ့တယ်။ဒါပေမဲ့လည်း ဒီထူးဆန်းတဲ့အသံရဲ့ တာအိုဆိုတာ ဘာလဲ မေးတဲ့ အခါမှာ ငါဟာ ဆွံ့အသွားခဲ့ရတယ်…”

စိတ်ရှုပ်ထွေးခြင်းနှင့်အတူ အဘိုးအိုသည် မြို့မြောက်ဘက်သို့ မသိလိုက်မသိဘာသာ လျှောက်လာမိသည်။ထိုမြို့မြောက်ဘက်ရှိ မြစ်ဘေးတွင် အဘိုးအိုတစ်ယောက် ရှီနေ၏။ထိုအဘိုးအိုသည် မိုးကာ ဝတ်ထားကာ သူ့လက်ထဲရှိ ငါးဖမ်းပိုက်ကွန်ကို မြစ်ထဲသို့ ပစ်လွှတ်ချသည်။

အဘိုးအိုရွှယ်က ဦးတည်ချက်မရှိ ထိုအဖြစ်ကို ကြည့်နေမိ၏။သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေ၏။ “တာအိုဆိုတာ ဘာလဲ…”

ထိုအခိုက်အတန့်၌ မိုးကာနှင့်အဘိုးအိုသည် ပျော်ရွှင်စွာ ထအော်၏။သူက ငါးများနှင့် ပြည့်နေသော ငါးဖမ်းပိုက်ကွန်ကို ပြန်ဆယ်လိုက်သည်။ပိုက်ကွန်ထဲရှိ ငါးများက အဆက်မပြတ် ရုန်းကန်နေသည်။၎င်းတို့၏မျက်လုံးထဲ၌လည်း မျှော်လင့်ချက်မဲ့မှုတို့ ရှိနေသေး၏။

ထိုမြင်ကွင်းက အဘိုးအိုရွှယ်ကို မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားစေ၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေသည်။သူက ငါးဖမ်းပိုက်ကွန်ကို စူးစိုက်ကြည့်နေသည်။

“ဒါ…ဒါက တာအို ဖြစ်နိုင်လား…။ငါသာ ငါးတစ်ကောင် ဖြစ်မယ်ဆိုရင် မြစ်ဟာ ကောင်းကင်နဲ့မြေကြီး သဘာဝပဲ။ ငါးဖမ်းပိုက်ကွန်နဲ့အဘိုးအိုကတော့ ကံကြမ္မာကို ထိန်းချုပ်တဲ့ ဖန်တီးသူ ဖြစ်လိမ့်မယ်…”

အဘိုးအိုရွှယ်၏ စိတ်သည် တုန်ခါသွားသည်။လေပြင်းတစ်ခုသည် လောက၌ ပြည့်လာ၏။

ထိုလေပြင်းထဲ၌ ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ပါဝင်နေသည်။ငါးဖမ်းပိုက်ကွန်နှင့် အဘိုးအိုသည် ကြောက်လန့်သွားသည်။သူက ပိုက်ကွန်ကို ဖြေလျော့ကာ မြေပြင်ထက်၌ အထိတ်တလန့် ထိုင်လိုက်သည်။အဘိုးအိုရွှယ်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိ၏။သူက သူ့ကိုယ်သူ မနည်း ပြန်တည်ငြိမ်အောင် လုပ်နေရသည်။

ထိုလေပြင်းက လူတစ်ယောက်၏အသွင် ဖြစ်တည်လာသည်။ထိုသူကတော့ ဝမ်လင်းပင်။

သူက ပိုက်ကွန်ကနေ လွတ်မြောက်ကာ မြစ်ထဲသို့ ပြန်ဆင်းသွားကြသည့် ငါးများကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ ဉာဏ်အလင်း ပါဝင်နေသည်။သူက သူ့လက်ဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို ဖြစ်စေကာ ရွှယ်အဘိုးအို၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက်သည်။

“မင်းက ငါ့ကို ဉာဏ်အလင်း ရစေခဲ့တဲ့အတွက်…ငါလည်း မင်းကို အခွင့်အရေးတစ်ခု လက်ဆောင်ပြန်ပေးရမှာပေါ့…”

***

All Chapters