အခန်း ၁၂၁
Vol. 13 Ch. 121
🍄 Chapter 121
ယန်ကျောက်က မျှော်လင့်မထားသော မေးခွန်းကို မေးလိုက်လေသည်။
ချန်ဖျင် အံ့အားသင့်သွားပြီးနောက် ပြန်လည်ဖြေဆိုလိုက်၏။
“သူက ကျွန်တော့်ကို အရင် စပြီး မြှူဆွယ်ခဲ့တာပါ”
ဤအမျိုးသားသည် အထီးကျန်နေသော သူ့ဇနီးဟောင်း၏ အချစ်ရေးကိစ္စများကို သိလိုနေသည်ဟု သူ ထင်မှတ်လိုက်သည်။
ကြည့်ရသည်မှာ အမျိုးသားတစ်ဦးအနေဖြင့် မနာလိုဝန်တိုခြင်းများကို ရှောင်လွှဲ၍ မရနိုင်ပုံပေါ်၏။
ဤသေမင်းတမန်ကြီးသည်ပင် ချွင်းချက်မရှိခဲ့ပေ။
အကယ်၍ ထွက်ဆိုရန် အမှန်တရားမရှိပါက သူသည် တစ်စုံတစ်ခုကို လုပ်ကြံ၍ ဖန်တီးပြောဆိုရပေလိမ့်မည်။
သို့သော် ယန်ကျောက်၏ မျက်ခုံးများ ကြုံ့သွားလေသည်။
“ငါ ပြောနေတာ အဲဒါမဟုတ်ဘူး၊ ငါ့သားကို မင်း လှည့်စားပြီး အသားကင် အချောင်းငါးဆယ် စားခိုင်းလို့ သူ တစ်ညလုံး အန်နေခဲ့ရတဲ့အချိန်အကြောင်းကို ပြောနေတာ”
ဤစကားလုံးများက ငရဲပြည်မှ ချမှတ်လိုက်သော တရားစီရင်ချက်တစ်ခုပမာ ခံစားလိုက်ရသည်။
“ပိုက်ဆံ... ငါ မင်းကို ပိုက်ဆံပြန်ပေးပါ့မယ်၊ အခုချက်ချင်း ပြန်ပေးပါ့မယ်”
လက်ထိတ်ခတ်ထားသဖြင့် အိတ်ကပ်ထဲသို့ နှိုက်ရန် အဆင်မပြေသော်ငြား ချန်ဖျင်မှာမူ ငွေပြန်ပေးရန် အလွန်အမင်း ဆန္ဒရှိနေခဲ့သည်။
တစ်ချိန်က အဓိပ္ပာယ်မရှိသော နောက်ပြောင်မှုလေးတစ်ခုဟု သတ်မှတ်ခဲ့သောအရာမှာ ယခုအခါ ယန်ကျောက်၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားကို ရင်ဆိုင်ရချိန်တွင် ထိုအချိန်သို့သာ ပြန်သွားနိုင်ရန် ချန်ဖျင် ဆုတောင်းနေမိတော့၏။
ယွမ် ၅၀ ကို နှုတ်ခမ်းလေးစူကာ ပိုက်ဆံတောင်းနေခဲ့သော ရှောင်ဝမ့်အား ပြန်လည်ပေးအပ်နိုင်ရန်အတွက်သာ ဖြစ်ပေသည်။
“အသေးစိတ် ပြောပြစမ်း”
ယန်ကျောက်က အမိန့်ပေးလိုက်၏။
“အသေးစိတ် အချက်အလက် တစ်ခုလေးကိုတောင် မလွတ်စေချင်ဘူး၊ အဲဒီအချိန်က ပါဝင်ခဲ့တဲ့ လူတွေ၊ မင်းတို့ ဘာတွေပြောခဲ့ကြတယ်၊
ငါ့သားရဲ့ ပုံစံ၊ သူ့ရဲ့ မျက်နှာအမူအရာတွေ၊ သူ ငိုခဲ့လား၊ ရယ်ခဲ့လား၊ သူ ဘာတွေပြောခဲ့လဲ ဆိုတာကအစ အကုန်လုံးကို သေချာပြောပြ”
ဤကဲ့သို့သော စစ်ကြောရေးမျိုးမှာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်လှပေသည်။
ထို့ကြောင့် ချန်ဖျင်က စတင်၍ ပြန်လည်ပြောပြရလေတော့သည်။
နားထောင်နေစဉ်အတွင်း ယန်ကျောက်၏ မျက်နှာမှာ မီးရောင်အောက်တွင် ကျောက်ဆစ်ရုပ်တုတစ်ခုပမာ ငြိမ်သက်နေကာ ဇာတ်လမ်း ပြီးဆုံးသွားသည့်တိုင်အောင် မည်သို့မျှ လှုပ်ရှားခြင်းမရှိခဲ့ပေ။
သူ၏ လေသံမှာတော့ နူးညံ့လာလေ၏။
“ဖခင်ဆိုတာ ဘာလဲ၊ သူက တောင်တန်းကြီးတစ်ခုလို ကလေးရဲ့ မှီခိုအားထားရာပဲ၊ ဖခင်မရှိတဲ့ ကလေးဆိုတာ အားကိုးစရာ မရှိတော့ဘူး၊
မင်းက လူကို ကားနဲ့တိုက်ပြီး ထွက်ပြေးခဲ့တယ်... အဲဒီအတွက် ချက်ချင်း သေဒဏ်ပေးလို့ရတယ်၊ ငါ့သား အဲဒီတုန်းက ဘယ်လိုအခြေအနေမျိုး ကြုံခဲ့ရလဲဆိုတာသိတယ်မလား၊ မင်းသားလည်း အနာဂတ်မှာ အဲဒီလိုမျိုးကြုံရလိမ့်မယ်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”
“ငါ... ငါ အကုန်ဝန်ခံပါ့မယ်၊ ဒုစခန်းမှူးမာကသာ ပိုက်ဆံပေးပြီး ဖြေရှင်းဖို့မတိုက်တွန်းခဲ့ဘူးဆိုရင် ငါ ထွက်ပြေးခဲ့မှာမဟုတ်ပါဘူး”
ချန်ဖျင်က အော်ဟစ် ငိုကြွေးတော့၏။
“နောက်ကျသွားပြီ”
ယန်ကျောက် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ၊ သူ ဆွဲယူလိုက်သောကုလားထိုင်သံမှာ ဟာလာဟင်းလင်း ဖြစ်နေသော စစ်ကြောရေးအခန်းအတွင်း၌ ထိုင်းမှိုင်းစွာ ပဲ့တင်ထပ်သွားလေသည်။
ဂလွင်ခနဲ အသံနှင့်အတူ သူ့လည်ပင်းက မီးဆိုင်းကို သွားရောက်တိုက်မိသည်။ ခွပ်ခနဲ အသံနှင့်အတူ မီးသီးမှာ သံမီးဆိုင်းနှင့် ရိုက်မိကာ မီးသီးမှ ဖန်ကွဲစများမှာ သူ၏အင်္ကျီကော်လံအတွင်းသို့ လျှောကျသွားတော့၏။
သူက အနောက်သို့ လှမ်း၍ ဖယ်ရှားလိုက်စဉ် သွေးများကို မြင်လိုက်ရသဖြင့် သုတ်ပစ်လိုက်ကာ မာပေါ်အား လာရောက် ရှင်းလင်းရန် လက်ဟန်ပြလိုက်လေသည်။
ယန်ကျောက် အခန်းတွင်းမှ ထွက်ခွာသွားသည်နှင့်အမျှ ချန်ဖျင်၏မျက်နှာမှာ တဖြည်းဖြည်း တွန့်လိမ် ရှုံ့မဲ့သွားတော့၏။
ကျိုးယွန်ဖတ်ထက်ပင် ပို၍ စတိုင်ကျနေအောင် အသေအချာ ဖြီးသင်ထားသော သူ၏ ဆီရွှဲနေသည့်ဆံပင်များမှာ ယခုအခါ ဂျပန်တော်လှန်ရေး ဇာတ်ကားများထဲမှ သစ္စာဖောက်တစ်ဦးပမာ မျက်နှာရှေ့တွင် ဖရိုဖရဲ ကျဆင်းနေကာ မျက်ရည်များမှာလည်း မျက်နှာပေါ်တွင် စီးကျနေလေသည်။
ဤအချိန်၌ ချန်ဖျင် မြင်တွေ့နေရသည်မှာ ရှောင်ဝမ်နှင့် ရှောင်လန်တို့၏ ပုံရိပ်များသာ ဖြစ်ပြီး ထိုပုံရိပ်များက သူ့အား အရိုးစွဲအောင် ချမ်းစိမ့်သွားစေခဲ့သည်။
ကျိုးရွှယ်ချင်းသည် ဆင်ခြေဖုံးရပ်ကွက်ရှိ လမ်းဘေးဆိုင်လေးတစ်ခုတွင် သူနှင့်အတူ အသားကင်စားကာ ဘီယာသောက်နေခဲ့သည်။
စားသောက်နေစဉ်အတွင်း ကျိုးရွှယ်ချင်းက ယန်ကျောက် စစ်မြေပြင်မှ ပြန်မလာခြင်း၊ ယန်ကျောက် ပိုက်ဆံမရှာတတ်ခြင်း၊ ယန်ကျောက်၏ လစဉ် ထောက်ပံ့ကြေးမှာ ယွမ် ၁၈၀ သာ ရှိခြင်းတို့ကို အဆက်မပြတ် ညည်းတွားနေခဲ့သည်။
ချန်ဖျင်က သူ၏ ပီယာကာဒင် သားရေပတ်ကို အချိန်ကိုက် လက်ညှိုးထိုးပြကာ ပြောဆိုခဲ့လေသည်။
“ဒါက တိတိကျကျ ယွမ် ၁၈၀ တန်တယ်”
ရှောင်လန်လေးမှာ ရှောင်ဝမ်၏ကျောပေါ်တွင် ချည်နှောင်ထားခြင်းခံရကာ အသားကင်ဆိုင်ရှေ့တွင် ရပ်နေရင်း ကျိုးရွှယ်ချင်းအား အိမ်သို့အမြန်ပြန်ရန် တိုက်တွန်းလိုနေခဲ့၏။
အကြောင်းမူကား ရှောင်လန်လေး ဖျားနေသဖြင့် သူ၏ ညီလေးကို ဆရာဝန်ထံ သွားပြစေချင်သောကြောင့် ဖြစ်လေသည်။
“လာစမ်းပါ ရှောင်ဝမ်၊ ယန်ကျောက်က ပိုက်ဆံမရှာတတ်ပေမယ့် မင်းက ရှာတတ်ပါတယ်၊ အသားကင် တစ်ချောင်းစားရင် ဦးလေးက မင်းကို တစ်ယွမ်ပေးမယ်” ဟု သူက ရဲတင်းစွာ ပြောဆိုခဲ့ဖူးလေသည်။
ကောင်လေးက အသားကင်များကို လုယူကာ အချောင်း ငါးဆယ်တိတိကို တစ်ထိုင်တည်း စားပစ်ခဲ့လေသည်။
လူတိုင်း၏ ကလေးသည် သူတို့၏ မျက်လုံးထဲမှ အိမ်တော်သူလေးများ ဖြစ်ကြသကဲ့သို့ သူ၏ အဖိုးတန် သားလေးမှာလည်း သမီးမိန်းကလေး သုံးယောက်ပြီးမှ အခက်အခဲများစွာဖြင့် ရရှိထားခဲ့ရသူ ဖြစ်သည်။
အနာဂတ်တွင် သူသည်လည်း ရှောင်လန်နှင့် ရှောင်ဝမ်တို့ကဲ့သို့ ဖြစ်သွားတော့မည်မဟုတ်လော။
…
အိမ်တွင် ဖုန်းအသစ် တပ်ဆင်ပြီးနောက် ယွမ်ယွမ်နှင့် ရှောင်ဝမ်တို့သည် ဖုန်းဘေးတွင်သာ အိမ်စာများကို လုပ်နေကြသည်။
သို့သော် ဖုန်းတပ်ဆင်ပြီးကတည်းက မည်သူကမျှ ဖုန်းမခေါ်ဆိုသေးပေ။
“ဘာလို့ ဒီဖုန်းက မမြည်သေးတာလဲ”
ရှောင်ဝမ်က ဖုန်းကို ညင်သာစွာ ကောက်ကိုင်လိုက်ပြီး ယွမ်ယွမ်အား ကမ်းပေးလိုက်လေသည်။
“မင်း ဖုန်းတစ်ချက်လောက် စမ်းခေါ်ကြည့်ပါလား၊ အသံဘယ်လိုမြည်လဲ နားထောင်ကြည့်ရအောင်”
“ပိုက်ဆံကုန်မှာပေါ့၊ တစ်မိနစ်ကို နှစ်မော် (ယွမ်၏ ဆယ်ပုံတစ်ပုံ) တောင် ပေးရတာ၊ ဖေဖေနဲ့ မေမေ့ ပိုက်ဆံတွေကို အလကား မဖြုန်းတီးရဘူး”
ယွမ်ယွမ်က ပြန်ပြောလိုက်၏။
“ပိုက်ဆံတွေက မင်းအမေ ရှာထားတာချည်းပဲ၊ ငါ့အဖေ ရှာတာမဟုတ်ဘူး၊ ငါက ဖုန်းခေါ်လို့ မရပေမယ့် မင်းက ခေါ်လို့ရပါတယ်”
ရှောင်ဝမ်က နှုတ်ခမ်းစူကာ ပြောလိုက်လေ၏။
သူ့ဖခင်မှာ အထင်ကြီးလောက်သော ရဲအရာရှိတစ်ဦး ဖြစ်သော်ငြား ငွေများများစားစား မရှာနိုင်သဖြင့် ရှောင်ဝမ်မှာ သိမ်ငယ်စိတ်နှင့် မာနတရားတို့ ရောထွေးခံစားနေရသည်။
သူ ယခင်က မည်မျှလောက် စွမ်းဆောင်ရည်ပြည့်ဝခဲ့ကြောင်းကို ယွမ်ယွမ့်အား ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ရှိသော်လည်း ယခုအခါတွင်မူ သူသည် လုံးဝ စွမ်းဆောင်နိုင်ခြင်းမရှိတော့ပေ။
သူ အပြင်ထွက်၍ ငွေရှာလိုသော်လည်း ယခုမူ ဤနေရာတွင် ပိတ်မိကာ စာသင်နေရုံသာ တတ်နိုင်တော့သည်။
ယွမ်ယွမ်က ရှေ့သို့ ကိုင်းလာကာ မျက်နှာကို လက်နှစ်ဖက်ဖြင့်ထောက်လျက် နေကြာပန်းလေး တစ်ပွင့်ပမာ ပြုံးရွှင်စွာ ပြောဆိုလိုက်၏။
“အဲဒါ မတူဘူးလေ၊ သူတို့က လင်မယားတွေပဲ၊ ပိုက်ဆံတွေ အားလုံးက သူတို့နှစ်ယောက်လုံးနဲ့ ဆိုင်တာပေါ့”
လတ်တလောတွင် ဆံပင်နှစ်ဖက်ခွဲကျစ်ကာ အနီရောင် ဆံပင်စည်းကြိုးလေးများဖြင့် စည်းနှောင်ခြင်းမှာ ခေတ်စားနေလေ၏။
ချန်မေ့လန်သည် ယွမ်ယွမ်အတွက် အနီရောင်ဆံပင်စည်းကြိုးများ ဝယ်ယူပေးခဲ့ပြီး သူမကိုယ်တိုင် ဆံပင်နှစ်ဖက်ခွဲကျစ်ပေးခဲ့သည်။
ယွမ်ယွမ်သည် ကုန်တိုက်မှ ဝယ်ယူထားသော ကော်လာတွင် အတွန့်လေးများပါသည့ အင်္ကျီကို ဝတ်ဆင်ထား၏။ အသက် ခြောက်နှစ်အရွယ် ပထမတန်း ကျောင်းသူလေးမှာ သီချင်းဆိုကောင်းသဖြင့် အတန်းထဲတွင် အလွန်ရေပန်းစားလှပေသည်။
သူမ တာဝန်ကျသောအခါ နှာထနေသော ကလေးငယ်တစ်သိုက်က သူမ၏ရေပုံးကို ကူညီသယ်ဆောင်ပေးရန် အလုအယက် ကြိုးပမ်းကြလေသည်။
ရှောင်ဝမ်က သူမ၏ဆံပင်ကို မဆွဲဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
“အစ်ကိုကြီး ငါ့ကို ထပ်အနိုင်ကျင့်နေပြန်ပြီ၊ ငါ... ဖေဖေ့ကို တိုင်မယ်”
ယွမ်ယွမ်က ဒေါသတကြီးဖြင့် ရှောင်ဝမ့်အား ဆိတ်ဆွဲရင်း ပြောဆိုလိုက်သော်လည်း “မေမေ့ကို တိုင်မယ်” ဟု အလွယ်တကူ ပြောမထွက်သေးပေ။
ဆံပင်ဆွဲခံရသဖြင့် ဆံပင်မကျွတ်သော်ငြား အတော်လေး နာကျင်လှသည်။ ယခုအခါ သူမသည် ဤအစ်ကိုဖြစ်သူအား အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေမိပြီဖြစ်၏။
ထိုစဉ် ရုတ်တရက် ကြိုတင်သတိပေးမှု မရှိဘဲ ဖုန်းမြည်လာခဲ့သည်။
တစ်ကြိမ်... ထို့နောက် နောက်တစ်ကြိမ်... ခေတ်မီမှုနှင့် ခေတ်ရေစီးကြောင်းများ၏ အငွေ့အသက်များကို သယ်ဆောင်လာခဲ့လေသည်။
စကားများနေကြသောာ ကလေးနှစ်ဦးမှာ အံ့အားသင့်ကာ တိတ်ဆိတ်သွားကြတော့၏။
ကလင်... ကလင်... နောက်တစ်ကြိမ် ထပ်မြည်လာပြန်သည်။
……..
ရှောင်လန်ကို သွားကြိုပြီးနောက် ချန်မေ့လန်သည် သူ့အတွက် ကျောပိုးအိတ်အသေးလေးတစ်လုံး ဝယ်ပေးခဲ့သည်။
အမှန်တကယ်တော့ သူငယ်တန်းအတွက် ပြဌာန်းစာအုပ်များ မရှိသေးသော်လည်း၊ အချို့သော ကလေးငယ်များမှာ ကျောင်းသို့ ကျောပိုးအိတ်များ လွယ်လာတတ်ကြ၏။
ရှောင်လန်က ကျောပိုးအိတ်ကို သဘောကျသဖြင့် ကျောပိုးအိတ်လွယ်ထားသော ကောင်မလေးတစ်ဦး၏အနောက်တွင် ရပ်ကာ သူမနောက်သို့ အဆက်မပြတ် လိုက်နေခဲ့လေသည်။
အကယ်၍ ချန်မေ့လန်သာ ဝယ်မပေးပါက၊ ကြီးမလာသေးသော ဤဝက်ပေါက်လေးသည် အခြားသူ၏ ဂေါ်ဖီထုပ်ဖြူလေးနောက်သို့ လိုက်ပါသွားတော့မည်မှာ အသေအချာပင်။
ယခုအခါ ရှောင်လန်သည်လည်း ကျောင်းသားလေးတစ်ဦးဖြစ်နေပြီဖြစ်ကာ ပခုံးနှစ်ဖက်တွင် ကျောပိုးအိတ်ငယ်လေးကို လွယ်လျက် အိမ်ထဲသို့ ဝင်လာခဲ့သည်။
ဖုန်းမြည်နေသည်ကို မြင်သောအခါ သူ၏လက်သေးသေးလေးဖြင့် လက်လှမ်းကာ အခြားသူများ အမြတ်တနိုးထားရှိသော ဖုန်းကို အလွယ်တကူပင် ကောက်ကိုင်လိုက်လေ၏။
“ငါက မာရှောင်ကန်းပါ၊ ယန်ဝမ်ချီရှိလား”
တစ်ဖက်မှလူက မေးလိုက်၏။
ရှောင်ဝမ် ပြုံးသွားသည်။
‘ဒါ နှာချေးတွဲလောင်း အတန်းဖော်မာက ဖုန်းဆက်တာပဲ'
သူက နှာခေါင်းကို ဘယ်တော့မှ ပြောင်အောင်မသုတ်နိုင်သည့် ကောင်လေးတစ်ယောက်ပင်။
အတန်းထဲတွင် ရှောင်ဝမ်၏ဘေးခုံမှာ ထိုင်လေသည်။ ရှောင်ဝမ်က အသန့်ကြိုက်သူဖြစ်ရာ သူ့ကို နှာခေါင်းခဏခဏ သုတ်ပေးလေ့ရှိလေ၏။
ကောင်လေးနှစ်ယောက်သည် ဖုန်းနံပါတ်များလည်း အပြန်အလှန် ပေးထားကြသေး၏။