အခန်း ၁၂၂
Vol. 13 Ch. 122
🍄 Chapter 122
သူက ဖုန်းကို ယူလိုက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။
“မာရှောင်ကန်း... ငါ ယန်ဝမ်ချီပဲ”
ထို့နောက် ဖုန်းကို အဘွားကြီးတစ်ဦးထံသို့ လွှဲပြောင်းပေးလိုက်ရာ သူမက ရွှင်လန်းစွာဖြင့် ပြောဆိုလာ၏။
“ယန်ဝမ်ချီ... မင်းအမေကို ဖုန်းပေးလိုက်ပါလား”
ချန်မေ့လန် ဖုန်းကို ဖြေကြားလိုက်သောအခါ တစ်ဖက်မှ မစ္စမာ၏အသံကို ကြားလိုက်ရလေသည်။
“ချန်မေ့လန်... တို့ရဲ့ ချင်ချွမ်ကုမ္ပဏီက ရုံးခန်းအဆောက်အအုံတစ်ခု ဆောက်ဖို့စီစဉ်နေတယ်၊ တင်ဒါအဆိုပြုလွှာတင်ဖို့ မမေ့နဲ့နော်၊
ပြီးတော့ မင်းရဲ့ ဝမ်ချီကိုလည်း နောက်ဆိုရင် တို့ရဲ့ရှောင်ကန်းလေးကို သေချာလေးဂရုစိုက်ပေးဖို့ ပြောပေးပါဦး၊ ရှောင်ကန်းက မင်းရဲ့ဝမ်ချီကို အရမ်းသဘောကျနေတာ”
ချင်ချွမ်ကုမ္ပဏီ၏ စီမံကိန်းကို ယန်တာ့ဝေက မိတ်ဆက်ပေးခဲ့ပြီး သူက တွေ့ဆုံရန် ကူညီစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအချိန်ကစ၍ မည်သည့်သတင်းမျှ မကြားရတော့ပေ။ ယခုအခါ ရှောင်ဝမ်က နှာရည်ယိုနေသောအတန်းဖော်လေး၏ နှာခေါင်းကို သုတ်ပေးလိုက်ရုံဖြင့် သူမက တင်ဒါဝင်ပြိုင်ခွင့် ရရှိသွားပြီလော။
တုန်းဖန်ကုမ္ပဏီအတွက် ကန်တင်းကို တည်ဆောက်ပြီးစီးသွားကာ ငွေလည်း ရရှိပြီးဖြစ်သည်။
သူမသည် ယွမ် ၅,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ယွမ် ၅၀,၀၀၀ ရရှိခဲ့သော်လည်း ချန်မေ့လန်မှာ ရက်စက်သူတစ်ဦးမဟုတ်ပေ။
သူမသည် ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားခများကို အပြည့်အဝ ပေးချေခဲ့ရုံသာမက၊ တစ်ဦးစီကို အလုပ်ကြမ်းစရိတ်အဖြစ် ယွမ် ၂၀ စီ ထပ်မံပေးအပ်ခဲ့သေးသည်။
ဝါးငြမ်းများ၊ သံပေါင်များ၊ ဝက်အူများ၊ ကြိုးများနှင့် ဘိလပ်မြေပုံးများကဲ့သို့သော ပစ္စည်းဖိုးများမှာလည်း ယွမ် ၁၀,၀၀၀ ကျော် ကုန်ကျခဲ့ရာ အားလုံးမှာ ငွေကြေးများပင် ဖြစ်လေသည်။
နောက်ဆုံး အဆင့်များအတွက် ငွေအချို့ ချန်ထားရန် လိုအပ်သဖြင့် စုစုပေါင်း သူမ ယွမ် ၃၀,၀၀၀ ခန့် အမြတ်ရရှိခဲ့၏။
သီအိုရီအရဆိုလျှင် သူမသည် အစ်ကိုကြီးနှင့် ထက်ဝက်စီ ခွဲဝေရမည်ဖြစ်သော်လည်း ချန်တကုန်းကမူ ယွမ် ၁၀,၀၀၀ သာ ယူလိုကြောင်း ပြောခဲ့သည်။
သူက ယွမ် ၉,၀၀၀ ကို အချိန်ပိုင်း အပ်ငွေအဖြစ် ဘဏ်တွင် အပ်နှံထားမည်ဖြစ်ပြီး သူ့ဇနီးအား ယွမ် ၁,၀၀၀ သာ ရရှိကြောင်း ပြောပြမည်ဟု ချန်မေ့လန်အား ရှင်းပြခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျိုးရွှယ်ချင်း၏မိခင်နှင့် သူမ၏မိသားစုသာ အစ်ကိုကြီး ငွေအမြောက်အမြား ရရှိထားကြောင်း သိရှိသွားပါက ထိုငွေများကို ယူဆောင်ရန် နည်းလမ်းများ ရှာဖွေကြမည်မှာ အသေအချာပင်။
ချန်မေ့လန်မှာ သန့်သန့်ရှင်းရှင်းဖြင့် ယွမ် ၂၀,၀၀၀ ကို ရှာနိုင်ခဲ့လေ၏။
ဤသည်မှာလည်း အလွန်ကြီးမားသော ငွေကြေးပမာဏတစ်ခုဖြစ်သည်မှာ သေချာလှပေသည်။
သို့သော် မြေပြင်လိုင်း တယ်လီဖုန်းတစ်လုံး တပ်ဆင်ရန် ယွမ် ၃,၈၀၀ ကုန်ကျပြီး၊ အသစ်ထွက်ရှိထားသော ပေဂျာတစ်လုံးလျှင် ယွမ် ၂,၀၀၀ ကုန်ကျကာ နှစ်စဉ် ကွန်ရက် အသုံးပြုခ ယွမ် ၆၀၀ နှင့် ဝန်ဆောင်ခ ယွမ် ၅၀၀ ပေးဆောင်ရပြီး ပီယဲကာဒင် ဝတ်စုံတစ်စုံလျှင် ယွမ် ၈၀၀ ကုန်ကျသော ခေတ်ကာလတွင်မူ ထိုငွေများမှာ အမှန်တကယ်တော့ များပြားလှသည်မဟုတ်ပေ။
ထို့အပြင် အလုပ်သမားများမှာလည်း သူမအတွက် ဆက်လက်လုပ်ကိုင်ပေးရန် ဆန္ဒရှိနေကြသည်။ မည်သို့ပင်ဖြစ်စေ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ချန်မေ့လန်ကဲ့သို့ လုပ်အားခများကို အချိန်မီပေးချေသော ကန်ထရိုက်တာမျိုးကို တစ်ခါမျှမတွေ့ဖူးခဲ့ကြပေ။
သူတို့သည် နောက်ထပ်စီမံကိန်းကို ဘယ်တော့စတင်မည်နည်းဟု သူမအား မေးမြန်းနေကြပြီဖြစ်သည်။
“တင်ဒါအဆိုပြုလွှာကို အခုပဲ ချက်ချင်းပြင်ဆင်လိုက်ပါ့မယ်”
ချန်မေ့လန်က ပြန်လည်ဖြေကြားလိုက်၏။
သူမသည် ဆရာဟွမ်၏အိမ်သို့ သွားရောက်ရန်အတွက် လှည့်ထွက်လိုက်သည်။ သူမကိုယ်တိုင် တင်ဒါအဆိုပြုလွှာကို မည်သို့ပြင်ဆင်ရမည်ကို မသိရှိသော်ငြား ဆရာဟွမ်က ကူညီပေးနိုင်လေသည်။
‘ရှောင်ဝမ်က တကယ့်ကို အံ့မခန်းပါပဲလား'
သို့သော် အပြင်သို့ ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ယန်ကျောက်နှင့် တည့်တည့်တိုးတော့၏။
ရွာထဲတွင်လည်း ရဲအရာရှိအများအပြား ရောက်ရှိနေကာ ဆရာဟွမ်၏အိမ်ကို ဝန်းရံထားကြလေသည်။
ရှောင်ဝမ် မိသားစုအတွက် လုပ်ပေးခဲ့သော ကြီးမြတ်လှသည့်ကိစ္စရပ်အကြောင်းကို ယန်ကျောက်အား ချန်မေ့လန် မပြောပြရသေးမီမှာပင် ယန်ကျောက်က တည့်တိုးပင် မေးလိုက်လေ၏။
“ဒီနေ့ မင်းတို့အတွက် အသားကင်လေး ဘာလေး ကင်ကျွေးရမလား”
“ရှင် အသားကင်တတ်လို့လား... သိုးသားလား” သူမသည် အန်ကယ်လ် အာဖန်တီ (Uncle Afanti - တရုတ်ရိုးရာ ပုံပြင်များထဲမှ ဇာတ်ကောင်) နှင့်များ လက်ထပ်လိုက်မိခြင်းလော။
“ပုရစ်၊ မြွေ၊ မိကျောင်း၊ ဝါးကြွက်၊ ဖြူကောင်၊ သမင်... အဲဒါတွေလည်း ငါကင်တတ်တယ်”
ယန်ကျောက်က သေချာစဉ်းစားပြီးနောက် ပြန်ဖြေလာလေသည်။ သူ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ထိုအသားများကို ကင်ဖူးရုံသာမက စားလည်း စားဖူးသည့်ပုံ ပေါက်နေလေ၏။
‘ဒါ အန်ကယ်လ် အာဖန်တီ မဟုတ်ဘူး... ဝံပုလွေလူသား းတစ်ကောင်ပဲ'
“ပြီးတော့ ယွမ်ယွမ်နဲ့ ရှောင်လန်က ဒီညကစပြီး အုတ်ကုတင်ပေါ်မှာ အိပ်ရမယ်”
ယန်ကျောက်က ထပ်မံဖြည့်စွက်လိုက်၏။
ချန်မေ့လန်မှာ ငအ မဟုတ်ပေ။ သို့သော် ယန်ကျောက်က ဤကိစ္စကို ဤမျှလောက် ကြီးကျယ်ခမ်းနားသည့်ပမာ ပြောဆိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ခြင်းသာ။
“စပရိန်မွေ့ရာကကော ဘယ်လိုလုပ်မလဲ”
သူမက မေးလိုက်သည်။
“အဲဒီပေါ်မှာ ငါ အိပ်မှာပေါ့”
ယန်ကျောက်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလာလေ၏။
……….
ရှောင်ဝမ်က အသားကင်စားရမည်ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် “မစားဘူး” ဟု အလိုအလျောက် ငြင်းဆန်လိုက်လေသည်။
“အစ်ကိုက တစ်ထိုင်တည်းနဲ့ အချောင်းငါးဆယ်တောင် စားနိုင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ စားပြလေ”
ယွမ်ယွမ်က စိန်ခေါ်လိုက်၏။
ရှောင်ဝမ်က အလျင်အမြန် ပြန်လည်ဖြေရှင်းလေသည်။
“ငါက ဒီအတိုင်း ကြွားလိုက်တာလေ၊ အဲဒါကို နင်က တကယ်ယုံသွားတာလား”
သူငယ်တန်းတွင် တစ်မှ ဆယ်အထိ ရေတွက်ရန် ယခုလေးတင် သင်ယူထားရသော ရှောင်လန်က သူ၏ ဝဝကစ်ကစ်လက်ချောင်းလေးများဖြင့် အလေးအနက်ရေတွက်ကာ ပြောဆိုလိုက်၏။
“ရှောင်လန် စားနိုင်တယ်”
အကြီးနှစ်ယောက်က သူ့ကို အရေးမလုပ်ကြဘဲ နှာခေါင်းရှုံ့လိုက်ကြလေသည်။
“နင်ကတော့ သိုးတစ်ကောင်လုံးတောင် စားနိုင်မှာပါ”
ညနေပိုင်းသို့ ရောက်သောအခါ ဈေးထဲရှိ အသားများမှာ လတ်ဆတ်မှုမရှိတော့ပေ။ ယန်ကျောက်က အသားကင်ရန် အတင်းအကျပ်တောင်းဆိုနေသော်ငြား ချန်မေ့လန်က သူ့အား ဖျောင်းဖျကာ တားဆီးလိုက်လေသည်။
ကလေးများ ကျောင်းစတက်သည်မှာ နှစ်ပတ်ရှိသွားပြီဖြစ်သည်။
ဆရာမ၏ အဆိုအရ ရှောင်ဝမ်သည် စာသင်ကြားရာတွင် အနည်းငယ် ရုန်းကန်နေရသော်လည်း သူသည် အလွန်သစ္စာရှိပြီး အခြားကလေးများကို မည်သည့်အခါမျှ အနိုင်မကျင့်ကြောင်း သိရလေ၏။
အထူးသဖြင့် အမြဲနှာရည်ယိုနေတတ်သော ကောင်လေးမာ... အို... မဟုတ်ပါဘူး... မာရှောင်ကန်းနှင့် အလွန် ခင်မင်ရင်းနှီးကြောင်း သိရလေသည်။
“ငါတို့ရဲ့ ရှောင်ဝမ်လေး ကျောင်းမပြေးတာ နှစ်ပတ်တောင်ရှိသွားပြီ၊ တကယ်ကို တော်တာပဲ၊ အကယ်၍ နောက်အပတ် စနေ၊ တနင်္ဂနွေအထိ ဒီအတိုင်း ဆက်ပြီးကြိုးစားနိုင်ရင် တို့တွေ ဂုဏ်ပြုတဲ့အနေနဲ့ အသားကင် စားကြတာပေါ့”
ချန်မေ့လန်က ပြုံးလျက် ကတိပေးလိုက်၏။
ရှောင်လန်နှင့် ယွမ်ယွမ်တို့မှာ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း ရှောင်ဝမ်၏ရင်တွင်း၌မူ ကြည်နူးမှုများ ဖြစ်ပေါ်လာခဲ့သည်။
သူ ကျောင်းမပြေးတာ နှစ်ပတ်ပြည့်သွားရုံဖြင့် ချန်မေ့လန်က ဂုဏ်ပြုပွဲလေး လုပ်ပေးချင်နေသည်လော။ တကယ်ကို ပျော်စရာကောင်းသည့်ကိစ္စပင်။
သို့သော် ရှောင်ဝမ်သည် အသားကင်စားရသည်ကို မနှစ်မြို့ပေ။ အနံ့ကိုပင် မခံနိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ညဘက်များတွင် အသားကင်ဆိုင်များရှေ့မှ ဖြတ်လျှောက်ရမည်ကိုပင် ရှောင်ရှားတတ်လေသည်။ ကလေးငယ်မှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ရရှိသွားခဲ့ပြီဖြစ်သည်။
ယန်ကျောက်မှာ အိပ်ခန်းထဲတွင် ရှိနေသော်ငြား မီးဖိုချောင်အတွင်းရှိ ချန်မေ့လန်ဘက်သို့ အမြဲတစေ လှမ်းကြည့်နေသည်ကို မြင်သောအခါ ကလေးငယ်သည် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရ၏။
‘အန်တီက အဖေကို ချန်ဖျင် အသားကင်ကျွေးခဲ့တဲ့ အကြောင်းတွေ သွားပြောပြလိုက်ပြီလား'
‘မပြောပြခဲ့ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်’
‘ဘာလို့လဲဆိုတော့ တကယ်လို့များ ပြောပြလိုက်ရင်၊ အဖေက အမေ့ကို စုံစမ်းတော့မှာသေချာတယ်၊ အမေကလည်း ငါတို့အိမ်အထိ လာပြီး ငါ့ကိုဆဲဆိုတော့မှာ သေချာတယ်'
‘အဘွားအိမ်မှာတုန်းကလည်း တခြားကလေးတွေကို မျက်နှာမပြရဲလောက်အောင် ရှက်ခဲ့ရပြီးပြီ၊ အခု ယန်ကွမ်းရွာမှာ ငါက ကလေးတွေရဲ့ ခေါင်းဆောင် မဟုတ်ပေမယ့် အနည်းဆုံးတော့ လက်ရှိ ငါ့အမေကို ရိုင်းရိုင်းစိုင်းစိုင်း ခေါ်တဲ့သူ မရှိဘူးလေ၊
‘တကယ်လို့ အမေရောက်လာပြီး ပြဿနာရှာရင်၊ သူမက ငါ့အမေဆိုတာရယ်၊ ငါ့အမေရဲ့ အရင်ကဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွေရယ်ကို လူတိုင်းသိသွားရင်….. ယန်ကွမ်းရွာက ငါ့ရဲ့ဂုဏ်သိက္ခာတွေ အကုန်လုံး ပျက်စီးသွားတော့မှာပေါ့'
ဤလူငယ်လေးမှာ အမှန်တကယ်ပင် ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ရောယှက်ကာ ခံစားချက်များ ရှုပ်ထွေးနေတော့၏။
ဆောင်းဦးလေပြေများ တိုက်ခတ်လာသည်နှင့်အမျှ ငိုကြွေးသံသဲ့သဲ့လေးများကို သယ်ဆောင်လာခဲ့ရာ ချန်မေ့လန်သည် သူမ၏အလုပ်များကို ချထားခဲ့ပြီး တံခါးဝသို့ အပြေးအလွှား ထွက်လာခဲ့လေသည်။
ဆရာဟွမ်နှင့် ဇနီးဖြစ်သူတို့သည် စက္ကူများကို မီးရှို့ကာ သားဖြစ်သူဝိညာဉ်ကို ကြိုဆိုနေကြခြင်းဖြစ်သည်။
ရွာပြင်ပတွင် အက်စီးဒင့်ဖြင့် သေဆုံးခဲ့သူများအား နာရေးကိစ္စများ ပြုလုပ်ရန်အတွက် ရွာအတွင်းသို့ ယူဆောင်လာခွင့်မပြုကြပေ။
ယခုအခါ အမှုပေါ်ပေါက်သွားပြီဖြစ်ကာ လူသတ်သမားကိုလည်း ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ဤကိစ္စကို အဆုံးသတ်နိုင်ရန်အတွက် ဝိညာဉ်ကို အိမ်သို့ကြိုဆိုနိုင်ပြီဖြစ်လေသည်။
သို့သော် ရှေးရိုးအယူအဆများအရ ငယ်ရွယ်လွန်းချိန်တွင်၊ အထူးသဖြင့် ကြမ်းတမ်းသောနည်းလမ်းများဖြင့် သေဆုံးရကာ မပြည့်ဝသောဆန္ဒများ ကျန်ရစ်ခဲ့သော ကလေးငယ်များမှာ မကောင်းဆိုးဝါးဝိညာဉ်လောကသို့ ရောက်ရှိသွားသည်ဟု ယုံကြည်ကြလေ၏။
ထိုအချိန်မျိုးတွင် အိမ်တိုင်းအိမ်တိုင်းက သူတို့ကို စေလွှတ်ရန်အတွက် စက္ကူများကို မီးရှို့ပေးရလေ့ရှိသည်။
မကောင်းဆိုးဝါးဝိညာဉ်များဟူသော စကားကြောင့် လူတိုင်းမှာ ကြောက်ရွံ့နေကြ၏။
ကြည်လင်နေသော ကောင်းကင်ကြီးမှာလည်း ရုတ်တရက် အုံ့မှိုင်းသွားကာ ဆောင်းဦးလေပြေများကလည်း အရိုးစွဲသည်အထိ ချမ်းစိမ့်သွားစေလောက်အောင် တဝီဝီတိုက်ခတ်နေလေသည်။
ချန်မေ့လန်က အဖြူရောင်စက္ကူထပ်ကို အကြွေစေ့ပုံစံများညှပ်ကာ အပြင်သို့ ထွက်လာသောအခါ၊ မျက်နှာချင်းဆိုင်မှ အစ်မလျိုက မျက်စိမှိတ်ပြကာ အိမ်ထဲသို့အမြန်ပြန်ဝင်ရန် အချက်ပြနေသည်ကို တွေ့လိုက်ရ၏။