အခန်း ၁၂၄
Vol. 13 Ch. 124
🍄 Chapter 124
ယန်ကျောက်မှာ တံခါးကို မဖွင့်ပေး၍မရတော့ပေ။ ထင်သည့်အတိုင်းပင် ယန်စန်းယဲ့ ဖြစ်နေပြီး တံခါးဝတွင် တောင်ဝှေးထောက်လျက် ရပ်နေလေသည်။
“ရှောင်ရှန်လေးရဲ့အမှုက ရှင်းသွားပြီလေ၊ အဲဒါ ရှီရှန်း လုပ်တာမှ မဟုတ်တာ... ငါတို့ရဲ့ဖေးရှန်လေး ဘယ်မှာလဲ၊ သူ့ကို ဘယ်တော့လွှတ်ပေးမှာလဲ”
ယန်စန်းယဲ့က အထဲသို့ပင် မဝင်တော့ဘဲ တောင်ဝှေးဖြင့်ထိုးကာ တင်းမာစွာ မေးခွန်းထုတ်လေသည်။
ယန်ကျောက် ငြိမ်သက်နေသည်ကို မြင်သောအခါ သူက ယန်ကျောက်၏ရင်ဘတ်ကိုပင် တောင်ဝှေးဖြင့် ထိုးလိုက်သေး၏။
“အခုမှ ည ၁၀ နာရီပဲ ရှိသေးတယ်၊ အရှက်မရှိတဲ့ကောင်... ရှီရှန်းရဲ့ အုတ်ကုတင်ပေါ်မှာ အိပ်ပြီး၊ ရှီရှန်းရဲ့ မိန်းမကိုဖက်နေတာ၊
ငါ့ရဲ့ ရှီရှန်းကတော့ ထောင်ထဲမှာ အချုပ်ကျနေပြီး ထောင်ထမင်း စားနေရတယ်၊ မင်းတို့ ပြည်သူ့ရဲတွေက အဲဒီလိုမျိုး အလုပ်လုပ်ကြတာလား”
ရှောင်ရှန်လေး၏အမှု မပေါ်သေးမီက အဘိုးအိုမှာ စိုးရိမ်ပူပန်နေသော်ငြား ယန်ရှီရှန်းက လူကို တိုက်ခဲ့သူ ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ဘာမျှထုတ်မပြောရဲခဲ့ပေ။
ယခု အမှုပေါ်ပေါက်သွားပြီဖြစ်ရာ အဘိုးအိုမှာ တစ်ညလေးပင် မစောင့်ဆိုင်းနိုင်တော့ပေ။
ယန်ကျောက်က တောင်ဝှေးကို လှမ်းဖမ်းလိုက်သော်လည်း အဘိုးအိုမှာ အဆင်သင့် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
သူက ဒေါသမထွက်သည့်အပြင် ယန်ကျောက်၏ရင်ခွင်ထဲသို့ တိုးဝင်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး၊ ယန်ကျောက်၏ မျက်နှာပေါ်သို့ တံတွေးထွေးလျက် ပြောဆိုလေသည်။
“တကယ်လို့ မင်း ရှီရှန်းကို မလွှတ်ပေးဘူးဆိုရင်၊ ငါ ညတိုင်း ဒီအချိန်ရောက်ရင် မင်းတံခါးကို လာခေါက်မယ်၊ မင်း ဘာတစ်ခုမှ အေးအေးချမ်းချမ်း လုပ်နိုင်မှာမဟုတ်ဘူး”
အုတ်ကုတင်ပေါ်တွင် ထိုင်နေသော ချန်မေ့လန်မှာ ဗိုက်နာသည်အထိ အားရပါးရ ရယ်မောနေမိတော့သည်။ နောက်ဆုံးတွင် ယန်ကျောက် ညည်းတွားလိုက်သံကို ကြားလိုက်ရလေသည်။
“စိတ်မဆိုးပါနဲ့ အဘိုးရယ်၊ ကျွန်တော် သူ့ကို ချက်ချင်းလွှတ်ပေးလိုက်ပါ့မယ်”
“သွား... အင်္ကျီသွားဝတ်ချေ၊ အရှက်မရှိတဲ့ကောင်၊ မင်းရဲ့ အဲဒီလက်မောင်းကြီးတွေနဲ့ ခါးကို ကြည့်ပါဦး”
ယန်စန်းယဲ့က ယန်ကျောက်၏ ဖောင်းကြွနေသော ရင်အုပ်ကြွက်သားများကို တောင်ဝှေးဖြင့် ပြင်းပြင်းထန်ထန် ထိုးလိုက်ပြီးနောက် သူ၏ သွယ်လျကျစ်လစ်သော ခါးအောက်သို့ စိုက်ကြည့်ကာ ထပ်မံပြောဆိုလေသည်။
“လုံးဝကို အရှက်မရှိတာပဲ”
ချန်မေ့လန်မှာ အုတ်ကုတင်ပေါ်တွင် ရယ်မောရင်း လဲကျသွားတော့၏။
ယွမ်ယွမ်နှင့် ရှောင်လန်တို့လည်း လန့်နိုးသွားကြကာ မျက်လုံးများကို အချင်းချင်းပွတ်သပ်နေကြလေသည်။
……..
ယခုခေတ်ကာလတွင် လူထုတရားစီရင်ပွဲများကို ပြုလုပ်လေ့ရှိကြဆဲဖြစ်ပြီး ၎င်းတို့ကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ပြုလုပ်ရလေသည်။ လူအများ လာရောက်ကြည့်ရှုကြစေရန် သတင်းစာများတွင်ပင် ကြိုတင်၍ ကြေညာချက်များ ထည့်သွင်းရသေး၏။
အခင်းဖြစ်ပွားရာ နေရာတွင် လူထုတရားစီရင်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များမှာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားကြပြီး ရဲကားများမှာလည်း အတန်းလိုက်ရပ်နားထားကာ၊ တုန်းဖန်ကုန်တင်ကားများပေါ်တွင် စက်သေနတ်များကို တပ်ဆင်ထားလေသည်။
ထို့နောက်တွင် ရာဇဝတ်ကောင်များကို အစောင့်အကြပ်ဖြင့် ခေါ်ဆောင်လာသော လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကုန်တင်ကားများရှိလေ၏။
အသံချဲ့စက်များကို အမြင့်တွင် ချိတ်ဆွဲထားကာ အရပ်လေးမျက်နှာလုံးသို့ ဦးတည်ထားလေသည်။
အစောင့်အကြပ် ရဲအရာရှိများမှာ နေကာမျက်မှန်များကိုပင် တပ်ဆင်ထားကြပြီး၊ အသွင်အပြင်နှင့် ဟန်ပန်အကောင်းဆုံးသူများကို ရွေးချယ်ထားသဖြင့် အလွန်ခန့်ညားထည်ဝါလှပေသည်။
ယင်းကို လူသောင်းချီတရားစီရင်ပွဲ ဟု ခေါ်ဆိုကြပြီး အမှန်တကယ်ပင် လူအုပ်ကြီးမှာ အလွန်ကြီးမားလှပေသည်။
လူထုတရားစီရင်ပွဲအကြောင်းကို တစ်မြို့လုံး ကြားသိသွားသောအခါ လူတိုင်းက ကျင်းတုန်းခရိုင်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။ ယန်ကွမ်းရွာအပြင်ဘက်ရှိ လမ်းမကြီးပေါ်တွင် လူများ ပြည့်နှက်နေတော့၏။
ဟင်းသီးဟင်းရွက် ရောင်းချသူများပင်လျှင် အရောင်းအဝယ်မလုပ်တော့ဘဲ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြလေသည်။
ချန်မေ့လန်ကမူ ထိုနေရာတွင်မရှိခဲ့ပေ။
သူမသည် ကလေးများကို ထိုနေရာသို့ သွားရောက်ခွင့်မပြုဘဲ အတင်းအကျပ်တားမြစ်ထားခဲ့ကာ၊ သူမနှင့်အတူ အသားကင်အတွက် ဟင်းခတ်အမွှေးအကြိုင်များကို ရွေးချယ်ရန်သာ ခိုင်းစေထားခဲ့သည်။
ဇီယာမှုန့်၊ စီချွမ်ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ရှာလကာရည်အမည်း၊ ရှာလကာရည်အဖြူ၊ ခရမ်းချဉ်သီးဆော့စ်၊ ဂျင်း...
ဤဟင်းခတ်အမွှေးအကြိုင်များမှာ အသားကင်၏ အဓိကဝိညာဉ်များပင် ဖြစ်လေသည်။
သူတို့သည် အသားများကို မဝယ်ရသေးသော်ငြား ခြင်းတောင်းထဲတွင် အပြည့်အမောက် ဖြစ်နေပြီဖြစ်၏။
အပြင်ဘက်တွင် ဆူညံနေသော လူသောင်းချီတရားစီရင်ပွဲကြီး ရှိနေပါလျက်နှင့် ယန်ကျောက်က ဤနေ့ကို တမင်တကာ ရွေးချယ်ကာ အသားကင်စားရန် အတင်းအကျပ် တောင်းဆိုနေခဲ့ခြင်းဖြစ်လေသည်။
ကလေးများမှာမူ တားဆီး၍မရနိုင်ပေ။ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့ ပြေးထွက်သွားကြပြီဖြစ်သည်။
ရှောင်လန်မှာ မကြောက်သော်လည်း ချန်မေ့လန်နှင့်အတူ မလိုက်လိုဘဲ လမ်းထောင့်တွင်ရပ်ကာ စောင့်ကြည့်နေလေသည်။
သူတို့သည် အဝေးမှနေ၍သာ လေ့လာစောင့်ကြည့်နိုင်ကြ၏။
တရားစီရင်ရေး စင်မြင့်ကို ရွာအဝင်ဝတွင် တည်ဆောက်ထားပြီး အဓိကစင်မြင့်ကြီးကို အမြင့်တွင် တည်ဆောက်ထားသဖြင့် လမ်းအဝင်ဝတစ်ခုလုံးကို ပိတ်ဆို့ထားလေ၏။
မြို့တော်ဗျူရိုနှင့် အလယ်အလတ် ပြည်သူ့တရားရုံးတို့မှ အထက်လူကြီးအားလုံး ရောက်ရှိနေကြသည်ဟု ပြောကြလေသည်။
စွင်းနွီထောင်က သက်သေအထောက်အထားများကို တင်ပြနေလေ၏။
“ခေါင်းဆောင်ကြီးများခင်ဗျာ... ဒါတွေက ချန်ဖျင် လူကိုတိုက်ပြီး ထွက်ပြေးခဲ့တဲ့ သက်သေအထောက်အထားတွေအပြင၊ ကျွန်တော်တို့ ဗျူရိုက ဒုစခန်းမှူးမာရဲ့ အဂတိလိုက်စားမှုနဲ့ ယန်ကွမ်းရဲစခန်းက စခန်းမှူးဝမ်မင်ရဲ့ ဖုံးကွယ်ပေးမှုတွေအတွက် သက်သေအထောက်အထားတွေ ဖြစ်ပါတယ်”
မြို့တော်ဗျူရိုမှ ခေါင်းဆောင်ကြီးများအကြားတွင် ဖန်ရှန်၏သားဖြစ်သူ ဖန်ကျန်းဟွာလည်း တိုက်တိုက်ဆိုင်ဆိုင် ပါဝင်နေလေ၏။
သူသည် ချန်ဖျင်၏ကားတိုက်မှုနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသော်ငြား ကျင်းတုန်းခရိုင် ဟူသော ဤအဆီအတုံးကြီးပေါ်တွင် သူ၏ လက်ဗွေရာများ အနှံ့အပြား ရှိနေခဲ့လေသည်။
အမှုတွဲဖိုင်များကို လက်ဆင့်ကမ်း ကြည့်ရှုနေကြစဉ် သူသည် ချွေးသံတရွဲရွဲ ဖြစ်နေခဲ့သည်။
အကြောင်းမူကား ဤယန်ကျောက်သည် အရာရာကို သေချာစုံစမ်းစစ်ဆေးတတ်ပြီး မိသားစု သို့မဟုတ် ကလေးများကိုပင် ထည့်မတွက်ဘဲ အောက်ခြေအထိ တူးဖော်တတ်သော ခေါင်းမာသူတစ်ဦး ဖြစ်ကြောင်း သူ ကြားသိထားသောကြောင့်ပင်။
ဤကဲ့သို့သော လူထုရှေ့မှောက်တွင် အကယ်၍ ယန်ကျောက်ကသာ အောက်ခြေအထိ တူးဖော်ကာ သူ့အားဖွင့်ချလိုက်ပါက ငါးသေ၍ ပိုက်ကွန်စုတ်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး မည်သူမျှ ကောင်းမွန်သောအဆုံးသတ် ရရှိမည်မဟုတ်ပေ။
စခန်းမှူးကြီးက စစ်ဆေးကြည့်ရှုပြီးနောက် အလယ်အလတ်တရားရုံးမှ ဥက္ကဋ္ဌရွှီထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
ဥက္ကဋ္ဌရွှီ စစ်ဆေးနေစဉ်၊ ဖန်ကျန်းဟွာက သူသည် မိမိဘက်သို့ တစ်ခါတစ်ရံ အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်နေသည်ကို သတိပြုမိလိုက်၏။
စင်မြင့်အောက် အဝေးရှိယန်ကျောက်ကို ကြည့်လိုက်ရာ သူ၏ကျောပြင်မှာ ချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်သည်။
သို့သော် ဥက္ကဋ္ဌရွှီ ဖတ်ရှုပြီးနောက် သူ့ထံသို့ ပြုံးလျက် ကမ်းပေးလိုက်လေ၏။
ဖန်ကျန်းဟွာက ယူကာ တစ်ကြောင်းချင်းစီ ဖတ်ရှုကြည့်ရာ ကံကောင်းထောက်မစွာပင် အမှုတွဲဖိုင်များတွင် ဒုစခန်းမှူးမာ၊ စခန်းမှူးဝမ်နှင့် အခြားသူများကိုသာ စုံစမ်းစစ်ဆေးထားပြီး သူ့အကြောင်း တစ်ခွန်းမျှမပါဝင်ကြောင်း တွေ့ရှိလိုက်ရသည်။
သူသည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချကိ ချနိုင်သွားတော့၏။
ဖန်ကျန်းဟွာက အမှုတွဲဖိုင်ကို ပိတ်လိုက်ရင်း တွေးလိုက်မိသည်။
‘ယန်ကျောက်က တကယ်ကို ရိုးအလွန်းတဲ့သူပဲ၊ အရည်အချင်း သိပ်မရှိတဲ့ သာမန်လူတစ်ယောက်ပါပဲလေ'
ထို့အပြင် ဒုစခန်းမှူးမာသည်လည်း သူ့ဇနီးနှင့် သားသမီးများ၏ လုံခြုံရေးအတွက် သူ့အား ထုတ်ဖော်ပြောဆိုရဲမည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင် သူသည် ဘေးကင်းလုံခြုံစွာဖြင့် လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
အမှုတွဲဖိုင်ကို ပိတ်လိုက်ပြီး ဖန်ကျန်းဟွာက ချက်ချင်းပင် အသံကိုမြှင့်ကာ အသံချဲ့စက်မှတစ်ဆင့် ပပြောဆိုလိုက်လေသည်။
“လူကို ကားနဲ့တိုက်ပြီး ထွက်ပြေးတာက အလွန်တရာ ဆိုးရွားရက်စက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ မာခိုင်ရဲ့ ရာဇဝတ်ကောင်တွေကို ဖုံးကွယ်ပေးမှုနဲ့ လာဘ်ထိုးလာဘ်ယူပစ်မှုတွေ ကျွန်တော်တို့ ပါတီနဲ့ စနစ်ရဲ့ပုံရိပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်၊
မြို့တော်ဗျူရိုကိုယ်စား တရားရုံးအနေနဲ့ တရားမျှမျှတတ စီရင်ချက်ချပြီး တရားခံကို ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”
ယနေ့ခေတ်ကာလတွင် အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းရာ၌ ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ရေးကို အထူးအလေးထား ဆောင်ရွက်လေ့ရှိကြသည်။
လူထုတရားစီရင်ပွဲများမှာ ရက်စက်ကြမ်းကြုတ်သယောင် ရှိသော်ငြား အလွန်ထိရောက်မှု ရှိလေသည်။
လူတစ်ဦးကို လူထုရှေ့မှောက်တွင် သေဒဏ်ပေးလိုက်ခြင်းက နေရာဒေသတစ်ခုကို နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းစေနိုင်လေ၏။
နောက်ဆုံးတွင် အမှုကို နေရာတွင်ပင် စစ်ဆေးစီရင်ချက် ချလိုက်လေသည်။ ဒုစခန်းမှူးမာနှင့် ယန်ကွမ်းရဲစခန်းမှူးတို့မှာ ပူးပေါင်းကြံစည်မှု၊ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကြောင့် အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် ဆယ်နှစ်နှင့် နိုင်ငံရေး ရပိုင်ခွင့်များကို တစ်သက်လုံး ပိတ်ပင်ခံလိုက်ရလေသည်။
ချန်ဖျင်နှင့် ပတ်သက်၍မူ လာဘ်ပေးလာဘ်ယူမှု၊ ရာဇဝတ်မှု ပူးပေါင်းကြံစည်မှုနှင့် ကားတိုက်ပြေးမှုတို့ဖြင့် အပြစ်ရှိကြောင်း ထင်ရှားလေသည်။
ပြစ်မှုများ ပေါင်းစပ်လိုက်သောအခါ သူ့အား သေနတ်ဖြင့်ပစ်သတ်ရန် သေဒဏ်ချမှတ်လိုက်ပြီး ချက်ချင်း အကောင်အထည်ဖော်ရန် အမိန့်ချမှတ်လိုက်လေသည်။
ထိုဝဝကစ်ကစ်ကောင်လေး ယခုအခါ မည်သည့်နေရာတွင် ရောက်ရှိနေပြီး မည်သို့လုပ်ဆောင်နေမည်ကို မည်သူမျှမသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ အကယ်၍ သူသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက ထိုသနားစရာကလေးငယ်အတွက် တစ်သက်တာ အိပ်မက်ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။
မနေ့က ချန်ဖျင်သည် သူဌေးသစ်တစ်ဦးဖြစ်ကာ ယန်ရှီရှန်း၏ အနီရောင်ရှလီကားဖြင့် နေရာအနှံ့ ကြွားဝါနေခဲ့သူဖြစ်၏။
ယနေ့တွင်မူ သူသည် အကျဉ်းသားတစ်ဦးဖြစ်နေခဲ့လေပြီ။