← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

🍄 Chapter 125

တရားစီရင်ပွဲ အတွင်း၌ သူတို့ကို စက်သေနတ်များ ဝန်းရံထားသော တုန်းဖန်ကုန်တင်ကားများပေါ်တွင် လက်ထိတ်၊ ခြေကျင်းများ ခတ်လျက် နေရာချထားခဲ့သည်။ သူ၊ မာခိုင်နှင့် ဝမ်မင်တို့မှာ ကုန်ကားတစ်စီးလျှင် တစ်ဦးစီ ဖြစ်လေသည်။

“သေဒဏ်ချမှတ်လိုက်သည်၊ ချက်ချင်း အကောင်အထည်ဖော်ရန်”

အသံချဲ့စက်မှ ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များက လူအုပ်ကြီးကို စတင် လူစုခွဲကြလေတော့သည်။

ရဲအရာရှိများက အကျဉ်းသားများကို ကုန်ကားပေါ်မှ တွဲဆင်းခြင်းမပြုဘဲ အတင်းအကျပ် ဆွဲချကြလေသည်။

ရဲအရာရှိလေးဦးက ရာဇဝတ်ကောင်တစ်ဦးကို ဆွဲခေါ်သွားကြသည်။ တစ်ဦးမှာ ကွပ်မျက်ခံရမည်ဖြစ်ပြီး ကျန်နှစ်ဦးမှာမူ လေ့လာကြည့်ရှုရန်အတွက် ခေါ်ဆောင်သွားခြင်းဖြစ်လေသည်။

ထိုအချိန်၌ ချန်မေ့လန်သည် ယန်ကျောက်ကို မြင်တွေ့လိုက်ရ၏။

သူသည် ဒုစခန်းမှူးမာ၏ ကုန်ကားနံဘေးတွင် ရှိနေကာ ထိုအမျိုးသားအား သော့ဖွင့်၍ အောက်သို့ ဆင်းခွင့်ပေးရန် လက်ဆန့်ထုတ်နေလေသည်။

အပြင်ဘက်စည်းဝိုင်းရှိ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များမှာ လာရောက်ကြည့်ရှုသူများကို တားဆီးရန် လက်ချင်းချိတ်ထားကြပြီး လူအများစုမှာ လူကိုကားနှင့်တိုက်ခဲ့သော ချန်ဖျင်ထက် အဂတိလိုက်စားသော ဒုစခန်းမှူးကိုသာ ပို၍ စိတ်ဝင်စားနေကြလေ၏။

ဒုစခန်းမှူးမာ၏ သူ့အမှားများကို ဝန်ခံသည့် သဘောထားမှာ အထူးကောင်းမွန်လှပေသည်။ မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော လူမျိုးများမှာ မိမိရောက်ရှိနေသောတောင်ကုန်းပေါ်မှ သီချင်းသံအတိုင်း လိုက်ဆိုတတ်ကြသည်မဟုတ်လော။

သူသည် ပစ်သတ်ခံရရန် ဆွဲခေါ်သွားခြင်းမခံရဘဲ လေ့လာကြည့်ရှုရန်သာ ဖြစ်သဖြင့် ဆက်လက်အော်ဟစ်နေသေး၏။

“လူတိုင်း ကျွန်တော့်ရဲ့ အမှားကို သင်ခန်းစာယူသင့်ပါတယ်၊ အမှားမလုပ်ကြပါနဲ့၊ လာဘ်မစားကြပါနဲ့၊ မဟုတ်ရင် ဥပဒေရဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုကို သေချာပေါက်ခံရလိမ့်မယ်”

ဤကဲ့သို့သော အမှားဝန်ခံသည့် သဘောထားမျိုးဖြင့် ဆယ်နှစ်ထောင်ဒဏ်မှာ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ငါးနှစ်သို့ လျော့ကျသွားမည်မဟုတ်လော။

“ယန်ကျောက်... မင်း စောင့်နေလိုက်”

ဒုစခန်းမှူးမာက အံကြိတ်လျက် ရင်တွင်းမှ ကျိန်ဆဲလိုက်၏။

“လောလောဆယ် သည်းခံထားဦးမယ်၊ ငါတို့ ဖြည်းဖြည်းချင်း ရှင်းကြတာပေါ့”

သို့သော် ခေါင်းမော့လိုက်သောအခါ သူက ပြုံးလျက် ဆက်လက်ပြောဆိုလေသည်။

“အားလုံး ကျွန်တော့်ကို သတိပေးချက်တစ်ခုအနေနဲ့ မှတ်ယူပြီး ဥပဒေကို လေးစားလိုက်နာကြပါ”

သူ ဤသို့ မြည်တွန်တောက်တီးနေစဉ် ယန်ကျောက်က သူ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆွဲလိုက်လေသည်။

“ဒုစခန်းမှူးမာ”

“ဗိုလ်ကြီးယန်... ကျွန်တော် မှားသွားပါပြီ၊ တကယ်ကို မှားသွားပါပြီ”

ဤသို့ ပြောဆိုနေသော်ငြား ဒုစခန်းမှူးမာသည် သူ အမှန်တကယ် တစ်ခုခုမှားယွင်းခဲ့သည်ဟု လုံးဝမခံစားရပေ။

သူသည် ယန်ကျောက်အား အထင်သေးကာ တကယ့်ရန်သူတစ်ဦးအဖြစ် မသတ်မှတ်ခဲ့ခြင်းသာ ဖြစ်လေသည်။

“အဲဒီ ဆီမွန်မွေ့ရာကြီးကို ကျွန်တော့်ဆီ ပို့တာမဟုတ်ဘူး၊ အမျိုးသမီးတစ်ယောက်ဆီ ပို့တာမလား၊ အဲဒီ အမျိုးသမီးဆီမှာ နောက်ထပ် ပိုက်ဆံဘယ်လောက်တောင် ဝှက်ထားသေးလဲ”

ယန်ကျောက်က ပြန်လည်မေးခွန်းထုတ်လိုက်၏။

အဂတိလိုက်စားသော အရာရှိများမှာ အိမ်တွင် ငွေများများစားစား ထားလေ့မရှိပေ။ မည်သို့ပင်ဖြစ်စေ အရာရှိတစ်ဦးက အဂတိလိုက်စားလိုပါက များသောအားဖြင့် ကလေးမွေးပေးနိုင်သည့်အပြင် ငွေကြေးများကို ခဝါချရာတွင် ကူညီပေးနိုင်သော မယားငယ်တစ်ဦးကို ထားရှိလေ့ရှိကြသည်။

ဒုစခန်းမှူးမာ၏မယားငယ်မှာ အတော်လေးရုပ်ဆိုးကာ ယှဉ်တွဲလျှောက်သွားပါက သူတို့ နှစ်ဦး အတူတူနေသည်ဟု မည်သူမျှ မယုံကြည်နိုင်လောက်အောင်ပင် ရုပ်ဆိုးလေသည်။

သို့သော် ယန်ကျောက်က သူ၏မယားငယ်အကြောင်းကို မည်သို့သိရှိသွားသနည်း။

‘ဒီကောင်က လူရိုး၊ ငအ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ'

‘အဲဒီ မယားငယ်ရဲ့ အိမ်မှာ ငါ့ပိုက်ဆံတွေ အများဆုံးထားတာလေ'

‘အဲဒီပိုက်ဆံတွေက ငါ့ကို တစ်သက်တစ်ကျွန်း ကျသွားအောင် တရားစွဲဆိုနိုင်တဲ့ သက်သေတွေပဲ'

ဒုစခန်းမှူးမာ၏ဦးနှောက်များ ပေါက်ကွဲထွက်သွားတော့သည်။ ယန်ကျောက်ကို မော့ကြည့်လိုက်သောအခါ ရိုးသားဟန်ရှိသော ဤအမျိုးသားမှာ အမှန်တကယ်တွင် မြေခွေးအိုကြီးတစ်ကောင်ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားတော့၏။

သူ၏ ဦးရေပြားမှ ပဲစေ့အရွယ် ချွေးသီးချွေးပေါက်များ စီးကျလာလေသည်။ ထိုခဏတွင် သူသည် ပထမဆုံးအကြိမ်အဖြစ် အစစ်အမှန်အကြောက်တရားနှင့် ထိတ်လန့်မှုကို ခံစားလိုက်ရလေတော့သည်။

ယန်ကျောက်က သူ၏လက်မောင်းတစ်ဖက်ကို လျင်မြန်စွာ ဖမ်းဆွဲလိုက်ကာ စတင်လျှောက်လှမ်းသွားတော့၏။

ကွပ်မျက်မည့်နေရာမှာ ကျောက်မီးသွေးကွင်းအနီးတွင် ဖြစ်လေသည်။

လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များက လူများကို အရပ်မျက်နှာအသီးသီးသို့ လူစုခွဲနေကြပြီး အသံချဲ့စက်များကလည်း လူများကို မစုရုံးကြရန်နှင့် မတွန်းတိုက်ကြရန် အော်ဟစ်သတိပေးနေသော်ငြား လူများမှာ အုပ်စုလိုက်ကြီး ရှေ့သို့ တိုးဝှေ့နေကြဆဲပင်။

ရဲအရာရှိများက ရာဇဝတ်ကောင်ကို ဆွဲခေါ်သွားကြရာ တက်ကြွသောခြေလှမ်းများဖြင့် လျှောက်လှမ်းရမည်ဖြစ်သည်။

ရဲအရာရှိ လေးဦးမှာ ခြေလှမ်းများကို အပြိုင်အဆိုင်လှမနေကြကာ တစ်ဦးထက်တစ်ဦး ပိုမိုလျင်မြန်အောင် ကြိုးပမ်းနေကြ၏။

သူတို့သည် ရာဇဝတ်ကောင်ကိုဆွဲလျက် ရှေ့သို့ပြေးလွှားနေကြကာ တဖြည်းဖြည်း ပိုမိုလျင်မြန်လာကြတော့၏။

ကင်မရာသမားများကလည်း လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ရမည်ဖြစ်ရာ သူတို့၏ခြေလှမ်းများနောက်သို့ အပြေးအလွှား လိုက်ပါရလေသည်။

ဤဆူညံပွက်လောရိုက်မှုက လူတိုင်း၏ရင်ကို လှုပ်ခတ်သွားစေပြီး လူအများမှာလည်း ရူးသွပ်စွာ စတင်ပြေးလွှားကြတော့၏။

အချို့မှာ ဖိနပ်များ ကျွတ်ကျန်ခဲ့ကြပြီး၊ အချို့မှာ ကလေးများ ပျောက်ဆုံးသွားကြကာ၊ အချို့မှာမူ ဘောင်းဘီများပင် နင်းမိ၍ ကျွတ်ကျသွားကြလေသည်။

ထိုအရှုပ်အထွေးများအကြား သေနတ်သံနှစ်ချက် ထွက်ပေါ်လာခဲ့ရာ၊ ကောင်းကင်ယံကို ထိုးဖောက်သွားပြီး လူတိုင်း၏နားစည်များကို နာကျင်သွားစေခဲ့သည်။

“အဲဒါ သေနတ်သံတွေမဟုတ်လား၊ သူတို့ လူနှစ်ယောက် သတ်လိုက်တာလား”

ယွမ်ယွမ်က စူးစမ်းလိုစိတ်ဖြင့် ရပ်တန့်ကာ မေးလိုက်လေ၏။

သူမ ဖမ်းဆွဲထားသော ရှောင်ဝမ်မှာ ရုတ်တရက် ရုန်းထွက်ကာ မျောက်တစ်ကောင်ပမာ လျင်မြန်စွာ ပြေးထွက်သွားတော့၏။

သို့သော် သူမ လိုက်ဖမ်းရန် ပြင်လိုက်စဉ်မှာပင် ထိုလူငယ်လေးပြန်ရောက်လာခဲ့သည်။

လက်ချောင်းနှစ်ချောင်းကို ထောင်ပြကာ သူက အဝေးမှနေ၍ အော်ပြောလိုက်လေသည်။

“သူတို့ပြောတာ တစ်ချက်တည်းနဲ့မသေလို့ နောက်တစ်ချက် ထပ်ပစ်ရတယ်တဲ့”

ရှုန်းရှန်တန်သည် အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျနေလေသည်။ ၎င်းမှာ ဗိုလ်ကြီးယန်၏ သားဖြစ်ကြောင်း ယခုလေးတင် မှတ်မိသွားသဖြင့် သူက လက်လှမ်းကာ ရှောင်ဝမ်၏နားရွက်ကို ဆွဲလိုက်၏။

“မင်းက ဘာလို့ မင်းအဖေရဲ့ သတ္တိမျိုး၊ အရပ်အမောင်းမျိုး မရှိရတာလဲ၊ မင်းပုံစံက အတော်လေး သူရဲဘောကြောင်တဲ့ပုံပေါက်နေတယ်၊ လူသတ်တာကိုတောင် မကြည့်ရဲဘူး”

အမှန်စင်စစ် ရှုန်းရှန်တန်သည် ယန်ကျောက်အား လေးစားအားကျသဖြင့် ရှောင်ဝမ်နှင့် နောက်ပြောင်လိုခြင်းသာ ဖြစ်လေသည်။

ရှောင်ဝမ်က ဂရုမစိုက်သော်ငြား ရှောင်လန်ကမူ ကိုက်ရသည်ကို နှစ်သက်လေသည်။ သူက ချက်ချင်းပင် ခုန်တက်ကာ ရှုန်းရှန်တန်၏လက်ကို ကိုက်ချလိုက်၏။

“လူဆိုးကို ကိုက်မယ်”

ရှုန်းရှန်တန် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်မိလေသည်။

“ဒီကောင်စုတ်လေးက လူတွေကို ကိုက်ရဲတယ်ပေါ့လေ”

ကလေးငယ်သည် လေထဲသို့ ခုန်တက်ကာ လက်များကိုသာ အဓိကပစ်မှတ်ထား၍ ကိုက်တတ်လေသည်။

ကိုက်ရုံသာမက ကလေးငယ်သည် သူ၏လက်ဖြင့် သေနတ်ပုံစံပြုလုပ်ကာ “ဒိုင်း... ဒိုင်း” ဟု အကြိမ်ကြိမ် အသံပြုနေသေး၏။

ဤကလေး၏ လူကိုက်တတ်သောအကျင့်ကို ပြင်ဆင်ပေးရပေမည်။ မဟုတ်ပါက အနာဂတ်တွင် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပေသည်။

ချန်မေ့လန်က ရှောင်လန်ကို အနောက်သို့ဆွဲယူလိုက်ပြီး ရှောင်ဝမ့်အား ပညာပေးရန် အခွင့်အရေး ယူလိုက်လေသည်။

“မင်းမြင်တဲ့အတိုင်းပဲ၊ နောက်ဆို ဘယ်တော့မှ ဥပဒေ မချိုးဖောက်နဲ့နော်၊ အကယ်၍ ချိုးဖောက်မိရင် ရဲတွေက ဘယ်လူဆိုးကိုမှ လွှတ်ပေးမှာမဟုတ်ဘူး”

ရှောင်ဝမ်က ခုန်ပေါက်လမ်းလျှောက်ရင်း ယွမ်ယွမ့်အား တံတောင်ဖြင့် တွတ်လိုက်၏။

“နင့်အမေက နင့်ကို နောက်ဆို ဥပဒေမချိုးဖောက်နဲ့လို့ ပြောနေတာ”

“မေမေ... ဒီအစ်ကိုကြီးကတော့လေ...”

ဟင်းခတ်အမွှေးအကြိုင်များကို ကိုင်ဆောင်ထားသော ယွမ်ယွမ်မှာ ဒေါသကြောင့် ခြေဆောင့်လိုက်လေသည်။

ရှောင်ဝမ်မှာ သူ စရောက်လာစဉ်ကလောက် လိမ္မာရေးခြားမရှိတော့သကဲ့သို့ ယခင်ကလောက်လည်း ချစ်စရာ မကောင်းတော့ပေ။

ယခုအခါ သူသည် သူမအား စနောက်ရသည်ကို နှစ်သက်နေလေပြီ။

သို့သော် သူမ ဒေါသထွက်တော့မည့် အချိန်လေးမှာပင် သူက သူမ သယ်ဆောင်လာသော ပစ္စည်းများအားလုံးကို လှမ်းယူလိုက်ကာ အပြစ်ကင်းစင်စွာ ပြုံးပြလိုက်လေသည်။

‘ဒီအစ်ကိုတစ်ယောက်ကြောင့် ယွမ်ယွမ် ရူးတော့မှာပဲ'

ကလေးများသည် အိမ်သို့အရင်ပြန်သွားကြပြီး ချန်မေ့လန်ကမူ ဆရာဟွမ်၏အိမ်သို့ သွားရောက်ခဲ့သည်။

ယနေ့သည် ရာဇဝတ်ကောင်ကို အပြစ်ပေးအရေးယူသောနေ့ ဖြစ်သဖြင့် ဆရာဟွမ်နှင့် သူ့ဇနီးတို့မှာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရှိနေကြကာ သူတို့က နှစ်သိမ့်ပညာပေးမှုများ ပြုလုပ်ပေးနေကြသည်။

ယနေ့တွင် သူမ လာရောက်လည်ပတ်ရန် သိပ်မသင့်တော်သော်ငြား မစ္စမာက တစ်ပတ်အတွင်း တင်ဒါအဆိုပြုလွှာ လိုအပ်သည်ဟု ပြောဆိုထားသော ချင်ချွမ်ကုမ္ပဏီ၏စီမံကိန်းမှာ အလွန်အရေးတကြီး ဖြစ်နေလေသည်။ သူမ ဤအချိန်တွင် မဖြစ်မနေ လာရောက်ရပေမည်။

ရဲတပ်ဖွဲ့ဝင်များမှာ ယခုအခါ ပြန်လည်ထွက်ခွာနေကြပြီဖြစ်သည်။

အချို့မှာ “တောခွေးတွေ ပြေးလွှား၊ တောခွေးတွေ စီးဆင်း” သီချင်းကို ညည်းဆိုနေကြပြီး၊ အချို့ကမူ “ခုနစ်ဆယ်ရာခိုင်နှုန်းက ကံတရား၊ သုံးဆယ်ရာခိုင်နှုန်းက ကြိုးစားအားထုတ်မှု” သီချင်းကို ညည်းဆိုနေကြလေသည်။

သူတို့သည် သာမန်လူငယ်လေးများသာ ဖြစ်ကြသည်။ ချန်မေ့လန်က သူတို့ကို မသိသော်ငြား သူတို့ အားလုံးက သူမကို သိရှိနေပုံရသည်။

သူတို့ တစ်ဦးစီက သူမကို မြင်သောအခါ အလေးပြုကြကာ “မရီး...” ဟု ခေါ်ဝေါ်နှုတ်ဆက်ကြလေသည်။

ထို့အပြင် သူတို့အားလုံးမှာ အတော်လေး ပိန်သွယ်ကျစ်လစ်နေကြပြီး ယခင်က ဒေသခံရဲစခန်းများမှ ဝဖြိုးကာ ဗိုက်ရွှဲနေသော ရဲအရာရှိများနှင့် လုံးဝမတူညီကြပေ။

ရဲတပ်ဖွဲ့၏အသွင်အပြင်မှာ မကြာသေးမီကမှ အသစ်တဖန် ပြောင်းလဲသွားခဲ့ခြင်း ဖစ်လေသည်။

“မင်္ဂလာပါ မရီး... ကျွန်တော်က အရင်တုန်းက ဗိုလ်ကြီးယန်ရဲ့ တပ်ဖွဲ့ကပါ”

ရဲသားတစ်ဦးက ချန်မေ့လန်အား အလေးပြုလျက် နှုတ်ဆက်လေသည်။

အခြားတစ်ဦးက လျှာထုတ်ပြကာ ပြောဆိုလိုက်၏။

“မရီးက အသက် ဆယ့်ခြောက်နှစ်အရွယ်ကတည်းက လုံးဝမပြောင်းလဲသေးဘူးပဲ၊ ဓာတ်ပုံထဲက အတိုင်းလေးပဲ”

All Chapters