← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

🍄 Chapter 126

‘ငါ အသက် ဆယ့်ခြောက်နှစ်အရွယ်က ဓာတ်ပုံကို သူတို့ ဘယ်လိုလုပ်မြင်ဖူးတာလဲ'

အခြားတစ်ဦးက သူ့အား ဆိတ်ဆွဲလိုက်ကာ သတိပေးလိုက်လေသည်။

“မရီးရဲ့ ဓာတ်ပုံအကြောင်း နောက်ထပ်ထပ်မပြောနဲ့နော်၊ ဗိုလ်ကြီးယန် သိသွားရင် ငါတို့ အရိုက်ခံရလိမ့်မယ်”

…………

ဆရာဟွမ်နှင့် တင်ဒါအဆိုပြုလွှာကို အပြီးသတ် ပြင်ဆင်နေစဉ်၊ သူက အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။

“မင်းကိုယ်တိုင် ရလာတာလား”

“ရှောင်ဝမ်က ကျွန်မတို့ကိုယ်စား လုပ်လာပေးတာပါ”

ချန်မေ့လန်က ပြုံးလျက် ပြန်ဖြေလိုက်၏။

သူမကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် ဖြစ်ရလေ၏။

အဖြစ်မှန်မှာကား တုန်းဖန်ကျောင်းကဲ့သို့သော ထူးချွန်သူများ ပြည့်နှက်နေသည့် နေရာမျိုးတွင် ရှောင်ဝမ်မှာ သေးငယ်သောခန္ဓာကိုယ်နှင့် သိမ်ငယ်စိတ်တို့ကြောင့် ဆရာများ၏ အရှေ့တွင်ပင် နေရာတစ်ခု မရရှိခဲ့ပေ။

သို့သော် သူသည် အခြားသူများကို မရိုက်နှက်ခဲ့၊ အခြားကလေးများကိုလည်း အနိုင်မကျင့်ခဲ့ဘဲ၊ အတန်းငယ်မှ ကျောင်းသားများကို ဂရုစိုက်ပေးရန် နှစ်သက်ခဲ့သည်။

သူ၏ ထိုသေးငယ်သော ကြင်နာမှုလေးက သူမအတွက် တင်ဒါဝင်ပြိုင်ခွင့်အခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်းပင်။

ချန်မေ့လန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဆရာဟွမ်က ဆိုလေသည်။

“ဒါကြောင့်လည်း ကျွန်တော်က စာသင်ရတာကို မြတ်နိုးတာ၊ ကလေးတွေကို ကြင်နာတတ်အောင် သင်ပေးတာက တခြား ဘယ်အရာထက်မဆို ပိုအရေးကြီးတယ်လေ၊ တင်ဒါအဆိုပြုလွှာကို ကျွန်တော် အပြီးသတ်ရေးပေးပါ့မယ်”

ရှောင်ရှန်လေး၏အမှုကိစ္စမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဆရာဟွမ်နှင့် ဇနီးဖြစ်သူတို့မှာ ဝမ်းနည်းကြေကွဲနေဆဲ ဖြစ်သော်ငြား အနည်းဆုံးတော့ ယခုအခါ သူတို့အတွက် မျှော်လင့်ချက်အသစ်များ ရှိနေပြီဖြစ်လေသည်။

ယန်ကျောက်သည် အသားကင်ရန် အကြံဉာဏ်များသာပေးနိုင်သဖြင့် ချန်မေ့လန်က အရာအားလုံးကို လက်တွေ့အကောင်အထည်ဖော်ရတော့သည်။

သူမသည် မီးသွေးဝယ်ယူခြင်း၊ အုတ်ခဲအချို့ကို ဆေးကြောခြင်း၊ ကျင်းတစ်ခုပြုလုပ်ခြင်း၊ မီးသွေးမီးမွှေးခြင်းတို့ဖြင့် ရိုးရှင်းသော အသားကင်စင်တစ်ခုကို ဖန်တီးလိုက်လေ၏။

ထို့နောက် အသားများနှင့် ဟင်းသီးဟင်းရွက်များကို တံစို့ချိတ်ရန်အတွက် လှီးဖြတ်ရတော့၏။

သူမက လှီးဖြတ်ပေးပြီး ယွမ်ယွမ်က သီပေးနေသည်။

ယွမ်ယွမ်သည် အဆီတစ်တုံး၊ အသားသုံးတုံး ဟူသော အချိုးအစားအတိုင်း ပြီးပြည့်စုံစွာ သီပေးလေသည်။

ရှောင်ဝမ်မှာ မူလက ပုန်းနေခဲ့သော်လည်း ချန်မေ့လန်နှင့် ယွမ်ယွမ်တို့၏ ပြင်ဆင်မှုများမှာ အလွန်ပျော်စရာကောင်းပုံ ပေါက်နေသဖြင့် သူလည်း မနေနိုင်တော့ဘဲ ထွက်လာကာ ကူညီပေးလေတော့၏။

သူမသည် အနီးရှိ သိုးသားကင်ဆိုင်မှ သံတံများကို ငှားရမ်းလာခဲ့သည်။ သိုးသားများသာမက ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်ပွ၊ ပဲပြား၊ ဆန်မုန့်နှင့် ကန်စွန်းဥ ခေါက်ဆွဲများကိုပါ ပြင်ဆင်ထားလေသည်။

အထူးသဖြင့် ကန်စွန်းဥခေါက်ဆွဲများမှာ ပါးလွှာပြီး မာတောင့်နေပုံရသည်။

‘ကင်လိုက်ရင် အရသာ ရှိပါ့မလား'

အပြင်ဘက်ရှိ ဆိုင်များတွင် ဤကဲ့သို့ ကင်သည့်နည်းလမ်းမျိုးမရှိပေ။

ထို့အပြင် သူမသည် မြေပဲ၊ နှမ်းနှင့် လှော်ထားသော ဗာဒံစေ့များကို အများအပြား ထောင်းကြိတ်ထားကာ အသားကင်များပေါ်တွင် ဖြူးပေးမည်ဟု ဆိုလေသည်။

ထို့ထက်ပို၍ သူမသည် ငရုတ်ဆီများကို အိုးတစ်ဝက်ခန့် ကြိုချက်ထားသေးကာ မစားမီ အသားကင်များပေါ်တွင် သုတ်လိမ်းရန်အတွက်ဟု ဆို၏။

အပြင်ဘက်ရှိ ပန်းပွင့်ပုံ ဦးထုပ်ဆောင်းထားသော ဝီဂါဈေးသည်များမှာမူ အသားများကို မီးပေါ်တွင် ခေတ္တမျှ ကင်ပြီးနောက် အပေါ်မှ ဇီယာမှုန့်အနည်းငယ် ဖြူးပေးရုံသာဖြစ်သည်။

သူတို့သည် တစ်ခါတစ်ရံ နှာခေါင်းကလော်လိုက်၊ ဖင်ကုတ်လိုက်ဖြင့် သန့်ရှင်းရေးကို လုံးဝဂရုမစိုက်ကြပေ။

ထိုနေရာများတွင် စားသောက်ပါက ဗိုက်နာတတ်သော်လည်း ချန်မေ့လန်၏နည်းလမ်းမှာမူ အရသာရှိသော ရနံ့များထွက်ပေါ်နေရုံသာမက သန့်ရှင်းသပ်ရပ်မှုလည်း ရှိလှပေသည်။

ရှောင်ဝမ်သည် တစ်ချိန်က အသားကင်ဆိုင်တစ်ခုတွင် တစ်သက်တာ အိပ်မက်ဆိုးတစ်ခုကို တွေ့ကြုံခဲ့ရဖူးသော်လည်း ယခုအချိန်တွင်မူ သူ့ဘဝတစ်လျှောက်လုံး အမှတ်ရစရာအကောင်းဆုံးနှင့် စိတ်လှုပ်ရှားစရာ အကောင်းဆုံးသော အစားအသောက် တစ်ခုကို မြည်းစမ်းခွင့်ရနေလေပြီ။

သူ့ဖခင်မှာ အိမ်မပြန်လာသေးသော်လည်း၊ ရှောင်လန်မှာ ဆက်လက် မစောင့်ဆိုင်းနိုင်တော့ဘဲ အဆက်မပြတ် ခုန်ပေါက်နေတော့၏။

ဤကလေးမှာ လူကိုက်ရသည်ကို အလွန်နှစ်သက်ကာ တွေ့သမျှလူတိုင်းအား ကိုက်ချင်နေတတ်သည်။ သို့သော် သူ၏လက်များမှာ နူးညံ့ပြီး လူများအား ရိုက်နှက်ရသည်ကိုမူ မနှစ်သက်ပေ။

ဤအကျင့်မှာ မကောင်းလှပေ။ အကယ်၍ မပြင်ပါက၊ တစ်စုံတစ်ယောက်က ဒေါသထွက်ကာ သူ့ကို ပြန်လည်ရိုက်နှက်ပါက မည်သို့လုပ်မည်နည်း။ သူ ခံနိုင်ရည် ရှိနိုင်မည်လော။

ချန်မေ့လန်သည် ရှောင်လန်အတွက် အသားတစ်ကင်ကို ဦးစွာကင်ပေးလိုက်ပြီး၊ အတံထိပ်ကို တစ်ရှူးဖြင့် သန့်စင်ပေးရင်း ပြောလိုက်လေသည်။

“ငါတို့ရဲ့ ရှောင်လန်က နောက်ဆို လူတွေကို လိုက်မကိုက်တော့ဘူး၊ ဟုတ်တယ်မလား”

“မေမေ့ကို မကိုက်ဘူး၊ အစ်ကိုကြီးကို မကိုက်ဘူး၊ မမကြီးကိုလည်း မကိုက်ဘူး”

ရှောင်လန်က ပြန်ဖြေလေသည်။

“ဘယ်သူ့ကိုမှ လုံးဝ မကိုက်ရဘူးလို့ ဆိုလိုတာ”

ချန်မေ့လန်က အသားကင်ကို ပြန်သိမ်းလိုက်၏။

“မဟုတ်ရင် သားကို စားခွင့်မပေးဘူး”

ရှောင်လန်မှာ မကျေမနပ်ဖြစ်သွားကာ အသံပြုလျက် အသားကင်ကို လုယူရန် ကြိုးပမ်းလေသည်။ မရသောအခါ ချန်မေ့လန်က ထပ်မံမေးမြန်းလိုက်၏။

“နောက်ဆို လူတွေကို ကိုက်ရဲသေးလား”

“မကိုက်တော့ပါဘူး... သွားယားလို့ပါ”

ရှောင်လန်က ပါးစပ်ကို ဟပြကာ သူ၏သွားများကို လှမ်းဆွဲရင်း ပြန်ဖြေလေသည်။

ဤကလေးမှာ နို့သွားများသာ ရှိသေးပြီး သွားလဲရမည့်အရွယ် သို့မဟုတ် သွားအသစ်ပေါက်ရမည့် အရွယ်သို့ မရောက်သေးပေ။

‘ဘယ်လိုလုပ်ပြီး သွားယားနေရတာလဲ'

ချန်မေ့လန်သည် ကလေးငယ်၏သွားများကို သေချာစစ်ဆေးကြည့်လိုက်ရာ ဘေးဘက်တွင် ကွက်လပ်တစ်ခု ရှိနေသည်ကို ရုတ်တရက်သတိပြုမိသွား၏။

ကွက်လပ်မှာ မကြီးမားသော်လည်း သွားနှစ်ချောင်းမှာ တစ်ချောင်းနှင့်တစ်ချောင်း အပြန်အလှန် မှီလျက် ခွကျကျ ပေါက်နေလေသည်။

“ရှောင်ဝမ်... ရှောင်လန်ရဲ့ သွားက ဘာဖြစ်လို့ ထူးဆန်းနေတာလဲ”

ချန်မေ့လန်က လက်လှမ်း၍ စမ်းကြည့်လိုက်ရာ အထဲတွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်ဝမ်က ဖြေလေသည်။

“သူ တစ်ခါ သွားကျိုးသွားဖူးတယ်၊ အဲဒီတုန်းက ဆရာဝန်က နှုတ်ပစ်ချင်ပေမယ့် သူတို့က မလိုပါဘူး၊ ပြန်ပေါက်လာရင် အဆင်ပြေသွားမှာပါလို့ ပြောကြတယ်”

ဆိုလိုသည်မှာ ရှောင်လန် အမှန်တကယ်သွားကျိုးခဲ့ဖူးသော်လည်း၊ အမြစ်မှာ အထဲတွင် ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

သွား၏ အပြင်ဘက်ပိုင်း ပျောက်ဆုံးသွားသဖြင့် ဘေးဘက်ရှိ သွားများမှာ တစ်ချောင်းနှင့်တစ်ချောင်း အပြန်အလှန်မှီလျက် ပေါက်လာကြခြင်းဖြစ်သည်။ အထဲရှိ သွားမြစ်မှာ ယားယံနေသဖြင့် သူသည် အမြဲတစေ မသိစိတ်မှ တစ်စုံတစ်ခုကို ကိုက်လိုနေခြင်းဖြစ်ပေမည်။

“ဘာလို့ အစောကတည်းက မပြောတာလဲ၊ သူ တော်တော်လေး နေရခက်နေမှာပဲ၊ ပြီးတော့ သူ့ရဲ့သွားတွေလည်း လုံးဝ ပုံပျက်သွားလိမ့်မယ်၊

အဲဒီသွားကို နှုတ်ပစ်ပြီး နေရာချထားတဲ့ အကာလေးတစ်ခု ထည့်ပေးရမယ်၊ မဟုတ်ရင် သူ့ရဲ့ သွားဖုံးတစ်ခုလုံး ပြဿနာတက်တော့မှာ”

‘ဒီကလေးက မကြာခဏ ဂျီကျပြီး တစ်ခုခုကို အမြဲတမ်းကိုက်ချင်နေတာ မဆန်းတော့ပါဘူးလေ'

ရှောင်ဝမ်က ချန်မေ့လန်အား မေးလိုက်လေသည်။

“သွားနှုတ်ရင် ပိုက်ဆံကုန်တယ် မဟုတ်လား၊ ဖေဖေ့ဆီမှာ လောက်ပါ့မလားဟင်”

ကျိုးရွှယ်ချင်းသည် ယန်ကျောက် ပိုက်ဆံမရှာတတ်ကြောင်း ပိုက်ဆံမလောက်ငကြောင်းများကို အမြဲတစေ ညည်းတွားလေ့ရှိသဖြင့် ဤကလေးငယ်၏စိတ်ထဲတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်အမည်းတစ်ခုအဖြစ် အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။

“လောက်ပါတယ်၊ မနက်ဖြန် သူ့ကို သွားသွားနှုတ်ပေးမယ်”

ချန်မေ့လန်က ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်၏။

“သားရဲ့ လစာငွေကို သုံးကြတာပေါ့”

လူကြီးများကဲ့သို့ အသားကင်များပေါ်တွင် ဆီသုတ်လိမ်းနေသော ရှောင်ဝမ်က နှုတ်ခမ်းစူကာ မေးလိုက်လေသည်။

“ကျွန်တော့်မှာ ဘာလစာရှိလို့လဲ”

“ဆရာဟွမ်တောင် တစ်ရက်ကို ၅ ယွမ် ရသေးတာပဲ၊ သားကလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို နေ့တိုင်းသွားပြီး အပင်ပန်းခံ အလုပ်လုပ်ပေးရုံတင်မကဘူး၊

ချင်ချွမ်ကုမ္ပဏီက အလုပ်ရအောင်ပါ ကူညီပေးခဲ့သေးတယ်၊ မေမေက သားကို သေချာပေါက် လစာပေးရမှာပေါ့”

ချန်မေ့လန်က ရှင်းပြလေသည်။

ဤစကားကို ကြားသောအခါ ရှောင်ဝမ်မှာ အလွန် ဝမ်းသာသွားတော့၏။

“ဒါဆို ကျွန်တော် ကျောင်းမတက်တော့ဘူး၊ အန်တီနဲ့ အတူတူ အင်ဂျင်နီယာအလုပ်ပဲ လုပ်တော့မယ်၊ ကျွန်တော့်ကို သေးတယ်ဆိုပြီး အထင်မသေးနဲ့နော်၊ ကျွန်တော်က အပြေးအလွှား အလုပ်လုပ်တဲ့နေရာမှာ တော်တော်မြန်တာ”

“အဲဒါကတော့ ကောင်းပါတယ်၊ ဒါပေမယ့် သားက မြေပုံဆွဲတာ၊ ဘတ်ဂျက်တွက်တာ၊ တင်ဒါရေးတာတွေကို အရင်ဆုံး သင်ယူရမယ်လေ”

ချန်မေ့လန်က အကြံပြုလိုက်၏။

“ဒီအသားကင်တွေကို ဆရာဟွမ်နဲ့ အန်တီဟွမ်တို့ဆီ ယူသွားပြီး၊ အင်ဂျင်နီယာ အလုပ်ကို သေချာဘယ်လိုလုပ်ရမလဲ ဆိုတာကို ဆရာဟွမ့်ကိုမေးကြည့်လိုက်”

သူမက ကင်ထားသော သိုးသားကင်များ၊ ကန်စွန်းဥ ခေါက်ဆွဲများ၊ ပဲပြများနှင့် ခရမ်းသီးများကို ပန်းကန်ပြားတစ်ခုပေါ်တွင် တင်ကာ ရှောင်ဝမ်အား ကမ်းပေးလိုက်လေသည်။

ရှောင်ဝမ်က အသားကင်ပန်းကန်ကို ယူကာ တက်ကြွစွာဖြင့် ထွက်ခွာသွားတော့သည်။

ချန်မေ့လန်၏ ရည်ရွယ်ချက်မှာ ရှောင်ဝမ်အား ယုံကြည်မှု တိုးပွားလာစေရန်နှင့် သူ၏ဖခင် ငွေများများစားစား မရှာနိုင်ခြင်းအပေါ် သိမ်ငယ်စိတ်မဝင်စေရန် ဖြစ်သည်။

သို့သော် ငွေရှာလိုစိတ် ပြင်းပြနေသော ဤခွေးပေါက်စလေးမှာ သူမ၏ရည်ရွယ်ချက်များကို အမြဲတစေ အထင်အမြင် လွဲမှားနေတတ်လေ၏။

ဆရာဟွမ်က သူ့အား လက်တွေ့ဘဝကို မြင်တွေ့စေကာ အင်ဂျင်နီယာ အလုပ်ဆိုသည်မှာ မည်မျှလောက် ခက်ခဲကြောင်းကို သိရှိစေပေလိမ့်မည်။

ယန်ကျောက် ပြန်ရောက်လာပြီးနောက် အသားကင်စင်ကို လွှဲပြောင်းရယူကာ စကင်လေတော့သည်။

ဘေးအိမ်တွင် ချင်ယွီနှင့် ယန်တာ့ဝေတို့မှာ တစ်နေ့လုံး စကားများနေကြသည်။

နင်နင်က ချန်မေ့လန်တို့၏ တံခါးဝတွင် မှီလျက် အသားကင်စင်ကို စိတ်ဝင်တစား စောင့်ကြည့်နေလေ၏။

ပုံမှန်အားဖြင့် နင်နင်တွင် ယွမ်ယွမ်အနေဖြင့် ကြည့်ရှုရုံ၊ အနံ့ခံရုံသာ တတ်နိုင်ပြီး ထိတွေ့ခွင့် သို့မဟုတ် စားသောက်ခွင့် မရရှိသော အရသာရှိသည့်အစားအသောက်များနှင့် ပျော်စရာ ကစားစရာအမျိုးမျိုး ရှိလေသည်။

သို့သော် ယွမ်ယွမ်ကမူ များစွာ ပို၍ သဘောထားကြီးလှပေသည်။ မိခင်ဖြစ်သူ၏ ခွင့်ပြုချက်ဖြင့် ယနေ့တွင် အသားကင်များ အများအပြားပြုလုပ်ထားသဖြင့် သူမသည် ရွာထဲရှိ မိန်းကလေးများ အားလုံးနီးပါးကို အသားကင်လာစားရန် ဖိတ်ခေါ်လိုက်လေ၏။

All Chapters