အခန်း ၁၂၇
Vol. 13 Ch. 127
🍄 Chapter 127
ကံကောင်းထောက်မစွာပင် ချန်မေ့လန်က အသားကင်များကို အလုံအလောက် ပြင်ဆင်ထားခဲ့သည်။ အသားကင်ဆိုသည်မှာ လူများများဖြင့်စားမှသာ ပို၍အရသာရှိသည်မဟုတ်လော။
မိန်းကလေးများမှာ ပါးစပ်များ ဆီပေကျံနေလျက် ထိုကြောက်မက်ဖွယ်ကောင်းသော၊ အသားမည်းမည်းနှင့် ဦးလေးကြီးအား စိတ်ဝင်တစား အကဲခတ်နေကြလေသည်။
ဇနီးမောင်နှံနှစ်ဦး အသားကင်နေကြစဉ် ယန်ကျောက်က အခွင့်အရေးကို အရယူကာ အမှုကိစ္စအကြောင်း ဆွေးနွေးလိုက်ပြီး သေဒဏ်အကောင်အထည်ဖော်မှု ရလဒ်များကိုပါ ပြောပြလေသည်။
အခင်းဖြစ်ပွားရာ နေရာတွင် အလွန်ဆူညံပွက်လောရိုက်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များမှာ အာရုံလွင့်သွားခဲ့ကာ ပထမအချက်မှာ ရင်ဘတ်ကိုသာထိမှန်ခဲ့ကြောင်း သိရသည်။ ဦးခေါင်းကို ဒုတိယအချက် ထပ်မံပစ်ခတ်ခဲ့ရ၏။
ကွပ်မျက်မှုကို အကောင်အထည်ဖော်ခဲ့သော ရဲအရာရှိမှာ သတိပေးမှတ်တမ်းတင်ခြင်း ခံရမည်ဖြစ်သည်။ ပန်းထွက်လာသော ဦးနှောက်များမှာ တိုဟူးကဲ့သို့ ဖြစ်နေသည်ဟု ဆိုလေသည်။
ယခုလက်ရှိ သူမ ကင်နေသောတိုဟူးကို ကြည့်ကာ ချန်မေ့လန် ရုတ်တရက် ဆက်မစားနိုင်တော့ဟု ခံစားလိုက်ရတော့၏။
အခြေအနေကို ပိုဆိုးသွားစေရန်အတွက် ယန်ကျောက်က တိုဟူးတစ်တုံးကို မြှောက်ပြကာ ငရုတ်ဆီများသုတ်လိမ်းရင်း ပြောလိုက်လေသည်။
“သွေးတွေနဲ့ ရောနေတဲ့ ဦးနှောက်တွေက ဒီတိုဟူးနဲ့ တော်တော်လေးဆင်တူတယ်”
ဒုစခန်းမှူးမာမှာ ထိတ်လန့်လွန်း၍ သတိလစ်သွားကာ၊ သေးပန်း၊ ချေးထွက် ဖြစ်သွားကြောင်းကို ကြားလိုက်ရသောအခါ ချန်မေ့လန် အနည်းငယ် စပ်စုချင်စိတ်ဖြစ်ပေါ်လာ၏။
“သူက တကယ်တော့ ပိုက်ဆံဘယ်လောက်တောင် အလွဲသုံးစား လုပ်ထားတာလဲ”
“သူ့မိန်းမဆီမှာ ယွမ် ၅၀,၀၀၀၊ မယားငယ်ဆီမှာ ယွမ် ၁၅၀,၀၀၀ တွေ့တယ်၊ လျှော့ဈေးနဲ့ ဝယ်ထားတဲ့ပစ္စည်းတွေကိုပါ ထည့်တွက်ရင် ယွမ် ၃၀,၀၀၀ လောက် ထပ်ရှိဦးမယ်”
ယန်ကျောက်က ရှင်းပြလေသည်။
ဒေသခံ ရဲစခန်းတစ်ခု၏ ဒုစခန်းမှူးတစ်ယောက်တွင် ယန်ရှီရှန်းနှင့် တန်းတူညီမျှလောက်ရှိသော ငွေသားလည်ပတ်မှုမျိုး ရှိနေခဲ့သည်လော။
‘ယန်ရှီရှန်းကတော့ စီးပွားရေးလုပ်ဖို့အတွက် အန္တရာယ် ဘယ်လောက်များများ ရင်ဆိုင်ခဲ့ရလဲ၊ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲ ခံခဲ့ရလဲ၊ ဒုက္ခတွေ ဘယ်လောက်တောင် ခံစားခဲ့ရလဲ'
ဟွာနိုင်ငံတွင်မူ အဂတိလိုက်စားသော အရာရှိတစ်ဦး ဖြစ်လာခြင်းမှာ အမှန်တကယ်ပင် အလျင်အမြန် ကြီးပွားချမ်းသာနိုင်မည့် အကောင်းဆုံးလမ်းကြောင်းတစ်ခုပင် ဖြစ်လေတော့သည်။
ချန်မေ့လန် အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။
“သူက တကယ်ကို ပိုက်ဆံ ဘယ်လိုရှာရမလဲဆိုတာ သိတာပဲ”
“အဲဒါ ဘာပညာမှမလိုပါဘူး၊ အဲဒီနေရာမျိုးမှာဆိုရင် ဘယ်သူမဆို ရှာလို့ရတာပဲ၊ မိသားစုဝင်တွေကိုပါ ထည့်တွက်ရင် ပိုပြီးတောင် ရှာနိုင်သေးတယ်”
ယန်ကျောက်က ချန်မေ့လန်အား တစ်ချက်ကြည့်ရင်း ပြောဆိုလိုက်လေသည်။
သူ၏ အကြည့်များမှာ ပုံမှန်မဟုတ်ဘဲ စူးရဲပူပြင်းလွန်းလှပေသည်။
‘ဒါဆို သူက ဒီအမှုအကြောင်းကို လေးလေးနက်နက် ပြန်ပြောပြနေတာ၊ မြင်ကွင်းတွေကို အသက်ဝင်အောင် ပုံဖော်နေတာက ငါ့ကို သူရဲ့ ရာထူးအာဏာကို အသုံးပြုပြီး ပိုက်ဆံမရှာဖို့ သတိပေးနေတာပေါ့လေ'
‘ငါ ချန်မေ့လန်က အဲဒီလို လူစားမျိုးလား'
သူမက သူမ၏ရင်ဘတ်ကို တမင်တကာပုတ်လိုက်ကာ ပြောဆိုလိုက်၏။
“ရဲအရာရှိတစ်ယောက်ရဲ့ မိသားစုဝင် ဖြစ်ရတာ မလွယ်ပါဘူး၊ နောက်ဆို ကျွန်မတို့ အပြင်သွားရင် ရှင့်ရဲ့ ရဲဝတ်စုံကို မဝတ်ပါနဲ့၊ ကျွန်မနဲ့ ကလေးတွေလည်း ရှင်နဲ့ ခပ်ခွာခွာဏမှာပဲ နေပါ့မယ်၊
ဘယ်သူပဲဖြစ်ဖြစ် ကျွန်မတို့ တံခါးဝကို လာဘ်လာထိုးရဲရင် ကျွန်မ ရှင့်ဆီ ချက်ချင်းဖုန်းဆက်မယ်၊ ရှင့်အလုပ်ကို အာရုံမလွင့်စေနဲ့၊
ရှင်က တုန်းကျင်းခရိုင်ရဲ့ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူ၊ ကျွန်မက အိမ်တွင်းရေးတွေကို တာဝန်ယူပါ့မယ်”
ဤမြှောက်ပင့်စကားများမှာ အလွန်အမင်း လွန်ကဲလွန်းလှသဖြင့် သူမကိုယ်တိုင်ပင် အနည်းငယ် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာမိတော့သည်။
သို့သော် ယန်ကျောက်ကမူ ၎င်းကို အမှန်တကယ် သဘောကျဟန် ရှိလေသည်။
သူက ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ချန်မေ့လန်သည် ကန်စွန်းဥ ခေါက်ဆွဲများကို သဘောကျကြောင်း သတိပြုမိသဖြင့် ကလေးများ အာရုံလွင့်နေချိန်တွင် သူမကို တစ်လုတ်ခွံ့ကျွေးရန် ကြိုးပမ်းလေသည်။
သို့သော် ရုတ်တရက် မိန်းကလေးတစ်ဦးက ခေါင်းလှည့်လာကာ၊ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ခွံ့ကျွေးနေသည်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် ယွမ်ယွမ့်ကိုပါ လှည့်ကြည့်ရန် ဆွဲခေါ်လိုနေ၏။
သို့သော် ယန်ကျောက်က ထိုမိန်းကလေးအား စူးရဲစွာ စိုက်ကြည့်လိုက်သဖြင့် သူမမှာ ထိတ်လန့်သွားကာ မျက်ရည်များကို ထိန်းချုပ်လျက် ပြေးထွက်သွားတော့သည်။
“အမှုဖော်ထုတ်နိုင်ခဲ့လို့ ဆုကြေးငွေများ ရသေးလားဟင်”
ချန်မေ့လန်က မေးမြန်းလိုက်၏။
အမှုကို လျင်မြန်စွာ ဖော်ထုတ်နိုင်ရန်အတွက် ယန်ရှီရှန်းက ရဲတပ်ဖွဲ့အား ဆုကြေးငွေ ယွမ် ၅,၀၀၀ ပေးအပ်မည်ဟု ကြေညာထားခဲ့သည်ကို ချန်မေ့လန် မှတ်မိနေသည်။
သူမအနေဖြင့် လောဘတကြီး လိုချင်မည်မဟုတ်ဘဲ ကိုယ်တိုင် ကြိုးစားပမ်းစား ငွေရှာမည်ဖြစ်သော်ငြား ထိုငွေများမှာ ယန်ကျောက် ရသင့်သည်မဟုတ်လော။
“အဲဒီငွေကို စစ်တပ်ကနေ ပြောင်းရွှေ့လာတဲ့ ရဲအရာရှိတွေ အားလုံးကို ဘောနပ်စ်အနေနဲ့ ခွဲပေးလိုက်တယ်၊ ငါ ယွမ် ၃၀၀ ရတယ်၊ လကုန်လစာနဲ့ ပေါင်းပြီးထုတ်ပေးလိမ့်မယ်”
ယန်ကျောက်က ရှင်းပြလေသည်။
“ရပါတယ်... ကျွန်မတို့အတွက် ပိုက်ဆံကို ကျွန်မပဲရှာပါ့မယ်”
သူမက ကန်ထရိုက်အလုပ်၏ အသေးစိတ် အချက်အလက်များနှင့် သူမလက်ဝယ်ရှိ ငွေကြေးများအားလုံးကို ရှင်းပြရန်ကြိုးပမ်းလိုက်၏။
ယန်ကျောက်က သူမအား စိုက်ကြည့်လိုက်ရာ သူ့မျက်ဝန်းများက သူမ၏ အတွင်းစိတ်ကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ရှိသော်ငြား သူက ချက်ချင်းပင် အကြည့်လွှဲသွားခဲ့သည်။
“မင်းရဲ့ စာရင်းတွေကို ငါ လိုက်မစစ်ပါဘူး၊ ဒါပေမယ့် မင်းလည်း ဥပဒေနဲ့မလွတ်ကင်းတာတွေ မလုပ်ရဘူးနော်”
ဤအမျိုးသားသည် သူ့ဇနီးဖြစ်သူ ဥပဒေချိုးဖောက်ကြောင်း သိရှိပါက ကိုယ်တိုင်တိုင်ကြားကာ ချက်ချင်းပင် ကွာရှင်းပြတ်စဲနိုင်စွမ်း ရှိသူဖြစ်သည်။
အနာဂတ်တွင် မြို့တော်၌ စခန်းမှူးအဖြစ် ရာထူးတိုးလာသောအခါ၊ လူအများအပြားက သူ့အား စုံစမ်းစစ်ဆေးလိုကြသော်ငြား ဤရဲမှူးကြီးထံတွင် မည်သည့် အားနည်းချက်ကိုမျှ တွေ့ရှိနိုင်မည်မဟုတ်ပေ။
အတိတ်ဘဝက ကျိုးရွှယ်ချင်း၏အခက်အခဲများကို ချန်မေ့လန် ယခုအခါ အနည်းငယ် နားလည်လာပြီဖြစ်သည်။
ဤခေတ်ကာလတွင် အလျင်အမြန် ကြီးပွားချမ်းသာလိုစိတ်မရှိလျှင်ပင် အလွန်အမင်း ဆင်းရဲနွမ်းပါးစွာ နေထိုင်၍မရပေ။
ဆင်းရဲမွဲတေမှုက မိမိကိုယ်တိုင်အတွက်သာမက ကလေးများအတွက်ပါ ဘဝကို ပိုမိုခက်ခဲကြမ်းတမ်းစေလေသည်။
ယခုအခါ ရှောင်ဝမ်သည် အတိတ်ဘဝက ယွမ်ယွမ်ကဲ့သို့ ဖြစ်နေလေပြီ။ သူမက မည်မျှပင် အားပေးအားမြှောက်ပြုကာ ကြင်နာယုယမှုများ ပြသပါစေ ဖခင်ဖြစ်သူတွင် အိမ်၌ စီးပွားရေးအရ ရပ်တည်မှုမရှိသဖြင့် ကလေးငယ်မှာ သိမ်ငယ်စိတ် ဝင်နေရှာသည်။
ကလေးများမှာ တက်ကြွစွာ နှိုင်းယှဉ်လေ့မရှိကြသော်ငြား အခြားသူများတွင် အဝတ်အစားသစ်များရှိပြီး သူတို့တွင်မရှိသောအခါ၊
အခြားသူများတွင် ခဲတံဘူးအသစ်များ ရှိပြီး သူတို့တွင်မရှိသောအခါ သိမ်ငယ်စိတ်များ ဝင်လာတတ်ကြစမြဲပင်။
ထို့အပြင် ဥပဒေနှင့်အညီ ငွေရှာရန်မှာလည်း အလွန်ခက်ခဲလွန်းလှပေသည်။
ဆောက်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်၍မူ သူမ လက်ခံလုပ်ကိုင်ပါက ယန်ကျောက်ကန့်ကွက်မည်မဟုတ်ဟု သူမ မျှော်လင့်မိလေသည်။
မဟုတ်ပါက သူမ၏ လက်ရှိနူးညံ့သိမ်မွေ့ကာ နားလည်မှုရှိသော အသွင်အပြင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်မဟုတ်ဘဲ သူနှင့် အချေအတင် ငြင်းခုံရပေတော့မည်။
“ရှီရှန်းက ဒီနေ့ ထောင်ကထွက်မှာ၊ တတိယဦးလေးနဲ့ ကျွန်မ စကားပြောပြီးပြီ၊ သူ လာပြီး ပြဿနာရှာတော့မှာမဟုတ်ဘူး၊ ဒီည ရှင်ပဲ တစ်ယောက်တည်း လာခဲ့လိုက်လေ”
ချန်မေ့လန်သည် သူ့အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ကာ ယန်ကျောက်၏ နားရွက်များ နီရဲလာပြီးနောက် လည်ပင်းအထိ နီရဲလာသည်ကို စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် သူက သူမ၏ အကြည့်များကို ရှောင်လွှဲကာ ပြောဆိုလိုက်၏။
“နည်းနည်းလောက် ထပ်စားသွားပါဦး၊ ပန်းကန်တွေ ငါသိမ်းလိုက်ပါ့မယ်”
‘ဒီခွေးကောင်... နည်းနည်းလောက် လေသံကို ပျော့ပျော့ပျောင်းပျောင်းလေးပြောပြီး ဖိတ်ခေါ်တဲ့ပုံစံမျိုးလေး ပြောလို့မရဘူးလား'
‘ချိုချိုသာသာလေး ပြောလိုက်ရင် သူ သေသွားမှာမို့လို့လား'
“မလာဘူး”
သူမက ခေါင်းမာမာဖြင့် ငြင်းဆန်လိုက်လေသည်။
ယန်ကျောက်၏လက်များ ခေတ္တမျှရပ်တန့်သွားသော်ငြား သူမကို မကြည့်ဘဲ ကလေးများ စားထားသဖြင့် ပေကျံနေသော ပန်းကန်လုံးများကိုသာ ဆက်လက် သိမ်းဆည်းနေလေသည်။
“ကျွန်မ သန့်ရှင်းရေး လုပ်ပြီးတဲ့အထိ စောင့်... ပြီးမှ ကြည့်လုပ်ကြတာပေါ့”
ချန်မေ့လန်က ရယ်ချင်စိတ်ကို ထိန်းထားလျက် ပြောဆိုလိုက်၏။
သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ယန်ကျောက်၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ ပြုံးလိုက်ပြီး….
‘အို... သူ့သွားလေးတွေတောင် ပေါ်သွားသေးတယ်’
သူ၏သွားများမှာ အလွန်ဖြူဖွေးလှကာ သွားတိုက်ဆေးကြော်ငြာများတွင် အသုံးပြုနိုင်လောက်အောင်ပင် ဖြူလေသည်။
…….
ရှီးဖျင် အကျဉ်းထောင်တံခါးဝတွင် ယန်ရှီရှန်းသည် အနီနှင့် အပြာရောင်ပလတ်စတစ်အိတ်တစ်လုံးကို သယ်ဆောင်ကာ အဝင်ဝကို မော့ကြည့်နေလေ၏။
နှစ်လပင် မပြည့်သေးသော်ငြား သူ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သည်။
အကျဉ်းထောင် တံခါးဝတွင် တံတွေးတစ်ထွေး ထွေးချရန် ပြင်လိုက်စဉ်မှာပင် လမ်းတစ်ဖက်မှ ငယ်ရွယ်လှပသော အမျိုးသမီးနှစ်ဦး လျှောက်လာသည်ကို မြင်လိုက်ရ၏။
သူသည် ရိုင်းစိုင်းသော အကြံအများကို ချက်ချင်း ဖယ်ရှားလိုက်ကာ သူ၏ဆံပင်ရှည်များကို ခါထုတ်ရန် ပြင်ဆင်လိုက်လေသည်။
ထို့နောက် သူ ထပ်မံ၍ ဒေါသထွက်သွားပြန်သည်။ သူ အခက်အခဲများစွာဖြင့် အရှည်ထားကာ အလိပ်ကြီးများဖြစ်အောင် ပုံသွင်းထားသော ဆံပင်ရှည်များမှာ အကျဉ်းထောင်သို့ ဝင်ဝင်ချင်းမှာပင် ထိုခွေးကောင်များက အကုန်ရိတ်ပစ်ခဲ့သည်မဟုတ်လော။
ဘတ်စ်ကားမှတ်တိုင်သို့ သွားရမည့်လမ်းမှာ အလွန်ဝေးကွာလှကာ နေရာမှာလည်း အလွန်ခေါင်လွန်းသဖြင့် ယန်ရှီရှန်း၏ခြေထောက်များပင် နာကျင်လာတော့၏။
ပါးနပ်သောယုန်တွင် တွင်းသုံးတွင်း ရှိသည်ဟု ဆိုကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ယွမ် ၁၀,၀၀၀ တန် ငွေစက္ကူကို မည်သည့်နေရာတွင် ဝှက်ထားကြောင်း ဟူရှောင်မေအား ပြောပြခဲ့ပြီး ကလေးများအတွက်အာဟာရဖြစ်စေရန် အသုံးပြုခိုင်းခဲ့သည်။
သို့သော် ကျောက်မီးသွေးတွင်း၏ သော့နှင့် ကျန်ရှိသောငွေများကိုမူ အခြားတစ်နေရာတွင် ဝှက်ထားခဲ့လေသည်။
ယန်ရှီရှန်းမှာ ဆင်းရဲမွဲတေမှုကို ကြောက်ရွံ့ခဲ့ဖူးသူတစ်ဦးဖြစ်သည်။ ယုန်ကို မမြင်မချင်း သိမ်းငှက်ကို သူ လွှတ်ပေးမည်မဟုတ်ပေ။