အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁) - ထွက်ခွာခြင်း (၃)
ကျူးလင် ပြောလိုက်သည်ကို ကြားသောအခါ ထန်ပိုင်၊ စုန့်ချန်စုနှင့် ကျန့်ရိမုတို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျန့်ရိမုက ပြောလိုက်သည်။
"မိန်းကလေးကျူးက ဒီလိုပြောမှတော့ ကျုပ်တို့လည်း နောင်အနာဂတ်မှာ မိန်းကလေးကျူးနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်..."
ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"ရပါတယ်... ကျွန်မတို့ ဗိုလ်ကြီးကျန့် ဆက်သွယ်လာမှာကို စောင့်နေပါ့မယ်..."
သူတို့၏ ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်သဖြင့် စုန့်ချန်စုက ပြုံးပြကာ ပြောလိုက်လေသည်။
"အချိန်မရွေး လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်... ဗိုလ်ကြီးရှို့နဲ့ အဖွဲ့ဝင်တွေကို ကျုပ်တို့ အမြဲတမ်း ကြိုဆိုနေမှာပါ..."
ရှို့ဝူက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးသွားတဲ့အခါ ကျွန်တော်တို့ တစ်ခေါက် ပြန်လာခဲ့ပါ့မယ်..."
ဗိုလ်ကြီးသုံးဦးကို နှုတ်ဆက်ပြီးနောက် ရှို့ဝူနှင့် အခြားသူများသည် စစ်သုံးထရပ်ကားကြီးပေါ်သို့ တက်လိုက်ကြလေသည်။
ကုန်းရီရွှမ်သည် မြို့ရိုးပေါ်တွင် ရပ်လျက် ထွက်ခွာသွားသော စစ်သုံးထရပ်ကားကြီး ဆယ်စီးကို ကြည့်ရင်း ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်၏။ သူ၏ဘေးတွင် ရပ်နေသော ဝမ်ရှန့်ယဲ့က မေးလိုက်သည်။
"မင်း တကယ်ပဲ ရာထူးက နှုတ်ထွက်ချင်တာလား..."
ကုန်းရီရွှမ်က အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ဟုတ်တယ်... ငါ့ဝမ်းကွဲညီကို စောင့်ရှောက်ရမယ်..."
သူ၏အဖြေကို ကြားပြီးနောက် ဝမ်ရှန့်ယဲ့က ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။
"မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်..."
ကုန်းရီရွှမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက သူတို့ရဲ့ အသန်မာဆုံးနဲ့ အငယ်ဆုံး ဗိုလ်ချုပ်လေးပဲ... အဲဒီအဖိုးကြီးက မင်းကို ထွက်ခွာခွင့်ပြုမယ်လို့ သေချာလို့လား..."
ဝမ်ရှန့်ယဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
"သူ့မှာ ငါ့ကို လွှတ်ပေးရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး... မဟုတ်ရင် ငါ သူ့ကို နေ့တိုင်း ခေါင်းကိုက်အောင် လုပ်နေမှာ..."
ဝမ်ရှန့်ယဲ့သည် ထိန်းချုပ်ရခက်ခဲပြီး ကြမ်းတမ်းသည်ကို သိရှိသောကြောင့် ကုန်းရီရွှမ်လည်း ဘာမျှ ဆက်မပြောတော့ချေ။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရှန့်ယဲ့က မေးလိုက်၏။
"မင်း သူတို့ရဲ့ စခန်းသစ်ကို ဘယ်တော့သွားမှာလဲ..."
ကုန်းရီရွှမ်က ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ငါ မထွက်ခွာခင် လက်ရှိလုပ်ဆောင်နေတဲ့ ပရောဂျက်တွေကို ငါ့လက်အောက်ငယ်သားတွေဆီ လွှဲပြောင်းပေးဖို့ လိုသေးတယ်... လွှဲပြောင်းမှုလုပ်ငန်းစဉ်တွေ ပြီးဆုံးဖို့ အနည်းဆုံး နှစ်ရက်ကနေ သုံးရက်လောက်တော့ ကြာလိမ့်မယ်..."
သူ၏အဖြေကို ကြားသောအခါ ဝမ်ရှန့်ယဲ့က ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"မင်း ထွက်ခွာဖို့ အဆင်သင့်ဖြစ်တဲ့အခါ ငါ့ကို ပြော... ငါတို့ အတူတူ ထွက်သွားကြတာပေါ့... မင်းတစ်ယောက်တည်း အပြင်ထွက်တာက အရမ်းအန္တရာယ်များတယ်..."
“မနေ့က လဲ့ဟော်စခန်းအနီးမှာ အဆင့်မြင့်ဖုတ်ကောင်တွေ ရှိနေတယ်ဆိုတဲ့ သတင်းကို ငါ ရခဲ့တယ်... ဖုတ်ကောင်တွေက ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားပုံရတယ်...”
ကုန်းရီရွှမ်၏ စွမ်းရည်မှာ စိတ်ဝိညာဉ်စွမ်းရည် ဖြစ်သောကြောင့် လူသားများကို ရင်ဆိုင်ရာတွင် အနိုင်တိုက်ဖို့မလွယ်ကူသော်လည်း ဖုတ်ကောင်များ သို့မဟုတ် သန္ဓေပြောင်းလဲသူများမှာမူ မည်သို့မျှ မခုခံနိုင်ချေ။
စခန်းသစ်သို့ သူတစ်ဦးတည်း သွားရောက်ရန် ပြဿနာမရှိသော်လည်း ဝမ်ရှန့်ယဲ့က သူ၏ကိုယ်ရံတော်အဖြစ် လိုက်ပါရန် ဆန္ဒရှိနေသဖြင့် ကုန်းရီရွှမ်လည်း ငြင်းပယ်ခြင်း မပြုတော့ပေ။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ကုန်းရီရွှမ်က ဝမ်ရှန့်ယဲ့ကို ခေါင်းညိတ်ပြကာ အိပ်ချင်မူးတူးဖြင့် ပြောလိုက်၏။
"ကောင်းပြီလေ..."
ကုန်းရီရွှမ်နှင့် ဝမ်ရှန့်ယဲ့တို့သည် စစ်အခြေစိုက်စခန်းမှ ထွက်ခွာရန် ပြင်ဆင်နေကြစဉ် စစ်သုံးထရပ်ကားကြီးတစ်စီးအတွင်း၌ ထိုင်နေကြသော မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် သူတို့နှင့်အတူ တစ်စီးတည်း လိုက်ပါလာကြသည့် အမျိုးသားများကို ကြည့်ကာ ဆွံ့အမှင်တက်နေကြချေသည်။
မုန့်ကျယ်လန်က ဝမ်န၏ လက်မောင်းကို တို့ကာ အသံကို တိုးနိုင်သမျှ တိုး၍ တိုးတိုးလေး မေးလိုက်၏။
"နန... အဲဒီလူတွေက တကယ်ပဲ မင်ဝေတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေလား..."
သူမ၏မေးခွန်းကို ကြားပြီးနောက် ဝမ်နသည် သတိပြန်ဝင်လာကာ အသံတိုးတိုးဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ဘယ်ဘက်အစွန်ဆုံး နောက်ဆုံးခုံမှာ ထိုင်နေတဲ့လူကို တွေ့လား..."
မုန့်ကျယ်လန်က ခေါင်းညိတ်ပြကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"တွေ့တယ်... သူက ဘာဖြစ်လို့လဲ... သူက အရမ်းချောတာပဲ..."
မုန့်ကျယ်လန်၏ စကားကို ကြားသောအခါ ဝမ်နက သူမ၏သူငယ်ချင်းကို မျက်စောင်းထိုးလိုက်၏။ ဝမ်နက မုန့်ကျယ်လန်ကို အသာအယာ တွန်းလိုက်ပြီး ပြောလိုက်သည်။
"နင် သေချင်နေတာလား... သူ့အကြောင်းကို ဘယ်လိုတောင် ပြောရဲရတာလဲ..."
မုန့်ကျယ်လန်သည် သူမ မည်သည့်အမှား လုပ်မိသည်ကို မသိသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်၏။
"ငါ ဘာလုပ်မိလို့လဲ... ငါက အမှန်တရားကိုပဲ ပြောတာလေ..."
ရန်ယွမ်၏ အကြည့်က ၎င်းတို့ထံသို့ တစ်စက္ကန့်မျှ ကျရောက်လာသည်ကို သတိပြုမိလိုက်သဖြင့် ဝမ်နသည် မုန့်ကျယ်လန်၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ထိတ်လန့်တကြား တိုးတိုးလေး ပြောလိုက်၏။
"ရှူး... သူက မင်ဝေတပ်ဖွဲ့ရဲ့ခေါင်းဆောင်ပဲ... မုန့်မုန့်..."
“နင် အေးအေးဆေးဆေး နေချင်ရင် သူ့နားကိုမကပ်တာ အကောင်းဆုံးပဲ... ငါသိသလောက်တော့ သူက အမျိုးသမီးတွေနဲ့ မတည့်ဘူး...”
“အဲဒါကြောင့်ပဲ မင်ဝေတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေအားလုံးက အမျိုးသားတွေချည်းပဲ ဖြစ်နေတာ..."
"ဖူး..."
ဝမ်န၏ စကားဆုံးသည်နှင့် တိတ်ဆိတ်နေသော စစ်သုံးထရပ်ကားကြီးအတွင်း၌ ရယ်သံတစ်ချက် ပဲ့တင်ထပ်သွားလေသည်။
မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူတို့၏ ထိုင်ခုံများပေါ်တွင် တောင့်တင်းသွားကြ၏။
ထို့နောက် သူတို့နှစ်ဦးသည် အမြန်ပင် ပါးစပ်ပိတ်ကာ ငြိမ်သက်သွားကြချေသည်။
ရန်ယွမ်၏ ရှေ့တွင် ထိုင်နေသော ဝေ့ပိုင်သည် သူ၏ဖိနပ်ကို အသာအယာ ကန်လိုက်ပြီး စနောက်လိုက်၏။
"အစ်ကိုရန်... အစ်ကိုက အမျိုးသမီးတွေနဲ့ မတည့်လို့ အခုထိ လူပျိုကြီး ဖြစ်နေတာကိုး...”
“အစ်ကို့ရောဂါကို ကုသဖို့ ဆရာဝန်တစ်ယောက်လောက် ရှာပေးရမလား... တစ်သက်လုံး လူပျိုကြီးအဖြစ် ဖြတ်သန်းရမယ်ဆိုရင် အရမ်းသနားစရာကောင်းမှာပဲ..."
ရန်ယွမ်က မျက်လုံးများကို ဖွင့်ကာ ဝေ့ပိုင်ကို ကြည့်လိုက်၏။
သူငယ်ချင်းချင်းများက သူ့ကို ရယ်မောနေကြသည်ကို မြင်သောအခါ ရန်ယွမ်သည် သူနှင့် သူ၏အဖွဲ့အကြောင်း အတင်းပြောနေကြသော အမျိုးသမီးငယ်နှစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။
သူတို့နှစ်ဦးမှာ အထက်တန်းကျောင်းသူလေးများနှင့် တူနေသဖြင့် သူ ဘာမျှ မပြောတော့ပေ။
သူသည် ကလေးမလေးများနှင့် ငြင်းခုံရလောက်အောင် မအားနေချေ။
ထို့ပြင် ဤကဲ့သို့သော ကောလာဟလများ ရှိနေခြင်းက သူ့အတွက် ပြဿနာများစွာကို သက်သာစေ၏။
လောဘကြီးပြီး ပြဿနာများဖန်တီးမည့် အမျိုးသမီးများ မရှိတော့သဖြင့် သူ့ဘဝမှာ ယခုအခါ အလွန်အေးချမ်းသာယာနေပြီပင်။
တစ်လမ်းလုံးတွင် သဘာဝလွန်စွမ်းအားရှင်များသည် စကားစမြည်ပြောဆိုခြင်း သို့မဟုတ် အနားယူခြင်းများ ပြုလုပ်နေကြသော်လည်း သာမန်လူများမှာမူ ၎င်းတို့ကဲ့သို့ စိတ်အေးလက်အေး မရှိကြချေ။
အခြားစစ်သုံးထရပ်ကားကြီးတစ်စီးအတွင်း၌ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသည် သူမ၏ခင်ပွန်းဘေးတွင် ထိုင်ကာ အဝတ်စွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
ဇနီးဖြစ်သူ စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ သက်လတ်ပိုင်းအမျိုးသားက သူမ၏လက်များကို ဆုပ်ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မိန်းမ... စိတ်လျှော့ထားပါ... သူတို့အားလုံးက လူကောင်းတွေလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား..."
သက်လတ်ပိုင်းအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏ စကားကို ကြားပြီးနောက် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်အေးသွားခြင်း မရှိသေးချေ။
သူမ၏ ပုံစံကို မြင်သောအခါ သက်လတ်ပိုင်းအမျိုးသားသည် သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး သူမ၏ စိုးရိမ်စိတ်များ ပြေလျော့သွားစေရန် လက်ကို ညင်သာစွာ ပုတ်ပေးလိုက်လေသည်။
ဇနီးမောင်နှံ၏ ရှေ့တွင် ထိုင်နေသော လူငယ်တစ်ဦးသည် သူမ၏ ဖြူလျော်နေသော မျက်နှာကို မြင်သောအခါ ပြောလိုက်၏။
"အဒေါ်... စိတ်မပူပါနဲ့... အားလုံး အဆင်ပြေသွားမှာပါ..."
သက်လတ်ပိုင်းအမျိုးသမီးသည် မျက်လုံးများကို ပင့်ကြည့်လိုက်ရာ လူငယ်လေးက သူမကို တည်ငြိမ်စွာ ကြည့်နေသည်ကို မြင်လိုက်ရ၏။
ဤအလုပ်ကို လက်ခံခဲ့ကြသော သာမန်လူများအားလုံးအနက် ထက်ဝက်ကျော်မှာ သူမနှင့် ဤလူငယ်လေး၏ တိုက်တွန်းဖျောင်းဖျမှုကြောင့် မြို့ရိုးတည်ဆောက်ရေးအလုပ်ကို လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဤကြီးမားလှသော တာဝန်ဝတ္တရားကြောင့်ပင် သူမသည် ယခုရက်ပိုင်းအတွင်း ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ချေ။