အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) - နဂါးသွေးကြော
သက်လတ်ပိုင်းအမျိုးသမီးနှင့် လူငယ်တို့သည် ကျီယန်ထံသို့ သတ္တုရိုင်းများကို ဦးစွာလာရောက်ရောင်းချခဲ့သည့် ပထမဆုံးလူနှစ်ဦးဖြစ်သောကြောင့် အပြင်ဘက်နယ်မြေရှိ နေထိုင်သူများအကြားတွင် ပိုမိုမြင့်မားသောအဆင့်အတန်းကို ရရှိထားကြလေသည်။
ထိုသို့ လူအများ၏ ယုံကြည်မှုကြောင့် သက်လတ်ပိုင်းအမျိုးသမီးမှာ စိတ်အေးလက်အေး လုံးဝမနေနိုင်ချေ။
အကယ်၍ သူတို့ လိမ်လည်လှည့်ဖြားခံရပါက သူမတွင် တာဝန်ရှိလာပြီး ဆုံးရှုံးမှုများကို လျော်ကြေးပေးရန် တောင်းဆိုခံရမည်ကို သူမ အမြဲတစေ စိုးရိမ်ပူပန်နေမိ၏။
လူငယ်က သူမ၏ ဖြူလျော်နေသော မျက်နှာကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"အဒေါ်... တကယ်လို့ ကြောက်နေရင် ဒီအလုပ်ကနေ နှုတ်ထွက်ပြီး ကျွန်တော့်ဆီပဲ အကုန်လွှဲပေးလိုက်လေ... ရလာတဲ့ အကျိုးအမြတ်ကတော့ ကျွန်တော်ပဲ အကုန်ယူလိုက်မယ်..."
သက်လတ်ပိုင်းအမျိုးသမီးက ထိုစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းခါယမ်းကာ ပြောလိုက်၏။
"အဲ့လိုတော့ မဖြစ်ဘူးလေ... ငါတို့တွေ အတူတူလုပ်ပြီး အကျိုးအမြတ်ကို မျှဝေဖို့ သဘောတူထားကြတာပဲ..."
သူမ၏ စကားကို ကြားသောအခါ လူငယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"အဒေါ်... အကျိုးမြတ်ကို လိုချင်ရင် တာဝန်ယူဖို့လည်း ပြင်ဆင်ထားရမယ်လေ... မဖြစ်လာသေးတဲ့ အရာတွေအတွက် အရမ်းစိုးရိမ်ပြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး..."
သက်လတ်ပိုင်းအမျိုးသမီးက သူ့ကို ကြည့်ကာ ပြောလိုက်၏။
"ဒါတွေအားလုံးက လိမ်လည်မှုကြီး ဖြစ်နေမှာကို ငါ စိုးရိမ်လို့ပါ... တကယ်လို့ အဲဒီလူတွေက ငါ့ကို လျော်ကြေးပေးဖို့ တောင်းဆိုလာရင် ငါ ဘာလုပ်ရမလဲ..."
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူငယ်က သက်လတ်ပိုင်းအမျိုးသမီးကို ဆက်လက်ဖျောင်းဖျရန် မကြိုးစားတော့ချေ။
သူသည် ကမ္ဘာမပျက်မီကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့သောကြောင့် မြင့်မားသောအကျိုးအမြတ်ကို ရရှိလိုပါက ကြီးမားသော စွန့်စားမှုများကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်ကို ကောင်းစွာ နားလည်ထားပေသည်။
သက်လတ်ပိုင်းအမျိုးသမီးသည် အကျိုးအမြတ်ကိုသာ လိုချင်ပြီး ၎င်းနှင့်အတူ ပါလာမည့် စွန့်စားမှုများနှင့် တာဝန်ယူမှုများကိုမူ မခံယူဝံ့သည်ကို မြင်သောအခါ လူငယ်က သူမကို မထောက်ထားဘဲ အထင်သေးမိလေသည်။
နှစ်နာရီကျော်ကြာ ကားမောင်းနှင်ပြီးနောက် ၎င်းတို့သည် အပန်းဖြေစခန်းသို့ ရောက်ရှိလာကြ၏။
သာမန်လူများသည် စစ်သုံးကားကြီးများပေါ်မှ ဆင်းလာကြသောအခါ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်ကုန်ကြသည်။
အလွန်ခမ်းနားထည်ဝါသော အပန်းဖြေစခန်းများထဲမှ တစ်ခုဖြစ်သည့်အလျောက် ဤအပန်းဖြေစခန်းသည် အလွန်ကျယ်ပြောလှသော တောင်တန်းဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံထားချေသည်။
သာမန်လူများနှင့်မတူဘဲ စွမ်းရည်ရှင်များမှာမူ ဤအပန်းဖြေစခန်းကို မြင်သောအခါ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိကြလေသည်။
ယင်းမှာ ဤစခန်းသစ်၏ ပိုင်ရှင်နှင့် မိတ်ဆွေဖွဲ့ရန်ပင် ဖြစ်၏။ အတိုင်းအဆမရှိသော ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်များရှိသည့် အစွမ်းထက်သော ပုဂ္ဂိုလ်များသာလျှင် ဤနေရာတွင် စခန်းတစ်ခုကို တည်ထောင်နိုင်စွမ်း ရှိပေသည်။
ကျူးလင် စစ်သုံးကားပေါ်မှ ဆင်းလိုက်သည့် ထိုအချိန်တွင် ထိုလူများ၌ မတူညီသော အတွေးကိုယ်စီ ရှိနေကြသည်။ သူမ သတိပြုမိလိုက်သည်မှာ ဤနယ်မြေ၏အကျယ်အဝန်းနှင့် အလှအပများ မဟုတ်ချေ။
ထိုအရာထက် ပို၍ အပန်းဖြေစခန်းတစ်ခုလုံးတွင် စီးဆင်းနေသော နဂါးသွေးကြောကို သူမ သတိပြုမိလိုက်ခြင်းပင် ဖြစ်၏။
သူမ၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူက လေထဲတွင် ပျံသန်းနေသည့် နဂါးသွေးကြောဝိညာဉ်ကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။
“သခင်မလေး... အခု ကျွန်တော် မြင်နေရတာ တကယ်ပဲ နဂါးသွေးကြောလား...”
ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်တယ်... မိစ္ဆာစွမ်းအင်တွေ ဖုံးလွှမ်းနေတဲ့ ဒီကမ္ဘာမှာ နဂါးသွေးကြောတစ်ခု ရှိနေလိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူး...”
နဂါးသွေးကြောကို ခေတ္တမျှ စောင့်ကြည့်လေ့လာပြီးနောက် သူမက ပြောလိုက်သည်။
“ထူထူ... မင်း ကလေးတွေနဲ့အတူ နေခဲ့ပြီး သူတို့ကို ကာကွယ်ပေးထားလိုက်... ငါ ဒီပတ်ဝန်းကျင်ကို လိုက်ကြည့်ချင်လို့...”
သူမ၏ သခင်က တစ်ခုခုကို စီစဉ်နေကြောင်း သိသဖြင့် ထူထူက ခေါင်းညိတ်ကာ ကျူးလင်၏ ပခုံးပေါ်မှ ခုန်ဆင်းလိုက်လေသည်။
အသက်အကြီးဆုံး ကောင်လေး၏ ပခုံးပေါ်သို့ ထူထူ တက်သွားသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်၏။
“ဟို… သဘာဝလွန်စွမ်းအားရှင်တွေကို သတိထားဦး...”
ထူထူက ကောင်လေး၏ ခေါင်းကို ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။
“ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ သခင်မလေး... ကလေးတွေကို ကျွန်တော် သေချာ စောင့်ရှောက်ထားပါ့မယ်...”
ထူထူက ကလေးများကို ကာကွယ်ပေးထားသဖြင့် ကျူးလင် စိတ်အေးသွားရသည်။
ကျီယန်၊ ထန်ဝေ့နှင့် ရှို့ဝူတို့သည် အလုပ်သမားများကို နေရာချထားပေးရန် အလုပ်ရှုပ်နေကြသည်ကို မြင်သဖြင့် သူမသည် သူတို့ကို မနှောင့်ယှက်တော့ဘဲ နဂါးသွေးကြောဝိညာဉ်နောက်သို့ လိုက်ပါကာ ထွက်ခွာလာခဲ့၏။
နဂါးသွေးကြောဝိညာဉ်နောက်သို့ အေးအေးလူလူ ဖြည်းညင်းစွာ လျှောက်လှမ်းရင်း ကျူးလင်သည် ပတ်ဝန်းကျင်နယ်မြေကို စူးစမ်းရန် သူမ၏ ဝိညာဉ်အာရုံကို အသုံးပြုလိုက်လေသည်။
မကြာမီပင် အပန်းဖြေစခန်းတစ်ခုလုံးသည် ပြည့်စုံသော နဂါးသွေးကြောတစ်ခု၏ အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သူမ ရှာဖွေတွေ့ရှိသွား၏။
လောကဘုံခြောက်ပါးတွင်ပင် မည်သူမဆို မိမိ၏ တစ်သက်တာလုံး၌ ပြည့်စုံသော နဂါးသွေးကြောတစ်ခုကို မြင်တွေ့နိုင်ရန် အလွန်ခက်ခဲလှပေသည်။
နဂါးသွေးကြောတစ်ခုသည် ပြည့်စုံသော နဂါးသွေးကြောအဖြစ် ကြီးထွားလာရန်အတွက် နဂါးမျိုးစေ့ကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးရန် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအင်များ လိုအပ်ပေသည်။
သန့်စင်သော ခရမ်းရောင် နေရောင်ခြည်နှင့် ကြည်လင်သော ငွေလပြာရောင် တို့၏ အနည်းဆုံး နှစ်ပေါင်းနှစ်သိန်းခန့် ပြုစုပျိုးထောင်ပေးမှုအပြီးတွင်မှ နဂါးမျိုးစေ့သည် ပေါက်ဖွားလာပြီး နဂါးသွေးကြောပျိုးပင်အဖြစ် ကြီးထွားလာမည် ဖြစ်၏။
နဂါးသွေးကြောပျိုးပင်တစ်ခုသည် ရင့်ကျက်သော နဂါးသွေးကြောအဖြစ် ကြီးထွားလာရန် အနည်းဆုံး နှစ်ပေါင်းသန်းချီ ကြာမြင့်လိမ့်မည်။
ထို့နောက်တွင် ပြည့်စုံသော နဂါးသွေးကြောတစ်ခု ဖြစ်တည်လာရန်အတွက် မသေမျိုးဖြစ်သော မိစ္ဆာနတ်ဘုရားပင်လျှင် အလွန်ကြာမြင့်လှသည်ဟု ထင်မှတ်ရလောက်အောင် အချိန်ကာလများစွာ လိုအပ်ပေသည်။
ထို့ကြောင့် ကျူးလင်သည် ဤကမ္ဘာငယ်လေးထဲတွင် ပြည့်စုံသော နဂါးသွေးကြောတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။
နဂါးသွေးကြောဝိညာဉ်နောက်သို့ နှစ်နာရီကြာ လိုက်ပါသွားပြီးနောက် ကျူးလင်သည် အပန်းဖြေစခန်း၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။
တောင်ကုန်းအလယ်တွင် ရပ်နေရင်း ကျူးလင်သည် လေထဲတွင် ပျံဝဲနေသော အားနည်းလှသည့် နဂါးသွေးကြောဝိညာဉ်ကို ကြည့်လိုက်၏။
နဂါးသွေးကြောဝိညာဉ်၏ အားနည်းနေသော အခြေအနေကို ကြည့်ခြင်းအားဖြင့် မကြာမီအချိန်အတွင်း ဤနဂါးသွေးကြောသည် ညှိုးနွမ်းပျက်စီးကာ ပျောက်ကွယ်သွားတော့မည်ကို သူမ သိရှိလိုက်ပေသည်။
ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ သူမ၏ လက်ဖဝါးများကို မြေပြင်ပေါ်သို့ တင်လိုက်၏။
သူမသည် မြေအောက်ရှိ နဂါးသွေးကြော၏ ခန္ဓာကိုယ်အစစ်အမှန်ကို ရှာဖွေရန် သူမ၏ ဝိညာဉ်အာရုံကို အသုံးပြုလိုက်လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် မြေအောက်အလွန်နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသည့် နဂါးသွေးကြောကို သူမ ရှာဖွေတွေ့ရှိသွား၏။
သာမန်လူသားများအတွက်မူ ၎င်းတို့၏ နည်းပညာ မည်မျှပင် တိုးတက်နေပါစေ ဤနဂါးသွေးကြောကို ရှာဖွေတွေ့ရှိရန် လုံးဝမဖြစ်နိုင်ချေ။
ညှိုးနွမ်းနေသော နဂါးသွေးကြောကို ကြည့်ရင်း ဤကဲ့သို့ သေဆုံးသွားစေရန် လွှတ်ထားရမည်ကို သူမ နှမြောမိလေသည်။
သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲတွင် နတ်ဘုရားသွေးကြောများနှင့် ဝိညာဉ်သွေးကြောများစွာ ရှိနေသည်ကို သတိရမိသဖြင့် ကျူးလင်သည် သူမ၏ ဝိညာဉ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်၏။
သူမသည် အချိန်အတော်ကြာ ရှာဖွေပြီးနောက် ရေခဲပန်းပွင့်ဆွဲသီး၏ ထောင့်စွန်းတစ်နေရာတွင် နတ်ဘုရားသွေးကြောများနှင့် ဝိညာဉ်သွေးကြောများကို ရှာဖွေတွေ့ရှိသွားလေသည်။
နတ်ဘုရားသွေးကြောတစ်ခု ထည့်သွင်းထားသည့် ကျောက်စိမ်းသေတ္တာငယ်လေးကို ထုတ်ယူလိုက်ပြီးနောက် ကျူးလင်သည် လေထဲတွင် ပျံဝဲနေသော နဂါးသွေးကြောဝိညာဉ်ကို ကြည့်လိုက်၏။
သူမသည် သက်တံရောင်စုံ တောက်ပနေသော နဂါးလေးကို ပြုံးပြကာ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့... နင့်ကို ငါ အသေမခံပါဘူး..."