အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄) - နှစ်ပါးသွားကျင့်စဉ်
ထိုနေ့က မိစ္ဆာနတ်ဘုရားသည် ကျူးလင်အား နှစ်ပါးသွားကျင့်စဉ်ကို စနစ်တကျ မည်သို့ကျင့်ကြံရမည်ကို သင်ကြားပေးခဲ့ရာ သူမအနေဖြင့် သူ့ကို အချိန်အတော်ကြာ မျက်နှာချင်းဆိုင်ရန်ပင် ရှက်ရွံ့နေခဲ့ရ၏။
ထိုအချိန်မှစ၍ ကျူးလင်သည် တစ်စုံတစ်ဦးက နှစ်ပါးသွားကျင့်စဉ်အကြောင်း ပြောဆိုသည်ကို ကြားရတိုင်း ခါးတစ်ဝိုက်မှ ကိုက်ခဲနာကျင်မှုကို ခံစားရလေ့ရှိပေသည်။
သို့သော် ယခုမူ လီချိုးက သူ၏နတ်ဘုရားစွမ်းအားကို သူမနှင့် မျှဝေရန် တစ်ခုတည်းသောနည်းလမ်းမှာ နှစ်ပါးသွားကျင့်စဉ်ကို ကျင့်ကြံရန်သာဖြစ်ကြောင်း ပြောဆိုလာချေသည်။
လီချိုးနှင့်အတူ ထိုကဲ့သို့ ရှက်ဖွယ်ကောင်းပြီး ရင်းနှီးလွန်းလှသော ကိုယ်ဟန်အနေအထားများကို ပြုလုပ်ရမည်ဟူသော အတွေးက သူမကို အလွန်မင်း စိတ်မသက်မသာ ဖြစ်စေ၏။
သူမ အချိန်အတော်ကြာ စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီချိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းအနေနဲ့ ရှက်နေဖို့ မလိုပါဘူး... တကယ်လို့ စမ်းကြည့်ချင်တယ်ဆိုရင် ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အခုပဲ နတ်ဘုရားစွမ်းအင်တချို့ကို မင်းနဲ့ မျှဝေပေးနိုင်ပါတယ်..."
ထိုသို့ပြောပြီးနောက် သူသည် သူမထံသို့ လျှောက်လှမ်းလာကာ သူမ၏လက်များကို ဆုပ်ကိုင်လိုက်လေသည်။
ကျူးလင် ငြင်းဆန်ရန်ပင် မပြင်နိုင်သေးမီ လီချိုးက ဦးခေါင်းကို နှိမ့်ချလိုက်ပြီး သူ့နဖူးဖြင့် သူမ၏နဖူးကို ထိကပ်လိုက်၏။ တစ်စက္ကန့်အကြာတွင် လီချိုး၏ ဦးခေါင်းပေါ်ရှိ သက်တံရောင်ဦးချိုများက တောက်ပစွာ လင်းလက်လာချေသည်။
လီချိုးသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏နတ်ဘုရားစွမ်းအင် အများစုကို ကျူးလင်ထံသို့ လွှဲပြောင်းပေးအပ်လိုက်၏။ သူမ၏ စိတ်အာရုံ မတည်မငြိမ်ဖြစ်နေသည်ကို ခံစားမိသောအခါ သူက ပြောလိုက်သည်။
"ကျေးဇူးပြုပြီး စိတ်ကို စုစည်းပြီး မင်းရဲ့ နတ်ဘုရားစွမ်းအင်ကို လည်ပတ်စေပါ..."
သူ၏ သတိပေးမှုကြောင့် ကျူးလင်သည်လည်း မျက်လုံးများကို မှိတ်လိုက်ပြီး နှစ်ပါးသွားကျင့်စဉ်အတွင်း နတ်ဘုရားစွမ်းအင်ကို မည်သို့လည်ပတ်စေရမည်ဟူသော လမ်းညွှန်ချက်များအတိုင်း လိုက်နာကျင့်ကြံလိုက်ပေသည်။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ရှို့ဝူသည် သူမကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားချိန်၌ သူ မြင်တွေ့လိုက်ရသည်မှာ ဤမြင်ကွင်းပင် ဖြစ်တော့သည်။
သူစိမ်းအမျိုးသားတစ်ဦးက ကျူးလင်၏လက်ကို ဆုပ်ကိုင်ထားပြီး သူ၏နဖူးဖြင့် သူမ၏နဖူးကို ရင်းနှီးနွေးထွေးစွာ ထိကပ်ထားသည်ကို မြင်လိုက်ရသောအခါ သူ၏ မနာလိုဝန်တိုစိတ်က အလိုအလျောက် ထွက်ပေါ်လာပြီး စိတ်ကိုပင် မနည်းထိန်းချုပ်လိုက်ရ၏။
မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်အစအနက ဒေါသတကြီး အော်ဟစ်နေစဉ် ရှို့ဝူသည် နာကျင်ကိုက်ခဲနေသော ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သွားများကို တင်းတင်းကြိတ်လျက် အော်ဟစ်လိုက်သည်။
"အော်မနေနဲ့တော့..."
သူ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားသောအခါ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်အစအနသည် ပိုမိုရူးသွပ်လာချေသည်။
၎င်းအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက တဖြည်းဖြည်း အားနည်းလာသည်ကို သတိပြုမိသဖြင့် ရှို့ဝူသည် ကျူးလင်ကို ကြည့်ကာ အရေးတကြီး ခေါ်လိုက်၏။
"ရှောင်လင်..."
သူ့စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျူးလင်နှင့် လီချိုးတို့သည် နှစ်ပါးသွားကျင့်စဉ်ကို ရပ်တန့်လိုက်ကြ၏။ ၎င်းတို့နှစ်ဦးလုံး ရှို့ဝူထံသို့ လှည့်ကြည့်လိုက်ကြသောအခါ မျက်နှာပေါ်ရှိ အမူအရာများမှာ ကွဲပြားခြားနားနေကြပေသည်။
ရှို့ဝူ၏ ဖြူလျော်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ကျူးလင်က အံ့အားသင့်ကာ စိုးရိမ်ပူပန်သွားချိန်တွင် လီချိုး၏ ကိုယ်ခန္ဓာမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာချေသည်။
ကျူးလင် စကားပင် မပြောနိုင်သေးမီ လီချိုးသည် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီး ရှို့ဝူ၏ ရှေ့တွင် ပေါ်လာ၏။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှို့ဝူ၏ လည်ပင်းကို ညှစ်လိုက်လေသည်။
ဤသည်ကို မြင်သောအခါ ကျူးလင်သည်လည်း ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီး ရှို့ဝူ၏ ဘေးတွင် ပေါ်လာပေသည်။
သူမသည် ရှို့ဝူ၏ လည်ပင်းကို ညှစ်ထားသော လီချိုး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"သူ့ကို လွှတ်ပေးလိုက်..."
လီချိုးက သူမကို တစ်ချက်ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လျက် မေးလိုက်၏။
"သူ ဘယ်သူလဲဆိုတာ မင်း သိလား..."
ကျူးလင်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ကျွန်မ သိတယ်... သူ့ကို လွှတ်ပေးလိုက်..."
သူသည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရှို့ဝူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
ရှို့ဝူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး လေကို အလုအယက် ရှူသွင်းနေရရှာကာ ကျူးလင်ကမူ သူ၏လည်ပင်းကို အမြန် စစ်ဆေးပေးလိုက်ပေသည်။
"အဟွတ်... အဟွတ်..."
ရှို့ဝူသည် ချောင်းဆိုးရင်း သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့သော အမျိုးသားကို ဒေါသတကြီး စိုက်ကြည့်နေ၏။
သူ၏ လည်ပင်းပေါ်တွင် ထင်ရှားနေသော လက်ငါးချောင်းရာကို မြင်လိုက်ရသောအခါ ကျူးလင်သည် ဒေါသထွက်သွားချေသည်။ သူမသည် လီချိုးကို ကြည့်ကာ ပြောလိုက်သည်။
"ရှင့်ကို ဒီလောကထဲမှာ ပိတ်လှောင်ထားခဲ့တဲ့အတွက် မိစ္ဆာနတ်ဘုရားကို ရှင် အရမ်းမုန်းတီးနေတယ်ဆိုတာ ကျွန်မ သိပါတယ်... ဒါပေမဲ့ ရှို့ဝူက သူ မဟုတ်ဘူးဆိုတာကိုတော့ ရှင် သိထားရမယ်..."
သူမ၏ စကားကို ကြားပြီးနောက် လီချိုးသည် သူမနှင့် ရှို့ဝူကို ခဏမျှ ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"စစ်မှန်သော နတ်ဘုရားမကျူးလင်... ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့... သူက မိစ္ဆာနတ်ဘုရားဆိုတာ မင်းလည်း သိနေတာပဲ မဟုတ်လား..."
ရှို့ဝူသည် ၎င်းတို့၏ ထူးဆန်းသော စကားဝိုင်းကို နားထောင်ရင်း သူ၏ရှေ့တွင် မတ်တပ်ရပ်နေသော အမျိုးသားကို ကြည့်လိုက်၏။ သူ၏ ဦးခေါင်းပေါ်ရှိ သက်တံရောင်ဦးချိုကို မြင်လိုက်ရသောအခါ ရှို့ဝူက အက်ရှရှအသံဖြင့် မေးလိုက်သည်။
"မင်းက လူသားတစ်ယောက် မဟုတ်ဘူး... မင်း ဘယ်သူလဲ..."
လီချိုးသည် သူ၏မေးခွန်းကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်၏။ သူသည် ရှို့ဝူကို မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းက ငါ့ကို ဘယ်သူလဲလို့ မေးရဲသေးတယ်ပေါ့..."
“ငါ့ကို ဒီနေရာမှာ ပိတ်လှောင်ပြီး သေမယ့်ရက်ကို တဖြည်းဖြည်း ထိုင်စောင့်ခိုင်းခဲ့တာ မင်းပဲလေ... တကယ်လို့ မင်း ဘာမှမမှတ်မိတော့ဘူးလို့ ပြောရဲရင် ငါ မင်းကို သတ်ပစ်မယ်..."
"ငါ ဘာမှမမှတ်မိဘူး... လာပြီး သတ်လိုက်လေ..."
ရှို့ဝူက မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။
ရှို့ဝူ၏ စကားကို ကြားသောအခါ လီချိုးသည် ဆွံ့အသွားရလေသည်။
"....."
အမှန်ပင် မိစ္ဆာနတ်ဘုရားသည် ယခင်ကကဲ့သို့ပင် ယုတ်မာပြီး မုန်းတီးဖွယ်ကောင်းနေဆဲပင်။
လီချိုး ဆွံ့အသွားသည်ကို မြင်သောအခါ ကျူးလင်သည် ရှို့ဝူထံသို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ရှို့ဝူ... မင်း အဆင်ပြေရဲ့လား..."
ရှို့ဝူက ခေါင်းခါပြကာ အက်ရှရှအသံဖြင့် ပြောလိုက်၏။
"ငါ အဆင်ပြေပါတယ်..."
ကျူးလင်သည် သူ၏ အက်ရှရှအသံကို ကြားသောအခါ လီချိုးကို အေးစက်စွာ ကြည့်လိုက်၏။
သူမ၏ အကြည့်ကို သတိပြုမိသော်လည်း လီချိုးကမူ ကျူးလင် သူ့ကို စိုက်ကြည့်နေသည်ကို မသိရှိသကဲ့သို့ တည်ငြိမ်စွာ မတ်တပ်ရပ်နေပေသည်။
ဤဒဏ်ရာအနည်းငယ်ကြောင့် သူမ ဒေါသထွက်သွားသည်ကို မြင်သောအခါ ရှို့ဝူသည် စိတ်ထဲမှ ဝမ်းသာသွားရ၏။ သူမ၏ ဂရုစိုက်မှုကို ရရှိနိုင်သရွေ့ သူ ဒဏ်ရာရလျှင်ပင် ဂရုမစိုက်တော့သကဲ့သို့ပင်။
သူမ၏ ဂရုစိုက်မှုကို ခံယူရင်း သာယာနေဆဲဖြစ်သော ရှို့ဝူ၏ လက်မောင်းကို ကျူးလင်က ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
"ထူထူ့ကို သွားရှာကြရအောင်... ထူထူက မင်းရဲ့ လည်ချောင်းကို ကုသပေးနိုင်လိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်သည် သူမ၏ ယုန်လေးထံသို့ စိတ်ချင်းဆက်သွယ်ခြင်းဖြင့် မေးလိုက်၏။
“ထူထူ... မင်း ဘယ်မှာလဲ...”
နောက်တစ်စက္ကန့်တွင် ထူထူ၏ အသံ ထွက်ပေါ်လာပေသည်။
“သခင်မ... ကျွန်တော်နဲ့ ကလေးတွေက တောင်ကုန်းပေါ်က အကြီးဆုံး ဗီလာအိမ်ကြီးထဲမှာ ရှိနေကြပါတယ်...”
“ကောင်းပြီ... အဲဒီမှာပဲ ငါ့ကို စောင့်နေပါ...”
ကျူးလင်သည် ရှို့ဝူကို မြေပြင်ပေါ်မှ ထူမပေးရင်း စိတ်ထဲမှ ပြန်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ သခင်မ...”
ထူထူနှင့် စကားပြောပြီးနောက် ကျူးလင်သည် ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"ဒီပတ်ဝန်းကျင်မှာ အကြီးဆုံး ဗီလာအိမ်ကြီး ဘယ်မှာရှိလဲဆိုတာ မင်း သိလား..."
ရှို့ဝူက ခေါင်းညိတ်ပြပြီး စကားပြောရန် ပြင်လိုက်သော်လည်း ကျူးလင်က သူမ၏ လက်ညှိုးကို သူ၏နှုတ်ခမ်းပေါ်သို့ အမြန်တင်လိုက်ကာ တားဆီးလိုက်၏။
"အခုလောလောဆယ် စကားမပြောနဲ့ဦး... ငါ့ကို လမ်းကြောင်းပဲ ညွှန်ပြပေးပါ..."
ရှို့ဝူသည် သူမကို ထပ်မံခေါင်းညိတ်ပြလိုက်ပြီး သူတို့၏ နောက်ကျောဘက်သို့ ညွှန်ပြလိုက်၏။ ကျူးလင်သည် သူညွှန်ပြသော လမ်းကြောင်းကို ကြည့်ကာ ဆွံ့အသွားရပေသည်။
ထိုနေရာတွင် ဧရာမဗီလာအိမ်ကြီးတစ်လုံး ရှိနေသည်ကို သူမ သတိမထားမိခဲ့ပေ။ မိနစ်အနည်းငယ်မျှသာ လမ်းလျှောက်ပြီးနောက် သူတို့သည် ဗီလာအိမ်ကြီးသို့ ရောက်ရှိသွားကြလေသည်။