← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇) - ကမ္ဘာ့လျှို့ဝှက်ချက်

လီချိုးက မျက်တောင်မခတ်တမ်း စိုက်ကြည့်နေစဉ် ကျူးလင်တစ်ယောက် အတွေးနက်နေသည်ကို မြင်သောအခါ ရှို့ဝူသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွား၏။ သူက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်သည်။

"ရှောင်လင်... ထမင်းစားဖို့ အဆင်သင့်ဖြစ်ပြီ... အတူတူ စားကြရအောင်..."

သူ့စကားကို ကြားသောအခါ ကျူးလင်က အတွေးများထဲမှ နိုးထလာပြီး မီးဖိုချောင်ထဲမှ သူမကို လှမ်းခေါ်နေသော ရှို့ဝူထံသို့ လှည့်ကြည့်လိုက်၏။

သူမသည် ဗိုက်ကို ပွတ်သပ်ကြည့်လိုက်ရာ အလွန်ဆာလောင်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် မတ်တတ်ရပ်ကာ မီးဖိုချောင်သို့ လျှောက်သွားလေသည်။

သူမက မီးဖိုချောင်ထဲသို့ ရှို့ဝူနောက် လိုက်သွားသည်ကို တွေ့သောအခါ လီချိုးသည်လည်း ထိုင်ခုံမှထကာ သူမနောက်သို့ လိုက်ပါသွားတော့သည်။

လီချိုးသည် ထမင်းစားပွဲရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီးနောက် ရှို့ဝူက ကျူးလင်အတွက် ပြင်ဆင်ပေးထားသော ဟင်းလျာများကို ကြည့်လိုက်၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ကျူးလင်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... မင်းအတွက် တကူးတက ချက်ပြုတ်ပေးဖို့အထိ မိစ္ဆာနတ်ဘုရားကို ဘာတွေလုပ်လိုက်တာလဲ..."

သူ့မေးခွန်းကို ကြားသောအခါ ကျူးလင်က ခေါင်းခါယမ်းကာ ပြန်ပြောလိုက်၏။

"ကျွန်မလည်း မသိဘူး... ရှို့ဝူနဲ့ စတွေ့ကတည်းက သူက ကျွန်မရယ်၊ ကျီယန်နဲ့ ထန်ဝေ့တို့အတွက် အမြဲတမ်း ချက်ပြုတ်ပေးတာပဲ... တစ်ခါတလေ သူ စိတ်ကောင်းဝင်နေရင် ထူထူ့အတွက်လည်း ချက်ပေးတတ်သေးတယ်..."

သူမ၏ စကားသံအဆုံးတွင် ရှို့ဝူက ထမင်းသုံးပန်းကန်ကို ထမင်းစားပွဲသို့ သယ်ဆောင်လာကာ မေးလိုက်၏။

"မင်းတို့နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ..."

ကျူးလင်က သူ့မေးခွန်းကို ဖြေရန် မပြင်ရသေးမီမှာပင် လီချိုးက ကြားဖြတ်ပြောလိုက်သည်။

"ဒါ မင်းနဲ့ မဆိုင်ပါဘူး..."

ရှို့ဝူက လီချိုး၏ စကားကို လျစ်လျူရှုကာ ကျူးလင်ရှေ့တွင် ထမင်းတစ်ပန်းကန် ချပေးပြီးနောက် သူမ၏ ဘေးတွင် ထိုင်လိုက်၏။

သူက လီချိုးကို ကြည့်ကာ ထမင်းစားပွဲပေါ်ရှိ ထမင်းတစ်ပန်းကန်ကို လက်ညှိုးထိုးရင်း အေးစက်စွာ ပြောလိုက်သည်။

"မင်း ငါ့အပေါ် ဘာလို့ ဒီလောက် ရန်လိုနေလဲတော့ ငါမသိဘူး... ဒါပေမဲ့ မင်းက ရှောင်လင်ရဲ့ အသိအကျွမ်းဖြစ်နေလို့ အဲဒီထမင်းပန်းကန်က မင်းအတွက်ပဲ..."

ထိုသို့ပြောပြီးနောက် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ အသားနှင့် ဟင်းသီးဟင်းရွက်များကို တည်ငြိမ်စွာ ခပ်ထည့်ပေးရင်း တစ်ပြိုင်နက်တည်း မေးလိုက်၏။

"ခုနက သူ့နဲ့ ဘာတွေပြောနေကြတာလဲ..."

ကျူးလင်က အရသာရှိသော စွပ်ပြုတ်ရည်ကို သောက်ရင်း ပြန်ဖြေလိုက်သည်။

"အဆင့်မြင့်နတ်ဘုရား လီချိုးက ရှင်ဒီလိုတွေ ချက်ကျွေးအောင်အောင် ကျွန်မက ရှင့်ကို ဘယ်လိုတွေလုပ်လိုက်လဲ‌ မေးနေတာ..."

သူမ၏ အဖြေကို ကြားသောအခါ ရှို့ဝူက ပြုံးရင်း မေးလိုက်၏။

"ရှောင်လင်... အဖြေကို သိချင်လား..."

ကျူးလင်က စွပ်ပြုတ်ပန်းကန်မှ မျက်လုံးများကို မော့ကြည့်ကာ မေးလိုက်သည်။

"ရှင်ရော ကျွန်မကို ပြောပြချင်လို့လား..."

ရှို့ဝူက သူမကို စိုက်ကြည့်ကာ တိုးညင်းသော လေသံဖြင့် ပြောလိုက်၏။

"သေချာတာပေါ့... မင်း သိချင်တယ်ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကိုတောင် ပြောပြလို့ရတယ်..."

သူ၏ ဆွဲဆောင်မှုရှိသော အပြုံးကို ကြည့်ရင်း ကျူးလင်၏ မျက်နှာမှာ နီမြန်းသွားကာ ပြောလိုက်သည်။

"အဲ့‌လိုမျိုးကို ကျွန်မ သိစရာမလိုဘူး..."

သူမ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်သောအခါ ရှို့ဝူက သက်ပြင်းကို တမင်တကာ အကျယ်ကြီးချကာ ပြောလိုက်၏။

"နှမြောစရာပဲ... တကယ်လို့ မင်းသာ သိချင်တယ်ဆိုရင် ဒီညကျရင် ကိုယ်တိုင်လာပြီး စစ်ဆေးဖို့ ကိုယ် စီစဉ်ထားတာ..."

သူတို့နှစ်ဦး၏ ရှေ့တည့်တည့်တွင် ထိုင်နေသော လီချိုးမှာ ဆွံ့အသွားရလေသည်။

မိစ္ဆာနတ်ဘုရားသည် ကျူးလင်အပေါ် အလွန်အမင်း သဘောကျနှစ်သက်နေသည်ကို သူ သိထားသော်လည်း ရှို့ဝူက ဤမျှအထိ အရှက်မရှိဘဲ ဖြားယောင်းသွေးဆောင်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။

အကယ်၍သာ ယခုအချိန်တွင် သူ ဤနေရာ၌ ရှိမနေပါက ရှို့ဝူသည် သူ၏ အဝတ်အစားများကို ချွတ်ကာ ကျူးလင်အား သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့ခွင့် ပေးလိမ့်မည်ဟု လီချိုး အပြည့်အဝ ယုံကြည်နေ၏။

နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် လီချိုးမှာ ဤကဲ့သို့သော သွေးဆောင်မှုကို ပြုလုပ်ရန် အလွန်ပင် ရှက်ရွံ့မိပေသည်။

အမှန်တကယ်ပင် မျက်နှာပြောင်တိုက်တတ်သော မိစ္ဆာများသာ ဤကဲ့သို့သော ဖြားယောင်းသည့် နည်းလမ်းကို အသုံးပြုနိုင်ကြပေလိမ့်မည်။

မိစ္ဆာများသည် အမှန်တကယ်ပင် မျက်နှာပြောင်တိုက်သည်ဟု လီချိုးတစ်ယောက် စိတ်ထဲမှ ရေရွတ်ညည်းတွားနေစဉ်မှာပင် ရှို့ဝူက လီချိုး ဤနေရာ၌ ရှိနေသေးသည်ကို ရုတ်တရက် သတိရသွား၏။

သူက လီချိူးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက် ကျူးလင်၏ အနားသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကိုယ် မင်းကို သဘောကျလို့ မင်းအတွက် ချက်ပြုတ်ပေးတာ... မင်းလည်း ဒီအဖြေကို သိထားပြီးပြီလို့ ကိုယ် ထင်ခဲ့တာ... ရှောင်လင်..."

ရုတ်တရက် သူ၏ ဝန်ခံစကားကို ထပ်မံကြားလိုက်ရသဖြင့် ကျူးလင်၏ မျက်နှာလေးမှာ နီမြန်းသွားကာ တိတ်ဆိတ်စွာပင် ဆက်စားနေတော့သည်။

ရှို့ဝူက ကျူးလင်အတွက် ဟင်းများ ခပ်ထည့်ပေးနေစဉ် မိန်းကလေးငယ်တစ်ဦးက မီးဖိုချောင်ထဲသို့ ရုတ်တရက် လျှောက်ဝင်လာပြီး ပြောလိုက်၏။

"အစ်ကိုကြီးရှို့ဝူ... တစ်ယောက်ယောက်က အစ်ကိုကြီးကို လာရှာနေတယ်..."

ရှို့ဝူက သူ၏ တူကို ချလိုက်ပြီး ထိုမိန်းကလေးငယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"လာတဲ့ဧည့်သည်က ဘယ်သူလဲဆိုတာ မင်းသိလား..."

မိန်းကလေးငယ်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။

"အဲဒီအစ်မကြီးကို သမီး အရင်က တွေ့ဖူးသလိုပဲ... ဒါပေမဲ့ သူမနာမည်ကိုတော့ သမီးမသိဘူး..."

မိန်းကလေးငယ်၏ အဖြေကို ကြားသောအခါ ရှို့ဝူက မျက်မှောင်အနည်းငယ်ကြုတ်ကာ သူ့ဘာသာ ရေရွတ်လိုက်၏။

'အစ်မကြီးဟုတ်လား... ရှောင်လင်ကလွဲရင် ငါ ဘယ်မိန်းမကိုမှ မသိပါဘူး...'

ခဏမျှ စဉ်းစားပြီးနောက် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။

"ရှောင်လင်... မင်း ဆက်စားနှင့်နော်... ကိုယ် အရင်သွားပြီး ဧည့်သည်ကို သွားတွေ့လိုက်ဦးမယ်..."

ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဟင်းတွေ မအေးခင် ပြန်လာခဲ့နော်..."

သူမ၏ စကားကို ကြားသောအခါ ရှို့ဝူက ပြုံးလိုက်၏။ သူက သူမနှုတ်ခမ်းထောင့်စွန်းမှ ဟင်းရည်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီးနောက် သူ့လက်မတွင် ပေနေသော ဟင်းရည်များကို လျက်လိုက်သည်။

သူက ထိုသို့ တည်ငြိမ်စွာ လျက်နေသည်ကို မြင်သောအခါ ကျူးလင်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ ထို့နောက် ရှို့ဝူက မတ်တတ်ရပ်ကာ ဧည့်သည်ကို တွေ့ဆုံရန် ထိုမိန်းကလေးငယ်နောက်သို့ လိုက်သွားလေသည်။

ရှို့ဝူ ထွက်သွားပြီးနောက် လီချိုးက ပြောလိုက်၏။

"လောကဘုံခြောက်ပါးကို ပြန်ရောက်ရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ စေ့စပ်မှုကို ဖျက်သိမ်းရလိမ့်မယ် ထင်တယ်... ကျွန်တော်ကတော့ မန်ဒရင်းဘဲမောင်နှံကို ကြားကနေ မခွဲချင်ပါဘူး..."

သူက ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကျူးလင်က သူ့ကို ကြည့်ကာ မေးလိုက်၏။

"အဆင့်မြင့်နတ်ဘုရား လီချိုး... လောကဘုံခြောက်ပါးကို ဘယ်လိုပြန်သွားရမလဲဆိုတာ ရှင် တကယ်သိတာလား..."

လီချိုးက သူမကို ကြည့်ကာ သံသယစိတ်ဖြင့် ပြန်မေးလိုက်သည်။

"စစ်မှန်သောနတ်ဘုရား ကျူးလင်... ဒီကမ္ဘာက တကယ်တော့ မြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဆိုတာကို မင်း မသိဘူးလား..."

ကျူးလင်က ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး မေးလိုက်၏။

"မြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းဟုတ်လား... ဒါပေမဲ့ ဒီကမ္ဘာကို မိစ္ဆာနတ်ဘုရားက ဖန်တီးခဲ့တာလို့ ရှင် ပြောခဲ့ဖူးတယ်မဟုတ်ဘူးလား..."

လီချိုးက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ဟုတ်တယ်... သူက ဒီမြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းကို ဖန်တီးပြီး ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ နဂါးသွေးကြောတွေကို အသုံးပြုပြီးတော့ ဒီရှေးဟောင်းပစ္စည်းကို ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲခဲ့တာ...”

“ဒါပေမဲ့ ငါ့ရဲ့ စွမ်းအားတွေ ပြန်လည်ပြည့်ဝလာတဲ့အခါ ဒီကမ္ဘာကနေ လွယ်လွယ်လေး ထွက်သွားလို့ရတယ်...”

“ငါက ဒီမြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းကို မဖျက်ဆီးနိုင်တော့ပေမဲ့ ဒီကနေ ထွက်သွားဖို့ကတော့ ဘာမှ ပြဿနာမရှိဘူး..."

လီချိုး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျူးလင်၏ သံသယအများစုမှာ ပြေလည်သွားခဲ့လေသည်။

သူမက တစ်ဖန် အတွေးနက်နေပြန်သည်ကို မြင်သောအခါ လီချိုးက ပြောလိုက်၏။

"စစ်မှန်သောနတ်ဘုရား ကျူးလင်... မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါ ဒီကမ္ဘာကနေ ထွက်သွားတဲ့အခါ ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ မင်းနဲ့ ထူထူ့ကိုပါ တစ်ပါတည်း ခေါ်သွားပေးနိုင်တယ်..."

All Chapters