အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) - အစီအစဉ်များ
လီချိုး၏ စကားများကို ကြားလိုက်ရသောအခါ ကျူးလင်၏ စိတ်ထဲတွင် ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့၏ မျက်နှာများ ပေါ်လာလေသည်။ သူမသည် ၎င်းတို့အား ထားရစ်ခဲ့ရန် တွန့်ဆုတ်နေမိသဖြင့် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြောလိုက်၏။
"ကျွန်မ နတ်ဘုရားအမြုတေကို ပြန်လည်မဖွဲ့စည်းနိုင်သေးဘူးလေ… ပြီးတော့ ကျင့်ကြံမှုကို ပြန်မရသေးခင်အထိတော့ လောကဘုံခြောက်ပါးဆီ ပြန်သွားမှာ မဟုတ်ဘူး..."
ထိုသို့ပြောပြီးနောက် လီချိုးက သူမအား ခဏမျှ စိုက်ကြည့်ကာ မေးလိုက်လေသည်။
"နတ်ဘုရားလောကနဲ့ အမှောင်လောကသုံးခုကြားက စစ်ပွဲကြောင့်မို့လို့လား..."
ကျူးလင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး မေးလိုက်၏။
"ရှင်က ဒီကမ္ဘာထဲမှာ ပိတ်လှောင်ခံထားရတာ နှစ်ပေါင်းနှစ်သောင်းကျော်နေပြီပဲ... ဖြစ်လာတော့မယ့် စစ်ပွဲအကြောင်းကို ဘယ်လိုလုပ် သိနေတာလဲ..."
လီချိုးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"ငါက မိစ္ဆာနတ်ဘုရားရဲ့ ပိတ်လှောင်ခြင်းကို ခံထားရတယ်ဆိုရင်ပင် မိစ္ဆာလောကရဲ့ အုပ်စိုးသူ ဖြစ်နေတုန်းပဲ... လောကဘုံခြောက်ပါးထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့က ငါ့အတွက် မခက်ခဲပါဘူး..."
သူ၏ ယုံကြည်ချက်အပြည့်ရှိသော အမူအရာကို မြင်သောအခါ ကျူးလင်က ခဏမျှ စဉ်းစားပြီး မေးလိုက်၏။
"အဆင့်မြင့်နတ်ဘုရား လီချိုး... ရှင်က လောကဘုံခြောက်ပါးရဲ့ လက်ရှိအခြေအနေကို တကယ်ပဲ သိလို့လား..."
သူမက ဤမေးခွန်းကို မေးလိုက်သောအခါ လီချိုး၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာပေးမှာ ရုတ်တရက် တောင့်တင်းသွားချေ၏။
သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး စိတ်မသက်မသာဖြင့် ပြောလိုက်လေသည်။
"အဟမ်း... ငါ့ရဲ့ စွမ်းအားတွေက ပြန်မကောင်းသေးတော့ လောကဘုံခြောက်ပါးရဲ့ လက်ရှိအခြေအနေကို အတိအကျ မသိသေးဘူး...”
“ဒါပေမဲ့ ငါ့စွမ်းအားတွေ သုံးဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းလာရင် လက်ရှိအခြေအနေကို သိရဖို့ မိစ္ဆာလောကနဲ့ ဆက်သွယ်လို့ရတယ်..."
သူ့စကားကို ကြားပြီးနောက် ကျူးလင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး မေးလိုက်၏။
"အဆင့်မြင့်နတ်ဘုရား လီချိုး... အဲဒီမိစ္ဆာတွေက ရှင့်ကို လောကဘုံခြောက်ပါးရဲ့ အခြေအနေမှန်ကို တကယ်ပြောပြလိမ့်မယ်လို့ သေချာနေတာလား...”
“ရှင့်ရဲ့ လက်အောက်ငယ်သားတွေက ရှင့်ကို စောင့်နေတုန်းပဲလို့ ထင်နေတာလား..."
လီချိုးက မျက်ခုံးကို အနည်းငယ် တွန့်လိုက်ပြီး မေးလိုက်လေသည်။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... မင်း ဘာကို ဆိုလိုချင်တာလဲ... အဲဒီမိစ္ဆာတွေက ပုန်ကန်ချင်နေကြတယ်လို့ ပြောချင်တာလား..."
ကျူးလင်က သူမ ကပ်ဘေးလျှပ်စီးဒဏ်ကို ကျော်ဖြတ်ရန် ပျက်ကွက်ခဲ့သည့် နေ့ကို ပြန်လည်တွေးတောရင်း ပြောလိုက်၏။
"ကျွန်မ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာဖို့ ကပ်ဘေးလျှပ်စီးဒဏ်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ရတဲ့ အကြောင်းရင်းက အမှောင်မျိုးနွယ်သုံးခုက နတ်ဘုရားလောကကို စစ်ကြေညာခဲ့လို့ပဲ...”
“အဲဒီအချိန်တုန်းက မိစ္ဆာလောကရဲ့ အုပ်စိုးသူက ကိုးမြီးမြေခွေးဘုရင် ဖြစ်နေပြီး သူက သူ့ကိုယ်သူ မိစ္ဆာလောကရဲ့ အရှင်သခင်လို့ ကြေညာထားခဲ့တာ..."
ထိုသို့ပြောပြီးနောက် သူမက လီချိုးကို ကြည့်ကာ မေးလိုက်လေသည်။
"အဆင့်မြင့်နတ်ဘုရား လီချိုး... တခြားမိစ္ဆာတွေရဲ့ ထောက်ခံမှုမပါဘဲ ကိုးမြီးမြေခွေးဘုရင်က မိစ္ဆာလောကကို စိုးမိုးနိုင်ပါ့မလား..."
“သူတို့က အုပ်စိုးသူအသစ်ကို ထောက်ခံနေကြပြီဆိုရင် ရှင့်အပြန်ကို စောင့်နေကြဦးမယ်လို့ ထင်လား... သူတို့ပေးတဲ့ သတင်းအချက်အလက်တွေကို ရှင် တကယ်ပဲ ယုံကြည်နိုင်ပါ့မလား..."
သူမ၏ စကားများကို ကြားပြီးနောက် လီချိုးက မျက်လွှာချလိုက်ပြီး သူ၏ အမူအရာမှာ အေးစက်သွားလေ၏။
လီချိုးသည် နဂါးနတ်ဘုရားမျိုးနွယ်စုမှ မွေးဖွားလာသူဖြစ်ပြီး မာနကြီးကာ ကလဲ့စားချေလိုစိတ် ပြင်းထန်သူ ဖြစ်ပေသည်။
သူ့မျိုးနွယ်စုများက သူ့ကို စွန့်ပစ်ပြီး ရာဇပလ္လင်ကို လုယူခဲ့ကြကြောင်း သိလိုက်ရသောအခါအလွန်အမင်း ဒေါသထွက်သွားချေ၏။
သူ၏ ဒေါသတကြီး အေးစက်နေသော အမူအရာကို ကြည့်ကာ ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ရှင် ဒေါသထွက်နေဖို့ မလိုပါဘူး... ရှင် မိစ္ဆာလောကကို ပြန်သွားနိုင်သရွေ့ အဲဒီမိစ္ဆာတွေက ရှင့်ရှေ့မှာ ဒူးထောက်ရုံကလွဲလို့ တခြားရွေးချယ်စရာရှိမှာ မဟုတ်ဘူး..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လီချိုးက သူမကို ကြည့်ကာ မေးလိုက်၏။
"မင်း ငါ့ကို ဒါတွေပြောပြရတဲ့ အကြောင်းရင်းက ဘာလဲ..."
ကျူးလင်က အေးဆေးစွာပင် ပြန်ပြောလိုက်လေသည်။
"ကျွန်မမှာ တခြားရည်ရွယ်ချက် မရှိပါဘူး... ကျွန်မ ဒီကမ္ဘာထဲကို မကျရောက်ခင် လောကဘုံခြောက်ပါးရဲ့ နောက်ဆုံးအခြေအနေကို ရှင့်ကို သိစေချင်ရုံတင်ပါ...”
“ရှင်က နှစ်သန်းပေါင်းများစွာအတွင်းမှာ မွေးဖွားလာတဲ့ တစ်ဦးတည်းသော နဂါးနက်ပဲ...”
“တကယ်လို့ ရှင်က မိစ္ဆာတွေရဲ့ သစ္စာဖောက်မှုကြောင့် သေဆုံးသွားရမယ်ဆိုရင် ဒါက လောကဘုံခြောက်ပါးမှာရှိတဲ့ သက်ရှိအားလုံးအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ်..."
သူမသည် လိမ်ညာပြောဆိုတတ်သူ မဟုတ်သလို သူ့ကို လိမ်ညာရန်လည်း အကြောင်းပြချက် မရှိကြောင်း သိသဖြင့် လီချိုးက သက်ပြင်းချကာ မေးလိုက်၏။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... မင်းမှာ တခြားအစီအစဉ်တွေ ရှိသေးလား..."
ကျူးလင်က ခဏမျှ စဉ်းစားပြီး ပြောလိုက်လေသည်။
"ကျွန်မရဲ့ နတ်ဘုရားအမြုတေကို ပြန်လည်စုစည်းပြီး ကျင့်ကြံမှုကို ပြန်လည်ရယူနေတဲ့အချိန်မှာ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ သာမန်လူသားတွေကို ဒီကမ္ဘာမှာ ရှင်သန်နိုင်အောင် ကူညီပေးဖို့ အစီအစဉ်ရှိတယ်..."
“အဲဒီနောက်မှာတော့ ကျွန်မ လောကဘုံခြောက်ပါးဆီ ပြန်သွားပြီး စစ်ပွဲကို အဆုံးသတ်မယ်... ဒါက ကျွန်မရဲ့ တာဝန်ဖြစ်သလို ကျွန်မ လုပ်ချင်တဲ့အရာလည်း ဟုတ်တယ်..."
လီချိုးက ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။
"ဒီကမ္ဘာမှာ မိစ္ဆာစွမ်းအင်တွေပဲ ရှိနေတာကို မင်းရဲ့ နတ်ဘုရားအမြုတေကို ဖွဲ့စည်းဖို့ နတ်ဘုရားစွမ်းအင်ကို ဘယ်ကနေရမှာလဲ... မင်း နတ်ဘုရားသွေးကြောကို တစ်နေရာရာမှာ မြှုပ်နှံထားခဲ့လို့လား..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်မ ဝိညာဉ်စွမ်းအင်ရဲ့ တခြားအရင်းအမြစ်တစ်ခုကို ရှာတွေ့ထားတယ်... ဒါပေမဲ့ ဒီနည်းလမ်းနဲ့ နတ်ဘုရားအမြုတေကို ဖွဲ့စည်းဖို့က အချိန်အများကြီး ယူရလိမ့်မယ်...”
“နတ်ဘုရားသွေးကြောတွေအတွက်ကတော့ အရင်က စိုက်ပျိုးဖို့ သင့်တော်တဲ့နေရာ မတွေ့ခဲ့ဘူး... ဒါပေမဲ့ အခု ရှင့်ကို တွေ့လိုက်ရပြီဆိုတော့ နတ်ဘုရားသွေးကြောကို ဒီနေရာမှာပဲ စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ပြီ..."
သူမ၏ စကားကို ကြားလိုက်ရသောအခါ လီချိုး၏ မျက်လုံးများက တောက်ပသွားလေ၏။
သူသည် ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်ပြီး မေးလိုက်လေသည်။
"မင်းက ငါ့ရဲ့ နဂါးသွေးကြော ဘေးပတ်ပတ်လည်မှာ နတ်ဘုရားသွေးကြောကို စိုက်ပျိုးချင်တာလား..."
ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"အင်း... ရှင့်ရဲ့ နဂါးသွေးကြောတစ်ခုတည်းကပဲ မိစ္ဆာစွမ်းအင်ကို သန့်စင်ပေးနိုင်တာမို့ လောလောဆယ်တော့ နတ်ဘုရားသွေးကြောကို ရှင့်ရဲ့ နဂါးသွေးကြော ဘေးပတ်လည်မှာပဲ စိုက်ပျိုးလို့ရမယ်... “
“နတ်ဘုရားစွမ်းအင်တွေ ဒီကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ မိစ္ဆာစွမ်းအင်ကို နှိမ်နင်းဖို့ ဒီကမ္ဘာထဲမှာ နတ်ဘုရားသွေးကြောတွေနဲ့ ဝိညာဉ်သွေးကြောတွေကို ပိုပြီး စိုက်ပျိုးဖို့ ကြိုးစားကြည့်မယ်... “
“ကျွန်မ ခန့်မှန်းရသလောက် နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ဒီကမ္ဘာထဲက မိစ္ဆာစွမ်းအင်တွေ လုံးဝပျောက်ကွယ်သွားပြီးတော့ ဝိညာဉ်စွမ်းအင်နဲ့ နတ်ဘုရားစွမ်းအင်တွေ အစားထိုးဝင်ရောက်လာလိမ့်မယ်..."
လီချိုးက ထပ်မံမေးလိုက်လေသည်။
"ဒါဆို မင်း နတ်ဘုရားသွေးကြောကို ဘယ်တော့ စိုက်ပျိုးမှာလဲ..."
ကျူးလင်က သူ့ကို ခဏမျှ စိုက်ကြည့်ပြီး ပြောလိုက်၏။
"အဆင့်မြင့်နတ်ဘုရား လီချိုး... ရှင်က အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပုံရတယ်နော်..."
လီချိုးက ချောင်းဟန့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"အဟမ်း... ငါက စပ်စုချင်ရုံသက်သက်ပါ..."
ကျူးလင်က လီချိုး၏ အဖြေကို သံသယဝင်နေဆဲအချိန်တွင်ပင် ရှို့ဝူက ပြန်ရောက်လာပြီး ပြောလိုက်၏။
"ရှောင်လင်... အရေးပေါ်အခြေအနေတစ်ခု ဖြစ်လာလို့ ကိုယ် အခု အပြင်သွားရမယ်... ထမင်းကို ကုန်အောင်စားပြီး အိပ်ရေးဝဝ အိပ်ထားလိုက်နော်..."
သူ၏ လေးနက်တည်ကြည်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ကျူးလင်က မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ..."
ရှို့ဝူက သူမကို ကြည့်ကာ ပြောလိုက်၏။
"သူတို့ တံတိုင်းဆောက်နေတုန်း မြေကြီးအောက်မှာ ပိုးကောင်တွေ အများကြီးကို ရှာတွေ့ခဲ့ကြတယ်... မင်း ဒီမှာပဲနေပြီး အနားယူနေလိုက်... ကိုယ် သွားတော့မယ်..."