အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) - ဆန်းကြယ်သောလူသား
ခေတ္တမျှ ရှာဖွေပြီးနောက် ကျူးလင်သည် အဝေးတစ်နေရာတွင် တစ်ပိုင်းတစ်စ ဆောက်လုပ်ထားသော အဆောက်အအုံများ ရှိသည့် ကွင်းပြင်ကျယ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
ယင်းမှာ ကမ္ဘာပျက်ကပ် စတင်ချိန်တွင် စွန့်ပစ်ထားခဲ့သော မပြီးပြတ်သေးသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖြစ်ဟန်တူပေသည်။
ကျူးလင်သည် အချိန်ဆွဲမနေဘဲ ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ သူမ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်ဖြင့် ပြေးဝင်သွားလေသည်။
သူမသည် မည်းနက်နေသော သစ်ကိုင်းခြောက်လေးကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ ပစ်ထည့်လိုက်ချိန်တွင် သူမ၏ နောက်ကွယ်၌ ရူးသွပ်စွာ လိုက်လံတိုက်ခိုက်နေသော သန္ဓေပြောင်းအင်းဆက်မျာသည် ပင်လယ်ပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်နေခဲ့ပြီ။
အကယ်၍ တစ်စုံတစ်ယောက်က အဝေးမှ လှမ်းကြည့်မည်ဆိုပါက သန္ဓေပြောင်းအင်းဆက်အုပ်ကြီးအစား မည်းနက်နေသော ပင်လယ်ပြင်ကြီးတစ်ခုကိုသာ မြင်တွေ့ရပေလိမ့်မည်။
ကျူးလင်သည် မည်းနက်သော သစ်ကိုင်းခြောက်ကို မြေပြင်ပေါ်သို့ ပစ်ချပြီးနောက် ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်ခဲ့၏။
အကယ်၍ သူမသာ နှစ်စက္ကန့်မျှ နောက်ကျသွားခဲ့လျှင်ပင် သန္ဓေပြောင်းအင်းဆက်ပင်လယ်ပြင်ကြီး၏ ဝါးမြိုခြင်းကိုခံရပြီး အရိုးပင် ကျန်ရစ်တော့မည် မဟုတ်ချေ။
သန္ဓေပြောင်းအင်းဆက်အုပ်ကြီးဘေးမှ လွတ်မြောက်လာပြီးနောက် ကျူးလင်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် မလှမ်းမကမ်းရှိ ရုံးအဆောက်အအုံတစ်ခု၏ ခေါင်မိုးထပ်ပေါ်တွင် ရပ်နေလိုက်၏။
သန္ဓေပြောင်းအင်းဆက်များက ဖီးနစ်ပင်၏ သစ်ကိုင်းခြောက်ကို လုယူရန် တိုက်ခိုက်နေကြသည်ကို ကြည့်ရှုရင်း ဖုတ်ကောင်များကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ စတင်ရွေ့လျားလာနေသည်ကို သူမ သတိပြုမိသွားချေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ ဖုတ်ကောင်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝိုင်းရံထားကြပြီ ဖြစ်၏။
အစပိုင်းတွင် သူမက ဖုတ်ကောင်များသည် သန္ဓေပြောင်းအင်းဆက်များကြောင့် ဆွဲဆောင်ခံရခြင်းဟု ထင်မှတ်ခဲ့သော်လည်း သန္ဓေပြောင်းအင်းဆက်များက ဖုတ်ကောင်များကို ပြန်လည်ဝါးမြိုနေသည်ကို မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် ဖုတ်ကောင်များကို ဆွဲဆောင်နေသည်မှာ ထိုဖီးနစ်ပင်၏ သစ်ကိုင်းခြောက်မှ ထွက်ပေါ်နေသော နတ်ဘုရားစွမ်းအင်ကြောင့် ဖြစ်ကြောင်း ကျူးလင် နားလည်သွားလေသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးတွင် ဖုတ်ကောင်များ ပိုမိုစုဝေးလာသည်ကို မြင်တွေ့ရသဖြင့် ကျူးလင်သည် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
သူမ အက်စ်မြို့တော်မှ ထွက်ခွာသွားချိန်တွင်ပင် ထိုမည်းနက်သော သစ်ကိုင်းခြောက်လေးကို လုယူရန်အတွက် အဆင့်မြင့်ဖုတ်ကောင်များအကြား သွေးချောင်းစီးတိုက်ပွဲကြီးတစ်ခု ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း စတင်နေပြီ ဖြစ်ပေသည်။
တိုက်ပွဲမှာ အရှိန်အဟုန် အပြင်းထန်ဆုံး ဖြစ်နေချိန်တွင် ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအမည်းကို ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသားတစ်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။
သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များသည် ထွက်ပြေးကြခြင်း သို့မဟုတ် ပုန်းကွယ်ကြခြင်းများ ပြုလုပ်ကြရချေသည်။
အချို့သော အဆင့်မြင့်ဖုတ်ကောင်များက သူ့လမ်းကို ပိတ်ဆို့ရန် ကြိုးပမ်းသည့်အခါ နောက်တစ်စက္ကန့်တွင်ပင် ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားကြလေသည်။
ထိုချောမောလှပသော အမျိုးသားသည် အဆင့်မြင့်ဖုတ်ကောင်များ၏ အကြွင်းအကျန်များကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ ဆက်လက်လျှောက်လှမ်းသွား၏။
သူ့ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းအင်းဆက်များသည်လည်း တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲထွက်သွားကြပြီး ၎င်းတို့၏ ရုပ်အလောင်းများနှင့် အဆိပ်ရည်များသည် ထိတွေ့မိသမျှ အရာအားလုံးကို တိုက်စားသွားကြချေသည်။
ထိုချောမောလှပသော အမျိုးသားသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ လျှောက်လှမ်းဝင်ရောက်လာပြီး ဝဲယာသို့ တစ်ချက်ဝေ့ကြည့်ကာ မည်းနက်နေသော သစ်ကိုင်းခြောက်လေးဆီသို့ လျှောက်လှမ်းသွား၏။
သူ၏ ဖိအားကြောင့် သန္ဓေပြောင်းအင်းဆက်အများစုမှာ ပေါက်ကွဲသွားကြသဖြင့် ကျန်ရှိသော အင်းဆက်များမှာလည်း ထွက်ပြေးသွားကြပြီ ဖြစ်ပေသည်။
မည်းနက်သော သစ်ကိုင်းခြောက်ကို ဝိုင်းရံထားသည့် သန္ဓေပြောင်းအင်းဆက်များ မရှိတော့သဖြင့် ညစ်ပတ်ပေရေနေသော မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး တစ်ဖက်စွန်းမှ မီးခိုးများ ထွက်ပေါ်နေဆဲဖြစ်သော မည်းနက်သည့် သစ်ကိုင်းခြောက်လေးကို သူ အလွယ်တကူပင် ရှာဖွေတွေ့ရှိသွား၏။
ထိုအမျိုးသားသည် ဖီးနစ်ပင်၏ မည်းနက်သော သစ်ကိုင်းခြောက်ကို ကောက်ယူလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ သစ်ကိုင်းမှ ထွက်ပေါ်လာသော မီးခိုးများကို ရှူရှိုက်လိုက်၏။
ကမ္ဘာပေါ်တွင် အကောင်းတကာ့ အကောင်းဆုံး အစားအစာကို စားသုံးလိုက်ရသကဲ့သို့ ထိုအမျိုးသား၏ လည်ချောင်းထဲမှ တိုးညင်းသော ညည်းသံတစ်ချက် ထွက်ပေါ်လာချေသည်။
သူသည် မျက်လုံးများကို မှိတ်ထားရင်း ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသော နတ်ဘုရားစွမ်းအင်၏ အရသာကို ခံစားနေပေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ပြီး သူ၏ ဖြူလျော်ကာ သွယ်လျသော လက်ချောင်းများအကြားရှိ မည်းနက်သော သစ်ကိုင်းခြောက်လေးကို ကြည့်လိုက်၏။
နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဆင်ယင်ထားရင်း ထိုအမျိုးသားသည် မည်းနက်သော သစ်ကိုင်းခြောက်မှ မီးခိုးများကို ဆက်လက်ရှူရှိုက်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှ ထွက်ခွာသွားလေသည်။
ကျူးလင်သည် အပန်းဖြေစခန်းဆီသို့ ပြန်လည်ပြေးဝင်လာချိန်တွင် တစ်စုံတစ်ယောက်က ဖီးနစ်ပင်၏ သစ်ကိုင်းခြောက်ကို ကောက်ယူသွားခဲ့သည်ကို သတိမပြုမိခဲ့ချေ။
သူမ အပန်းဖြေစခန်း၏ ဝင်ပေါက်သို့ ရောက်ရှိလာချိန်တွင် သာမန်လူများက မြေပြင်ကို သန့်ရှင်းရေးလုပ်နေကြပြီး သဘာဝလွန်စွမ်းအားရှင်များကမူ ကျန်ရှိနေသော သန္ဓေပြောင်းအင်းဆက်များကို လိုက်လံနှိမ်နင်းနေကြသည်ကို မြင်တွေ့လိုက်ရ၏။
သူမ ဝင်ပေါက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမဆီသို့ ပြေးလာနေသော ရှို့ဝူကို မြင်တွေ့လိုက်ရချေသည်။
သူ၏ နွေးထွေးသော ရင်ခွင်ထဲသို့ တိုးဝင်သွားမိသည့် အခိုက်အတန့်တွင် ကျူးလင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် သတိလစ်မေ့မြောသွားတော့၏။
သူမ၏ လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်ကို မီးဓာတ်မန္တန်အဆောင်လက်ဖွဲ့နှင့် ပေါင်းစပ်ကာ အချိန်အတော်ကြာ အသုံးပြုခဲ့ရသဖြင့် သူမ၏ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းသွားခဲ့သည်မှာ ကြာပြီဖြစ်၏။
အကယ်၍ သူမ၏ အောက်ဒန်တျန်အတွင်း၌ နတ်ဘုရားစွမ်းအင် အနည်းငယ် ကျန်ရှိမနေခဲ့ပါက သူမသည် လမ်းခုလတ်ကတည်းက သတိလစ်သွားခဲ့ပေလိမ့်မည်။
သူ့ရင်ခွင်ထဲတွင် ကျူးလင် သတိလစ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ရှို့ဝူသည် ပျာပျာသလဲဖြင့် ခေါ်လိုက်၏။
"ရှောင်လင်..."
သူမ သတိလစ်သွားသည့် အခိုက်အတန့်တွင် ရှို့ဝူသည် ထိတ်လန့်သွားပြီး သူမကို ပွေ့ချီကာ တောင်ကုန်းပေါ်ရှိ အကြီးဆုံး ဗီလာအိမ်ကြီးဆီသို့ လျင်မြန်စွာ ပြန်လည်ခေါ်ဆောင်သွားလေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ကျူးလင် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် အနီရောင်လမင်းကြီးသည် ညကောင်းကင်ယံထက်တွင် မြင့်မားစွာ တည်ရှိနေပြီ ဖြစ်၏။
စိမ်းသက်နေသော မျက်နှာကျက်ကို ကြည့်ရင်း သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိချေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားကို နှိပ်ရန် လက်ကို မြှောက်လိုက်ပြီး ကျူးလင်သည် ခေါင်းကိုက်ဝေဒနာကို ခေတ္တမျှ သည်းခံကာ ထထိုင်ရန် ကြိုးပမ်းလိုက်၏။
သူမ၏ လက်ကို အနည်းငယ် လှုပ်ရှားလိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူမ၏ လက်ကို ဆုပ်ကိုင်ထားကြောင်း သတိပြုမိသွား၏။
ရှို့ဝူသည် ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ကုတင်ပေါ်သို့ ခေါင်းတင်၍ အိပ်ပျော်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျူးလင်သည် တိတ်ဆိတ်သွားမိချေသည်။
သူမသည် သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ခေတ္တမျှ စိုက်ကြည့်နေမိပြီးနောက် သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သော သူ၏ လက်ကို ငေးကြည့်နေမိပြန်၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် လက်ကို ဆန့်ထုတ်ကာ သူ၏ ပါးပြင်ကို လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာ တို့ထိလိုက်ရင်း တိုးညင်းစွာ ခေါ်လိုက်၏။
"ရှို့ဝူ... ထတော့..."
သူမ ပြောပြီးနောက်တွင် ရှို့ဝူ၏ ရှည်လျားသော မျက်တောင်များမှာ အနည်းငယ် တုန်ခါသွားပြီး သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာ၏။
ကျူးလင်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် သူသည် ချက်ချင်းပင် အိပ်ချင်ပြေသွားပြီး မေးလိုက်ချေသည်။
"ရှောင်လင်... ဘယ်လိုနေသေးလဲ... တစ်နေရာရာက နေလို့မကောင်းလို့လား..."
သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို ကြည့်ရင်း ကျူးလင်သည် ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။
"ကျွန်မ အဆင်ပြေပါတယ်... ဝိညာဉ်စွမ်းအင်တွေ အများကြီးသုံးလိုက်မိလို့ပါ... ခဏလောက် နားလိုက်တော့ အခု တော်တော်သက်သာသွားပါပြီ..."
သူမ၏ အဖြေကို ကြားလိုက်ရသဖြင့် ရှို့ဝူသည် သက်ပြင်းတစ်ချက် ချနိုင်သွား၏။ သူသည် သူမကို ထပ်မံကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။
"မင်း သန္ဓေပြောင်းအင်းဆက်တွေကို တစ်ယောက်တည်း ဆွဲဆောင်သွားတယ်လို့ ထန်ဝေ့ပြောတာ ကြားလိုက်ရတုန်းက ကိုယ် ဘယ်လောက်တောင် စိုးရိမ်သွားလဲ သိရဲ့လား..."
ကျူးလင်သည် အပြစ်မကင်းသကဲ့သို့ ခံစားရသဖြင့် သူမ၏ ပါးပြင်ကို သာသာလေး ကုတ်လိုက်မိ၏။ သူမသည် သူ့ကို မကြည့်ရဲဘဲ မျက်လုံးများကို နှိမ့်ချလိုက်ရင်း တိုးညင်းစွာ ပြောလိုက်ပေသည်။
"ရှင့်ကို စိုးရိမ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်... အဲဒီအချိန်တုန်းက သန္ဓေပြောင်းအင်းဆက်တွေက သဘာဝလွန်စွမ်းအားရှင်တွေကိုပဲ တိုက်ခိုက်ပြီး သာမန်လူတွေကို လျစ်လျူရှုထားတာကို ကျွန်မ သတိထားမိလိုက်တယ်..."
“သူတို့တွေက ဝိညာဉ်စွမ်းအင်ကြောင့် ဆွဲဆောင်ခံရတာလို့ ကျွန်မ ခန့်မှန်းမိသွားတာနဲ့ အခြေအနေက အရမ်းအန္တရာယ်များနေလို့ သူတို့ကို ဆွဲဆောင်ပြီး ခေါ်သွားဖို့ ကြိုးစားကြည့်လိုက်တာပါ..."