အခန်း ၄၈၄
Vol. 49 Ch. 484
အခန်း (၄၈၄)
မင်္ဂလာအခမ်းအနားကြီး ပြီးမြောက်သွားခဲ့ပြီဖြစ်ရာ ထိုအချိန်မှစ၍ ကျိုးတိုင်းပြည်၏ မောင်းမဆောင်အတွင်း၌ အိမ်ရှင်မမရှိဟူသော အဖြစ်မျိုး မရှိတော့ပါချေ။
သို့သော်ငြားလည်း ကျိုးတိုင်းပြည်၏ မိဖုရားခေါင်ကြီးနေရာမှာမူ လစ်လပ်နေဆဲပင်။
ယန်မျိုးနွယ်စု၏ သမီးတော်က မျက်နှာသာပေးခံရပြီး မိဖုရားခေါင်ကြီး ဖြစ်လာမည်လော သို့တည်းမဟုတ် ချင်တိုင်းပြည်၏ မင်းသမီးက ပထမဆုံး သားတော်တစ်ပါးကို မွေးဖွားပေးနိုင်မည်လောဆိုသည်မှာ အနာဂတ်တွင်မှ ဆက်လက်စောင့်ကြည့်ရမည့် ကိစ္စရပ်ဖြစ်လေ၏။
သို့သော် ကျိုးတော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိကြသော အမတ်အချို့အတွက်မူ ဤသည်မှာ ကောင်းမွန်သော အရာတစ်ခုဖြစ်နိုင်သည်ဟု ခံစားနေမိကြပေသည်။
အဘယ်ကြောင့်ဆိုသော် ချင်တိုင်းပြည်၏ လက်ရှိအင်အားမှာ လျှော့တွက်၍ရနိုင်သော အနေအထားမျိုး မဟုတ်သည့်အပြင် ချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးမှာ ချင်တိုင်းပြည်ရဲ့ဘုရင်၏ တစ်ဦးတည်းသော နှမတော်ဖြစ်သဖြင့် သူမအပေါ် အလွန်တရာ အချစ်ပိုလွန်းသောကြောင့်ပင်။
အကယ်၍ အခြားသူတစ်ဦးဦးသာ နန်းတော်တွင်းသို့ ဝင်ရောက်လာခဲ့မည်ဆိုပါက အချိန်မတိုင်မီ ဘဝဇာတ်သိမ်းသွားရနိုင်ခြေ အလွန်များပြားလှပေ၏။
သို့သော် ဤချင်မင်းသမီးကမူ ခြားနားလေသည်။ မည်သူကမျှ သူမကို ထိခိုက်ဝံ့မည် မဟုတ်ပါချေ။
ဤသည်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်ပေရာ အရှင်မင်းမြတ်အနေဖြင့် ချင်တိုင်းပြည်၏ အင်အားကို အသုံးချကာ အင်ပါယာ၏ အာဏာစက်ကို ပြန်လည်ရယူနိုင်ကောင်း ရယူနိုင်ပေလိမ့်မည်။
သို့တိုင်အောင် ချင်တိုင်းပြည်၏ တကယ့်ရည်ရွယ်ချက်က အဘယ်နည်း၊ ကျိုးတိုင်းပြည်သည် အိမ်တွင်းသို့ ဝံပုလွေတစ်ကောင်ကို ဖိတ်ခေါ်သွင်းလာသကဲ့သို့ ဖြစ်နေမည်လားဆိုသည်ကိုမူ ဆက်လက်၍ သေချာစွာ စဉ်းစားချင့်ချိန်ရန် လိုအပ်နေဆဲပင်။
မည်သို့ပင်ဖြစ်စေကာမူ... မောင်းမဆောင်အတွင်း၌ အချိန်ကာလရှည်ကြာစွာ ငြိမ်းချမ်းမှုရှိတော့မည်မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်နေတော့သည်။
ဓလေ့ထုံးတမ်းများအရ ယန်ရုရွှယ်နှင့် ချင်စီယောင်တို့သည် ၎င်းတို့၏ သက်ဆိုင်ရာ အိပ်ဆောင်တော်များဆီသို့ နန်းတွင်းအစေခံမလေးများ၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး အရှင်မင်းမြတ်က သူတို့၏ မျက်နှာဖုံးပုဝါနီလေးများကို ဖယ်ရှားပေးကာ မင်္ဂလာသေရည် သောက်သုံးမည့်အချိန်ကို စောင့်ဆိုင်းနေကြလေ၏။
သို့သော် ရှောင်မိုမှာမူ မောင်းမဆောင်ဆီသို့ ထိုမျှမြန်မြန်ဆန်ဆန် ပြန်မလာနိုင်ခဲ့ပါချေ။
အခမ်းအနားကြီး ပြီးဆုံးသွားပြီး လုပ်ငန်းစဉ်များအားလုံး ပြီးမြောက်သွားချိန်တွင် ညနေစောင်းနေခဲ့ချေပြီဖြစ်ရာ မင်္ဂလာညစာစားပွဲကြီး စတင်လာခဲ့သည်။
နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ၏ ဂုဏ်ပြုစကားများကြားတွင် ရှောင်မိုက သေရည်ခွက်အနည်းငယ်ကို မော့သောက်လိုက်ပြီး အဝေးမှလာသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ ကျိုးတိုင်းပြည်အတွင်းရှိ တောင်တန်းများပေါ်မှ ဂိုဏ်းအသီးသီး၏ အကြီးအကဲများနှင့် တာဝန်ရှိသူများကို ကောင်းကင်ကြီး မှောင်မိုက်သွားသည်အထိ ဧည့်ခံစကားပြောနေခဲ့ရလေ၏။
အချိန်သင့်တော်ပြီဟု ယူဆသောအခါ ရှောင်မိုက မင်္ဂလာညစာစားပွဲမှ ထွက်ခွာလာခဲ့ပြီး ဧည့်ခံရန်အတွက် မယ်တော်ကြီးယန်၊ ဝန်ကြီးယန်ကျိန်းနှင့် ယန်ရှန်းအောက်တို့ကို ချန်ရစ်ထားခဲ့တော့သည်။
သို့သော် ရှောင်မိုသည် မည်သည့် မိဖုရားကြီး၏ နန်းဆောင်ဆီသို့မျှ ချက်ချင်း တိုက်ရိုက်မသွားခဲ့ပါချေ။
ရှောင်မိုက သူ၏ကိုယ်ပိုင်အိပ်ဆောင်တော်ဆီသို့ အရင်ဆုံးပြန်သွားကာ ရေချိုးသန့်စင်လိုက်ပြီး သေရည်နံ့များကို ဆေးကြောဖယ်ရှားလိုက်လေ၏။
"ဒီည အရှင်မင်းမြတ်က ဘယ်မိဖုရားကြီးရဲ့ အိပ်ဆောင်တော်ကို ကြွမြန်းမှာလဲဆိုတာ သိပါရစေ"
စစ်လီက တိုးညင်းစွာ မေးမြန်းလိုက်သည်။
"ဘယ်သူ့ဆီကို သွားရမလဲ..."
ရှောင်မိုက တိုးညင်းစွာ သက်ပြင်းချလိုက်မိပြီး ရှောင်လွှဲမရနိုင်သော ဝေခွဲမရမှုများကို ခံစားနေရပေ၏။
နန်းတွင်းရှိ နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများသာမက မြို့တော်အတွင်းရှိ သာမန်ပြည်သူများပင်လျှင် သူက မည်သည့်မိဖုရားကို အရင်ဆုံး မျက်နှာသာပေးမည်နည်းဆိုသည်ကို စောင့်ကြည့်နေကြကြောင်း သူ ကောင်းကောင်းသိရှိထားလေသည်။
ယခင်က ဓလေ့ထုံးတမ်းဝန်ကြီးဌာနမှ အရာရှိများက မင်္ဂလာဦးညတွင် မိဖုရားကြီးနှစ်ပါးစလုံးကို ရှောင်မိုအား အတူတကွ ပြုစုလုပ်ကျွေးခိုင်းရန် အကြံမပြုခဲ့ဖူးသည်တော့ မဟုတ်ပါချေ။
သို့သော် ထိုအဆိုပြုချက်ကို ယန်မျိုးနွယ်စုက ပယ်ချခဲ့ရုံသာမက ချင်တိုင်းပြည်၏ သံအမတ်ကပါ ပြင်းပြင်းထန်ထန် ကျိန်ဆဲကန့်ကွက်ခဲ့ကြပေသည်။
အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။
ယန်မျိုးနွယ်စုနှင့် ချင်တိုင်းပြည်နှစ်ခုစလုံး၏ အမြင်တွင် ရှောင်မိုအနေဖြင့် ယန်ရုရွှယ်ကိုဖြစ်စေ၊ ချင်မုကျိုးကိုဖြစ်စေ တစ်ဦးဦးကိုသာ ရွေးချယ်မျက်နှာသာပေးသင့်ပေသည်။ အမျိုးသမီးနှစ်ဦးက သူ့ကို တစ်ပြိုင်နက်တည်း အတူတကွ ပြုစုလုပ်ကျွေးရမည်ဟူသည်မှာ မည်သို့လျှင် ယုတ္တိရှိနိုင်ပါမည်နည်း။
အမျိုးသမီးနှစ်ဦး အတူတကွ ပြုစုလုပ်ကျွေးရသည့်အချိန်ဟူသည်မှာ မည်သည့်အချိန်တွင် ရှိနိုင်မည်နည်း။
အိမ်ထောင်ပါ အစေခံမလေးနှင့် သူမ၏သခင်မတို့ ဖြစ်နေသည့် အချိန်မျိုးတွင်သာ ဖြစ်နိုင်လေ၏။
ထိုသို့ဆိုလျှင် မည်သို့လုပ်မည်နည်း။
အချိန်တန်သောအခါ မည်သူက သခင်မလုပ်၍ မည်သူက အစေခံလုပ်မည်နည်း။ မည်သူက အကြောနှိပ်နယ်ပေးရမည်နည်း။
ထို့ကြောင့် ယနေ့ည မည်သည့်အိပ်ဆောင်တော်သို့ သွားရောက်ရမည်ဆိုသည်ကို ရှောင်မိုကိုယ်တိုင်သာ ဆုံးဖြတ်ရမည်ဖြစ်တော့သည်။
ထို့အပြင် ရှောင်မို၏ ဆုံးဖြတ်ချက်မှာ ယေဘုယျအားဖြင့် သူသည် ချင်တိုင်းပြည်နှင့် ပိုမိုနီးကပ်သလား၊ ယန်မျိုးနွယ်စုနှင့် ပိုမိုနီးကပ်သလား ဆိုသည်ကို ကိုယ်စားပြုဖော်ပြနေပေလိမ့်မည်။
သို့သော် စစ်လီ၏အမြင်တွင်မူ ရှောင်မိုသည် ယန်မျိုးနွယ်စု၏ သမီးတော် အိပ်ဆောင်သို့သွားသည်ဖြစ်စေ၊ ချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီး အိပ်ဆောင်သို့သွားသည်ဖြစ်စေ ရလဒ်မှာ တူညီနေမည်သာ ဖြစ်လေ၏။
ဤသာမန်လူသား မိန်းမနှစ်ယောက်က သူမသခင်၏ မူလယန်စွမ်းအင်ကို အရင်ဆုံး ရယူသွားမည်ကို သူမ ဘယ်သောအခါမျှ ခွင့်ပြုပေးမည် မဟုတ်ပါချေ။
"ထားလိုက်ပါတော့... ကံကြမ္မာရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူလိုက်တော့မယ်"
အချိန်အတော်ကြာ တွေးတောနေပြီးနောက် ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး ကောင်းကင်ဘုံ၏ အလိုဆန္ဒကိုသာ စောင့်ကြည့်ရန် ရည်ရွယ်လိုက်လေသည်။
"စစ်လီ... မင့်ဆီမှာ ကြေးပြားလေးတစ်ပြားလောက် ရှိလား" ရှောင်မိုက စစ်လီ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
စစ်လီက ရှောင်မို၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူမက ရင်ဘတ်အတွင်းမှ ကျောက်စိမ်းဆွဲကြိုးပြားလေးတစ်ခုကို ထုတ်ယူကာ ရှောင်မိုထံသို့ ကမ်းပေးလိုက်လေ၏။ ထိုကျောက်စိမ်းပြားလေးထက်တွင် သူမ၏ ကိုယ်ငွေ့နွေးနွေးလေးများပင် ကျန်ရစ်နေဆဲပင်။
"အရှင်မင်းမြတ်... ကျွန်တော်မျိုးမဆီမှာ ကြေးပြားတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီအဝိုင်းပုံစံ ဆွဲကြိုးပြားလေးက ကြေးပြားနဲ့ အရွယ်အစားတူညီပြီး သူ့ရဲ့အလေးချိန်ကလည်း အချိုးအစား ညီမျှပါတယ်"
"အင်း"
ရှောင်မိုက စစ်လီ၏ ကျောက်စိမ်းပြားလေးကို လှမ်းယူလိုက်ပြီး ကြိုးကိုဖြုတ်ကာ လေထဲသို့ ပစ်တင်လိုက်လေ၏။
ကျောက်စိမ်းပြားလေးက လေထဲတွင် အဆက်မပြတ် လည်ပတ်သွားပြီးနောက် ရှောင်မို၏ လက်ဖမိုးပေါ်သို့ ကျဆင်းလာခဲ့သည်... ဟန်ကျိုးနန်းဆောင်။
၎င်းမှာ ရှောင်မို၏ ရန်ရှင်းနန်းဆောင်မှ ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့် လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်ပေသည်။
အိပ်ဆောင်တော်အတွင်း၌ ဖယောင်းတိုင်မီးရောင်က ညင်သာစွာ တဖျတ်ဖျတ်လင်းလက်နေပြီး အမျိုးသမီး၏ တောက်ပနေသော မင်္ဂလာဝတ်စုံနီကြီးထက်သို့ ခပ်ရေးရေး အရိပ်များကို ထင်ဟပ်စေလေ၏။
ဖယောင်းတိုင်မီးရောင်အောက်တွင် သူမ၏ကိုယ်ထက်ရှိ မင်္ဂလာဝတ်စုံကြီးမှာ ပိုမို၍ပင် တောက်ပလှပနေသယောင် ထင်မှတ်ရပေသည်။
ချင်စီယောင်သည် မင်္ဂလာကုတင်ထက်၌ ခြေထောက်နှစ်ဖက်ကို စေ့ထားကာ မတ်မတ်နှင့် ကျော့ရှင်းစွာ ထိုင်နေလေ၏။ သူမ၏ လှပသော ကျောက်စိမ်းရောင် လက်ဖဝါးလေးများမှာ အချိုးအစားကျနလှသော ပေါင်တံများထက်တွင် ငြိမ်သက်စွာ တည်ရှိနေသည်။ မင်္ဂလာဝတ်စုံကြီးမှာ သူမ၏ ဆွဲဆောင်မှုရှိလှသော ကိုယ်ဟန်ကောက်ကြောင်းများနှင့်အတူ ပီကင်းပန်းနီနီကြီးတစ်ပွင့်အလား လိုက်ဖက်ညီနေပေသည်။
မျက်နှာဖုံးပုဝါနီ၏အောက်တွင်မူ သူမ၏ ရှည်လျားကွေးညွတ်နေသော မျက်တောင်လေးများက ခပ်ဖွဖွ တုန်ယင်နေပြီး ဝမ်းမြောက်မှုများနှင့် မျှော်လင့်တောင့်တမှုများ အပြည့်အဝဖြင့် မျက်တောင်များ တဖျတ်ဖျတ် ခတ်နေရှာ၏။
ချင်စီယောင်တစ်ယောက် အိပ်ဆောင်တော်အတွင်း၌ စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေခဲ့ချေပြီ။
ရှေ့နန်းဆောင်ရှိ မင်္ဂလာညစာစားပွဲကြီး မပြီးဆုံးသေးလျှင်တောင်မှ အချိန်မိုးချုပ်နေပြီဖြစ်ရာ သူမ၏ ခင်ပွန်းသည် ပွဲတော်မှ သေချာပေါက် ထွက်ခွာလာတော့မည်ကို သူမ ကောင်းကောင်းသိရှိထားလေသည်။
ယခုအချိန်တွင် သူမ၏ ခင်ပွန်းမှာ သူမ၏ ဟန်ကျိုးနန်းဆောင်သို့ လာရမည်လား သို့တည်းမဟုတ် ယန်ရုရွှယ်၏ နင်ရွှယ်နန်းဆောင်သို့ သွားရမည်လားဆိုသည်ကို ဝေခွဲမရဖြစ်ကာ လွန်ဆွဲနေမည်လား။
သို့မဟုတ် သူမ၏ ခင်ပွန်းက နင်ရွှယ်နန်းဆောင်သို့များ ရောက်ရှိသွားနှင့်နေပြီလား။
ချင်စီယောင်၏ အတွေးများ တောင်ရောက်မြောက်ရောက် ဖြစ်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ ခြေသံများကို ခံစားသိရှိလိုက်ရလေ၏။
ထို့နောက် တံခါးပွင့်သွားသော အသံကို ကြားလိုက်ရပေသည်။
ချင်စီယောင်၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးတက်သွားပြီး မျက်ဝန်းလေးများမှာလည်း ပြုံးယောင်သန်းသွားတော့သည်။ သူမ၏ မျက်ဝန်းများအတွင်းမှ လျှံကျလာသော ဝမ်းမြောက်မှုများက သူမ၏ နီရဲနေသော နှုတ်ခမ်းများထက်ပင် ပိုမို၍ ညို့ယူဖမ်းစားနိုင်စွမ်း ရှိနေသယောင်ပင်။
ရှောင်မိုက တံခါးကို ပြန်ပိတ်လိုက်ပြီး စားပွဲပေါ်မှ ရူယီပုံစံရှိသော ကျောက်စိမ်းချိန်ခွင်တံလေးကို ကောက်ယူလိုက်လေ၏။
ကုတင်ပေါ်တွင် ထိုင်နေသော သူ၏ဇနီးသည်ကို ကြည့်ရင်း ရှောင်မို၏ နှလုံးခုန်နှုန်းများက တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။
သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီး ချင်မုကျိုးကိုလည်း ယခင်က အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသော်ငြားလည်း။
ယခုအချိန်တွင် သူ၏အရှေ့၌ ရှိနေသူမှာ သူ၏ တရားဝင်ဇနီးသည် ဖြစ်နေချေပြီ။
သူနှင့် သူမတို့သည် သူစိမ်းများ မဟုတ်ကြတော့ဘဲ လင်နှင့်မယား ဖြစ်လာခဲ့ကြလေပြီ။
ရှောင်မိုက ကျောက်စိမ်းချိန်ခွင်တံလေးဖြင့် လှမ်းကာ ချင်စီယောင်၏ မျက်နှာဖုံးပုဝါနီလေးကို ဖြည်းညင်းစွာ ချိတ်တင်လိုက်လေ၏။
မျက်နှာဖုံးပုဝါနီလေး တဖြည်းဖြည်း ပင့်တက်သွားသည်နှင့်အမျှ ရှောင်မို၏ မျက်ဝန်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ အမျိုးသမီး၏ ရှည်လျားပြီး ဖြူဝင်းနေသော လည်တိုင်လေးပင် ဖြစ်သည်။
အပေါ်သို့ ဆက်တက်သွားသောအခါ ဆီးနှင်းကဲ့သို့ ဖြူဆွတ်နေသော မေးစေ့လေး ရှိနေပေ၏။
ထို့နောက်တွင် နူးညံ့ပြီး နီရဲနေသော နှုတ်ခမ်းပါးလေးများ၊ သေးသွယ်လှပသော ကျောက်စိမ်းကဲ့သို့ နှာတံလေး၊ မှိတ်ထားသော မျက်ဝန်းအစုံနှင့် ရှည်လျားကွေးညွတ်နေသော မျက်တောင်လေးများကို မြင်တွေ့လိုက်ရတော့သည်။
မျက်နှာဖုံးပုဝါနီလေးကို အပြည့်အဝ ဖယ်ရှားလိုက်သောအခါ ချင်စီယောင်၏ မျက်နှာလေးမှာ ရှောင်မို၏ မျက်ဝန်းများအရှေ့၌ အပြစ်အနာအဆာကင်းမဲ့စွာ ပေါ်လွင်လာခဲ့ချေပြီ။
ရှောင်မိုတစ်ယောက် ခဏတာမျှ ငေးမောတွေဝေသွားမိလေ၏။
မူလကပင် ချင်စီယောင်မှာ လောကတွင် ရှားပါးလှလောက်အောင် ထူးကဲစွာ လှပလွန်းနေသူ ဖြစ်သည်။
သို့သော် ယခုအခါ မင်္ဂလာဝတ်စုံကို ဆင်မြန်းကာ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားသောကြောင့် သူမ၏ ပုံမှန်ကစားမက်သော အသွင်အပြင်များ အနည်းငယ် ပျောက်ကွယ်သွားပြီး ရင့်ကျက်သော ဆွဲဆောင်မှုအငွေ့အသက်တချို့ တိုးပွားလာခဲ့ပေသည်။
သူမ၏ မူလဖြူစင်မှုက အနီရောင်မိတ်ကပ်နှင့် ထပ်တူကျသွားပြီး မျက်နှာထက်ရှိ ရှက်သွေးဖြာနေသော အရောင်အသွေးများမှာ ဖယောင်းတိုင်နီများ၏ အလင်းရောင်အောက်တွင် ပိုမို၍ပင် ရင်ခုန်လှုပ်ရှားဖွယ်ရာ ကောင်းနေတော့သည်။
အမျိုးသမီး၏ ရှက်ရွံ့နေမှုမှာ ရင့်ကျက်နေသော သေရည်တစ်ခွက်အလား အရသာခံ သောက်သုံးချင်စိတ်ကို မလွန်ဆန်နိုင်အောင် ဖမ်းစားထားလေ၏။
ယနေ့ညတွင် သူမသည် ပွင့်အာလုဆဲဆဲ ပီကင်းပန်းလေးတစ်ပွင့်ကဲ့သို့ သူ၏ ခူးဆွတ်မှုကို စောင့်ဆိုင်းနေရှာပေသည်။
ချင်စီယောင်က သူမ၏ မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ရှောင်မိုကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တစ်ချက်မျှ ခိုးကြည့်လိုက်ကာ ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြန်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် ဟဟထားရင်း စိုးရိမ်တုန်လှုပ်နေသော အသံလေးဖြင့် လျှောက်တင်လိုက်ရှာ၏။
"အရှင်မင်းမြတ်... ကျွန်တော်မျိုးမကိုပဲ ဆက်ပြီး စိုက်မကြည့်နေပါနဲ့... မင်္ဂလာသေရည်... သောက်ရမယ့်အချိန် ရောက်နေပါပြီ"
"ဟုတ်သားပဲ"
ရှောင်မိုက သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်လေသည်။
သူက ကျောက်စိမ်းချိန်ခွင်တံလေးကို ချထားလိုက်ပြီး သေရည်နှစ်ခွက် ငှဲ့လိုက်ကာ ချင်စီယောင်၏ဘေးတွင် ဝင်ထိုင်လိုက်ရင်း သူမထံသို့ တစ်ခွက် ကမ်းပေးလိုက်ပေသည်။
ချင်စီယောင်က သေရည်ခွက်ကို လှမ်းယူလိုက်ပြီး သူတို့နှစ်ဦး၏ လက်မောင်းများက ယှက်နွယ်သွားကြကာ သေရည်ခွက်များမှာ အချင်းချင်း၏ တံတောင်ဆစ်ကွေးများကို ဖြတ်သန်းသွားကြလေ၏။ သူတို့နှစ်ဦးစလုံးသည် အချင်းချင်း၏ အသက်ရှူငွေ့များကိုပင် ခံစားသိရှိနိုင်နေကြသည်။
သူတို့နှစ်ဦးစလုံး သေရည်ခွက်များကို အကုန်မော့သောက်လိုက်ပြီးနောက် ချင်စီယောင်က ခေါင်းငုံ့ထားကာ သူမ၏ လက်သေးသေးလေးများက ပေါင်ထက်ရှိ စကတ်စွန်းကို ဆုပ်ကိုင်ညှစ်ထားရင်း စိုးရိမ်မှုများနှင့် မျှော်လင့်တောင့်တမှုများ အပြည့်ပါဝင်နေသော အသံလေးဖြင့် လျှောက်တင်လိုက်လေတော့သည်။
"အရှင်မင်းမြတ်... ဖယောင်းတိုင်မီးတွေ... ငြှိမ်းသတ်ရမယ့် အချိန်ရောက်ပါပြီ..."