← Chapters

အခန်း ၄၈၅

Vol. 49 Ch. 485

အခန်း ၄၈၅

Vol. 49 Ch. 485

အခန်း (၄၈၅)

"အရှင်... ဖယောင်းတိုင်မီးတွေ... ငြှိမ်းသတ်ရမယ့် အချိန်ကျရောက်နေပါပြီ..."

ချင်စီယောင်သည် ရှက်သွေးဖြာကာ ခေါင်းလေးကို ငုံ့ထားလေ၏။

ချင်စီယောင်၏ အမူအရာလေးကို ငေးကြည့်ရင်း ရှောင်မို၏ ရင်ထဲ၌ အပြစ်ရှိသလို ခံစားချက်တစ်ခုက အလိုအလျောက် ပေါ်ပေါက်လာခဲ့ပေသည်။

အကယ်၍ ဤသည်က သာမန်မင်္ဂလာဆောင်တစ်ခုသာဖြစ်ခဲ့လျှင်၊ သူသာ ဧကရာဇ်တစ်ပါး မဟုတ်ခဲ့လျှင်၊ သို့တည်းမဟုတ် ဤမင်္ဂလာပွဲ၌ လူတစ်ယောက်တည်းကိုသာ လက်ထပ်ခဲ့ရမည်ဆိုလျှင် ယခုအခြေအနေထက် အများကြီး ပိုကောင်းနေလိမ့်မည်ဟု ရှောင်မို ခံစားနေမိ၏။

သို့သော် ဤခဏတာတွင်တော့ သူသည် တကယ့်ကို တာဝန်ကျေပွန်သော ယောကျ်ားကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေခြင်းမဟုတ်ကြောင်း ရှောင်မို၏ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရလေတော့သည်။

တစ်ဖက်တွင်လည်း ရှောင်မို၏ အနည်းငယ် အပြစ်မကင်းသလိုဖြစ်နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသောအခါ ချင်စီယောင်က တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန်ရှိပေသည်။ သူမ၏ မျက်ဝန်းလေးများက ဖြည်းညင်းစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ပြုံးလျက် မေးမြန်းလိုက်၏။

"အစ်ကိုတော်အရှင်မင်းမြတ်က ဒီည ကျွန်တော်မျိုးမဆီမှာ ညအိပ်မှာ မဟုတ်ဘဲ အစ်မတော်ရုရွှယ်ဆီကို သွားတော့မလို့လား"

မိမိ၏ အတွေးများကို အကဲခတ်မိသွားသောကြောင့် ရှောင်မိုက ခေါင်းမော့ကာ ချင်စီယောင်ကို တစ်ချက် ကြည့်လိုက်လေသည်။ သူက ဆက်လက်ဖုံးကွယ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်၏။

"ဓလေ့ထုံးတမ်းတွေအရဆိုရင် ဒီည မင်းနဲ့ ရုရွှယ် နှစ်ယောက်စလုံးရဲ့ မင်္ဂလာမျက်နှာဖုံးပုဝါနီတွေကို ဖယ်ရှားပေးရမှာပဲ မုကျိုး။ ဒါပေမဲ့ မင်းကော ရုရွှယ်ကောက အဆင့်အတန်းတူညီတဲ့ မိဖုရားကြီးတွေ ဖြစ်နေကြတယ်လေ။ တကယ်လို့ ငါက မင်းရဲ့ မျက်နှာဖုံးပုဝါကို အရင်ဖယ်ရှားပေးပြီးမှ ရုရွှယ်ဆီကို သွားရမယ်ဆိုရင် ဒီညအတွက် နင်ရွှယ်နန်းဆောင်မှာပဲ ညအိပ်ပေးဖို့ လိုအပ်သွားလိမ့်မယ်။ တောင်းပန်ပါတယ် မုကျိုးရယ်... မနက်ဖြန်ကျမှပဲ မင်းကို လာပြီး အဖော်ပြုပေးနိုင်တော့မယ်ထင်တယ်"

ရှောင်မိုက မတ်တတ်ရပ်ကာ တောင်းပန်သည့်အနေဖြင့် အရိုအသေပေးလိုက်ပြီး ရိုးသားစစ်မှန်သော လေသံဖြင့် ဆိုလိုက်ချေပြီ။

"အစ်ကိုတော်အရှင်မင်းမြတ်က ဘာလို့များ ဒီလိုတွေ လုပ်နေရတာလဲ"

ချင်စီယောင်ကလည်း အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး ရှောင်မိုအား တွဲ၍မတ်တတ်ရပ်စေလိုက်သည်။ သူမ၏ မျက်ဝန်းများအတွင်း၌ သူ့အတွက်သာ အပြည့်အဝ တွေးတောပေးနေသကဲ့သို့ ရိုးသားဖြူစင်မှုများ ပြည့်နှက်နေပေ၏။

"တကယ်တော့ ကျွန်တော်မျိုးမက အစ်ကိုတော်အရှင်မင်းမြတ်ကို နားမလည်ပေးနိုင်တာ မဟုတ်ပါဘူး။ လက်ရှိမှာ ယန်မျိုးနွယ်စုက ကျိုးတိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားတာလေ။ တကယ်လို့ အစ်ကိုတော်အရှင်မင်းမြတ်သာ ဒီည မုကျိုးဆီမှာ ညအိပ်လိုက်မယ်ဆိုရင် ယန်မျိုးနွယ်စုက မကျေမနပ်ဖြစ်သွားနိုင်တယ်။ အဲဒီလိုဖြစ်လာရင် အစ်ကိုတော်အရှင်မင်းမြတ်အတွက် သေချာပေါက် အကျိုးယုတ်စေမှာပဲ။ ဒီလိုအခြေအနေမျိုးမှာ အရှင်မင်းမြတ်ရဲ့ ညီမတော်ဖြစ်တဲ့ ကျွန်တော်မျိုးမက ဘယ်လိုလုပ် အကျိုးအကြောင်းမသင့်ဘဲ နေနိုင်ပါ့မလဲ"

"မုကျိုး..."

ချင်မုကျိုး၏ နားလည်ပေးနိုင်စွမ်းရှိလှသော စကားများကို ကြားလိုက်ရသောအခါ ရှောင်မိုတစ်ယောက် ခဏတာမျှ ဘာပြောရမှန်းပင် မသိတော့ပါချေ။

တကယ်တမ်းဆိုရလျှင် ချင်မုကျိုး ဒေါသထွက်သွားမည်ဆိုလျှင်တောင်မှ ရှောင်မိုက နားလည်ပေးနိုင်ပေသည်။

သို့သော် မုကျိုးက ဤမျှလောက်အထိ အသိဉာဏ်ကြွယ်ဝလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။

ဤအရာကပင် ရှောင်မိုအား ပို၍အပြစ်ရှိသလို ခံစားရစေပြီး အနာဂတ်တွင် သူမအား ကောင်းကောင်းမွန်မွန် ပြန်လည်လျော်ကြေးပေးချင်စိတ်ကို ဖြစ်ပေါ်လာစေလေတော့သည်။

တံခါးအပြင်ဘက်မှ ခိုးနားထောင်နေသော စစ်လီသည်လည်း အနည်းငယ် မှင်သက်သွားရှာ၏။

ဤချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးက အလွန်အမင်း ဒေါသထွက်သွားလိမ့်မည်ဟု သူမလည်း ထင်မှတ်ထားခဲ့မိသည်။

မည်သို့ပင်ဆိုစေ သူမက သာမညလူတစ်ယောက်မှ မဟုတ်ပါဘဲ။

ဤသက်တော်အကြီးဆုံးမင်းသမီးမှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရပြီး တယုတယ စောင့်ရှောက်ခံခဲ့ရသူ ဖြစ်လေ၏။

သို့တိုင်အောင် သူမ၏ မင်္ဂလာဦးညတွင် ခင်ပွန်းဖြစ်သူက သူမ၏ မျက်နှာဖုံးပုဝါကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ထွက်ခွာသွားတော့မည်တဲ့လေ... အကယ်၍ သူမသာဆိုလျှင်တောင် သခင်ဖြစ်သူအပေါ် ဒေါသထွက်မိလိမ့်မည်ဟု စစ်လီ ခံစားလိုက်ရပေသည်။

သို့သော် တကယ်တမ်းကျတော့ ဤသက်တော်အကြီးဆုံးမင်းသမီးသည် ဒေါသမထွက်ရုံသာမက သခင်ဖြစ်သူ၏ အကျိုးစီးပွားအတွက်ကိုပါ ဘက်စုံထောင့်စုံမှ တွေးတောပေးနေသေးသည် မဟုတ်ပါလော...

"ဒါပေမဲ့ အစ်ကိုတော်အရှင်မင်းမြတ်က ယန်မျိုးနွယ်စုကြောင့်လား... ဒါမှမဟုတ် အစ်ကိုတော်အရှင်မင်းမြတ် ကိုယ်တိုင်က အစ်မတော်ရုရွှယ်ဆီ သွားချင်နေလို့ အဲဒီမှာ ညအိပ်မှာလားဆိုတာကိုတော့ မုကျိုးကို ပြောပြလို့ရမလား" ချင်စီယောင်က တိုးညင်းစွာ မေးမြန်းလိုက်သည်။ "မုကျိုးမှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ အရှင်မင်းမြတ် ဘယ်လိုတွေးနေလဲဆိုတာကို သိချင်ရုံသက်သက်ပါ။ အရှင်မင်းမြတ် ဘယ်လိုပဲဖြေဖြေ မုကျိုး စိတ်ကောက်မှာ မဟုတ်ပါဘူး"

ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး "ယန်မျိုးနွယ်စုရဲ့ ဩဇာအာဏာကြောင့် မဟုတ်ရပါဘူး။ ဒါက ကျောက်စိမ်းဆွဲကြိုးပြားလေးတစ်ခုကို လေထဲမြှောက်ပြီး ငါဆုံးဖြတ်ခဲ့တာပါ။ ဒီနည်းလမ်းက မသင့်တော်ဘူးဆိုပေမယ့် အမျှတဆုံးတော့ ဖြစ်နေခဲ့တယ်" သူပြန်လည်ဖြေကြားလိုက်လေ၏။

"ဒါဆို အစ်မတော်ရုရွှယ်က မုကျိုးထက် ကံပိုကောင်းနေလို့ပေါ့လေ" ချင်စီယောင်၏ မျက်ဝန်းလေးများက ကွေးညွတ်သွားပြီး စိတ်သက်သာရာရသွားသကဲ့သို့ ပုံပေါ်နေပေသည်။ "ဒီလိုဆိုမှတော့ ဘာမှပြောစရာ မရှိတော့ပါဘူး။ အစ်ကိုတော်အရှင်မင်းမြတ်ရဲ့ နှလုံးသားထဲမှာ မုကျိုးရှိနေတယ်ဆိုတာကို မုကျိုးသိရရင်ပဲ လုံလောက်ပါပြီ"

ရှောင်မိုက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး သူမ၏ မျက်ဝန်းများထဲသို့ တိုက်ရိုက်စိုက်ကြည့်လိုက်လေ၏။ "မုကျိုး... နောင်ကြရင် မင်းကို ငါ ကောင်းကောင်း လျော်ကြေးပေးပါ့မယ်"

"အင်း" ချင်မုကျိုးက ညင်သာစွာ တုံ့ပြန်လိုက်ပြီး ပြုံးလျက် "အရှင်မင်းမြတ် ကိုယ်တိုင်ပြောခဲ့တာနော်။ အရှင်မင်းမြတ်အတွက် မုကျိုး စောင့်နေပါ့မယ်" ဟု ဆိုလိုက်သည်။

"စိတ်ချပါ၊ ငါက ကတိတည်တဲ့လူပါ" ရှောင်မိုက သူမအား လေးနက်စွာ ကတိပေးလိုက်တော့သည်။

ရှောင်မိုက ချင်စီယောင်နှင့် စကားအနည်းငယ် ထပ်ပြောလိုက်ပြီး အရင်အနားယူရန် ပြောကြားခဲ့ပြီးနောက် သူမ၏ အိပ်ဆောင်အတွင်းမှ ထွက်ခွာလာခဲ့လေ၏။

ချင်စီယောင်က တံခါးဝတွင် ရပ်နေကာ ရှောင်မို တဖြည်းဖြည်း ဝေးကွာသွားသည်ကို ငေးကြည့်နေခဲ့ပြီး သူက သူမ၏ ဟန်ကျိုးနန်းဆောင်မှ ထွက်ခွာသွားကာ ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့ပေသည်။

"အရှင်..." ချင်စီယောင်က ရှောင်မို ထွက်ခွာသွားသော အရပ်မျက်နှာဆီသို့ ငေးကြည့်နေရင်း လက်နှစ်ဖက်ကို အရှေ့တွင်ယှက်ထားကာ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးတက်သွားလေ၏။

"စီယောင်က အရှင်ထင်ထားသလောက် သဘောထားကြီးတဲ့သူ မဟုတ်ရပါဘူး"

"စီယောင်က ဘာကိုမဆို အလျှော့ပေးနိုင်ပေမယ့် အရှင့်ကိစ္စနဲ့ပတ်သက်လာရင်တော့ စီယောင် အလျှော့မပေးနိုင်ဘူး"

...

ချင်စီယောင်၏ အိပ်ဆောင်တော်မှ ထွက်ခွာလာပြီး မကြာမီမှာပင် ရှောင်မိုက နင်ရွှယ်နန်းဆောင်သို့ ရောက်ရှိလာခဲ့ချေပြီ။

စောစောက ဟန်ကျိုးနန်းဆောင်သို့ သွားခဲ့စဉ်ကထက် ယခုအခါ ရှောင်မိုက ပို၍ပင် စိုးရိမ်တုန်လှုပ်နေပေသည်။

အခြားအကြောင်းအရင်းကြောင့်တော့ မဟုတ်ပါချေ။

ရှောင်မိုအတွက်မူ သူသည် ချင်မုကျိုးနှင့် ပို၍ ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။ မည်သို့ပင်ဆိုစေ သူတို့က ယခင်က အကြိမ်အနည်းငယ် ဆုံတွေ့ဖူးပြီး အချင်းချင်း အတိုင်းအတာတစ်ခုအထိ နားလည်ထားပြီးဖြစ်သည် မဟုတ်ပါလော။

သို့သော် ဤကျိုးတိုင်းပြည်၏ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးနှင့်ပတ်သက်၍မူ ရှောင်မိုက သူမနှင့် တစ်ခါမျှ မဆုံတွေ့ဖူးခဲ့ပါချေ။ အများဆုံးအနေဖြင့် သူမ၏ ဂုဏ်သတင်းကျော်စောမှုကိုသာ ကြားသိထားခဲ့ရပြီး သူမသည် စောင်းတီးခြင်း၊ စစ်တုရင်ထိုးခြင်း၊ စာရေးသားခြင်း၊ ပန်းချီဆွဲခြင်း၊ ကဗျာလင်္ကာနှင့် တေးသီချင်းများတွင် ကျွမ်းကျင်လိမ္မာကြောင်းကိုသာ သိရှိထားလေ၏။

အရေးအကြီးဆုံးမှာ မယ်တော်ကြီးယန်နှင့် ယန်ရှန်းအောက်တို့ကြောင့် ရှောင်မို၏ ယန်မျိုးနွယ်စုတစ်ရပ်လုံးအပေါ် အမြင်မှာ သိပ်မကောင်းလှချေ။

ထို့ကြောင့် ရှောင်မို၏ ယန်ရုရွှယ်အပေါ် အထင်အမြင်မှာလည်း သိပ်ပြီးကောင်းမွန်မနေခဲ့ပါချေ။

ယန်ရုရွှယ်သည် သနားစရာကောင်းသော လူတစ်ဦးဖြစ်ကြောင်းကို ရှောင်မို သိရှိထားသော်ငြားလည်း။

သူမမှာ သူမ၏ မိသားစုအတွက် ယဇ်ပူဇော်ခံသိုးငယ်လေးတစ်ကောင်မျှသာ ဖြစ်ကြောင်းကို သူ သိထားပေသည်။

သို့သော် ယန်မျိုးနွယ်စုဝင်တစ်ဦးဟူသော သူမ၏ ဂုဏ်ဒြပ်က ရှောင်မိုအား အမှန်တကယ်ပင် စိတ်အေးလက်အေးမဖြစ်စေနိုင်အောင် လုပ်ဆောင်နေလေ၏။

နင်ရွှယ်နန်းဆောင်၏ အဓိကအခန်းတံခါးဝသို့ ရောက်ရှိလာသောအခါ ရှောင်မိုက သူ၏အတွေးများကို ဘေးဖယ်ထားလိုက်သည်။ စစ်လီအား တံခါးဝတွင် ကင်းစောင့်ခိုင်းပြီးနောက် သူက တံခါးကိုတွန်းဖွင့်ကာ အိပ်ဆောင်တွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။

ချင်စီယောင်ကဲ့သို့ပင် ယန်ရုရွှယ်သည်လည်း မင်္ဂလာကုတင်နီကြီးထက်၌ ခြေထောက်နှစ်ဖက်ကို စေ့ထားကာ ထိုင်နေပြီး သူမ၏ စကတ်စွန်းများက သွယ်လျလှပသော ခြေတံရှည်များထက်၌ ပူးကပ်လျက်ရှိနေပေသည်။

အနည်းငယ် ချောင်ချောင်ချိချိရှိသော မင်္ဂလာဝတ်စုံနီကြီးကို ဝတ်ဆင်ထားလျှင်ပင် ယန်ရုရွှယ် ဝတ်ဆင်ထားချိန်တွင်မူ သူမ၏ မို့မောက်နေသော ရင်အုံအစုံမှာ အလွန်အမင်း ထင်ရှားပေါ်လွင်နေချေပြီ။

ရှောင်မို၏ အမြင်၌ အကယ်၍ စစ်လီသာ ၎င်းကို မြင်တွေ့သွားမည်ဆိုလျှင် သူမအနေဖြင့် အရှုံးပေးလိုက်ရလောက်ပေသည်။

ရှောင်မိုက ရှေ့သို့ လှမ်းသွားကာ ကျောက်စိမ်းချိန်ခွင်တံလေးကို ကောက်ယူလိုက်ပြီး အမျိုးသမီး၏ မင်္ဂလာမျက်နှာဖုံးပုဝါနီလေးကို ညင်သာစွာ ပင့်မလိုက်လေ၏။

ယန်ရုရွှယ်၏ လောကကို မှောက်လှန်နိုင်စွမ်းရှိသော အလှတရားက ရှောင်မို၏ မျက်ဝန်းများအရှေ့၌ ပေါ်လွင်လာသောအခါ...

ဖယောင်းတိုင်နီများက သူမ၏ အဆုံးမဲ့ ဆွဲဆောင်မှုများကို ထင်ဟပ်ပြသနေသောအခါ...

သူမ၏ မျက်ဝန်းလေးများကို ညင်သာစွာ မော့လာပြီး ရှောင်မိုအား ယုယုယယ စိုက်ကြည့်လာသောအခါ...

ရှောင်မိုသည်လည်း သူမကို တွေဝေငေးမောစွာ ကြည့်ရင်း နေရာမှာပင် ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားတော့သည်။

ချင်စီယောင်၏ အနည်းငယ် ကစားမက်ပြီး ဖြူစင်လှသော အသွင်အပြင်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယန်မျိုးနွယ်စုမှ ဤမိန်းကလေးမှာ ပိုမိုရင့်ကျက်ကာ တည်ငြိမ်ပြီး ထည်ဝါကျော့ရှင်းလှပေသည်။

သင့်ကိစ္စရပ်များအားလုံးကို သူမထံသို့ ယုံယုံကြည်ကြည် အပ်နှံထားနိုင်သကဲ့သို့ပင်။

သူမက သင့်အတွက် အရာအားလုံးကို စီမံခန့်ခွဲပေးနိုင်ပြီး သင် ဘာတစ်ခုမှ စိုးရိမ်ပူပန်နေစရာ မလိုသကဲ့သို့ ခံစားရစေလေ၏။

သေချာတာပေါ့လေ။

ရှောင်မိုအား တွေဝေငေးမောသွားစေခဲ့သည့်အရာမှာ ယန်ရုရွှယ်၏ အလှတရားသက်သက်ကြောင့်တော့ မဟုတ်ပါချေ။

အကြောင်းမှာ ဤအမျိုးသမီးကို သူ ယခင်က မြင်တွေ့ဖူးနေသောကြောင့်ပင်။

"သခင်မလေးလား" ရှောင်မိုက သူမကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။

သူ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့မိပါချေ။

ယန်မျိုးနွယ်စုမှ ဤပါရမီရှင်အမျိုးသမီးသည် နန်းတော်တွင်း၌ သူ စွန်သွားကောက်ပေးခဲ့ရသော အမျိုးသမီး ဖြစ်နေခဲ့ပေသည်။

သူမသည် ရေကန်လည်ပတ်ရေးခရီးစဉ်အတွင်း သူနှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုခဲ့သော အထက်တန်းလွှာအိမ်တော်မှ သခင်မလေးလည်း ဖြစ်နေခဲ့၏။

ထို့ထက်ပို၍ဆိုရလျှင် သူမသည် နှစ်သစ်ကူးကာလအတွင်း သူနှင့်အတူ ပိုင်တန်းကျောင်းတော်သို့ လိုက်ပါခဲ့ပြီး နှစ်သစ်ကူးဆုတောင်းစာများကို အတူတကွ ချိတ်ဆွဲခဲ့သူလည်း ဖြစ်နေလေတော့သည်။

ယန်ရုရွှယ်၏ နှုတ်ခမ်းပါးလေးများထက်တွင် အပြုံးတစ်ခု ခိုတွဲနေပြီး သူမ၏ လှပသော မက်မွန်ပန်းမျက်ဝန်းလေးများက ခပ်ဖျော့ဖျော့ ကွေးညွတ်သွားကာ ကြောင်အမြီးကဲ့သို့သော မျက်ဝန်းထောင့်စွန်းလေးများက ညင်သာစွာ တွန့်ချိုးသွားပေသည်။ ဆွဲဆောင်မှုရှိလှသော်လည်း သူမက အနည်းငယ်မျှပင် ရိုင်းစိုင်းကြွားဝါလွန်းခြင်းမရှိဘဲ နွေဦးလေပြေက ရေကန်ပြင်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ခပ်ဖျော့ဖျော့ လှိုင်းဂယက်လေးများကို ဖန်တီးပေးလိုက်သကဲ့သို့ ပေါ့ပါးလန်းဆန်းသော ခံစားချက်ကိုပင် ပေးစွမ်းနေလေ၏။

"သခင်လေး... ကျွန်မတို့ ပြန်ဆုံကြပြန်ပြီနော်"

All Chapters