← Chapters

အခန်း ၄၈၈

Vol. 49 Ch. 488

အခန်း ၄၈၈

Vol. 49 Ch. 488

အခန်း (၄၈၈)

"နတ်မိမယ်ကျန်းက ဒီနေ့ ဘယ်လိုလေရူးတိုက်လို့ ကျွန်တော့်ဆီ လာလည်ရတာလဲ။ တစ်ခုခုများ အကြောင်းကိစ္စရှိလို့လား"

မိမိအရှေ့၌ ထိုင်နေသော နိုင်ငံတော်ဆရာကျန်းကို မြင်တွေ့လိုက်ရသောအခါ ရှောင်မိုမှာ အနည်းငယ် အံ့အားသင့်သွားမိလေ၏။

အတိတ်ကဆိုလျှင် ရှောင်မိုကသာ သူမနှင့် ဓားတာအိုအကြောင်း ဆွေးနွေးရန် နိုင်ငံတော်ဆရာအိမ်တော်သို့ သွားရောက်လေ့ရှိခဲ့သည်ချည်းပင်။

သို့တည်းမဟုတ် ရှောင်မိုတစ်ယောက် တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်၌ ကျင့်ကြံနေချိန်မျိုးတွင် သူမက ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး သူနှင့် ဓားသိုင်းဖလှယ်လေ့ရှိခဲ့ပေသည်။

သို့သော် ယနေ့ကဲ့သို့ ကျန်းချင်ရီ ကိုယ်တိုင်ကိုယ်ကျ ရှောင်မို၏ အိပ်ဆောင်တော်ဆီသို့ လာရောက်ခြင်းမျိုးက အလွန်တရာ ရှားပါးလွန်းလှချေပြီ။

"ထွေထွေထူးထူးတော့ မရှိပါဘူး"

ကျန်းချင်ရီ၏ စကတ်စွန်းများက ခုံတန်းလျားထက်၌ ဖြန့်ကျက်သွားပြီး သူမက ခါးကိုမတ်မတ်ထားလျက် ရှောင်မို၏အရှေ့၌ ဝင်ထိုင်လိုက်ကာ သူ့ကို ခပ်ဖျော့ဖျော့ တစ်ချက်မျှ ကြည့်လိုက်လေ၏။

"အရှင်မင်းမြတ် ဘယ်လိုနေလဲဆိုတာကို လာကြည့်ရုံသက်သက်ပါ။ ဘာပဲဖြစ်ဖြစ် အရှင်မင်းမြတ်က သွေးသားဆူဖြိုးတဲ့ လူငယ်အရွယ်ရောက်နေပြီလေ၊ ပြီးတော့ နန်းတော်ထဲဝင်လာတဲ့ မိဖုရားကြီးနှစ်ပါးစလုံးကလည်း လောကမှာ ပြိုင်ဘက်ကင်းတဲ့ အလှပိုင်ရှင်တွေချည်းပဲမဟုတ်လား။ အရှင်မင်းမြတ်များ ကာမဂုဏ်အာရုံတွေထဲ နစ်မွန်းပြီး မိန်းမတစ်ယောက်ရဲ့ ဗိုက်ပေါ်မှာတင် အသက်ထွက်သွားမလားဆိုပြီး စိတ်ပူလို့ လာကြည့်တာပါ"

"နတ်မိမယ်ကျန်းကတော့ နောက်နေပြန်ပါပြီ" ရှောင်မိုက မတတ်နိုင်သလို ပြုံးလိုက်ရင်း "နစ်မွန်းဖို့နေနေသာသာ မနေ့ညက ကျွန်တော် မူးပြီး ကုတင်ပေါ် လဲကျသွားခဲ့တာ၊ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရတာပါ"

"မူးသွားတယ် ဟုတ်လား... ဟင်းဟင်း" ကျန်းချင်ရီက ရှောင်မိုကို နောက်ပြောင်ချင်သည့်အမူအရာဖြင့် ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလျက် "မနေ့ညက တကယ်ပဲ မူးသွားတာလို့ အရှင်မင်းမြတ်ကိုယ်တိုင် ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်"

ရှောင်မိုက ကျန်းချင်ရီ၏ မျက်ဝန်းများကို တိုက်ရိုက်စိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်သွားပေသည်။ "နတ်မိမယ်ကျန်း ဘာကိုဆိုလိုချင်တာလဲဆိုတာ ကျွန်တော် သိပ်နားမလည်ဘူး"

"နားမလည်ဘူးပေါ့လေ" ကျန်းချင်ရီ၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးတက်သွားလေ၏။ "အရှင်မင်းမြတ်က ကိုယ့်ရဲ့ မိဖုရားကြီးနှစ်ပါးကို တကယ်ပဲ သံသယမဝင်မိဘူးလား။ သူတို့က သာမန်လူသားတွေလို့ တကယ်ပဲ ထင်နေတာလား"

"..."

ရှောင်မိုတစ်ယောက် ခဏတာမျှ ဆွံ့အသွားမိတော့သည်။

သူ၏ နှလုံးသားထဲတွင် သဘာဝကျကျ သံသယဝင်နေမိသော်လည်း သူ၌ မည်သည့် သက်သေအထောက်အထားမျှ မရှိခဲ့သည်မှာ အမှန်ပင်။

ထို့အပြင် ရှောင်မိုက သူတို့နှင့် အတိတ်က ဆက်ဆံခဲ့ရသည့် အခြေအနေများကို ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ အရာအားလုံးက အလွန်အမင်း ပုံမှန်ဖြစ်နေခဲ့သည် မဟုတ်ပါလော။

သို့သော် ယခုလို ကျန်းချင်ရီက တိုက်ရိုက်ကြီး ထောက်ပြလိုက်သောအခါ ရှောင်မို၏ ရင်ထဲရှိ ထိုသံသယစိတ်က သဘာဝအလျောက် ပို၍ပို၍ ကြီးမားလာခဲ့ချေပြီ။

"မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာကို နတ်မိမယ်ကျန်း သိနေတာလား" ဟု ရှောင်မိုက မေးမြန်းလိုက်၏။

"သိတာပေါ့" ကျန်းချင်ရီက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်လေသည်။

"ထားပါတော့၊ အရှင်မင်းမြတ်နဲ့ ကျွန်မ စကားကို လှည့်ပတ်ပြောမနေတော့ပါဘူး" ကျန်းချင်ရီက မျက်ဝန်းများကိုပင့်ကာ ရှောင်မိုအား စိုက်ကြည့်လိုက်ပေ၏။ "အဲဒီ ယန်မျိုးနွယ်စုရဲ့ သမီးတော်ပဲဖြစ်ဖြစ်၊ ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီးပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးက သာမန်လူသားတွေ မဟုတ်ကြဘူး။ သာမန်လူတွေရဲ့ အခေါ်အဝေါ်အရ ပြောရရင် သူတို့နှစ်ယောက်စလုံးက မသေမျိုးတွေနဲ့တူပြီး သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကလည်း မနိမ့်ကျဘူး"

"ဘယ်လောက်တောင် မြင့်မားလို့လဲ" ရှောင်မိုက မေးလိုက်သည်။

ကျန်းချင်ရီက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး "ကျွန်မနဲ့ အဆင့်တူလောက်ပဲ" ဟု ဆိုလိုက်၏။

ကျန်းချင်ရီ၏ အဖြေကို ကြားလိုက်ရသောအခါ ရှောင်မို၏ မျက်ခုံးများက တွန့်ချိုးသွားပြီး နက်ရှိုင်းသော အတွေးများထဲသို့ နစ်မျောသွားတော့သည်။

ယခင်က သူ မေးမြန်းခဲ့ဖူးသော်လည်း သူမက မဖြေကြားခဲ့သဖြင့် ကျန်းချင်ရီ၏ ကျင့်ကြံခြင်းအဆင့် အတိအကျကို ရှောင်မို သေချာမသိရှိထားသော်ငြားလည်း။

ကျန်းချင်ရီနှင့်အတူ ရှိနေခဲ့သည့် အချိန်ကာလများအတွင်း သူမ၏ အဆင့်မှာ မနိမ့်ကျကြောင်းကို ရှောင်မို ကောင်းကောင်း သိရှိထားပေသည်။

ထို့အပြင် ဤနိုင်ငံတော်ဆရာကျန်းမှာ လောက၏ နံပါတ်တစ် ဓားဂိုဏ်းကြီးမှ အတွင်းစည်းတပည့်တစ်ဦးဖြစ်ပြီး မဟာမင်းဆက်တစ်ခု၏ နိုင်ငံတော်ဆရာအဖြစ် ဂိုဏ်းမှ ခန့်အပ်တာဝန်ပေးခြင်း ခံထားရသူမဟုတ်ပါလော။

ထို့ကြောင့် ရှောင်မို၏ အမြင်တွင် နတ်မိမယ်ကျန်းမှာ အနည်းဆုံး နဂါးတံခါးအဆင့်တွင် ရှိနေရမည်မှာ သေချာလှပေ၏။

ဆိုလိုသည်မှာ ယန်မျိုးနွယ်စုမှ မိန်းကလေးနှင့် ချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးတို့ နှစ်ဦးစလုံးမှာ နဂါးတံခါးအဆင့်တွင်ဖြစ်စေ သို့မဟုတ် ထိုအဆင့်ထက်ပင် ပိုမိုမြင့်မားနေမည် ဖြစ်လေတော့သည်။

"ကျွန်တော့်ရင်ထဲမှာ သံသယတွေ အပြည့်ဖြစ်နေပြီ။ နတ်မိမယ်က ဖြေရှင်းပေးနိုင်မလားတော့ မသိဘူး" ရှောင်မိုက မေးလိုက်သည်။

"မေးချင်တာရှိရင် တိုက်ရိုက်သာ မေးလိုက်ပါ။ ဒါပေမဲ့ ဖြေတာ မဖြေတာကတော့ ကျွန်မအပိုင်းပဲ" ကျန်းချင်ရီက သူမ၏ လက်ဖက်ရည်ပန်းကန်လုံးလေးကို ချထားလိုက်ပြီး ရှောင်မိုကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်လေ၏။

"သူတို့ရဲ့ တကယ့် နောက်ခံမည်သူမည်ဝါဖြစ်ကြောင်းတွေက ဘာတွေလဲ"

ရှောင်မိုက လေးနက်စွာ မေးမြန်းလိုက်သည်။ အလယ်သုံးဆင့်မှ ကျင့်ကြံသူနှစ်ဦး သူ၏ မောင်းမဆောင်အတွင်းသို့ ခိုးဝင်လာခြင်းမှာ သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်ပါချေ။

သူတို့နှစ်ဦးစလုံးမှာ အမှန်တကယ်ပင် ယန်မျိုးနွယ်စု၏ သမီးတော်နှင့် ချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီး ဟုတ်မဟုတ်ကို ရှောင်မို စိုးရိမ်ပူပန်နေမိပေ၏။

သူ၏ မူလလက်တွဲဖော်များ နေရာတွင် အစားထိုးခံလိုက်ရလေသလားဟု သူ စိုးရိမ်မိသွားသည်။

ကျန်းချင်ရီက စကားလုံးများကို ချိန်ဆလိုက်ပြီး "နန်းတော်ထဲမှာရှိတဲ့ ယန်ရုရွှယ်က တကယ့် ယန်မျိုးနွယ်စုရဲ့ သမီးတော် အစစ်အမှန်ပါပဲ၊ ချင်မုကျိုးကလည်း ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီး အစစ်ပါပဲ။ အဲဒါက မှန်ပေမယ့် သူတို့ရဲ့ နောက်ခံတွေက အဲဒီထက် ပိုနေသေးတယ်" ဟု ပြန်လည်ဖြေကြားလေ၏။

"ဒါပေမဲ့ ကျွန်မက သူတို့နှစ်ယောက်နဲ့ သဘောတူညီချက်တစ်ခု ရယူထားတဲ့အတွက် အရှင်မင်းမြတ်ကို ပြောပြလို့ မရနိုင်ပါဘူး"

"အရှင်မင်းမြတ်လည်း စိတ်ချလက်ချ နေလို့ရပါတယ်။ အဲဒီအမျိုးသမီးနှစ်ယောက်က အရှင်မင်းမြတ်ကို ဖုံးကွယ်ထားတာတွေ ရှိပေမယ့် သူတို့က အရှင်မင်းမြတ်ကို ဘယ်တော့မှ အန္တရာယ်ပြုမှာ မဟုတ်ပါဘူး"

ရှောင်မိုက ထပ်မံ၍ "နတ်မိမယ်ကျန်း သူတို့နဲ့ ရယူထားတဲ့ သဘောတူညီချက်ထဲမှာ ဒီကိစ္စကို ကျွန်တော့်ကို ပြောပြဖို့ သူတို့က နတ်မိမယ်ကျန်းကို ခွင့်ပြုထားတာလည်း ပါဝင်နေတာလား" ဟု မေးမြန်းလိုက်ပြန်သည်။

ကျန်းချင်ရီက ဝန်မခံသကဲ့သို့ ငြင်းဆန်ခြင်းလည်း မပြုခဲ့ပါချေ။

ကျန်းချင်ရီနှင့်ပတ်သက်၍ ရှောင်မို၏ နားလည်ထားမှုအရ ဤနတ်မိမယ်ကျန်းက တစ်စုံတစ်ခုကို မငြင်းဆန်ခဲ့လျှင် ၎င်းမှာ သွယ်ဝိုက်သောအားဖြင့် ဝန်ခံလိုက်ခြင်းပင် ဖြစ်လေ၏။

ရှောင်မို၏ မျက်ခုံးများက တွန့်ချိုးသွားပြီး သူ၏ လက်ချောင်းများကို ပွတ်သပ်လိုက်ကာ "သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီနန်းတော်ကြီးထဲမှာ သူတို့လိုချင်တဲ့ အရာတစ်ခုခု ရှိနေလို့လား" ဟု ဆိုလိုက်ပေသည်။

ရှောင်မို၏ စကားသံအဆုံးတွင် ကျန်းချင်ရီ၏ အကြည့်များက သူနှင့် တိုက်ရိုက်ဆုံတွေ့သွားပြီး သူမ၏ မျက်ဝန်းများအတွင်း၌ ရယ်သွမ်းသွေးလိုသော အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။

"နတ်မိမယ်ကျန်း..." ရှောင်မိုက နားမလည်နိုင်စွာဖြင့် ခေါ်လိုက်မိ၏။

"ဒီမေးခွန်းအတွက်လည်း အရှင်မင်းမြတ်ကို ကျွန်မ ဖြေကြားပေးလို့ မရနိုင်ပါဘူး"

ထိုသို့ပြောပြီးနောက် ကျန်းချင်ရီက မတ်တတ်ရပ်လိုက်လေသည်။

"အရှင်မင်းမြတ်ရဲ့ မေးခွန်းတွေကို ဒီနေရာမှာပဲ ရပ်လိုက်ပါတော့။ အတိုချုပ်ပြောရရင် နောင်ကြရင်လည်း သူတို့နဲ့ ပုံမှန်အတိုင်းပဲ ဆက်ဆံသွားပါ။ အများကြီး စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ အရှင်မင်းမြတ် အခုလောလောဆယ် စဉ်းစားလို့မရနိုင်တဲ့ ကိစ္စတွေ အများကြီးရှိနေပါသေးတယ်။ အခုအချိန်မှာ အရှင်မင်းမြတ် လုပ်သင့်တာက နောက်တစ်လအတွင်း အုတ်မြစ်ချခြင်းအဆင့်ကို ရောက်ရှိသွားဖို့ပါပဲ"

"ပြီးတော့ နောင်ကြရင် အရှင်မင်းမြတ်က သူတို့နဲ့ ညအိပ်လို့မရဘူးဆိုတာမျိုး မဟုတ်ပါဘူး... အဲဒါက... ဟင်းဟင်း..."

...

ကျန်းချင်ရီက အေးစက်စက် အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး စားပွဲပေါ်သို့ လက်နှစ်ဖက်ထောက်ကာ ရှောင်မိုကို ငုံ့ကြည့်လိုက်လေ၏။

"လတ်တလောမှာတော့ ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတွေကို လုပ်ဆောင်လို့ရမှာ မဟုတ်ဘူးလို့ ပြောတာပါ။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ နဂါးတံခါးအဆင့်ကို မရောက်ခင်မှာ မူလယန်စွမ်းအင် မဆုံးရှုံးသေးဘူးဆိုရင် ကျင့်ကြံရာမှာ အားစိုက်ထုတ်မှု ထက်ဝက်နဲ့ အကျိုးသက်ရောက်မှု နှစ်ဆရနိုင်တယ်လေ"

"ဒါမှမဟုတ်..." ကျန်းချင်ရီက ပိုမိုနီးကပ်စွာ တိုးကပ်လာပြီး ရှောင်မို၏ မျက်ဝန်းများထဲသို့ တည့်တည့်စိုက်ကြည့်လျက် "သူတို့က အရှင်မင်းမြတ်နဲ့ အဲဒီလိုကိစ္စတွေ မလုပ်နိုင်ကြမှတော့ ဘေးနားမှာ လောကအလှပိုင်ရှင်နှစ်ယောက် ရှိနေရက်နဲ့ အရှင်မင်းမြတ်ရဲ့ စိတ်နှလုံးတွေ လှုပ်ရှားပြီး မရိုးမရွဖြစ်နေပြီလား"

"နတ်မိမယ်ကျန်းကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော့်စိတ်တွေ လှုပ်ရှားနေလားဆိုရင်တော့ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဒါပေမဲ့ သည်းမခံနိုင်လောက်အောင် ဖြစ်နေတယ်ဆိုတာကတော့ ချဲ့ကားလွန်းရာ ကျသွားပါလိမ့်မယ်" ဟု ရှောင်မိုက နောက်ပြောင်သော လေသံဖြင့် ပြန်ပြောလိုက်ပေသည်။

"ဟွန့်... ယောကျ်ားတွေ"

ကျန်းချင်ရီက သူမ၏ သွယ်လျသောခါးလေးကို ပြန်လည်မတ်မတ်ထားလိုက်ပြီး လက်ထဲရှိ ဓားရှည်ကို ကောက်ယူကာ ပြတင်းပေါက်မှတစ်ဆင့် ရှောင်မို၏ အခန်းတွင်းမှ ထွက်ခွာသွားတော့သည်။

"သူမက တကယ်ကို ရုတ်တရက် ရောက်လာပြီး ရုတ်တရက် ထွက်သွားတာပဲ"

ကျန်းချင်ရီ ထွက်ခွာသွားသော အရပ်မျက်နှာဆီသို့ ငေးကြည့်ရင်း ရှောင်မိုတစ်ယောက် မတတ်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်မိရှာ၏။

ရှောင်မိုက ကျန်းချင်ရီ ယခုလေးတင် ပြောသွားခဲ့သမျှ စကားများအားလုံးကို ပြန်လည်စဉ်းစားနေမိပေသည်။

ထို့နောက် ယန်ရုရွှယ်နှင့် သူ အတိတ်က ဆက်ဆံခဲ့ရသည့် မြင်ကွင်းများနှင့် သူနှင့်အတူ ရှိနေစဉ် ချင်မုကျိုး၏ တက်ကြွလန်းဆန်းပြီး ရွှင်လန်းနေသော အပြုံးလေးများကို သူ ပြန်လည်တွေးတောမိသွားသည်။

"ဒီကျိုးတိုင်းပြည်ရဲ့ နန်းတော်ကြီးထဲက တစ်ခုခုအတွက်နဲ့ သူတို့က ငါ့အနားကို ချဉ်းကပ်လာခဲ့ကြတာလား"

"ဒါပေမဲ့ ဒီကျိုးတိုင်းပြည် နန်းတော်ကြီးထဲမှာ သူတို့ မျက်စိကျလောက်စရာ ဘာများရှိနေလို့လဲ"

"ထားပါတော့လေ၊ ထားလိုက်ပါတော့။ အဲဒီအကြောင်း ငါ ထပ်မတွေးတော့ပါဘူး"

နောက်ဆုံးတွင် ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး သူ၏ အတွေးများကို ဖယ်ရှားပစ်လိုက်လေ၏။

"အရေးအကြီးဆုံးက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ခွန်အားကို မြှင့်တင်ဖို့ပါပဲ။ လုံလောက်တဲ့ ကျင့်ကြံခြင်းအဆင့် မရှိရင် နောက်ဆုံးမှာ တခြားသူတွေရဲ့ ကရုဏာကို ခံယူရတဲ့အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်။ ငါ့အဆင့်သာ မြင့်မားလာခဲ့ရင် ကိစ္စရပ်အများစုက သဘာဝအလျောက် ရှင်းလင်းလာမှာပါပဲ"

သေချာစဉ်းစားပြီးနောက် ရှောင်မိုက အဝတ်အစားလဲလှယ်ပေးရန် နန်းတွင်းအစေခံမလေးများကို အခန်းတွင်းသို့ ဝင်လာရန် ခေါ်လိုက်လေတော့သည်။

ယနေ့သည် မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့ဖြစ်ရာ ရှောင်မိုသည် နန်းတော်တွင်းသို့ အသစ်ဝင်ရောက်လာသော မိဖုရားကြီးနှစ်ပါးကို ခေါ်ဆောင်ကာ မယ်တော်ကြီးထံသို့ လက်ဖက်ရည်ဆက်သရန် သွားရမည်ဖြစ်သည်။

ထို့နောက် ရှောင်မိုတစ်ယောက် အဝတ်အစားလဲလှယ်ပြီးစီးသွားသဖြင့် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်မှ ထွက်လာချိန်မှာပင်...

မိဖုရားကြီးရွှယ်နှင့် မိဖုရားကြီးမုတို့က နန်းဆောင်တံခါးဝ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး ရှောင်မို ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေနှင့်ပြီးဖြစ်လေ၏။

"ကျွန်တော်မျိုးမတို့က အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ အရှင်မင်းမြတ် ကျန်းမာတော်မူရဲ့လား"

ဘိုင်ရုရွှယ်နှင့် ချင်စီယောင်တို့က အရိုအသေပေးလျက် တိုးညင်းစွာ လျှောက်တင်လိုက်ကြပေသည်။

All Chapters