← Chapters

အခန်း ၉၀၃

Vol. 44 Ch. 903

အခန်း ၉၀၃

Vol. 44 Ch. 903

အခန်း(၉၀၃) နောင်တရခြင်း

“ဘာဖြစ်လို့လဲ” မြောင်ယွီလန်သည် နေရာမှ ထရပ်လိုက်ရင်း မေးမြန်းရှာလေသည်။

“တစ်ပါးကျွန်းသား မိစ္ဆာတွေက ရှန်းဝူ စကြဝဠာ တိုက်ကြီးကို တိုက်ခိုက်နေကြပြီ၊ သူတို့က ဟင်းလင်းပြင်လမ်းကြောင်းကို ဖောက်ထွက်ခဲ့ကြပြီ” ချင်ယွမ်ဖုန်းက တည်ကြည်လေးနက်သော လေသံဖြင့် ဆိုချေသည်။

“ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါဆို အဖေရော သူအဆင်ပြေရဲ့လား” မြောင်ယွီလန်သည် ချင်ယွမ်ဖုန်း၏ ခမည်းတော်သည် ဟင်းလင်းပြင်လမ်းကြောင်းကို အစဉ်အမြဲ စောင့်ရှောက်ခဲ့သော အစောင့်အရှောက် မိသားစုမှဖြစ်ကြောင်း သိထားပေရာ၊ တစ်ပါးကျွန်းသား မိစ္ဆာများက ဟင်းလင်းပြင်လမ်းကြောင်းကို ဖောက်ထွက်နိုင်ခဲ့သည်ဆိုပါက ကျိရှန့်ထံတွင် တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရပြီဖြစ်ကြောင်း ရိပ်မလေသည်။

“သူ လွတ်မြောက်သွားတယ်၊ ဒါပေမဲ့ အသေးစိတ်ကိုတော့မသိရသေးဘူး” ချင်ယွမ်ဖုန်းက ဆက်လက်၍ “ငါနဲ့အတူ လိုက်ခဲ့ပါ၊ မင်းကို ကာကွယ်ပါရစေ” ဟု ဆို၏။

မြောင်ယွီလန်သည် ခေါင်းကို အလေးအနက် ညိတ်ပြလိုက်ရင်း “ကောင်းပါပြီ၊ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ထပ်မခွဲကြေးနော်” ဟု ဆိုလေသည်။

“ကောင်းပြီ၊ မင်းကို ကမ္ဘာငယ်လေးထဲ အရင်ခေါ်သွားမယ်၊ အဲဒီနေရာက အရမ်းလုံခြုံပါတယ်” ချင်ယွမ်ဖုန်းသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး မြောင်ယွီလန်နှင့် နန်ယွင်တို့၏ လက်ကို ဆွဲကိုင်ကာ စိတ်အာရုံတစ်ခုဖြင့် ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့ချေသည်။

ယင်းအချိန်တွင် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မသိရှိကြသေးပေ။

ချင်ယွမ်ဖုန်းက တစ်ပါးကျွန်းသား မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာသည့် အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်ပြီး အားလုံးကို အဆင်သင့် ပြင်ဆင်ထားကြရန် ပြောကြားလေသည်။ မြောင်ယွီလန်နှင့် ကလေးငယ်အား အခြေချပေးပြီးနောက် သူသည် ကမ္ဘာငယ်လေးထဲမှ ကမန်းကတန်း ထွက်ခွာခဲ့၏။

အပြင်သို့ ရောက်ရှိလာပြီးနောက် ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံမျှော်စင်မှ ထွက်ခွာကာ ဖေးရွှယ်နှင့်အတူ လင်ယင်းကျောင်းတော်သို့ ပျံသန်းသွားခဲ့ချေသည်။

လင်ယင်းကျောင်းတော်သည် ကျန့်ဂီအင်ပါယာ၏ နယ်နိမိတ်အတွင်း တည်ရှိသည်။ ထိုအချိန်တွင် ကျန့်ဂီအင်ပါယာသည် မိခင်အုပ်စိုးသော လူ့အဖွဲ့အစည်းအဖြစ် တည်ရှိနေဆဲ ဖြစ်သော်လည်း အမျိုးသားများ ၎င်းတို့၏ နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို ငြင်းပယ်ခြင်း မရှိတော့ပေ။

ထို့ပြင် ဝူးချီအင်ပါယာနှင့် ဖြစ်ပွားသော စစ်မီးများမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့ပြီး နိုင်ငံတော်သည် အေးချမ်းသာယာ စိုပြည်နေသည့် အသွင် ဆောင်နေလျက် ရှိချေသည်။

ချင်ယွမ်ဖုန်းသည် မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံရန် မသွားဘဲ လင်ယင်းကျောင်းတော်၏ အပြင်ဘက်သို့ တိုက်ရိုက် ဦးတည်သွားခဲ့၏။

“ဆရာတို့… ကျွန်တော် အကြီးအကဲ ရှူးကျူးနဲ့ တွေ့ချင်ပါတယ်” ချင်ယွမ်ဖုန်းသည် အပြေးအလွှား ရောက်ရှိလာပြီး ဆိုလိုက်သည်။ လင်ယင်းကျောင်းတော်တွင် သူသည် ရှူးကျူးနှင့် ကုဝုတို့ကိုသာ သိကျွမ်းခြင်းဖြစ်ပြီး ဆရာကြီးကုဝုမှာမူ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။

“ကောင်းပါပြီ ဒကာလေးချင်၊ ကျွန်ုပ်နောက်က လိုက်ခဲ့ပါ” ထိုရဟန်းသည် ချင်ယွမ်ဖုန်းကို မှတ်မိပုံရပြီး သူ့ကို လင်ယင်းကျောင်းတော်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။

ယင်းအချိန်တွင် လင်ယင်းကျောင်းတော်၏ ဗုဒ္ဓခန်းမတော်ကြီးအတွင်း၌ ရှူးကျူးသည် ကတ္တီပါထိုင်ဖုံပေါ်တွင် ထိုင်နေပြီး သူ၏ မျက်နှာချင်းဆိုင်တွင်မူ လွတ်မြောက်လာခဲ့သော ကျိရှန့် ရောက်ရှိနေချေသည်။

“အဖေ” ချင်ယွမ်ဖုန်းသည် အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့၏။

ချင်ယွမ်ဖုန်းကို မြင်သောအခါ ကျိရှန့်သည် ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ရင်း “ငါ ဟင်းလင်းပြင်လမ်းကြောင်းကို မစောင့်ရှောက်နိုင်ခဲ့ဘူး၊ သူတို့ကို တံဆိပ်ခတ်နှိပ်ခြင်းကို ဖျက်ဆီးခွင့် ပေးလိုက်ရတယ်” ဟု ဆိုချေသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားကာ “အတွင်းဘက် တံဆိပ်ခတ်ခြင်း ပျက်စီးသွားရင်တောင် အပြင်ဘက် တံဆိပ်ခတ်ခြင်း ရှိနေသေးတာ မဟုတ်ဘူးလား” ဟု မေးမြန်းလိုက်သည်။

ကျိရှန့်သည် ထိုစကားကို ကြားသောအခါ စိတ်နှလုံး ကြေကွဲသွားပြီး “အပြင်ဘက် တံဆိပ်ခတ်ခြင်းက တစ်စုံတစ်ယောက်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာ၊ နတ်ဆိုးဘုရင်က အပြင်ဘက် တံဆိပ်ခတ်ခြင်း ပျက်စီးသွားတာကို သိလိုက်လို့ အတွင်းဘက် တံဆိပ်ခတ်ခြင်းကို သွေးပူဇော်ပြုခြင်းနဲ့ ဖျက်ဆီးပစ်လိုက်တာ” ဟု ဆိုလေသည်။

“သွေးပူဇော်ပြုခြင်းလား” ချင်ယွမ်ဖုန်းသည် မှင်တက်သွားရ၏။ သူသည် သွေးပူဇော်ပြုခြင်းကို တစ်ကြိမ် ကြုံတွေ့ဖူးသော်လည်း နတ်ဆိုးဘုရင်ကလည်း ဤနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“မှန်တယ်၊ နတ်ဆိုးဘုရင်က သွေးပူဇော်ပြုခြင်း အခမ်းအနားအတွက် သွေးတွေ စုဆောင်းဖို့ မိစ္ဆာတွေကို သေတွင်းထဲ မောင်းသွင်းနေခဲ့တာ၊ ငါ ဒါကို လုံးဝ မမျှော်လင့်မိဘူး” ကျိရှန့်က နောင်တရသည့် လေသံဖြင့် ဆိုချေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်မိသည်။ သွေးပူဇော်ပြုခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော်လည်း မိစ္ဆာများကို သေတွင်းထဲသို့ မောင်းသွင်းရသည့် နတ်ဆိုးဘုရင်၏ ရည်ရွယ်ချက်ကိုမူ သူ နားမလည်နိုင်သေးပေ။

ထို့ပြင် ကျိရှန့်သည် သွေးပူဇော်ပြုခြင်းဟူသည် ဘာလဲဆိုသည်ကိုပင် မသိရှိချေ။

“အဖေ… ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊အဖေ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပါပြီ” ချင်ယွမ်ဖုန်းသည် ရှေ့သို့ တက်လှမ်းလိုက်ရင်း “ဒါပေမဲ့ အပြင်ဘက်က တံဆိပ်ခတ်ခြင်းက ဘာလို့ ပျက်စီးသွားရတာလဲ၊ ကျွန်တော်တို့ အရင်က သွားခဲ့တုန်းက ကောင်းမွန်နေတုန်းပဲလေ” ဟု ဆိုလိုက်သည်။

“ငါလည်း မသိဘူး၊ ငါ လွတ်မြောက်လာတဲ့အချိန်မှာ မြေပြင်တစ်ခုလုံး အပိုင်းအစတွေ ကြေမွနေတာကိုပဲ မြင်ခဲ့ရတယ်” ကျိရှန့်က တည်ငြိမ်စွာ ဆို၏။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ရင်း “မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်က တံဆိပ်ခတ်ခြင်းကို ဖျက်ဆီးဖို့ဆိုရင် အနည်းဆုံး နတ်ဘုရားတစ်ပိုင်းအဆင့် ရှိရမယ်၊ ဘယ်နတ်ဘုရားတစ်ပိုင်းအဆင့်က ဒီလိုအမှုကို လုပ်မှာလဲ” ဟု တွေးတောလိုက်သည်။

ထိုသို့ တွေးတောလိုက်သည်နှင့် အဖြေက ထင်ရှားသွားခဲ့ပြီ ဖြစ်၏။

“ဘယ်သူလဲဆိုတာ ကျွန်တော် သိပြီ၊ အဲဒါ လွတ်မြောက်သွားတဲ့ ထရေယာရဲ့ ဝိညာဉ်အကြွင်းအကျန်ပဲ”

ချင်ယွမ်ဖုန်းသည် ကျိရှန့်နှင့် ရှူးကျူးတို့ကို ထရေယာ၏ အခြေအနေအား ပြောပြလိုက်ရင်း အလွန် စိတ်အနှောင့်အယှက်ဖြစ်ရသည့် ပုံစံ ပေါက်နေချေသည်။

“ဒါ ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပဲ၊ သူ လွတ်မြောက်သွားပြီးနောက် ပုန်းအောင်းမနေဘဲ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်က တံဆိပ်ခတ်ခြင်းကို ဖျက်ဆီးဖို့ ကြိုးစားလိမ့်မယ်လို့ ကျောင်းအုပ်ကြီးတောင် ထင်မှတ်ထားမှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းက နောင်တကြီးစွာဖြင့် ဆိုလေသည်။

ထိုလူသုံးဦးသည် ခေတ္တမျှ တိတ်ဆိတ်သွားကြပြီး ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ ကျူးကျော်လာသည့် ကိစ္ဆာရပ်နှင့် ပတ်သက်၍ မည်သူမျှ ကောင်းမွန်သော ဖြေရှင်းနည်းကို မစဉ်းစားမိကြချေ။

“ငါကတော့ မင်းတို့ရဲ့ ဘိုးဘေး ဘေးကင်းရဲ့လားဆိုတာ စိတ်ပူနေတုန်းပဲ၊ သူက မိစ္ဆာနယ်မြေထဲမှာ ရှိနေတာ၊ လောကနိယာမအရ မိစ္ဆာဘုရင်ရဲ့ ထိန်းချုပ်မှုကြောင့် နတ်ဆိုးဘုရင်တို့က ရှန်းဝူ စကြဝဠာ တိုက်ကြီးကို လာဖို့ စိတ်ကူးရှိကြမှာ မဟုတ်ဘူး” ကျိရှန့်က အေးစက်စွာ ဆိုချေသည်။

ချင်ယွမ်ဖုန်းသည်လည်း အလွန် ထူးဆန်းနေမိသည်မှာ သူ ထွက်ခွာလာစဉ်က ဘိုးဘေး ကျိရန်နှင့် မိစ္ဆာဘုရင် မေတို့သည် နတ်ဆိုးဘုရင်တို့ကို စောင့်ကြည့်ပြီး ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ မဝင်ရောက်နိုင်ရန် တားဆီးပေးမည်ဟု ကတိပြုခဲ့ကြသောကြောင့် ဖြစ်၏။

သူသည် မိစ္ဆာနယ်မြေတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို အလွန် သိရှိလိုနေချေသည်။

“ကျွန်တော် ကိုယ်တိုင် မိစ္ဆာနယ်မြေကို သွားပြီး အခြေအနေကို ကြည့်ချင်တယ်” ချင်ယွမ်ဖုန်းက လေးနက်စွာ ဆိုလိုက်သည်။

ကျိရှန့်သည် မျက်မှောင်ကြုတ်လိုက်ရင်း “မင်း ရူးနေတာလား၊ အခု ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုလုံး တစ်ပါးကျွန်းသား မိစ္ဆာတွေနဲ့ ပြည့်နေတာ၊ မင်း အဲဒီကိုသွားတာ ထောင်ချောက်ထဲ ကိုယ်တိုင်တိုးဝင်တာနဲ့ မတူဘူးလား” ဟု ဆိုလေသည်။

“မဟုတ်ဘူး” ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ရင်း “အဖေ… လူတစ်ယောက်ကို မိစ္ဆာအသွင် ပြောင်းလဲပေးနိုင်တဲ့ အဲဒီဆေးမျိုး ရှိသေးလား” ဟု မေးမြန်းလိုက်သည်။

ကျိရှန့်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားကာ “မရှိတော့ဘူး၊ ငါ မင်းကို သေတွင်းထဲ အရောက်မခံနိုင်ဘူး၊ သွားရမယ်ဆိုရင်လည်း ငါပဲ သွားရမယ်” ဟု ဆို၏။

“ကျွန်တော် သွားရမယ်၊ အဖေက မိစ္ဆာနယ်မြေအကြောင်းကို လုံးဝ မသိဘူးလေ” ချင်ယွမ်ဖုန်းက အခိုင်အမာ ဆိုချေသည်။

ကျိရှန့်သည် ချင်ယွမ်ဖုန်းကို မဖျောင်းဖျနိုင်တော့သဖြင့် ခေါင်းညိတ်လိုက်ရင်း “မင်း မိစ္ဆာနယ်မြေထဲ ဝင်သွားပြီးတဲ့နောက် မင်း ပြန်မလာခဲ့ရင် မင်းကို လိုက်ရှာဖို့အတွက် ငါ အဲဒီဆေးကို မိတ္တူတစ်ခု သိမ်းထားခဲ့တယ်” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် စိတ်နှလုံးထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကျိရှန့်သည် သူ ငယ်စဉ်ကတည်းက ဂရုမစိုက်ခဲ့သော်လည်း ဖခင်ဖြစ်သူ၏ မေတ္တာတရားမှာ တောင်ကြီးတစ်မျှ ကြီးမားလှပြီး သူ့အတွက် အမြဲ တွေးတောပေးခဲ့သည် ဖြစ်ချေသည်။

“ရပါတယ်၊ ကျွန်တော် ဂရုစိုက်ပါ့မယ်၊ မိစ္ဆာဘုရင်နဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးကို တွေ့တာနဲ့ မိစ္ဆာနယ်မြေမှာ ဘာဖြစ်ခဲ့လဲဆိုတာ သိရလိမ့်မယ်၊ ပြီးတော့ စစ်ကူတောင် ရရင် ရနိုင်သေးတယ်” ချင်ယွမ်ဖုန်းက ဆိုသည်။

“ဒကာလေးက အလွန်ပဲ တရားမျှတမှုကို မြတ်နိုးတာပဲ” ရှူးကျူးက ဘေးမှနေ၍ တည်ငြိမ်စွာ ဆိုချေသည်။

ချင်ယွမ်ဖုန်းသည် ရှူးကျူး၏ ကတုံးခေါင်းကို ပုတ်လိုက်ရင်း “ကိုယ်တော်လေး… အခြေအနေတွေ ဒီလိုဖြစ်ပျက်နေပြီဆိုတော့ ကိုယ်တော် ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ” ဟု မေးလိုက်သည်။

“ကျွန်ုပ်လည်း မသိပါဘူး” ရှူးကျူးက ရိုးသားစွာ ဆို၏

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စကားမဲ့သွားရသည်။ သူသည် ကျိရှန့်ထံမှ ဆေးကို ရယူလိုက်ပြီးနောက် လောကဓာတ်၏ မူလအနှစ်သာရ အပြည့်အစုံကို လဲလှယ်ကာ ကျိရှန့်ထံသို့ ပေးအပ်လိုက်ချေသည်။

“ဒါက…” ကျိရှန့်သည် အံ့အားသင့်စွာဖြင့် “မင်း ဒါကို ဘယ်လို ရခဲ့တာလဲ” ဟု ရေရွတ်လိုက်သည်။

“အဖေ အဲဒါကို အခု လောလောဆယ် စိတ်မပူပါနဲ့ဦး၊ အရင်ဆုံး အဲဒါကို သုံးစွဲပြီး အမြန်ဆုံး အစာခြေဖျက်နိုင်အောင် ကြိုးစားပါ၊ ဒါမှ ကျွန်တော်တို့ဆီမှာ နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက် ပိုတိုးလာမှာ” ချင်ယွမ်ဖုန်းက ဆိုလေသည်။

ကျိရှန့်သည် ခေါင်းညိတ်လိုက်ပြီး မဆိုင်းမတွဘဲ လောကဓာတ်၏ မူလအနှစ်သာရကို မျိုချလိုက်၏။ သို့သော်လည်း ထိုလောကဓာတ်၏ မူလအနှစ်သာရကို အစာခြေဖျက်ရန် မည်မျှ ကြာမြင့်မည်ကိုမူ သူ မသိရှိချေ။

ဤအမှုကိစ္စများကို လုပ်ဆောင်ပြီးနောက် ချင်ယွမ်ဖုန်းသည် လင်ယင်းကျောင်းတော်မှ ကမန်းကတန်း ထွက်ခွာခဲ့ချေသည်။

သူသည် ပင်လယ်ပြင်သို့ တိုက်ရိုက် မသွားခဲ့ပေ။ ဂိုဏ်းအသီးသီးသည် နတ်ဘုရားသောင်းချီနယ်မြေသို့ အခြေအနေကို စုံစမ်းရန် တပည့်များကို စေလွှတ်ခဲ့ကြသော်လည်း မည်သူမျှ ပြန်မလာခဲ့ကြသေးပေ။

နတ်ဘုရားသောင်းချီနယ်မြေမှ မည်မျှများပြားသော တစ်ပါးကျွန်းသား မိစ္ဆာများ သို့မဟုတ် မင်းသားများ ရောက်ရှိလာသည်ကို မည်သူမျှ မသိရှိကြချေ။

ချင်ယွမ်ဖုန်းနှင့် ဖေးရွှယ်တို့သည် ရှန်းဝူအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာကြရာ ထိုနေရာတွင် တင်းမာသော အရှိန်အဝါများ ဖုံးလွှမ်းနေလျက် ရှိချေသည်။

ချင်ယွမ်ဖုန်း ပြန်ရောက်လာကြောင်း ကြားသိရလျှင် ကျောင်းအုပ်ကြီးသည် သူ့ကို ချက်ချင်း ခေါ်ယူလေသည်။

ချင်ယွမ်ဖုန်းသည် ကျိရှန့်ထံမှ ရရှိခဲ့သော သတင်းအချက်အလက်များကို ကျောင်းအုပ်ကြီးထံသို့ တင်ပြလိုက်ရာ အားလုံး၏ မျက်နှာများမှာ ညိုမှောင်သွားကြတော့သည် ဖြစ်ချေသည်။

All Chapters