← Chapters

အခန်း ၉၀၆

Vol. 44 Ch. 906

အခန်း ၉၀၆

Vol. 44 Ch. 906

အခန်း(၉၀၆) စိုးရိမ်ပူပန်မှုများ

မိစ္ဆာနယ်မြေအတွင်းမှ ရောက်ရှိမလာသေးသော တစ်ပါးကျွန်းသား မိစ္ဆာများ ရှိနေသေးသည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် ချင်ယွမ်ဖုန်းအနေဖြင့် ရှေ့လျှောက်ဖြစ်ပျက်လာမည့် အခြေအနေများကို စိတ်ကူးပင် မယဉ်ရဲတော့ချေ။

ယင်းက ကောင်းကင်ယံအထက်တွင် ရှီးမန်ဖုနှင့်အတူ ရပ်တန့်နေရင်း နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး၏ လွှမ်းမိုးချုပ်ကိုင်ထားသော အရှိန်အဝါကို အတိုင်းသား ခံစားနေရသည်။ ထိုသို့သော အခြေအနေကြောင့် ရှီးမန်ဖု၏ မျက်နှာအမူအရာသည် လွန်စွာ အကျည်းတန် ရုပ်ဆိုးသွားရ၏။

“ဒုက္ခပါပဲ၊ ဒီလောက်များပြားတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတွေကို ငါတို့ ဘယ်လိုမှ အနိုင်ယူနိုင်စွမ်း ရှိမှာမဟုတ်ဘူး” ရှီးမန်ဖုက တတ်နိုင်ခြင်းမရှိတော့သည့် လေသံဖြင့် မချိတင်ကဲ ပြောရှာသည်။

“အခွင့်အရေးဆိုတာ ရှိပါသေးတယ်၊ ငါတို့ လက်လျှော့လို့မဖြစ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့်ပင် ဆက်ပြောလေသည် “မင်းလည်း ဒီက အခြေအနေတွေကို အကုန်မြင်ပြီးပြီပဲ၊ မြန်မြန်ပြန်ပြီး ဒီသတင်းကို သွားပို့ပါဦး”

“ကောင်းပြီ၊ ငါနားလည်ပါပြီ” ရှီးမန်ဖုက ခေါင်းညိတ်လိုက်သော်လည်း စိုးရိမ်စိတ်ဖြင့် ပြန်မေးမိသည် “ဒါနဲ့ မင်းက မိစ္ဆာနယ်မြေထဲကို တကယ်ပဲ သွားတော့မလို့လား၊ ဒီနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတွေကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်သွားမှာလဲ”

“ငါ့မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်” ချင်ယွမ်ဖုန်းက အေးဆေးစွာ ဖြေကြားခဲ့သည် “ငါ အလိုမရှိဆုံးအရာက လက်ရှိအချိန်မှာ လူသားတွေအချင်းချင်း ပြည်တွင်းစစ် ဖြစ်ပွားနေကြမှာကိုပဲ”

“မဖြစ်နိုင်တာ၊ ဒီလောက်အင်အားကြီးမားတဲ့ ရန်သူက ရှေ့မှောက် ရောက်နေတာကို အချင်းချင်း အားပြိုင်နေရမယ့် အကြောင်းအရင်း ဘာရှိဦးမှာလဲ” ရှီးမန်ဖုက အံ့အားသင့်စွာ ဖြင့် မေးခွန်းထုတ်လေသည်။

ချင်ယွမ်ဖုန်းက အနည်းငယ် ပြုံးလိုက်မိ၏။ “ထိုသို့သော ရာထူးကြီး ပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးကို မင်းနဲ့ငါ ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး၊ ဒါနဲ့ မင်းကို ငါမေးရဦးမယ်၊ အင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အရေးကြီးဆုံးအရာက ဘာလဲ”

“ဘာများလဲ”

“စစ်သေနာပတိပဲ” ချင်ယွမ်ဖုန်းက အေးစက်တည်ငြိမ်စွာ ဆိုသည် “ရှန်းဝူ စကြဝဠာ တိုက်ကြီးက မိစ္ဆာတွေကို တညီတညွတ်တည်း တိုက်ထုတ်ဖို့ အင်အားအားလုံးကို စုစည်းရလိမ့်မယ်၊ အဲ့တာက စစ်သေနာပတိ တစ်ယောက် လိုအပ်တာပေါ့၊ အဲ့နေရာကို ဘယ်သူ ရယူသွားမယ်လို့ မင်းထင်လဲ”

ရှီးမန်ဖု၏ အသက်ရှူသံများ မြန်ဆန်လာရသည်။ လူအူဝဲတစ်ယောက်ပင် ဖြစ်ပါစေဦးတော့၊ ထိုစစ်သေနာပတိ ရာထူးက ယူဆောင်လာမည့် အာဏာစွမ်းပကားသည် တစ်တိုက်လုံးကို အမိန့်ပေးနိုင်လောက်သည်အထိ ကြီးမားကြောင်း သိရှိနိုင်ပေရာ ထိုနေရာအတွက် အပြိုင်အဆိုင် လုကြဦးမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တန်ရာသည်။

ထို့ကြောင့် ဤစစ်သေနာပတိ ရာထူးအတွက် အချင်းချင်း သွေးချောင်းစီး တိုက်ခိုက်ကြဦးမည်မှာ သေချာလှပြီး တစ်ပါးကျွန်းသား မိစ္ဆာများ အလိုချင်ဆုံးအရာသည်လည်း လူသားများအချင်းချင်း အားပြိုင်ဖျက်ဆီးကြမည့် ကိစ္စပင်။

“တောက်ခေါက်စရာပဲ” ရှီးမန်ဖုက စိတ်နာကိုယ်နာဖြင့် ကျိန်ဆဲလိုက်သည် “ရာထူးကြီး ပုဂ္ဂိုလ်တွေအနေနဲ့ အများအကျိုးကို ရှေ့တန်းတင်ပြီး ဒီကိစ္စအတွက် ငြင်းခုံမနေကြဖို့ပဲ ငါမျှော်လင့်ရတော့တာပေါ့”

“ဒါက မင်းနဲ့ငါ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည် “မင်း လမ်းခရီးမှာ အန္တရာယ်နဲ့ ကြုံရရင် တစ်ကြိမ်တစ်ခါ အသုံးပြုလို့ရမယ့် ပစ္စည်းတစ်ခု ငါပေးလိုက်မယ်”

ပြောပြောဆိုဆိုဖြင့် ချင်ယွမ်ဖုန်းသည် ရှီးမန်ဖု၏ ဦးခေါင်းထက်သို့ လက်ဝါးတင်လိုက်ရာ စင်ကြယ်လှသော ဝိညာဉ်စွမ်းအားများက ရှီးမန်ဖု၏ စိတ်အာရုံအတွင်းသို့ တိုက်ရိုက်စီးဝင်သွားပြီး တစ်နေရာ၌ ပုန်းကွယ်သွားတော့သည်။

“ဒါက ဘာလဲဟင်” ရှီးမန်ဖုက အံ့အားသင့်စွာ မေးမြန်းသည်။

“ဒါက ဝိညာဉ်စွမ်းအား အစအနတစ်ခုပဲ၊ ဝိညာဉ်စွမ်းအား တိုက်ကွက်တစ်ခုကို ထုတ်လွှတ်နိုင်စွမ်း ရှိတယ်၊ သီအိုရီအရတော့ နတ်ဘုရားတစ်ပိုင်းအဆင့်အောက်က သိုင်းပညာရှင်တွေ ဘယ်သူမှ မခံနိုင်ကြဘူး၊ ဒါပေမဲ့ မိစ္ဆာနယ်မြေထဲမှာ ပညာရှင်တွေ အများကြီးရှိတော့ ထိရောက်မှု ရှိမရှိ ငါအတိအကျ မပြောနိုင်ပေမဲ့ မင်းလွတ်မြောက်ဖို့အတွက်တော့ အထောက်အကူ ပြုနိုင်လိမ့်မယ်”

“ကောင်းပါပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်” ရှီးမန်ဖုက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တိတ်တဆိတ် ထွက်ခွာသွားလေတော့သည်။

---

ရှီးမန်ဖု လေထဲသို့ ပျံသန်းကာ ဝေးကွာသွားမှသာ ချင်ယွမ်ဖုန်းလည်း စိတ်သက်သာရာ ရသွားတော့သည်။ ယင်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပွင့်လင်းမြင်သာလာပြီး လေထုထဲ၌ ကွယ်ပျောက်သွားရ၏။

၎င်းက မိမိကိုယ်ကို ကြီးမားလှသော ဝိညာဉ်စွမ်းအားများဖြင့် ပတ်ပတ်လည် ပိတ်ဆို့ထားသဖြင့် နတ်ဆိုးဘုရင် ကိုယ်တိုင်ပင်လျှင် မိမိ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ကြောင်း ယုံကြည်ချက် အပြည့်ရှိနေသည်။

“အစ်ကိုကြီး၊ ငါတို့ ဒီအတိုင်းပဲ စောင့်နေကြမှာလား” နတ်ဘုရားဝိညာဉ် ဘုရင်က ဘေးနားရှိ ကင်ထားသော ပင်လယ်ငါးတစ်ကောင်ကို ကောက်ယူစားသောက်ရင်း မေးမြန်းလိုက်သည်။

နတ်ဆိုးဘုရင်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်သည် “ငါတို့ ရုတ်တရက် ပေါ်လာရင် လူသားတွေ ဘာလုပ်ကြမယ် ထင်လဲ”

နတ်ဘုရားဝိညာဉ် ဘုရင်က မျက်မှောင်ကုတ်လိုက်မိ၏ “သူတို့တွေ တညီတညွတ်တည်း ပေါင်းစည်းပြီး ငါတို့ကို ပြန်တိုက်ကြမှာပေါ့”

“ပြီးတော့ သူတို့ကြားမှာ သဘောထားကွဲလွဲမှုတွေလည်း ရှိလာလိမ့်မယ်” နတ်ဘုရားဝိညာဉ် ဘုရင်က ရုတ်တရက် သဘောကျစွာ ရယ်မောလိုက်ပြန်သည် “အစ်ကိုကြီးရဲ့ အကြံက သူတို့ကို အချင်းချင်း အရင်အင်အားပြုန်းတီးအောင် ဒါမှမဟုတ် ငြင်းခုံအောင် လုပ်ဖို့ပဲကိုး”

နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြသည်။ “လူသားတွေထဲမှာ ငါတို့ရဲ့ သတင်းပေး မျိုးနွယ်စုဝင်တွေ အများကြီးရှိတယ်၊ သူတို့က သတင်းအချက်အလက်တွေ အများကြီး ပေးနိုင်လိမ့်မယ်၊ အချိန်တန်ရင် လက်ရှိ ရှန်းဝူ စကြဝဠာ တိုက်ကြီးရဲ့ အခြေအနေကို ငါတို့ သိရမှာပဲ၊ စိတ်ပူစရာ မလိုပါဘူး၊ ရှန်းဝူ စကြဝဠာ တိုက်ကြီး တစ်ခုလုံးက ငါတို့အပိုင် ဖြစ်လာတော့မှာ”

“နားလည်ပါပြီ အစ်ကိုကြီး” နတ်ဘုရားဝိညာဉ် ဘုရင်က ရယ်မောကာ ဆက်ပြောသည် “ဒီလူသားတွေက တိုက်ပွဲဝင်ရမယ့် အသိစိတ်တွေကို မေ့လျော့နေကြတာ ကြာပြီ ထင်တယ်၊ သွေးစွန်းတဲ့ သင်ခန်းစာနဲ့ သူတို့ကို သွန်သင်ပေးရမှာပေါ့”

မင်းသားနှစ်ပါး မသိလိုက်သည်မှာ ယင်းတို့၏ နောက်ကွယ် ခြေလှမ်းအနည်းငယ်အကွာ အကူးအပြောင်း ကြားခံဟင်းလင်းပြင် တံခါးဝအနီးသို့ ပွင့်လင်းမြင်သာနေသော လူရိပ်တစ်ခု တိတ်တဆိတ် ဆင်းသက်လိုက်ခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် တစ်ပါးကျွန်းသား မိစ္ဆာစစ်သည်တော် နှစ်ဦးက အကူးအပြောင်း ကြားခံဟင်းလင်းပြင် တံခါးဝ၏ အပြင်ဘက်တွင် စောင့်ကြပ်နေကြပြီး မှောင်မိုက်နေသော ထိုကြားခံလမ်းကြောင်းကြီးသည် ပါးစပ်အကျယ်ကြီး ဖွင့်ထားသည့် သားရဲကြီးတစ်ကောင်နှင့်ပင် ဆင်တူလှပေသည်။

ချင်ယွမ်ဖုန်းက အကူးအပြောင်း ကြားခံဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် လမ်းကြောင်းသည် ရေလှိုင်းများကဲ့သို့ ရုတ်တရက် လှုပ်ခတ်သွားပြီး လူရိပ် အမြောက်အမြား ပေါ်ထွက်လာသည်။

ချင်ယွမ်ဖုန်းသည် အခြားသူများနှင့် တိုက်မိမည်ကို စိုးရိမ်သဖြင့် အမြန်ရှောင်တိမ်းလိုက်ရသော်လည်း လူဦးရေ လွန်စွာ များပြားလှသဖြင့် လမ်းကြောင်းအတွင်းမှ ထွက်ပေါ်လာသော တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင်နှင့် သွားရောက်တိုက်မိရုံမျှမက ဖြစ်သွားရ၏။

ကံကောင်းထောက်မစွာဖြင့် ထိုနေရာတွင် မိစ္ဆာသားရဲများ များပြားလှပြီး တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့နေကြသည်မှာ ထုံးစံကဲ့သို့ ဖြစ်နေပေရာ မည်သူမျှ သံသယမဝင်ကြချေ။

ချင်ယွမ်ဖုန်းသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာများ၏ အလယ်တွင် ပိတ်မိနေပြီး အသက်ပင် ပြင်းပြင်းမရှူရဲရှာပေ။

“အစ်ကိုကြီး၊ ငါရောက်ပြီ” သွေးဆာမိစ္ဆာမင်းသားက နတ်ဆိုးဘုရင်ထံသို့ ပြုံးရွှင်စွာဖြင့် လျှောက်လှမ်းလာသည်။

နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြ၏။ “မဆိုးဘူး၊ တတိယညီလေးကော ဘာတွေလုပ်နေလဲ”

သွေးဆာမိစ္ဆာမင်းသားက သဘောကျစွာ ရယ်မောရင်း ပြောသည် “စိတ်ချပါ အစ်ကိုကြီး၊ ငါတို့ မိစ္ဆာဘုရင်ကို လုံးဝ လှည့်စားထားပြီးပြီ၊ တတိယညီလေး ရောက်လာတာနဲ့ မိစ္ဆာနယ်မြေတစ်ခုလုံးကို ပိတ်ဆို့ပစ်လိမ့်မယ်၊ ထိုအခါ မိစ္ဆာဘုရင်နဲ့ သူ့ရဲ့ မဟာမိတ်တွေ လာချင်ရင်တောင် လာနိုင်မှာ မဟုတ်တော့ဘူး”

“ဒါဆိုရင်တော့ ကောင်းပြီ၊ ဒီကိစ္စက အမှားအယွင်း ခံလို့မဖြစ်ဘူး၊ တကယ်လို့ မိစ္ဆာဘုရင်ပါ ဒီကိုရောက်လာပြီး လူသားတွေကို ကူညီဖို့ ရွေးချယ်သွားရင် ငါတို့ပါ အန္တရာယ်ရှိနိုင်တယ်” နတ်ဆိုးဘုရင်က အေးစက်စွာ သတိပေးလိုက်၏။

“နားလည်ပါပြီ အစ်ကိုကြီး” ကျန်ရှိနေသော သူများကလည်း ခေါင်းညိတ်ထောက်ခံကြသည်။

ယင်းတို့အပြင် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော တစ်ပါးကျွန်းသား မိစ္ဆာ တစ်ဒါဇင်ကျော်ခန့်ကလည်း ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး ၎င်းတို့အားလုံးသည် မည်မျှကြာအောင် အသက်ရှင်နေထိုင်ခဲ့ကြမှန်း မသိရသော ရှေးဟောင်း မိစ္ဆာအိုကြီးများ ဖြစ်ကြပေသည်။

အသစ်ရောက်ရှိလာသော မိစ္ဆာများကို နောက်ဆုံးတွင် ရေခဲပြင်ထက်၌ စခန်းချရန် လမ်းညွှန်ပေးလိုက်ကြရာ မီးပုံကြီးများ တောက်လောင်လာတော့သည်။

ခြေဖဝါးအောက်တွင် ပင်လယ်ပြင် ရှိနေသဖြင့် ၎င်းတို့အတွက် အစားအစာ ပြတ်လပ်မှုမရှိလှပေရာ မိမိတို့ကိုယ်မိမိ နတ်ဘုရားဘုံ ပရဒိသုသို့ ရောက်ရှိနေကြသည်ဟုပင် ထင်မှတ်နေကြတော့၏။

ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ ဤတစ်ကြိမ်တွင် သွေးဆာမိစ္ဆာမင်းသားနှင့်အတူ ရောက်ရှိလာသော တစ်ပါးကျွန်းသား မိစ္ဆာအရေအတွက်သည် ရာဂဏန်း ထောင်ဂဏန်းမျှမက ရှိနေပြီး ရေခဲပြင်ထက်ရှိ မိစ္ဆာစစ်သည်တော် အရေအတွက်တင် သိန်းဂဏန်းမက ရှိနေပြီဖြစ်သည်။

ဤအရေအတွက်သည် ရှန်းဝူ စကြဝဠာ တိုက်ကြီး တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် များပြားလှသည်မဟုတ်သော်လည်း ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ သိုင်းပညာရှင် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ထိတ်လန့်ဖွယ်ရာ ကောင်းလှသော ပမာဏပင်။

ဤမျှများပြားသော မိစ္ဆာစစ်သည်တော်များနှင့်အတူ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး တစ်ဒါဇင်ကျော်ရှိနေခြင်းသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးအတွက် တားဆီးရန် မဖြစ်နိုင်လောက်သော အင်အားစုကြီး ဖြစ်ပေသည်။

ထို့အပြင် ချင်ယွမ်ဖုန်းသည် နတ်ဆိုးဘုရင်နှင့် အခြားသူများ၏ စကားဝိုင်းကို ကြားသိခဲ့ရသဖြင့် နောက်ဆုံးကျန်ရှိနေသော မသေမျိုးဘုရင်သည်လည်း မကြာမီ ရောက်ရှိလာတော့မည်ကို သိရှိလိုက်ရ၏။

အရေးကြီးဆုံးအချက်မှာ မိစ္ဆာဘုရင်သည် ဤနေရာ၌ ဖြစ်ပျက်နေသည်များကို ဘာမျှ မသိရှိသေးခြင်းပင်။ သူမသည် နတ်ဆိုးဘုရင်က မိစ္ဆာနယ်မြေထဲတွင် ရှိနေဆဲဖြစ်ပြီး မသေမျိုးဘုရင် ရောက်ရှိလာပါက မိစ္ဆာနယ်မြေကို ပိတ်ဆို့ကာ အကူးအပြောင်း ကြားခံဟင်းလင်းပြင်ကို စောင့်ကြပ်ကြလိမ့်မည်ဟုသာ ထင်မှတ်နေရှာသည်။

ထိုသို့သာဆိုလျှင် မေ အနေဖြင့် အခြေအနေမှန်ကို သိရှိသွားသည့်တိုင် ဤဘက်သို့ ကူးသန်းလာနိုင်တော့မည် မဟုတ်ချေ။

ချင်ယွမ်ဖုန်းအနေဖြင့် မသေမျိုးဘုရင် မိစ္ဆာနယ်မြေမှ မထွက်ခွာမီ ဤသတင်းစကားကို မေ ထံသို့ အရောက်ပေးပို့ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အရာအားလုံး နောက်ကျသွားရပေလိမ့်မည်။

အကူးအပြောင်း ကြားခံဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှ မိစ္ဆာများ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့သည်ကို မြင်လိုက်ရသောအခါ ချင်ယွမ်ဖုန်းသည် ထိုလမ်းကြောင်းအတွင်းသို့ ဦးခေါင်းစိုက်ကာ အမြန်တိုးဝင်သွားတော့သည်။

နတ်ဆိုးဘုရင်သည် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှ ထူးဆန်းသော လှုပ်ရှားမှုကို သတိပြုမိသဖြင့် လှည့်ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ချေ။

“ဒီအကူးအပြောင်း ကြားခံဟင်းလင်းပြင် လမ်းကြောင်းကို သေချာစောင့်ကြပ်ကြ၊ ငါ့အမိန့်မရှိဘဲ ဘယ်သူ့ကိုမှ အဝင်မခံနဲ့” နတ်ဆိုးဘုရင်က အေးစက်လှသော အမိန့်ကို ထုတ်ပြန်လိုက်လေတော့သတည်း။

All Chapters