← Chapters

အခန်း ၉၀၇

Vol. 44 Ch. 907

အခန်း ၉၀၇

Vol. 44 Ch. 907

အခန်း(၉၀၇) အပြောင်းအလဲများ

ဟင်းလင်းပြင်ဥမင်လမ်းအား စောင့်ကြပ်ရန် လူအင်အား အမြောက်အမြား စေလွှတ်လိုက်ပေရာ နတ်ဆိုးဘုရင်အနေဖြင့် စိတ်အေးသွားရချေသည်။ ထိုနေရာအား ၎င်းတို့ စောင့်ကြပ်နေသည်ဖြစ်၍ မည်သည့်လူက ဆင်ခြင်တုံတရားမဲ့စွာဖြင့် အသက်လာအသေခံဝံ့ပါအံ့နည်း။

ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်ဥမင်လမ်းအတိုင်း အကူးအပြောင်း ကြားခံဟင်းလင်းပြင်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ထိုအကူးအပြောင်း ကြားခံဟင်းလင်းပြင်သည် အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး မှေးမှိန်လင်းလက်နေဆဲ ဖြစ်ချေသည်။ ကျိရှန့်၏ ပြောပြချက်အရ ၎င်း၏ ကမ္ဘာဆီသို့ ဦးတည်သည့် ဟင်းလင်းပြင်ဥမင်လမ်းတစ်ခုသည် မည်မျှဝေးကွာသော နေရာ၌ ရှိနေသည်ကို မသိနိုင်ပေ။

ချင်ယွမ်ဖုန်းသည် ယင်းတို့ကို ဂရုမထားဘဲ မိစ္ဆာနယ်မြေ၏ ဝင်ပေါက်ဆီသို့သာ တိုက်ရိုက်သွားရောက်ခဲ့သည်။ ၎င်းသည် လိုအပ်သော ပစ္စည်းကိရိယာများကို ပြင်ဆင်ပြီးနောက် မိစ္ဆာနယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားခဲ့တော့သည်။

မိစ္ဆာနယ်မြေသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး ဘေးဒုက္ခမှ လွတ်မြောက်သွားခဲ့ပြီဖြစ်၍ လောကကြီးသည် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

အလုံးစုံ ပြန်လည်ကောင်းမွန်လာရန် နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သော်လည်း လက်ရှိတွင် မိစ္ဆာနယ်မြေသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ပူဇော်ပလ္လင်ထံ၌ ရှိနေဆဲဖြစ်သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိသည်ကို မြင်ရသဖြင့် အလျင်အမြန်ပင် ထွက်ခွာခဲ့သည်။ မေသည် ကာရီမြို့အား မိမိ၏ နေထိုင်ရာအဖြစ် ရွေးချယ်ခဲ့သည်ကို ၎င်း မှတ်မိနေပေရာ သူမသည် ယခုအချိန်တွင် ထိုနေရာ၌သာ ရှိနေပေလိမ့်မည်။

ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်သောအခါ နတ်ဆိုးဘုရင်၏ နယ်မြေသည် ယခုအခါ လုံးဝ ဆိတ်သုဉ်းနေပြီး မည်သည့်အရာမျှ မရှိတော့ဘဲ ၎င်းတို့အားလုံး ရှန်းဝူ စကြဝဠာ တိုက်ကြီးဆီသို့ သွားရောက်ကုန်ကြပြီဖြစ်ကြောင်း ချင်ယွမ်ဖုန်း မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် မသေမျိုးဘုရင်၏ လက်အောက်ခံ မိစ္ဆာများသည် ကာရီမြို့နှင့် မလှမ်းမကမ်းတွင် စုရုံးနေကြပြီး မြို့တော်နှင့်အတူ တင်းမာသော အခြေအနေကို ဖန်တီးထားကြချေသည်။ ကာရီမြို့အတွင်း၌လည်း သိုင်းပညာရှင် အမြောက်အမြား ရှိနေပြီး အဝေးမှနေ၍ အပြန်အလှန် စောင့်ကြည့်ရင်ဆိုင်နေကြသည်။

ချင်ယွမ်ဖုန်းသည် ကာရီမြို့ဆီသို့ တောက်လျှောက် ပျံသန်းလာခဲ့ပြီး မြို့တွင်းသို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။ ထိုခဏ၌ပင် သိုင်းပညာရှင်များသည် ၎င်းအား ဝန်းရံလာကြတော့သည်။

ယခုအချိန်တွင် ၎င်းသည် လူသားအသွင်သဏ္ဌာန်ဖြင့် ရှိနေဆဲဖြစ်သဖြင့် သိုင်းပညာရှင်များသည် ရှေ့မှောက်ရှိ ချင်ယွမ်ဖုန်းကို မမှတ်မိကြချေ။

"ငါ မိစ္ဆာဘုရင်ကို တွေ့ရမယ်... ငါ့မှာ အရေးကြီးတဲ့ သတင်းပို့စရာ ရှိတယ်" ဟု ချင်ယွမ်ဖုန်းက အလျင်အမြန် ပြောလိုက်သည်။

သို့သော် သိုင်းပညာရှင်များသည် ဦးခေါင်းကို ခါယမ်းလိုက်ကြပြီး "ငါတို့ မိစ္ဆာဘုရင်ကို တွေ့ဖို့ ဘယ်သူမဆို အရည်အချင်း ရှိလို့လား... မင်းမှာ ဘယ်လို စိတ်စေတနာ ရှိလဲဆိုတာ ဘယ်သူ သိမှာလဲ... သူ့ကို ဖမ်းသွားကြစမ်း" ဟု ဆိုကြသည်။

ချင်ယွမ်ဖုန်းသည် နှာခေါင်းရှုံ့ကာ အနီးရှိ သိုင်းပညာရှင်တစ်ဦးကို ဖမ်းဆွဲ၍ အလွယ်တကူပင် ချုပ်ကိုင်လိုက်ချေသည်။

"ငါ့နာမည်က ချင်ယွမ်ဖုန်း... မိစ္ဆာဘုရင်ကို သွားပြောလိုက်... သူ ငါ့ကို မလွဲမသွေ တွေ့လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

သိုင်းပညာရှင်များသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး မိမိတို့အနေဖြင့် ချင်ယွမ်ဖုန်းကို မယှဉ်နိုင်ကြောင်း သိရှိသွားသဖြင့် အလျင်အမြန်ပင် သတင်းပို့ရန် ထွက်သွားကြတော့သည်။

သို့သော်လည်း ၎င်းတို့ သတင်းပို့သည့် လူသည် မိစ္ဆာဘုရင် မေ မဟုတ်ဘဲ အခြားသော တစ်ပါးကျွန်းသား မိစ္ဆာများ၏ ခေါင်းဆောင်တစ်ဦး ဖြစ်နေချေသည်။

မိစ္ဆာဘုရင် ပြန်လည်ရောက်ရှိလာပြီးနောက် စွမ်းအားကြီးမားသော မိစ္ဆာအများအပြားသည် မေထံသို့ လာရောက် ပူးပေါင်းခဲ့ကြပေရာ ယင်းက မေ၏ အင်အားကို နတ်ဆိုးဘုရင်နှင့် အခြားသူများ၏ အဆင့်အတန်းအထိ မြင့်တက်သွားစေခဲ့သည်။

မေ၏ အင်အားစုများထဲတွင် ယခင်က နတ်ဆိုးဘုရင်နှင့် အခြားမင်းသားများကို တော်လှန်ပုန်ကန်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့လည်း ပါဝင်နေပြီး ယင်းသည် မေ၏ လက်အောက်ရှိ အဓိက အင်အားစုကြီးတစ်ခု ဖြစ်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုတော်လှန်ရေးတပ်ဖွဲ့များ၏ ယခင် အပြုအမူများအပေါ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ဖူးသည်။

၎င်းတို့သည် သာမန် စိတ်အားထက်သန်သော စစ်သည်တော်များ မဟုတ်ဘဲ မင်းသားကဲ့သို့သော လူစားမျိုးများသာ ဖြစ်ကြချေသည်။ ၎င်းတို့ အလိုရှိသည်မှာ မင်းသားတစ်ပါး၏ ရာထူးနှင့် ခံစားခွင့်များသာ ဖြစ်ပြီး ၎င်းတို့ လက်အောက်ခံ မိစ္ဆာများသည်လည်း ထိုမျှလောက် ဖြူစင်ရိုးသားကြသည် မဟုတ်ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချင်ယွမ်ဖုန်းအား ဝန်းရံထားသည့် လူများသည် မူလတော်လှန်ရေးအဖွဲ့မှ လူများပင် ဖြစ်နေကြသည်။ သတင်းပို့ရန် ထွက်သွားသည့် မိစ္ဆာသည်လည်း တော်လှန်ရေးအဖွဲ့၏ ယခင်က အဆင့်နိမ့် တပ်မှူးငယ်တစ်ဦးမျှသာ ဖြစ်သည်။

မကြာမီပင် ထိုတစ်ပါးကျွန်းသား မိစ္ဆာသည် ပြန်လည်ရောက်ရှိလာသော်လည်း ချင်ယွမ်ဖုန်းမှာမူ လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ အကြောင်းမူကား ၎င်းသည် မိမိ၏ ဝိညာဉ်စွမ်းအားဖြင့် ထိုတစ်ပါးကျွန်းသား မိစ္ဆာသည် တပ်မှူးငယ်တစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ကြောင်း အထင်အရှား မြင်တွေ့နေရသောကြောင့် ဖြစ်ချေသည်။

ထိုတပ်မှူးငယ်သည် ဂုဏ်ပကာသန အရှိန်အဝါများ ထုတ်ဖော်ပြသလျက် ဖြည်းညှင်းစွာ လမ်းလျှောက်လာပေရာ အခြေအနေကို သေချာမသိသော လူတစ်ဦးဆိုလျှင် ၎င်းအား မင်းစိုးရာဇာ အနွယ်ဝင်တစ်ဦးဟုပင် မှားယွင်း ထင်မှတ်ရလောက်သည်။

ယခုအချိန်တွင် တော်လှန်ရေးသမားများသည် ပုံမှန်စစ်တပ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပြီး ၎င်းတို့၏ နောက်ကွယ်တွင် မိစ္ဆာဘုရင် ရှိနေသဖြင့် ၎င်းတို့သည် သဘာဝကျစွာပင် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိကြတော့ပေ။

"မင်းတို့ ပြောတဲ့ လူသားက ဒါလား... ဟွန်း... မင်းက မိစ္ဆာနယ်မြေကို တကယ်ပဲ လာရဲတယ်ပေါ့... သေရမှာ မကြောက်ဘူးလား" ဟု ထိုခေါင်းဆောင်က မောက်မာစွာ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် အေးစက်စွာဖြင့် "ငါသိသလောက်တော့ မိစ္ဆာဘုရင်ရဲ့ အနားမှာလည်း လူသားတစ်ယောက် ရှိနေတာပဲ" ဟု ဆိုလိုက်သည်။ ယခုအခါ မိစ္ဆာနယ်မြေအတွင်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့သဖြင့် ကျိရန်သည် ချင်ယွမ်ဖုန်း မထွက်ခွာမီလေးတွင် လူသားအသွင်သို့ ပြန်ပြောင်းခဲ့ခြင်း ဖြစ်သည်။

"အဲဒါက မင်းနဲ့ နှိုင်းယှဉ်လို့မရဘူး... သူက မိစ္ဆာဘုရင် ပြန်လာနိုင်အောင် ကူညီပေးခဲ့တဲ့ မဟာကျေးဇူးရှင်... မင်းက ဘာကောင်မလို့လဲ" ဟု တပ်မှူးငယ်က အေးစက်စွာ ပြောလိုက်ချေသည်။

"မင်းလို လူစားမျိုးက မိစ္ဆာဘုရင်ရဲ့ လက်အောက်မှာ ဘယ်လိုလုပ် တပ်မှူးငယ် ဖြစ်လာတာလဲဆိုတာ ငါ တကယ်ကို သိချင်မိတယ်... မိစ္ဆာဘုရင်က ဘာကိုမှ ဂရုမစိုက်ဘူးလား" ဟု ချင်ယွုန်းဖုန်းက စိတ်တွင်း၌ ဒေါသများ အပြည့်ဖြင့် အေးစက်စွာ ပြောလိုက်သည်။

"သူက မိစ္ဆာဘုရင်ကို မရိုမသေ ပြောရဲတယ်ပေါ့... အစောင့်တွေ... သူ့ကို ဖမ်းဆီးကြစမ်း... သူက မင်းသားတွေ စေလွှတ်လိုက်တဲ့ သူလျှို ဖြစ်ရမယ်" ဟု တပ်မှူးငယ်က ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။

"ငါ့ကို ဖမ်းမလို့လား... မင်း အသက်ရှင်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုရင်း မိမိ ချုပ်ကိုင်ထားသော မိစ္ဆာကို ကန်ထုတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များသည် ချက်ချင်းပင် ရှေ့သို့ ပြေးဝင်လာကြသည်။ ၎င်းတို့သည် ချင်ယွမ်ဖုန်း မည်မျှ အစွမ်းထက်သည်ကို ဂရုမစိုက်ကြပေ။ မည်သို့ပင်ဖြစ်စေ ယခုနေရာသည် မိစ္ဆာဘုရင်၏ နယ်မြေဖြစ်သဖြင့် လိုအပ်ပါက မိစ္ဆာဘုရင်ထံမှ ပညာရှင်များကို အကူအညီတောင်းရုံသာ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် သိုင်းပညာရှင်များကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ရှေ့သို့ တည့်တည့် လျှောက်လှမ်းသွားကာ တပ်စုခေါင်းဆောင်ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားခဲ့သည်။

သိုင်းပညာရှင်များသည် ၎င်းတို့၏ ဓားရှည်များကို ဝှေ့ယမ်းကာ ချင်ယွမ်ဖုန်းအား ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ကြသော်လည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင် အလင်းတန်း ဒိုင်းကာတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့အား တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။

ယင်းက လွန်စွာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ချင်ယွမ်ဖုန်းသည် လှုပ်ရှားခြင်း မရှိသော်လည်း သိုင်းပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် စူးစူးဝါးဝါး အော်ဟစ်လျက် လွင့်ထွက်သွားကြရချေသည်။

ထိုခဏ၌ တပ်မှူးသည်လည်း ထိတ်လန့်တုန်လှုပ်သွားရပြီး "ငါ မင်းကို သတိပေးလိုက်မယ်... မိုက်မဲတာတွေ မလုပ်နဲ့... ဒါက မိစ္ဆာဘုရင်ရဲ့ နယ်မြေ... မင်း အကောင်းအတိုင်း မနေရင် မိစ္ဆာဘုရင် ကိုယ်တိုင် လာပြီး မင်းကို ရှင်းလင်းလိမ့်မယ်" ဟု ပြောဆိုတော့သည်။

"အဲဒါ ငါ အလိုချင်ဆုံးပဲ"

ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် တပ်မှူး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ တပ်မှူးသည် ချင်ယွမ်ဖုန်း၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြံရွယ်သော်လည်း ၎င်း၏ ခြေထောက်များသည် နာခံခြင်း မရှိတော့ပေ။

"မင်း... မင်း ဘာလုပ်မလို့လဲ..." တပ်မှူးသည် ကြောက်လန့်တကြားဖြင့် အသံများ တုန်ရီလျက် အော်ဟစ်လိုက်သည်။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ တိုးသွားကာ တပ်မှူး၏ ပခုံးကို ဖမ်းဆွဲပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဘုန်း

ကျယ်လောင်သော အသံကြီးနှင့်အတူ ထိုတပ်မှူးသည် ချင်ယွမ်ဖုန်း၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျသွားရပြီး စကျင်ကျောက်ခင်း လမ်းမပေါ်တွင် ကြီးမားသော ကျင်းခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

တပ်မှူး၏ မျက်နှာသည် မြေပြင်နှင့် ပြင်းထန်စွာ စောင့်မိသဖြင့် သွားများ ကျိုးထွက်ကာ မျက်လုံးများ လန်လျက် သတိလစ် မေ့မြောသွားခဲ့ရချေသည်။ ပတ်ဝန်းကျင်ရှိ အရပ်သားများသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးကုန်ကြတော့သည်။

အနီးရှိ မိစ္ဆာသိုင်းပညာရှင်များသည် ထိုလူသည် မိမိတို့၏ တပ်မှူးကို အမှန်တကယ် တိုက်ခိုက်ဝံ့လိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် ချင်ယွမ်ဖုန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

"ငါ မင်းတို့ကို ပြောပြီးသားပဲ... ငါ မိစ္ဆာဘုရင်ကို တွေ့ချင်တယ်လို့... မင်းတို့ သွားပြီး သတင်းပို့ပေးရုံနဲ့ သူ ငါ့ကို မလွဲမသွေ တွေ့မှာပါ... မင်းတို့ ဘာလို့ နားမထောင်ကြတာလဲ"

ချင်ယွမ်ဖုန်းသည် အေးစက်စွာ ပြောဆိုပြီး ရှေ့သို့ တည့်တည့် လျှောက်လှမ်းသွားခဲ့သည်။

သိုင်းပညာရှင်များသည် ချင်ယွမ်ဖုန်း၏ ဘေးတွင်သာ ဝန်းရံဝံ့ကြပြီး ၎င်းအား လက်ဖျားနှင့်မျှ မတို့ဝံ့ကြတော့ပေ။ သိုင်းပညာရှင် အချို့သည် စစ်ကူများ သွားရောက်ခေါ်ယူရန် အလျင်အမြန် ထွက်ခွာသွားကြချေသည်။ ချင်ယွမ်ဖုန်းသည် ယင်းတို့ကို ဂရုမထားဘဲ မေ၏ နေအိမ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။

ချင်ယွမ်ဖုန်း ရှိနေသည့် နေရာမှ မေ၏ နေအိမ်အထိ အကွာအဝေးသည် တိုတောင်းလှသော တစ်ကီလိုမီတာမျှသာ ရှိသော်လည်း ထိုအတောအတွင်း တပ်မှူး ဆယ်ယောက်ကျော် ရောက်ရှိလာခဲ့သည်။

၎င်းတို့သည် အမှားအမှန်ကို ခွဲခြားခြင်း မရှိဘဲ ပူးပေါင်းကာ ချင်ယွမ်ဖုန်းအား တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ဘိုးဘေးနယ်ပယ်အဆင့်ရှိ မိစ္ဆာတစ်ကောင်ပင် ချင်ယွမ်ဖုန်းအား တိုက်ခိုက်ခဲ့ချေသည်။

သို့သော်လည်း မည်သည့်ခြွင်းချက်မျှ မရှိဘဲ ၎င်းတို့အားလုံးသည် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး အချို့မှာ သွားများ ကျိုးထွက်ကာ အချို့မှာမူ နံရိုးများ ကျိုးပဲ့ကုန်ကြရတော့သည်။

All Chapters