အခန်း ၉၀၉
Vol. 44 Ch. 909
အခန်း(၉၀၉) စစ်မီးတောက်လောင်ခြင်း
“နတ်ဆိုးဘုရင်က သူ့ရဲ့နန်းတော်ထဲမှာပဲ ရှိနေတာ။ တကယ်လို့ မယုံကြည်ဘူးဆိုရင် မိစ္ဆာဘုရင်မကိုယ်တိုင် သွားရောက်ကြည့်ရှုနိုင်တယ်”
ဘင်ဆင်က ခေါင်းမာစွာဖြင့်ပင် ထိုသို့ ပြောဆိုချေသည်။
“ကောင်းပြီလေ... တကယ့်ကို ကောင်းတာပေါ့။ သေခါနီးအချိန်အထိတောင် နင်က ဝန်မခံချင်သေးဘူးပေါ့လား”
မေက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
“နတ်ဆိုးဘုရင် ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ထွက်ခွာသွားခဲ့တာ အခုဆိုရင် ဆယ်လတောင် ရှိနေပြီ။ နင်က ဒီအချိန်အထိ ငါ့ကို လိမ်ညာလှည့်ဖြားနေတုန်းပဲ”
ထိုစကားကြောင့် ဘင်ဆင်သာမကဘဲ အခြားသော နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်များပါ အံ့အားသင့်ကာ ဆွံ့အသွားကြရလေသည်။
နတ်ဆိုးဘုရင်က ဤနေရာ၌ မရှိပါချေလော။ သို့ဆိုလျှင် ယင်းတို့အနေဖြင့် မည်သည့်အရာကို စိုးရိမ်ပူပန်နေကြရဦးမည်နည်း။
“မဖြစ်နိုင်တာ”
ဘင်ဆင်က အေးစက်စွာဖြင့် ပြန်လည်ပြောဆိုသည်။
“နတ်ဆိုးဘုရင်က သူ့ရဲ့နန်းတော်ထဲမှာပဲ ရှိနေတယ်။ အနည်းဆုံးတော့ ငါရရှိထားတဲ့ သတင်းအရ အဲ့လိုပဲဖြစ်ရလိမ့်မယ်”
“နင်က တကယ့်ကို တာဝန်ကျေပြွန်တဲ့သူပဲ။ ဒီလောက်အရေးကြီးတဲ့ ကိစ္စကိုတောင် ငါ့ကို လိမ်ညာဖို့ ဝံ့ရဲသေးတယ်။ နတ်ဆိုးဘုရင်တင်မကဘူး... နတ်ဘုရားဝိညာဉ် ဘုရင်နဲ့ သွေးဆာမိစ္ဆာမင်းသားတို့ပါ ရှန်းဝူ စကြဝဠာ တိုက်ကြီးထဲကို ဝင်ရောက်သွားကြပြီ။ အခု ငါတို့နဲ့ ရင်ဆိုင်ဖို့ ကျန်ခဲ့တာက မသေမျိုးဘုရင်နဲ့ သူ့ရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် လက်အောက်ငယ်သား အနည်းငယ်ပဲ ရှိတော့တယ်”
ဘင်ဆင်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပျက်ယွင်းသွားပြီး ထိုအမှန်တရားကြောင့် လွန်စွာ တုန်လှုပ်သွားပုံရချေသည်။
“ မိစ္ဆာဘုရင်မကြီး... ကျွန်တော်စကားပြောတာ စိတ်စောသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရရှိထားတဲ့ သတင်း အမှားအယွင်း ရှိနေတယ်ဆိုတာကိုတော့ လုံးဝ မယုံကြည်နိုင်ပါဘူး။ ကိုယ်တိုင် သွားရောက် စစ်ဆေးရပါလိမ့်မယ်”
ဘင်ဆင်က အေးစက်စွာ ပြောဆိုလိုက်၏။
ချင်ယွမ်ဖုန်းပင်လျှင် ဘင်ဆင်သည် အပြစ်ကင်းစင်ပြီး ယင်း၏ လက်အောက်ငယ်သားများ၏ လှည့်ဖြားခြင်းကို ခံလိုက်ရသည်ဟု မဟာအမှားကြီး မှားကာ ယုံကြည်မိတော့မည့်ဆဲဆဲ ဖြစ်ပေ၏။ သို့သော်လည်း ချင်ယွမ်ဖုန်းက ဘင်ဆင်၏ မျက်နှာပေါ်မှ ယုတ်မာကောက်ကျစ်သော အပြုံးကို မြင်တွေ့လိုက်ရချေသည်။
ထိုလူက အမှန်တရားကို အစကတည်းက သိရှိနေခဲ့ခြင်း ဖြစ်ပြီး နတ်ဆိုးဘုရင်အတွက် ဖုံးကွယ်ပေးနေခဲ့ခြင်းသာ ဖြစ်ပေသည်။
---
မေက မျက်မှောင်ကြုတ်လိုက်မိ၏။ မိစ္ဆာဘုရင်မ ဖြစ်လာကတည်းက ယင်းက ထိုသို့သော ရွေးချယ်မှုများနှင့် ထပ်တလဲလဲ ရင်ဆိုင်ခဲ့ရသည်။ အကယ်၍ ယခုအချိန်တွင် ဘင်ဆင်ကို လွှတ်မပေးပါက ဘင်ဆင်က ပုန်ကန်ခြားနားပြီး တော်လှန်ရေးသမားများအားလုံးကို ဦးဆောင်သွားနိုင်ချေရှိသည်။
သို့သော်လည်း ဘင်ဆင်ကို လွှတ်ပေးလိုက်မည်ဆိုပါက ယင်းက မသေမျိုးဘုရင်ထံ သွားရောက်ပူးပေါင်းသွားနိုင်ပြန်သည်။
ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းက ရုတ်တရက် ရှေ့သို့ လှမ်းထွက်လာခဲ့၏။
“မိစ္ဆာဘုရင်မ... ဒီသတင်းကို ကျွန်တော်ပဲ ယူဆောင်လာခဲ့တာ ဖြစ်တဲ့အတွက် ဘင်ဆင်သခင်ကြီးနဲ့အတူ ကျွန်တော်ကိုယ်တိုင် လိုက်လံစစ်ဆေးတာက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ဒီသတင်းက မှားယွင်းနေခဲ့မယ်ဆိုရင် ဘင်ဆင်သခင်ကြီး စိတ်ကြိုက် အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါပဲ”
ဘင်ဆင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ချေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ အမူအရာကမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။
မေက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင် နင်က ဘင်ဆင်နဲ့အတူ သွားလိုက်ပါ”
မေ၏ စကားပင် မဆုံးသေးမီမှာပင် ကျိရန်က ရုတ်တရက် ရှေ့သို့ တိုးထွက်လာခဲ့၏။
“မိစ္ဆာဘုရင်မ... ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မြေးတော်လေး မတွေ့ရတာ ကြာပြီ ဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာ ကျွန်တော်လည်း အတူလိုက်ပါသွားပြီး မိသားစုအရေးကိစ္စတွေကို စကားစမြည် ပြောဆိုချင်ပါတယ်”
ကျိရန် ရှေ့သို့ ထွက်လာခြင်းက မေ အလိုရှိနေသည့် အခြေအနေနှင့် ကွက်တိပင် ဖြစ်ချေသည်။
အကယ်၍ ယင်းက အခြားသော နတ်ဘုရားတစ်ပိုင်းအဆင့် တစ်ယောက်ကို အတူလိုက်ပါရန် စေခိုင်းမည်ဆိုပါက ဘင်ဆင်အပေါ် မယုံကြည်ခြင်းကို ထင်ရှားစွာ ပြသရာရောက်ပေရာ ဘင်ဆင်က ထိုနေရာ၌ပင် ချက်ချင်း ပုန်ကန်သွားနိုင်ခြေ ရှိပေသည်။
သို့သော်လည်း ကျိရန်ကမူ ချင်ယွမ်ဖုန်းနှင့်အတူ နေလို၍ဟူသော အကြောင်းပြချက်ကို သုံးနှုန်းခဲ့သဖြင့် ဘင်ဆင်အနေဖြင့် ပုန်ကန်လိုလျှင်ပင် မည်သည့်အကြောင်းပြချက်မျှ ရှာဖွေနိုင်မည် မဟုတ်တော့ချေ။
ဘင်ဆင်၏ မျက်နှာက လွန်စွာ ခက်ထန်နေသော်လည်း ခေါင်းညိတ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
“ကောင်းပြီလေ... တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သွားကြည့်ကြတာပေါ့။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို မဟုတ်မမှန် စွပ်စွဲထားတာဆိုရင်တော့ ငါက လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”
ချင်၈ယွမ်ဖုန်းက ပြုံးလိုက်ပြီး ထိုသို့ပင် ဆိုချေသည်။
“စိတ်မပူပါနဲ့... ဒါပေမဲ့ ရလဒ်က ကျွန်တော်ပြောသလို ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်ကလည်း ဘယ်လိုညှာတာမှုမျိုးမှ ပြသမှာ မဟုတ်ဘူး”
ထိုလူသုံးဦးက မိစ္ဆာဘုရင်မကို နှုတ်ဆက်ပြီးနောက် အဓိကခန်းမဆောင်အတွင်းမှ ထွက်ခွာကာ မိုးကောင်းကင်ယံသို့ ပျံသန်းသွားကြလေသည်။
မေက ချင်ယွမ်ဖုန်း၏ ဘေးအန္တရာယ်အတွက် စိုးရိမ်ပူပန်ခြင်း မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူသားက ယင်းအတွက် အံ့အားသင့်စရာ ကောင်းမှုများကို အကြိမ်ကြိမ် ယူဆောင်ပေးခဲ့ဖူးသည့်အပြင် ယခုလည်း ကျိရန်က ဘေးမှ ပါရှိနေသောကြောင့် ဖြစ်တန်ရာသည်။
ဘင်ဆင်တို့အဖွဲ့ ဝေးကွာစွာ ထွက်ခွာသွားပြီးနောက်တွင် မေက တည်ငြိမ်စွာဖြင့်ပင် အမိန့်များ ချမှတ်လိုက်ချေသည်။
“တော်လှန်ရေးတပ်မှူးတွေ အားလုံးကို သွားရောက်ဆင့်ခေါ်လိုက်ပါ။ ပြီးရင် တော်လှန်ရေးအဖွဲ့တွေကို လူစုခွဲပြီး အခြားအဖွဲ့တွေထဲကို ပေါင်းစပ်ပစ်လိုက်ရမယ်။ ထိုတပ်မှူးတွေ ဘေးကင်းတယ်ဆိုတာကို ငါ အတည်ပြုနိုင်တော့မှပဲ သူတို့ကို ပြန်လွှတ်ပေးမယ်”
မေက အေးစက်စွာ အမိန့်ပေးလိုက်၏။
ဤဆုံးဖြတ်ချက်က နတ်ဆိုးဘုရင် မိစ္ဆာနယ်မြေမှ အမှန်တကယ် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်းကို အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။
“ မိစ္ဆာဘုရင်မကြီး... ဒီလိုအခြေအနေမျိုးမှာ ဘင်ဆင်သာ ပြန်လာခဲ့မယ်ဆိုရင် ကျွန်တော် စိုးရိမ်မိတာက...”
“ပြန်လာမယ် ဟုတ်လ။ သူက နတ်ဆိုးဘုရင်နဲ့ ပူးပေါင်းပြီး ငါ့ကို သစ္စာဖောက်ခဲ့တာ။ ငါ့ကွယ်ရာမှာလည်း မကောင်းမှုတွေ အများကြီး လုပ်ဆောင်ခဲ့သေးတယ်။ တကယ်လို့ ဖုန်းသာ ရှိမနေခဲ့ရင် ငါတို့အားလုံး မှောင်မိုက်ထဲမှာပဲ ရှိနေဦးမှာ။ နတ်ဆိုးဘုရင်က ငါ့ရှေ့တည့်တည့် ရောက်လာတဲ့အထိတောင် ငါ သိလိုက်ရမှာ မဟုတ်ဘူး”
နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်များအားလုံး တိတ်ဆိတ်သွားကြရလေသည်။ မိစ္ဆာဘုရင်မ ပြန်လာခဲ့သည်မှာ အချိန်တိုရုံမျှသာ ရှိသေးသော်လည်း ယင်းက ကြီးမားသော အရှိန်အဝါနှင့် အာဏာကို ပိုင်ဆိုင်ထားပြီး ဖြစ်ချေသည်။
ထိုအစွမ်းထက်ပညာရှင်ကြီးများအားလုံးက မိစ္ဆာဘုရင်မအပေါ် ထားရှိသည့် ယုံကြည်ကိုးကွယ်မှုကြောင့်သာ လာရောက်အမှုထမ်းကြခြင်း ဖြစ်ပေရာ သစ္စာဖောက်မှုများကို လွန်စွာ ရွံရှာမုန်းတီးကြသည်သာ ဖြစ်သည်။
“ကောင်းပြီလေ... ဒီအကြောင်းတွေကို ဆက်ပြီး မတွေးတောကြနဲ့တော့။ ဘင်ဆင်ကို ငါက လွန်စွာ ယုံကြည်ခဲ့တာ ဖြစ်ပေမယ့် သူက ငါ့ကို လှည့်ဖြားခဲ့တဲ့အတွက် ငါ တကယ်ပဲ စိတ်နှလုံး ထိခိုက်ရတယ်”
မေက တည်ငြိမ်စွာပင် ဆိုလိုက်၏။
“မိစ္ဆာဘုရင်မ... နောက်ထပ် ငါတို့ ဘာဆက်လုပ်ကြမလဲ”
ချင်ယွမ်ဖုန်းနှင့် ယခင်က စကားပြောဆိုခဲ့ဖူးသည့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးက မေးမြန်းလိုက်သည်။
“နတ်ဆိုးဘုရင်နဲ့ အခြားမင်းသားနှစ်ပါးက သူတို့ရဲ့ စစ်တပ်တွေကို ဦးဆောင်ပြီး မိစ္ဆာနယ်မြေကနေ ထွက်ခွာသွားကြပြီ။ ငါတို့အနေနဲ့ ဒီလို အခွင့်ကောင်းကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး။ ငါတို့ရဲ့ စစ်သည်တော်တွေကို ပြင်ဆင်ခိုင်းလိုက်ပါ။ စစ်ပွဲက စတင်တော့မှာ ဖြစ်တယ်”
“အမိန့်အတိုင်းပါ မိစ္ဆာဘုရင်မကြီး”
နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်အားလုံးက မတ်တတ်ရပ်ကာ လေးနက်တည်ကြည်စွာဖြင့် ပြန်လည် ထူးကြလေသည်။
---
ချင်ယွမ်ဖုန်းနှင့် ကျိရန်တို့က ဘင်ဆင်၏ နောက်မှ လိုက်ပါလာခဲ့ကြ၏။
“မြေးတော်လေး... နတ်ဆိုးဘုရင်က တကယ်ပဲ ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ထွက်ခွာသွားခဲ့တာလား”
ကျိရန်က မေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုသို့ ဆိုသည်။
“ကျွန်တော် ဒီကို ရောက်မလာခင်တုန်းက နတ်ဆိုးဘုရင်၊ နတ်ဘုရားဝိညာဉ် ဘုရင်နဲ့ သွေးဆာမိစ္ဆာမင်းသားတို့ကို မြင်တွေ့ခဲ့ရတာ။ သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ဆယ်ဂဏန်းကျော်နဲ့အတူ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို ဦးဆောင်သွားခဲ့ကြတယ်”
“ဒါက တကယ်ကို ဆိုးရွားလွန်းတာပဲ။ နတ်ဆိုးဘုရင်ရဲ့ တကယ့်ပစ်မှတ်က ရှန်းဝူ စကြဝဠာ တိုက်ကြီး ဖြစ်နေလိမ့်မယ်လို့ ငါကိုယ်တိုင်လည်း မထင်ထားခဲ့မိဘူး”
ကျိရန်က စိတ်နှလုံး ထိခိုက်နာကျင်စွာဖြင့် ပြောဆိုလိုက်၏။
ယင်းက ဤနေရာ၌ ကျန်ရစ်ကာ မိစ္ဆာဘုရင်မကို ကူညီပေးခြင်းဖြင့် နတ်ဆိုးဘုရင်ကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း အမှန်တကယ်တွင်မူ နတ်ဆိုးဘုရင်က ရှန်းဝူ စကြဝဠာ တိုက်ကြီးဆီသို့ ထွက်ခွာသွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပေရာ။
“ဒါတင်မကသေးဘူး ဘိုးဘေး... မသေမျိုးဘုရင်ကလည်း မိစ္ဆာနယ်မြေကို ပိတ်ဆို့ဖို့ ပြင်ဆင်နေတယ်။ ဘိုးဘေးအနေနဲ့ အကူးအပြောင်း ကြားခံဟင်းလင်းပြင်ထဲကို ဝင်ရောက်နိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ သူက ဘိုးဘေးကို မိစ္ဆာနယ်မြေထဲမှာ အလွယ်တကူ ပိတ်လှောင်ထားနိုင်ခဲ့မယ်ဆိုရင် ရှန်းဝူ စကြဝဠာ တိုက်ကြီးကတော့ တကယ့်ကို အန္တရာယ်ကြုံရပါလိမ့်မယ်”
ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်မိသည်။
“အခု ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင် ဘယ်နှယောက် ရှိနေသေးလဲ”
ကျိရန်က မေးမြန်းလိုက်၏။
“ကျွန်တော့်အဖေ အပါအဝင်ဆိုရင် စုစုပေါင်းဆယ့်နှစ်ယောက်ပဲ ရှိပါတယ်”
ချင်ယွမ်ဖုန်းက သက်ပြင်းချကာ ဆက်လက်ပြောဆိုချေသည်။
“ပြီးတော့ အဲ့ဆယ့်နှစ်ယောက်ကလည်း စိတ်ဝမ်းကွဲနေကြဦးမှာ စိုးရိမ်ရတယ်”
“ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာတောင် အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲလား”
ကျိရန်၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။
“ဒါက ကျွန်တော် အစိုးရိမ်ဆုံး ကိစ္စပါပဲ။ ထိုနတ်ဘုရားတစ်ပိုင်းအဆင့် တစ်ဆယ့်နှစ်ယောက်ထဲက ခုနစ်ယောက်က သန့်ရှင်းသော နယ်မြေ ခြောက်ခုက ဖြစ်ပြီး နှစ်ယောက်က ရှန်းဝူအကယ်ဒမီက ဖြစ်ပါတယ်။ ကျန်တဲ့ လေးယောက်ကတော့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဖြစ်ကြပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ရှိတဲ့ မိစ္ဆာသားရဲ စီနီယာတစ်ယောက်လည်း ပါဝင်ပါသေးတယ်”
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့်ပင် ရှင်းပြလိုက်၏။
ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်များ၏ နောက်ခံအင်အားစုများက လွန်စွာ ရှုပ်ထွေးလှပေရာ စိတ်ဝမ်းတစ်ချက်တည်း ဖြစ်နေကြသည့် နတ်ဆိုးဘုရင်နှင့် ယင်း၏ မဟာမိတ်များကဲ့သို့ မဟုတ်ချေ။
“ဟူး... စိတ်မပူပါနဲ့။ ငါလည်း အမှန်တကယ်ပဲ ပြန်သွားပြီး ကူညီပါ့မယ်”
ကျိရန်က အေးစက်စွာဖြင့် ဆိုလိုက်ချေသည်။
ယင်းသည် မူလကတည်းက အစောင့်အရှောက် မိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေရာ ရှန်းဝူ စကြဝဠာ တိုက်ကြီး ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် အချိန်တွင် ဘေးမှ ကြည့်နေနိုင်မည် မဟုတ်ပါချေ။
“ဒါပေမဲ့ ဘိုးဘေး စိတ်အေးအေးထားပါ။ ရှန်းဝူ စကြဝဠာ တိုက်ကြီးကို အချိန်အနည်းငယ်လောက် ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ဆီကနေ အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာမှာ သေချာပါတယ်။ ထိုအချိန်ကျရင်တော့ တစ်ပါးကျွန်းသား မိစ္ဆာတွေကို ကြောက်ရွံ့နေစရာ လိုတော့မှာ မဟုတ်ပါဘူး”
ချင်ယွမ်ဖုန်းက အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။
“နတ်ဘုရား ဟုတ်လား။ ဒါဆိုရင် ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ လောကဓာတ်၏ မူလအနှစ်သာရ အပြည့်အစုံကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလား”
ကျိရန်က လွန်စွာ အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် မေးမြန်းလိုက်မိတော့သတည်း။