အခန်း ၉၁၀
Vol. 44 Ch. 910
အခန်း(၉၁၀) စစ်ကူမရှိချေ
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဘိုးဘေး... အမှန်အတိုင်း ပြောရရင် လောကဓာတ်ရဲ့ မူလအနှစ်သာရဆိုတာ ကျွန်တော့်ဆီကနေ လာတာပါ၊ ကျွန်တော့်မှာ အချိန်လုံလုံလောက်လောက် ရှိနေသရွေ့... ပြီးတော့ ကျွန်တော့်ရဲ့ နာမည်ဂုဏ်သတင်းက လူတွေကြားထဲ ပိုပြီး ပျံ့နှံ့သွားမယ်ဆိုရင် ပြီးပြည့်စုံတဲ့ လောကဓာတ်ရဲ့ မူလအနှစ်သာရတွေကို အများကြီး ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်” ဟု ဆိုလိုက်၏။
ကျိရန်က ချင်ယွမ်ဖုန်းအား တစ်ချက် ဝေ့ကြည့်လိုက်ရာ ထိုကိစ္စနှင့် ပတ်သက်၍ ချင်ယွမ်ဖုန်း မိမိအား လိမ်ညာရဲမည်မဟုတ်ကြောင်း သိရှိသဖြင့် စိတ်လှုပ်ရှားသွားရလေသည်။
“ဟေ့ကောင်လေး... မင်းမှာ ဒီလို အကျိုးအမြတ်တွေ ရှိနေတာကို မင်းရဲ့ ဘိုးဘေးကို အရင်ဆုံး မစဉ်းစားဘူးပေါ့လေ... ငါကတော့ မင်းကို အလိုလိုက်ပြီး အချိန်တွေ ဖြုန်းခဲ့မိတာပဲ” ကျိရန်က ရင်ကွဲမတတ် ခံစားရဟန်ဖြင့် ကြည့်လိုက်၏။
ချင်ယွမ်ဖုန်းလည်း မတတ်သာသည့် အမူအရာဖြင့် “ကျွန်တော် ပြီးပြည့်စုံတဲ့ လောကဓာတ်ရဲ့ မူလအနှစ်သာရ နှစ်ပုံကို ရှန်းဝူအကယ်ဒမီက စီနီယာတစ်ယောက်နဲ့ ကျွန်တော့်အဖေ ကျိရှန့်ဆီ ပေးလိုက်လို့ပါ၊ လောလောဆယ်တော့ ပိုတာမရှိသေးပါဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့ ဘိုးဘေး... အခြေအနေတွေ အဆင်ပြေတာနဲ့ ဘိုးဘေးအတွက် အရင်ဆုံး တစ်ပုံ သေချာပေါက် ချန်ထားပေးပါ့မယ်” ဟု ပြောလိုက်ရချေသည်။
“ဒါမှ ပေါ့” ကျိရန်က ပြုံးလျက် ခေါင်းညိတ်ပြလေသည်။
ရှေ့မှ ပျံသန်းနေသော ဘင်ဆင်သည် ထိုစကားလုံးလုံးကို ကြားလိုက်ရရာ ချင်ယွမ်ဖုန်းကလည်း ယင်းအား ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။
ဘင်ဆင်သည် ပျံသန်းမှု အရှိန်ကို မြှင့်တင်လိုက်၏၊ သူသည် မသေမျိုးဘုရင်ထံ ထိုအကြောင်းအရာ အားလုံးကို ပြောပြရန် လိုအပ်ပေသည်၊ ယင်းက အလွန်တရာ အရေးကြီးသော သတင်းဖြစ်ပေရာ မဆိုင်းမတွဘဲ လက်ဦးမှု ရယူရမည် ဖြစ်ချေသည်။
“ဘင်ဆင်သခင်ကြီး... ဘာလို့ ဒီလောက်တောင် လောနေရတာလဲ” ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်၏။
သူက ထိုအကြောင်းကို ဘင်ဆင်အား ပြောပြကတည်းက သူနှင့် ကျိရန်တို့သည် ဘင်ဆင်ကို အသက်ရှင်လျက် ပြန်ခွင့်ပြုမည် မဟုတ်ကြောင်း ထင်ရှားပေသည်။
ဘင်ဆင်က ခေါင်းကို အေးစက်စွာ လှည့်လာပြီး “ဖုန်း... မင်း ဘာသဘောလဲ... မင်းက အစကတည်းက ငါ့ကို သံသယဝင်ခဲ့တာ၊ အခုထိလည်း သံသယဝင်နေတုန်းပဲ... ငါ့ရဲ့ လက်အောက်ငယ်သားတွေက ငါ့ကို လှည့်စားနေတာလို့ ပြောပြီးပြီပဲ... မင်းက ဘာလို့ မယုံကြည်နိုင်ရတာလဲ” ဟု ဆို၏။
“ဪ... ဒါဆိုရင် အောက်က မင်းသားတွေ ဖြစ်ပျက်နေတာကိုလည်း မင်း မြင်သားပဲပေါ့” ချင်ယွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်၏၊ ယခုအခါ ၎င်းတို့သည် မသေမျိုးဘုရင်၏ စစ်တပ်ကြီး၏ အပေါ်ယံကောင်းကင်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
မသေမျိုးဘုရင်၏ စစ်တပ်ကြီးမှာ အင်အားကြီးမားပုံ ရသော်လည်း အနောက်ဘက်သို့ ပြန်ကြည့်လျှင်မူ ယင်းက ဟန်ပြသက်သက်သာ ဖြစ်ကြောင်း ရှင်းလင်းလှပေရာ ၎င်းတို့၏ နောက်ကျောဘက်မှာ လုံးဝ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ချေသည်။
ယခုအချိန်အထိပင် မိစ္ဆာစစ်တပ်မှာ ဆုတ်ခွာနေဆဲ ဖြစ်ပြီး ရှေ့တန်းမှ စစ်သည်များကိုမူ အာရုံလွှဲရန် အစာကျွေးထားခဲ့ခြင်း ဖြစ်ပေရာ
“ငါ နားလည်ပြီ... ငါ ပြန်ရောက်တာနဲ့ အဲဒီ သစ္စာဖောက်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်” ဘင်ဆင်က အေးစက်စွာ ဆိုလိုက်၏။
“တော်စမ်းပါ ဘင်ဆင်သခင်ကြီး... အခု မင်းရဲ့ နယ်မြေထဲ ရောက်နေပြီပဲ... မင်း ငါတို့ကို ကြောက်နေတာလား” ချင်ယွမ်ဖုန်းက နှစ်ချက်မျှ ရယ်မောလိုက်လေသည်။
ဘင်ဆင်က ဒေါသတကြီးဖြင့် “ဟွန်း... ငါ ဒီလောက်ကြာအောင် ပုန်းအောင်းနေခဲ့တာ... မင်း ပြန်ရောက်တာနဲ့ ချက်ချင်း အကဲခတ်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဖုန်း... မင်းက ဘာလို့ မိစ္ဆာဘုရင်ကို ဒီလို ကူညီပေးနေရတာလဲ” ဟု မေး၏။
“ဘာလို့လဲဆိုတော့ မေက မင်းလို ပြုမူမှာ မဟုတ်သလို ရှန်းဝူ စကြဝဠာ တိုက်ကြီးအပေါ်ကိုလည်း ဘယ်လို အကြံအစည်မှ ရှိမှာမဟုတ်ဘူးလို့ ငါ သိလို့ပဲ” ချင်ယွမ်ဖုန်းက ခပ်အေးအေး ပြောလိုက်သည်။
“ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ” ဘင်ဆင်က လှောင်ပြုံး ပြုံးရင်း “ငါ ပြောပြမယ်... ငါတို့အားလုံးက မင်းတို့ပြောတဲ့ မိစ္ဆာတွေချည်းပဲ... မင်းသားတွေ မင်းတို့ ကမ္ဘာကို မသွားရုံနဲ့ မိစ္ဆာဘုရင်ကော မသွားဘူးလို့ မင်း တကယ် ထင်နေတာလား”
“ရူးလိုက်တာ... မင်းသားဖြစ်ဖြစ် မိစ္ဆာဘုရင်ဖြစ်ဖြစ်... သူတို့အားလုံးက နှေးနှေးနဲ့ မြန်မြန် မင်းတို့ရဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးကို လာကြမှာပဲ၊ ငါတို့က မွေးကတည်းက အလွန်အမင်း အင်အားကြီးမားပြီးသား... လောကခပ်သိမ်းက ငါတို့အပိုင် ဖြစ်သင့်တာ”
ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် “နတ်ဆိုးဘုရင်က မင်းကို ဘာပေးလို့... မင်းလို တစ်ချိန်က သူ့ကို တော်လှန်ခဲ့တဲ့လူက သူနဲ့ ပူးပေါင်းရတာလဲ” ဟု မေးလိုက်၏။
“သူတို့ ငါ့ကို ဘာပေးလဲ ဟုတ်လား... သူတို့ ငါ့ကို ကမ္ဘာသစ်တစ်ခုဆီ ဖိတ်ခေါ်တယ်၊ အဲဒီမှာ ငါ့အတွက် အစားအစာ ဖြစ်ဖြစ်၊ အသေးအဖွဲ ကိစ္စတွေဖြစ်ဖြစ် စိတ်ပူစရာ မလိုတော့ဘူး... အဲဒါက နိဗ္ဗာန်ဘုံပဲ” ဘင်ဆင်၏ မျက်လုံးများထဲတွင် တောင့်တမှုများ ပြည့်နှက်နေချေသည်။
“မင်း မြင်တဲ့ နိဗ္ဗာန်ဘုံဆိုတာ အခြားလူတွေအတွက်တော့ ငရဲဘုံပဲ” ကျိရန်က အေးစက်စွာ ဆိုလိုက်ပြီး “မင်း ကိုယ်တိုင် ဝန်ခံပြီးပြီဆိုမှတော့ အသက်ရှင်လျက် ပြန်ဖို့ မစဉ်းစားနဲ့တော့” ဟု ဆို၏။
“ဒါက မသေမျိုးဘုရင်ရဲ့ နယ်မြေကွ... တိုက်ပွဲဖြစ်ရင် သူတို့ မမြင်ဘူးလို့ မင်းတို့ ထင်နေတာလား... အဲဒီအချိန်ကျရင် သေရမှာက မင်းတို့ပဲ” ဘင်ဆင်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သို့သော် ယင်းကို တုံ့ပြန်လိုက်သည်မှာ ကျိရန်၏ ခုနစ်ရောင်ခြယ် ဓားရှည်ကြီးသာ ဖြစ်ပေရာ
လူသားတစ်ယောက် အနေဖြင့် ကျိရန်သည် အသက်အရွယ် ရင့်သော်လည်း အလွန်အမင်း အင်အားကြီးမားလှသဖြင့် မင်းသားတစ်ပါးထက်ပင် နိမ့်ကျခြင်း မရှိချေ။
ယခင်ကပင် ကျိရန်သည် မင်းသားနှစ်ပါးကို တစ်ကိုယ်တော် ရင်ဆိုင်တိုက်ခိုက်ပြီး အသာစီး ရယူနိုင်ခဲ့ဖူးသည်။
ထို့ထက်မက ရှေးယခင် ကျိရန်၏ ခေတ်ကာလတုန်းကမူ သူတစ်ဦးတည်းဖြင့် မင်းသားအားလုံးကို အံတုနိုင်ခဲ့ချေသည်။
သို့သော် ထိုစဉ်က မင်းသားများမှာ ယခုလောက် အင်အားမကြီးသေးဘဲ အစွမ်းထက်သော မိစ္ဆာများမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် သေဆုံးခြင်း သို့မဟုတ် ပိတ်လှောင်ခံရခြင်းများ ရှိခဲ့ပေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ဦးကို ရင်ဆိုင်ရသဖြင့် ကျိရန်က စွမ်းအားများကို စုစည်းကာ ခုနစ်ရောင်ခြယ် အလင်းတန်းများ အဖြစ် ပြောင်းလဲလျက် ဘင်ဆင်အား ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် တိုက်ခိုက်လိုက်လေသည်။
ဘင်ဆင်ကလည်း အရှုံးမပေးဘဲ ကျိရန်ကို အချိန်ဆွဲထားနိုင်သရွေ့ မသေမျိုးဘုရင် သေချာပေါက် စစ်ကူလာလိမ့်မည်ဟု ယုံကြည်နေ၏၊ ထိုအချိန်ကျမှ ချင်ယွမ်ဖုန်းထံမှ ကြားခဲ့ရသော သတင်းကို အသုံးချကာ ပိုမိုကြီးမားသော အကျိုးအမြတ်ကို ရယူမည် ဖြစ်ပေသည်။
ထို တော်လှန်ရေးအဖွဲ့ခွဲ ဆိုသည်မှာ အခြားမင်းသားများနှင့် ကစားရာတွင် အသုံးချမည့် အပိုင်ကွက် သက်သက်သာ ဖြစ်ချေသည်။
ဘင်ဆင်၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများနှင့် ထက်မြက်သော အရိုးစူးများ ချက်ချင်း ထွက်ပေါ်လာပြီး ခုနစ်ရောင်ခြယ် ဓားအလင်းတန်းနှင့် ထိတွေ့မိတိုင်း နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာရလေသည်။
ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ဆက်တိုက် မြည်ဟီးသွားရာ အောက်ရှိ မိစ္ဆာစစ်တပ်က မော့ကြည့်ကြသော်လည်း မည်သူမျှ တက်ရောက် ကူညီခြင်း မရှိကြပေ။
အကြောင်းမူကား မသေမျိုးဘုရင်သည် ထိုနေရာတွင် ရှိမနေသောကြောင့် ဖြစ်ပေသည်။
မသေမျိုးဘုရင်၏ အရေးကြီးဆုံး အစီအစဉ်မှာ မိစ္ဆာနယ်မြေ တစ်ခုလုံးကို ပိတ်ဆို့ရန် ဖြစ်သဖြင့် ဤအချိန်တွင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးအချို့ကို ဦးဆောင်ကာ အလွန်အမင်း အစွမ်းထက်သော အစီအရင်တစ်ခုကို တည်ဆောက်နေခြင်း ဖြစ်ချေသည်။
ထိုအစီအရင် တည်ဆောက်ပြီးပါက မိစ္ဆာနယ်မြေ၏ ဟင်းလင်းပြင်သည် အလွန်ခိုင်မာသွားပြီး ဟင်းလင်းပြင် ကြားခံနယ်မြေထဲသို့ ပုံမှန်အတိုင်း ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။
၎င်းတို့သည် မိစ္ဆာဘုရင်ကို ထာဝရ တားဆီးရန် မရည်ရွယ်ဘဲ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်သည်အထိ အချိန်ဆွဲရန်သာ လိုအပ်ပေသည်၊ ထိုအချိန်ကျမှ မိစ္ဆာဘုရင် ရောက်လာလျှင်လည်း မည်သို့မျှ ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။
---
ကောင်းကင်ယံရှိ ဘင်ဆင်မှာမူ ပို၍ ထိတ်လန့်လာရလေသည်၊ သူသည် ကျိရန်၏ ဖိအားပေးမှုကို အဆက်မပြတ် ခံနေရသဖြင့် ခုခံရုံသာ တတ်နိုင်သော်လည်း အောက်ရှိ မသေမျိုးဘုရင်မှာမူ လုံးဝ လှုပ်ရှားမှု မရှိပေ။
“ငါ ထင်တာ မှန်နေပုံပဲ... သူတို့ မင်းကို ဂရုစိုက်ဖို့ အချိန်မရှိဘူး၊ သူတို့ လုပ်ချင်တာက မိစ္ဆာနယ်မြေရဲ့ ဟင်းလင်းပြင်ကို ပိတ်ဆို့ဖို့ပဲ” ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုလိုက်၏။
ဘင်ဆင်၏ စိတ်လုံးလုံး ကျဆင်းသွားရလေသည်၊ သူသည် ဤနေရာသို့ စစ်ကူမျှော်လင့်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် အထီးကျန်စွာ ကျန်ရစ်ခဲ့ရချေပြီ။
ချင်ယွမ်ဖုန်းက ဒွမ်ကျန့် ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏၊ သူ့တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများကို ရင်ဆိုင်ရန် နည်းလမ်း အနည်းငယ်သာ ရှိပြီး ဝိညာဉ်စွမ်းအားက တစ်ခုအပါအဝင် ဖြစ်သော်လည်း အခြားအရာများမှာမူ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ယှဉ်နိုင်ခြင်း မရှိချေ။
သို့သော် ဘင်ဆင်မှာ ကျိရန်၏ ဖိအားပေးမှုကို ခံနေရချိန် ဖြစ်သဖြင့် ချင်ယွမ်ဖုန်း တိုက်ပွဲထဲ ဝင်ရောက်လာပြီးနောက် ထိပ်တိုက် မရင်ဆိုင်ဘဲ ချောင်းမြောင်း တိုက်ခိုက်ရာ ဘင်ဆင်မှာ အလွန်အမင်း နာကျင် ခံစားရလေတော့သည်။
“ငါ့အသက်ကို ချမ်းသာပေးပါ... ငါ မင်းတို့ကို ကူညီပြီး မင်းသားကို ရင်ဆိုင်ပေးမယ်” ဘင်ဆင်က အော်ဟစ်လိုက်၏။
ချင်ယွမ်ဖုန်းက ပြုံးလျက် “မင်းလို ကလိန်ကကျစ်ကျတဲ့ လူတစ်ယောက်ရဲ့ စကားကို ငါတို့က ယုံရမှာလား... နောင်ရေး စိတ်အေးရအောင် မင်းကို သတ်ပစ်တာက ပိုကောင်းပါတယ်” ဟု ဆိုလိုက်သည်။
“မဟုတ်ဘူး... ငါက အသုံးဝင်ပါတယ်၊ ငါ့ရဲ့ တော်လှန်ရေးအဖွဲ့ထဲမှာ အစွမ်းထက်တဲ့လူတွေ အများကြီး ရှိတယ်... သူတို့ မင်းတို့ကို သေချာပေါက် ကူညီနိုင်လိမ့်မယ်” ဘင်ဆင်က အလျင်အမြန် ပြောရှာ၏။
“အခုအချိန်ဆိုရင် မေက မင်းရဲ့ တော်လှန်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းနေလောက်ပြီ... အဲဒီ အစွမ်းထက်တဲ့လူတွေက မိစ္ဆာဘုရင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်သွားမှာ၊ မင်း ဘင်ဆင်ရဲ့ လူတွေ မဟုတ်တော့ဘူး” ချင်ယွမ်ဖုန်းက ခပ်အေးအေး ပြောလိုက်ချေသည်။
ဘင်ဆင်၏ နှလုံးသားတစ်ခုလုံး သွေးပျက်အေးစက် သွားရလေတော့သတည်း။