အခန်း ၉၁၁
Vol. 44 Ch. 911
အခန်း(၉၁၁) အဋ္ဌမအဆင့် ဘုရင်နယ်ပယ် သိုင်းသမား
ကျိရန်၏ အရှိန်အဝါသည် ခုနစ်ရောင်ခြယ် ဖဲကြိုးတစ်မျှင်အဖြစ်သို့ စုစည်းသွားပြီးနောက် ဘင်ဆင်၏ ထံပါးသို့ ရစ်ပတ်နှောင်ဖွဲ့လိုက်ချေသည်။ ယင်းက ရေဝဲဂလိုင်အတွင်းရှိ ပြည်ကြီးငါး၏ လက်တံများကဲ့သို့ လှုပ်ရှားနေပေရာ ဘင်ဆင်မှာ အလွန်တရာ ညှင်းဆဲခံရသကဲ့သို့ ပြင်းထန်သော ဝေဒနာကို ခံစားရရှာသည်။
ဘင်ဆင်သည် ယခင်က ရှိခဲ့ဖူးသမျှသော ယုံကြည်ချက် အားလုံးကို ဆုံးရှုံးသွားခဲ့ရလေပြီ။ ယခုအခါ၌ သူသည် ထွက်ပြေးလွတ်မြောက်ရန်သာ အာရုံရှိပေရာ တစ်ကြိမ်ပြီးတစ်ကြိမ် အတင်းအကြပ် ဖောက်ထွက်ရန် ကြိုးပမ်းသော်လည်း ချင်ယွမ်ဖုန်းက အချိန်ကိုက်ပင် ကြားဖြတ်ဟန့်တားခဲ့သည်။
“အား... ဒီလိုမှတော့လည်း အတူတူ သေကြတာပေါ့”
ဘင်ဆင်၏ ခန္ဓာကိုယ်သည် ရုတ်ချည်းပင် ဖောယောင်လာပြီး မိမိ၏ ဇီဝအသက်စွမ်းအားကို စတင်မီးရှို့ပစ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူသည် မီးကူးစပြုနေပြီဖြစ်သော ဗုံးတစ်လုံးနှင့် သဏ္ဌာန်တူနေပြီး ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော မိစ္ဆာချီစွမ်းအင်များက ယွန်းယောင်ယောင် ယမ်းမှုန့်များကဲ့သို့ ဖြစ်နေချေသည်။ အကယ်၍ ယင်းက ပေါက်ကွဲသွားပါမူ ကောင်းကင်ယံကြီးတစ်ခုလုံးပင် ပွင့်ထွက်သွားနိုင်စရာ အကြောင်းရှိပေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ ရုတ်တရက် ပြေးဝင်သွားသော်လည်း ဘင်ဆင်က ကိုယ်ကိုလှည့်ကာ သူ၏ ထက်မြက်လှသော လက်သည်းများဖြင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားစေခဲ့သည်။
သို့ရာတွင် ထိုပုံရိပ်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့ပေရာ ယင်းက ပုံရိပ်ယောင် အကြွင်းအကျန်မျှသာ ဖြစ်ကြောင်း ထင်ရှားလှသည်။
တစ်ချိန်တည်းမှာပင် စစ်မှန်သော ချင်ယွမ်ဖုန်းမှာ ဘင်ဆင်၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဘင်ဆင်၏ ဦးခေါင်းထိပ်ဆီသို့ လက်ညှိုးတစ်ချောင်းဖြင့် ထိုးနှက်လိုက်လေသည်။
“ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး”
ချင်ယွမ်ဖုန်းသည် လေသံတိုးတိုးဖြင့် ဟောက်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော ဝိညာဉ်စွမ်းအားတို့ကို မြားမိုးရွာသွန်းချသကဲ့သို့ ဘင်ဆင်၏ ဝိညာဉ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်စေခဲ့သည်။
ဘင်ဆင်သည် ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး စိတ်အာရုံများ ဗလာနတ္ထိ ဖြစ်သွားကာ မျက်ဝန်းအစုံမှာလည်း အသက်မဲ့သွားချေသည်။ သူ၏ ဝိညာဉ်ပေါ်တွင် အက်ကွဲကြောင်းများစွာ ထင်ဟပ်လာပြီး စူးရှလှသော ဝေဒနာမှာ ပျံ့နှံ့သွားခဲ့ရသည်။
သူ၏ ဖောယောင်နေသော ခန္ဓာကိုယ်သည် မူလအရွယ်အစားသို့ ဖြည်းညှင်းစွာ ပြန်လည်ကျုံ့ဝင်သွားပြီး ကြမ်းတမ်းလှသော အရှိန်အဝါများလည်း ကွယ်ပျောက်သွားရာ မီးတောက်လောင်နေသော ဗုံးကြီးမှာ ငြိမ်းသတ်ခြင်း ခံလိုက်ရချေပြီ။
ကျိရန်သည် အခွင့်ကောင်းကို အရယူလျက် ရှေ့သို့ လှမ်းတက်ကာ သူ၏ ခုနစ်ရောင်ခြယ် ဓားရှည်ဖြင့် ဘင်ဆင်၏ ရင်ညွန့်ကို ချင်းနင်းဝင်ရောက်အောင် ထိုးစိုက်လိုက်သည်။
အစွမ်းထက်လှသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး၊ တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်သည် သေအံ့ဆဲဆဲ အခြေအနေသို့ ဆိုက်ရောက်သွားရလေပြီ။
---
ချင်ယွမ်ဖုန်းသည် ဤနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်၏ ကျင့်စဉ်စွမ်းအားကို ဖြုန်းတီးပစ်ခြင်း မရှိပေ။ သူသည် ရှေ့သို့ လှမ်းတက်ကာ ဘင်ဆင်၏ ဦးခေါင်းပေါ်သို့ လက်ဝါးတင်လိုက်ရာ လက်ဖဝါးပြင်မှ ပြင်းထန်လှသော စုပ်ယူခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဘင်ဆင်၏ ကျင့်စဉ်စွမ်းအားများကို အရူးအမူး စုပ်ယူတော့သည်။
ဘင်ဆင်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေပေရာ မိမိ၏ ကျင့်စဉ်များ ခမ်းခြောက်သွားရသည့် ခံစားချက်မှာ သေရသည်ထက်ပင် ပိုမိုဆိုးရွားနေသည်ဟု ထင်မှတ်ရသည်။
“မ... မလုပ်ပါနဲ့...” ဘင်ဆင်သည် ထိုစကားစုကိုသာ အနိုင်နိုင် ပြောဆိုနိုင်ရှာသည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ လက်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီးနောက် ဘင်ဆင်မှာ ခေါင်းကို အောက်သို့ စိုက်ကျလျက် ဇီဝချုပ်ငြိမ်းသွားခဲ့ရချေပြီ။
ကျိရန်သည် ရှေ့သို့ လှမ်းကာ ဘင်ဆင်၏ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီး ခုနစ်ရောင်ခြယ် ဝိညာဉ်လင်းဓားကို ဆွဲထုတ်လိုက်ပေရာ ဘင်ဆင်၏ ရုပ်အလောင်းမှာ ကောင်းကင်ယံမှ တိုက်ရိုက် မြေသို့ ကျဆင်းသွားတော့သည်။
“သွားကြစို့... အားလုံး ပြီးဆုံးသွားပြီ” ကျိရန်က တည်ငြိမ်စွာ ပြောသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်၏။ နောက်ထပ် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး၏ ကျင့်စဉ်ကို စုပ်ယူပြီးနောက် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ ရုတ်ချည်းပင် နှစ်ဆင့်မျှ မြင့်တက်သွားပြီး အဋ္ဌမအဆင့် ဘုရင်နယ်ပယ် သိုင်းသမားအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ချေပြီ။
သူသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် နောက်ထပ် ခြေတစ်လှမ်း နီးကပ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ချင်ယွမ်ဖုန်းအနေဖြင့် စုပ်ယူထားသော ကျင့်စဉ်များကို ပြန်လည်ခြေဖျက်ရန် အချိန်မလိုပါမူ သူသည် ကျိရန်ကို အတင်းဆွဲခေါ်လျက် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် အနည်းငယ်ကို လိုက်လံရှာဖွေ စုပ်ယူမိမည် ဖြစ်ပြီး နတ်ဘုရားအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ရန် ကြိုးပမ်းမိမည် ဖြစ်တန်ရာသည်။
“မြေးကြီး... ငါ တကယ်ပဲ မင်းကို အားကျမိတာပဲ။ မင်း ကျင့်စဉ်တက်တာက ကလေးကစားစရာလိုပဲ” ကျိရန်က ချီးမွမ်းထောပနာပြုလျက် ပြောဆိုသည်။
ချင်ယွမ်ဖုန်းသည် မတတ်သာသကဲ့သို့ ခေါင်းကို ခါယမ်းလိုက်ပြီး “ဘိုးဘေး... ကျွန်တော်က နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေကို စုပ်ယူနိုင်လို့သာ ဒီလောက် မြန်မြန် တိုးတက်တာပါ။ လောကကြီးမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်က ဘယ်လောက်တောင် ရှိလို့လဲ၊ ကျွန်တော် အကုန်လုံးကို စုပ်ယူနိုင်မှာမှ မဟုတ်တာ”
ကျိရန် ခဏမျှ စဉ်းစားပြီးမှ “ဒါလည်း ဟုတ်တာပါပဲ။ ဘာပဲဖြစ်ဖြစ် မင်း ငါ့အတွက် လောကဓာတ်၏ မူလအနှစ်သာရ တစ်စောင်ကို မြန်မြန်လေး ရှာပေးဦးနော်”
“စိတ်မပူပါနဲ့ ဘိုးဘေးရဲ့။ ဒီတစ်ခေါက် ဘိုးဘေး ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့ရင် ဘိုးဘေးအတွက် သီးသန့်တစ်စု ချန်ထားပေးမယ်လို့ ကတိပေးပါတယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
မသေမျိုးဘုရင်၏ မိစ္ဆာစစ်သည်တော်ကြီးများမှာ ကောင်းကင်ယံမှ တိုက်ပွဲသည် သူတို့နှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် တုံ့ပြန်မှုမျှ မရှိကြချေ။
မသေမျိုးဘုရင်သည် သူတို့အား မည်သည့်အရာပင် ဖြစ်ပျက်ပါစေ လှုပ်ရှားမှုမပြုရန် အမိန့်ပေးထားခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ မိစ္ဆာဘုရင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်နှင့် မသေမျိုးဘုရင်အတွက် အချိန်ဆွဲပေးရန်သာ ဖြစ်သည်။
---
ချင်ယွမ်ဖုန်းနှင့် ကျိရန်တို့သည် မေ၏ အခြေစိုက်ရာသို့ ပျံသန်းကာ ပြန်လာခဲ့ကြပြီး ဘင်ဆင် သေဆုံးသွားသည့် သတင်းကို အသိပေးလိုက်ပေရာ မေမှာ စိတ်သက်သာရာ ရသွားတော့သည်။
“နင်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ လူတွေကို လွှတ်ပြီး တော်လှန်ရေးအဖွဲ့တွေကို လူစုခွဲခိုင်းပြီး ငါတို့ရဲ့ မိစ္ဆာစစ်တပ်ထဲကို ပေါင်းထည့်လိုက်ပြီ။ တပ်မှူးတွေ အားလုံးကိုလည်း ရှင်းလင်းပစ်လိုက်ပြီဆိုတော့ ကျန်နေတဲ့သူတွေက ငါတို့အပေါ် သစ္စာရှိကြမယ့်သူတွေပဲ” မေက တည်ငြိမ်စွာ ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်မိသည်။ မေသည် မိစ္ဆာဘုရင် ဖြစ်လာကတည်းက သူမ၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် စနစ်တကျ ရှိလာပြီး မည်သည့်အချိန်တွင် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို ကောင်းစွာ သိမြင်လာခဲ့ချေပြီ။
“ဒါဆို ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
“တိုက်ပွဲကို စတင်ကြတာပေါ့။ ငါတို့ ဒါကို အမြန်ဆုံး အဆုံးသတ်ဖို့ လိုတယ်။ မသေမျိုးဘုရင်ကို သူ့ရဲ့ မှော်အစီအရင် တည်ဆောက်ဖို့ အချိန်မပေးနိုင်ဘူး” မေက အေးစက်စွာ ပြောလိုက်၏။
ချင်ယွမ်ဖုန်းသည် ခန်းမကြီး၏ ပြင်ပသို့ လှည့်လည်ကြည့်ရှုမိပေရာ နောက်ထပ် သွေးချောင်းစီးမည့် မုန်တိုင်းတစ်ခု စတင်တော့မည် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
---
တစ်ရက်မျှ ကြာပြီးနောက် မေသည် မိမိကိုယ်တိုင် စစ်တပ်ကြီးကို ဦးဆောင်လျက် မသေမျိုးဘုရင်ကို သွားရောက်တိုက်ခိုက်လေသည်။ မသေမျိုးဘုရင်၏ လက်အောက်တွင် စစ်သည်တော် အနည်းငယ်သာ ကျန်ရှိတော့ပြီး အခြားသော သိန်းနှင့်ချီသော စစ်သည်များကိုမူ မသေမျိုးဘုရင်က ရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
မေ၏ လက်အောက်တွင်မူ သုံးသန်းထက်မကသော မိစ္ဆာစစ်သည်တော်များ ရှိနေပေသည်။ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည် အပိုင်းတွင်မူ သူတို့က အကြွင်းမဲ့ အသာစီးရနေပြီး မသေမျိုးဘုရင်နှင့် သူ၏ အစွမ်းထက်သော လက်အောက်ငယ်သားများမှာ စစ်တပ်အတွင်း၌ ရှိမနေကြချေ။
မသေမျိုးဘုရင်၏ မိစ္ဆာစစ်တပ်မှာ ဝေခွဲမရ ဖြစ်နေကြသည်။ သူတို့၏ မင်းသားက မိစ္ဆာဘုရင်သည် သူတို့အား တိုက်ခိုက်ရန် ဝံ့မည်မဟုတ်ကြောင်း ထင်ရှားစွာ ပြောဆိုခဲ့ဖူးပေရာ အဘယ်ကြောင့် ယခုကဲ့သို့ ရုတ်တရက် စိတ်ကူးပြောင်းလဲသွားရသနည်းဟု တွေးတောနေကြသည်။
သို့သော် စစ်သည်ဟူသည် စစ်သည်ပင် ဖြစ်သည်။ မိစ္ဆာများသည် သေဘေးကို မကြောက်ရွံ့ကြပေ။ မသေမျိုးဘုရင်၏ ကွပ်ကဲမှု မရှိပါသော်လည်း ထိုမိစ္ဆာစစ်သည်များသည် ခြေတစ်လှမ်းမျှ နောက်ဆုတ်ခြင်း မရှိကြချေ။
သူတို့၏ တစ်ခုတည်းသော ကံကြမ္မာမှာ သေဆုံးခြင်းသာ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် သွေးချောင်းစီး တိုက်ပွဲပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးပြီ ဖြစ်ပေရာ တစ်ပါးကျွန်းသား မိစ္ဆာများ တစ်ဦးပြီးတစ်ဦး မိမိမျက်စိရှေ့တွင် သေဆုံးသွားရသည်ကို မြင်ရသော်လည်း သူ၏ စိတ်အာရုံ၌ မည်သည့် ဂယက်ရိုက်ခတ်မှုမျှ မရှိခဲ့ပေ။
ယခုအချိန်မှစ၍ မိစ္ဆာမျိုးနွယ်စုတွင် ဘုရင်တစ်ပါးတည်းသာ ရှိတော့မည် ဖြစ်ပြီး ယင်းက မိစ္ဆာဘုရင်မေ ဖြစ်ပေရာ မိစ္ဆာနယ်မြေအတွက် ရော ရှန်းဝူ စကြဝဠာ တိုက်ကြီးအတွက်ပါ ကောင်းမွန်သောအရာ ဖြစ်ပေသည်။
တိုက်ပွဲသည် နေ့ဝက်မျှ ကြာမြင့်ခဲ့ပြီး လက်နက်ချ အညံ့ခံရန် ဆန္ဒရှိသော မိစ္ဆာစစ်သည် အနည်းငယ်မှလွဲ၍ ကျန်ရှိသူ အားလုံးမှာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရလေပြီ။
ချင်ယွမ်ဖုန်းသည် ဆုတ်ခွာရန် အချိန်မရလိုက်သော တပ်မှူးတစ်ဦးကို ဖမ်းဆီးမိပြီး သူ၏ အမှတ်သညာများကို ဝိညာဉ်ရှာဖွေခြင်း ပညာရပ်ဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။
“ဒါနဲ့ မင်း အသုံးဝင်မယ့် သတင်းတစ်ခုခု ရှာတွေ့လား” ကျိရန်က ချင်ယွမ်ဖုန်း၏ အနားသို့ ချဉ်းကပ်လျက် မေးမြန်းသည်။
“အများကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မသေမျိုးဘုရင်က ဒီနေရာကနေ ဦးချိုကျိုးတွေ အများကြီးကို ခေါ်သွားတာကိုတော့ တွေ့ရတယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ဦးချိုကျိုးတွေလား။ သူတို့က ဦးချိုကျိုးတွေကို ခေါ်သွားပြီး ဘာလုပ်မလို့လဲ။ အဲဒီလူတန်းစားတွေက သာမန်လူတွေပဲလေ။ အစားထိုး အမြှောက်စာအဖြစ် သုံးမယ်ဆိုရင်တောင် ဦးချိုကျိုးတွေကို ပစ်မှတ်မထားသင့်ဘူး မဟုတ်လား” ကျိရန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
သိန်းနှင့်ချီသော ဦးချိုကျိုးများကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသူများမှာ အရေအတွက် များပြားလှသော်လည်း တိုက်ခိုက်ရေးစွမ်းရည် မရှိကြချေ။ သာမန်မိစ္ဆာများသည် သာမန်လူသားများထက် အနည်းငယ်မျှ ပိုမိုသန်မာသည်ဆိုရုံမျှ ရှိပေရာ သိုင်းပညာရှင်များနှင့် ယှဉ်ပါက အသုံးမဝင်လှပေ။
ချင်ယွမ်ဖုန်းအနေဖြင့် ထိုဦးချိုကျိုးများကို ခေါ်ဆောင်သွားရသည့် အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်နေရသည်။ ယင်းက တစ်စုံတစ်ခုသော ပူးပေါင်းကြံစည်မှုလော။ သို့ရာတွင် မည်သို့သော ပူးပေါင်းကြံစည်မှုမျိုးက သာမန်ဦးချိုကျိုး အမြောက်အမြားကို လိုအပ်ရသနည်း။
တိုက်ပွဲကို အောင်နိုင်ခဲ့သော်လည်း မေ၏ မျက်နှာတွင်မူ ဝမ်းမြောက်ခြင်း အရိပ်အယောင် မရှိဘဲ တည်ကြည် လေးနက်လျက်သာ ရှိနေပေသည်။
“မရပ်နားကြနဲ့ဦး” မေက အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ဂီလင်... အိုက်ခ်... နင်တို့နှစ်ယောက် မိစ္ဆာစစ်တပ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဦးဆောင်ပြီး နတ်ဆိုးဘုရင်ရဲ့ နန်းတော်ကို သွားကြ။ အကယ်၍ ခုခံတဲ့သူ တွေ့ရင် ညှာတာမှုမရှိဘဲ သတ်ပစ်လိုက်”
မေကို ထောက်ခံအားပေးခဲ့ကြသည့်အတွက် ဂီလင်နှင့် အိုက်ခ်တို့သည် ယခုအခါတွင် စစ်သေနာပတိကြီးများ ဖြစ်လာခဲ့ကြပြီး တစ်ဦးလျှင် မိစ္ဆာစစ်သည် သိန်းနှင့်ချီ၍ ဦးဆောင်ခွင့် ရရှိထားကြသည်။
ထိုလူနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ဦးညွှတ် အလေးပြုကြပြီးနောက် လိုအပ်သည်များကို စီမံခန့်ခွဲရန် ထွက်ခွာသွားကြတော့သည်။