အခန်း ၉၁၃
Vol. 44 Ch. 913
အခန်း(၉၁၃) ရွေးကောက်တင်မြှောက်ခြင်း
---မေသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီးနောက် အစီအရင်၏ စွမ်းအားကို လျှော့ချပစ်ရန်အလို့ငှာ ထိုနေရာရှိ ဟင်းလင်းပြင်ကို တိုက်ခိုက်ရန် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ခြောက်ဦးကို အမိန့်ပေးလိုက်ချေသည်။ တစ်ချိန်တည်းမှာပင် အခြားသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်များကိုမူ ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်မည့် ပစ္စည်းများကို ရှာဖွေရန် စေလွှတ်လိုက်၏။
၎င်းတို့သည် အခြားသော ကမ္ဘာများသို့ သွားရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ဖူးရာ၊ ထို့ပြင် နတ်ဆိုးဘုရင်သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းနိုင်သော ပစ္စည်းများကို နှစ်ပေါင်းများစွာပတ်လုံး စုဆောင်းလာခဲ့ခြင်း ဖြစ်ပေရာ၊ ယခုအချိန်တွင် ယင်းတို့ကို ရှာဖွေရန်မှာ အချိန်များစွာ ယူရမည် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ဘေးနားတွင် စိုးရိမ်တကြီးဖြင့်သာ စောင့်ဆိုင်းနေနိုင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ အချိန်စီးဆင်းမှုသည် မိစ္ဆာနယ်မြေနှင့် နှိုင်းယှဉ်ပါက များစွာ နှေးကွေးလှပေရာ ၎င်းတို့ ပြင်ဆင်ရန် အချိန်လုံလောက်စွာ ရရှိပေသည်။
“အရမ်းကြီး စိုးရိမ်မနေပါနဲ့ဦး”
ကျိရန်က ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ပေးရင်း ပြောသည်။
“ရှန်းဝူ စကြဝဠာ တိုက်ကြီးက အဲ့ဒီလောက်အထိ အားနည်းတာ မဟုတ်ပါဘူး၊ မင်း ပြန်သွားရင်တောင်မှ တချို့အရာတွေက အသုံးဝင်မှာ မဟုတ်တော့ဘူး”
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း၊ “ကျွန်တော် နားလည်ပါတယ် ဘိုးဘေး၊ အခု ကျွန်တော် စိုးရိမ်နေတာက မိစ္ဆာမျိုးနွယ်အပေါ် ရှန်းဝူ စကြဝဠာ တိုက်ကြီးရဲ့ သဘောထားပဲ” ဟု ပြောလိုက်၏။
ထိုအချိန်တွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ မိစ္ဆာမျိုးနွယ်နှင့် လူသားများသည် အဆက်အသွယ် ရှိနေခဲ့ကြပြီ ဖြစ်သည်။ လူသားများကြားတွင် ပုန်းအောင်းနေသော မိစ္ဆာသူလျှို အများအပြားသည် နတ်ဆိုးဘုရင်ထံသို့ သတင်းအချက်အလက်များကို စတင်ပေးပို့နေကြပြီ ဖြစ်ရာ ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ အခြေအနေ အရပ်ရပ်ကို ၎င်းအား အကုန်အစင် တင်ပြနေကြပြီ ဖြစ်ချေသည်။
လူသားများသည် နောက်ဆုံးတွင် တစ်ပါးကျွန်းသား မိစ္ဆာများ၏ စွမ်းအားကို နားလည်သွားကြပြီး ၎င်းတို့၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် တစ်ဒါဇင်ကျော်နှင့် တစ်ပါးကျွန်းသား စစ်သည်တော် သုံးလေးသန်းခန့်ဟူသည်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် အင်အားကြီးမားလှသော စစ်တပ်ကြီး ဖြစ်ပေသည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ အင်အားစုအားလုံး ပေါင်းစည်းလိုက်လျှင်ပင် ထိုအရေအတွက်ကို ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ချေ။
ထို့အပြင် ယခုအချိန်တွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးသည် တစ်စိတ်တစ်ဝမ်းတည်း ရှိမနေကြပေ။
ရှန်းဝူအကယ်ဒမီ တစ်ခုလုံးသည် ဆေးနတ်ဘုရားဂိုဏ်း၏ နေရာဟောင်းသို့ ရွှေ့ပြောင်းသွားခဲ့ပြီး တစ်ပါးကျွန်းသား မိစ္ဆာများကို မည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးရန် အခြားသော အင်အားစုများကို ဖိတ်ခေါ်ထားချေသည်။
ဤအကြိမ်တွင် ပထမတန်းစားအင်အားစု၊ ဒုတိယတန်းစားအင်အားစု သို့မဟုတ် သန့်ရှင်းသော နယ်မြေများ ဖြစ်ပါစေ၊ အင်အားစုအားလုံးက ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။ ယေဘုယျအားဖြင့် ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ ကိုယ်တိုင် လာရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။
ဆေးနတ်ဘုရားဂိုဏ်း၏ တောင်ထိပ်သည် မှတ်မိနိုင်စရာ မရှိတော့ဘဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ရှန်းဝူအကယ်ဒမီက ယင်းကို ၎င်းတို့၏ ယာယီအခြေစိုက်စခန်းအဖြစ် ပြုလုပ်ထားချေသည်။
ထိုအခိုက်အတန့်တွင် တောင်ထိပ်ရင်ပြင်၌ ဆူညံသံများဖြင့် စည်ကားနေသည်။ ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ အင်အားစုအားလုံး ပေါင်းလိုက်ပါက သိန်းနှင့်ချီ၍ ရှိပေသည်။ ဂိုဏ်းများစွာ စုပေါင်းပြီး ကိုယ်စားလှယ်တစ်ဦးတည်းသာ စေလွှတ်ခဲ့လျှင်ပင် ဆေးနတ်ဘုရားဂိုဏ်း၏ တောင်ပေါ်၌ လူများ မဆံ့မပြဲ ဖြစ်နေချေသည်။
လူအများအပြားသည် ဝေဟင်တွင် ပျံသန်းနေကြသည်။
ကျွမ်ယွမ်သည် ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျံသန်းသွားပြီး လူအုပ်ကြီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“အားလုံးပဲ၊ ငါတို့တွေ မင်းတို့ကို ဒီနေရာမှာ စုခေါ်ရတဲ့ အကြောင်းရင်းကတော့ ငါတို့ရဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးဟာ မကြုံစဖူး ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရလို့ပဲ၊ တစ်ပါးကျွန်းသား မိစ္ဆာတွေဟာ ငါတို့ဆီ ရောက်နေပြီ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ကို ဖျက်ဆီးပစ်ဖို့ပဲ”
“ဒါကြောင့်မလို့ ငါက အားလုံးရဲ့ စွမ်းအားတွေကို စုစည်းပြီး မိစ္ဆာတွေကို တိုက်ခိုက်နိုင်ဖို့အတွက် အားလုံးကို ဒီနေရာမှာ စုခေါ်လိုက်တာ ဖြစ်တယ်”
“တစ်ပါးကျွန်းသား မိစ္ဆာတွေဆီကနေ ပြန်လာတဲ့ စစ်သည်တော်တွေရဲ့ ပြောပြချက်အရ တစ်ပါးကျွန်းသား မိစ္ဆာစစ်တပ်ထဲမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ဆယ့်ကိုးယောက်အထိ ရှိနေပြီး စစ်တပ်ရဲ့ အရေအတွက်က လေးသန်းကျော် ရှိတယ်”
ဂိုဏ်းအများစုသည် ဤသတင်းကို မသိရှိကြသေးသဖြင့် အလွန်တုန်လှုပ်သွားကြပြီး အသက်ရှူမှားမတတ် ဖြစ်သွားကြချေသည်။
သိုင်းပညာရှင် သန်းပေါင်းများစွာ ရှိနေခြင်းက ဘာကို ဆိုလိုသနည်း။ ၎င်းတို့သည် မည်သည့်ဂိုဏ်းကိုမဆို အလွယ်တကူ ချေမှုန်းပစ်နိုင်ပေသည်။
“ဒါကြောင့် ငါတို့တွေ ပေါင်းစည်းရမယ်၊ ဒါမှမဟုတ်ရင် ငါတို့နိုင်ဖို့ လုံးဝ အခွင့်အရေး မရှိဘူး” ကျွမ်ယွမ်က သက်ပြင်းချလိုက်သည်။
“စကားကတော့ အပြောကောင်းသားပဲ” ထိုအခိုက်တွင် လူရိပ်တစ်ခု ရှေ့သို့ တက်လာသည်။
ကျွမ်ယွမ်က မော့ကြည့်လိုက်ရာ မြူနှင်းဂိုဏ်း၏ မဟာအကြီးအကဲနှင့် ဂိုဏ်းချုပ် တို့ကို တွေ့လိုက်ရ၏။
မြူနှင်းဂိုဏ်းသည် အမြဲတမ်း မောက်မာစုတ်ပြတ်လွန်းလှပြီး အခြားသော ဂိုဏ်းများကို အထင်သေးတတ်ကာ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်ရန် မည်သည့်အခါမျှ နှိမ့်ချလိမ့်မည် မဟုတ်သကဲ့သို့ ပြုမူတတ်ချေသည်။
“အားလုံးကို ဒီမှာ စုခေါ်တာ ဘာကို ဆိုလိုတာလဲ၊ မင်း ပေါင်းစည်းချင်တယ်ဆိုရင်တော့ သဘာဝကျကျပဲ စစ်သေနာပတိချုပ်တစ်ယောက် လိုအပ်တာပေါ့၊ ဘယ်သူက တာဝန်ယူမှာလဲ” ဟဲယုက အေးစက်စွာ မေးလိုက်သည်။
ကျွမ်ယွမ်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဤကိစ္စက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ဖြစ်သော်လည်း ရှောင်လွှဲ၍မရနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်က ရှေ့ထွက်ပြီး တာဝန်ယူရမည် ဖြစ်ချေသည်။
“ဒါကတော့ သဘာဝကျကျပဲ အရည်အချင်းရှိတဲ့သူက လုပ်ရမှာပေါ့၊ ငါက အားလုံးကို ဒီမှာ စုခေါ်ပြီး အဲ့ဒီလို တာဝန်ခံတစ်ယောက်ကို ရွေးချယ်ဖို့ပဲ” ကျွမ်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပြီ၊ ကျောင်းအုပ်ကြီး ကျွမ်ယွမ်မှာ အရွေးခံမယ့်သူတွေရဲ့ စာရင်း ရှိလား သိချင်မိတယ်” ဟဲယုက အေးစက်စွာ မေးပြန်သည်။
“ဒါပေါ့ ရှိတာပေါ့” ကျွမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး၊ “နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ဟာ အသက်အရွယ်ရော အတွေ့အကြုံရော ပြည့်စုံတာမလို့ တာဝန်ခံဖို့ အသင့်တော်ဆုံးပုဂ္ဂိုလ်ပဲ၊ ငါတို့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေထဲကနေ တစ်ယောက်ကို ရွေးချယ်သင့်တယ်လို့ ငါထင်တယ်” ဟု ဆို၏။
နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် မရှိသော ထိုဂိုဏ်းများသည် အားလုံး ခေါင်းညိတ်သဘောတူကြသည်။ ၎င်းတို့ မအံ့ဩကြချေ၊ ဤကြီးမားသော တာဝန်ကို ထမ်းဆောင်နိုင်မည့်သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်သာ ဖြစ်ရမည် ဖြစ်ပေသည်။
အကယ်၍ ဘိုးဘေးနယ်ပယ် သို့မဟုတ် ဘုရင်နယ်ပယ်ကို ဦးဆောင်ခွင့်ပေးမည်ဆိုပါက လူအများအပြား မကျေမနပ် ဖြစ်ကြပေလိမ့်မည်။
“ကောင်းပြီ” မြူနှင်းဂိုဏ်း၏ ဂိုဏ်းချုပ် က ဖြည်းညှင်းစွာ ရှေ့သို့ တက်လာပြီး၊ “အဲ့လိုဆိုရင်တော့ ငါတို့ မြူနှင်းဂိုဏ်းက ငါတို့ရဲ့ မဟာအကြီးအကဲကို မဲပေးမယ်” ဟု ပြောလိုက်ချေသည်။
သူမ ထိုသို့ပြောပြီးနောက် လူအများအပြား ထောက်ခံကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင် မည်သည့်ဂိုဏ်းမျှ ထွက်မပြောကြပေ။
မည်သို့ပင်ဆိုစေကာမူ အားလုံးက သူမနှင့် ဟဲယုတို့၏ အပြုအမူကို ယခင်ကတည်းက မြင်တွေ့ခဲ့ကြပြီး ဖြစ်ရာ မည်သူမျှ ထိုကဲ့သို့သော လူမျိုးကို တာဝန်ခံအဖြစ် မခန့်အပ်ချင်ကြချေ။
သူမက မျက်မှောင်ကုတ်လိုက်ပြီး၊ “အော် ငါ နားလည်ပြီ၊ မင်းတို့အားလုံး ဒါကို ကြိုတင်စီစဉ်ထားတာပေါ့ ဟုတ်လား၊ တာဝန်ခံကို အတွင်းထဲမှာ ရွေးပြီးသားမလား၊ ဒါဆိုရင် ဘာဖြစ်လို့ ပြပွဲလုပ်ဖို့ အားလုံးကို ဒီမှာ စုခေါ်နေသေးတာလဲ” ဟု မေးသည်။
ကျွမ်ယွမ်က သက်ပြင်းကို မတတ်သာဘဲ ချလိုက်မိရင်း၊ “ဂိုဏ်းချုပ် ၊ ဘယ်သူမှ ဒါကို ကြိုတင်ဆွေးနွေးထားတာ မရှိပါဘူး၊ ဒီတစ်ကြိမ် ငါတို့ ရွေးချယ်မယ့် တာဝန်ခံဟာ အားလုံးက သဘောတူတဲ့သူ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင် အခြားလူတွေကို မလှုံ့ဆော်နိုင်ဘဲ ဖြစ်လိမ့်မယ်” ဟု ပြောလိုက်သည်။
“ဟွန်း ဒါဆို ဘာလို့ ဘယ်သူမှ စကားမပြောတာလဲ၊ အဲ့ဒါ အားလုံး သဘောတူတယ်လို့ ဆိုလိုတာလား” သူမက အေးစက်စွာ ပြော၏။
ထိုအခိုက်တွင် ဒုတိယတန်းစားဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်က ထရပ်လိုက်ပြီး၊ “ကျွန်တော်ကတော့ ကျောင်းအုပ်ကြီး ကျွမ်ယွမ်ကပဲ တာဝန်ယူနိုင်တယ်လို့ ထင်တယ်၊ ရှန်းဝူအကယ်ဒမီက အမြဲတမ်း လောကီရေးရာတွေကနေ ကင်းကွာခဲ့တာမလို့ ကျွန်တော်တို့လို ဂိုဏ်းအသေးစားက လူတွေကို အထင်မြင်သေးမှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
ထိုဂိုဏ်းချုပ် စကားပြောပြီးနောက် အသံအများအပြားက ထောက်ခံသည့်အနေဖြင့် ထွက်ပေါ်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းငယ်များကို အထင်မသေးမည့်သူတစ်ဦးကို ရှာဖွေခြင်းက ၎င်းတို့အား သေမင်းတမန်နေရာသို့ စေလွှတ်ခြင်းမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။
အကယ်၍ သူမကဲ့သို့ မောက်မာသောသူသာ တာဝန်ခံ ဖြစ်လာပါက ဤဂိုဏ်းငယ်များသည် အမြှောက်စာမျှသာ ဖြစ်သွားပေလိမ့်မည်။
“ဟွန်း မင်းတို့က အဲ့ဒီလို လူကောင်းတစ်ယောက်ကို တကယ်ပဲ ရှာတွေ့တာပဲ၊ သူက မင်းတို့ကို အောင်ပွဲဆီ ဦးဆောင်နိုင်မယ်လို့ တကယ် ထင်နေတာလား”သူမက အေးစက်စွာ မေးလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော်တို့ ကျောင်းအုပ်ကြီး ကျွမ်ယွမ်ကို ယုံကြည်တယ်”
“ကျောင်းအုပ်ကြီး ကျွမ်ယွမ်ကိုပဲ တာဝန်ယူခွင့်ပေးလိုက်ပါ”
လူအများအပြားက အော်ဟစ်ကြသဖြင့် သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားရချေသည်။
“ဟွန်း မင်းတို့ပြောတာတွေက အရာမဝင်ပါဘူး၊ မင်းတို့ဂိုဏ်းက စွမ်းအား ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ” သူမက အထင်မြင်သေးစွာဖြင့် ပြောလိုက်ပြီး ယခုအချိန်အထိ ထိုဂိုဏ်းငယ်များကို အောက်ခြေအဆင့်အတန်းအဖြစ်သာ မြင်နေဆဲ ဖြစ်သည်။
ဒါက မြူနှင်းဂိုဏ်း၏ ထုံးစံပင် ဖြစ်သည်။ ဖုမိုချိုးသည် ချင်ဝူယန်းကို ခေါ်ထုတ်သွားရန် ဆေးနတ်ဘုရားဂိုဏ်းသို့ လာခဲ့စဉ်ကတည်းက ချင်ယွမ်ဖုန်းသည် ထိုအကြောင်းကို သိရှိခဲ့ပြီး ဖြစ်ပေသည်။
ဤသည်ကို ကြားသောအခါ ထိုဂိုဏ်းများမှ လူများသည် သဘာဝကျကျပင် အလွန်ဒေါသထွက်သွားကြသည်။
“ဒါဆိုရင် မင်းတို့ မြူနှင်းဂိုဏ်းက အဲ့လောက်တောင် တော်နေရင် မိစ္ဆာတွေကို မင်းတို့ဘာသာမလို့ သွားသတ်ကြပါလား” တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။
ဟဲယုက တိုက်ရိုက် ကြည့်လိုက်ရာ၊ နတ်ဘုရားတစ်ပိုင်းအဆင့် အရှိန်အဝါသည် ရုတ်တရက် ရိုက်ခတ်သွားပြီး ထိုသိုင်းပညာရှင်ကို ထိုနေရာ၌ပင် သတ်ဖြတ်ပစ်ရန် ရည်ရွယ်ပုံရချေသည်။
ထိုအခိုက်တွင် ကျွမ်ယွမ်က နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ညင်သာသော စွမ်းအားတစ်ခုက ဟဲယု၏ ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါကို တိတ်တဆိတ် လူစုခွဲပယ်ဖျက်ပေးလိုက်သည်။
“အဲ့ဒီလိုတော့ မဟုတ်ပါဘူး၊ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်က ဂိုဏ်းတိုင်းဟာ အခုအချိန်မှာ မိမိတို့ရဲ့ စွမ်းအားကို ထည့်ဝင်ရမှာ ဖြစ်တယ်၊ တစ်ယောက်ချင်း တိုက်ခိုက်ရင်တော့ နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး” ကျွမ်ယွမ်က တည်ငြိမ်စွာ ပြောလိုက်ချေသည်။