အခန်း ၉၁၄
Vol. 44 Ch. 914
အခန်း(၉၁၄) စစ်မြေပြင်
ဟဲယုသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်သွားကာ မည်သည့်စကားမျှ ဆက်၍ မဆိုတော့ချေ။
ထိုစဉ်တွင် အမျိုးသမီးတစ်ဦးသည် အိမ်တော်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာရာ ယင်း၏ အဆင်းသဏ္ဌာန်က ထိုနေရာရှိ အမျိုးသားအားလုံး၏ အကြည့်ကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။
သူမကား ဟယ်ဟွမ်းဂိုဏ်း၏ မျာသခင်မ ဖြစ်ပြီး ချင်ယွမ်ဖုန်းနှင့် ယခင်က ဆုံတွေ့ဖူးသည့် အမျိုးသမီးပင် ဖြစ်ချေသည်။
“ဟားဟား... ချန်ရို့၊ နင့်ရဲ့ ညို့ဓာတ်တွေကို သိမ်းထားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ဒီအစည်းအဝေးကြီး ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး” ဟု အိမ်တော်သခင် ကျွမ်ယွမ်က ပြုံး၍ ဆိုလိုက်သည်။
ယင်းကို ကြည့်ရခြင်းဖြင့် ထိုသူနှစ်ဦးသည် မိတ်ဆွေဟောင်းများ ဖြစ်ကြသည်မှာ ထင်ရှားပေသည်။
ထိုအခိုက်တွင် ဟယ်ဟွမ်းဂိုဏ်း သို့မဟုတ် ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်၏ မျှော်စင်သခင်မ ချန်ရို့သည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် မျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ မျက်နှာတွင် ဖြည်းညှင်းစွာ တပ်ဆင်လိုက်ချေသည်။ ထိုမျက်နှာဖုံးမှာ မြေခွေးမျက်နှာဖုံးတစ်ခု ဖြစ်ပြီး သူမ၏ ဆွဲဆောင်မှု ညို့ဓာတ်များကို ထိန်းချုပ်ပေးနိုင်သည့် စွမ်းသတ္တိ ရှိပုံရပေသည်။
မျက်နှာဖုံးကို တပ်ဆင်လိုက်သည်နှင့် အမျိုးသားအများအပြားသည် ကယောင်ကတမ်း ဖြစ်နေရာမှ အသိပြန်ဝင်လာကြပြီး မိချန်ရို့ကို ကြည့်သည့် အကြည့်များ၌ နက်ရှိုင်းသော ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
ထိုသို့သော အမျိုးသမီးမျိုးက သူတို့ကို သတ်ဖြတ်လိုပါက လက်ညှိုးတစ်ချောင်းပင် လှုပ်ရှားရန် လိုအပ်မည် မဟုတ်ပေ။
“ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းကတော့ အစ်ကိုကြီး ကျွမ်ယွမ်ကို ထောက်ခံပါတယ်” ဟု ချန်ရို့က တည်ငြိမ်စွာ ဆိုလိုက်သည်။
ကျွမ်ယွမ်သည် မတတ်သာသကဲ့သို့ ခေါင်းကို ခါယမ်းလိုက်ပြီး “နင်ကတော့ ငါ့ကို ပြဿနာရှာဖို့ တကယ် သိတာပဲ” ဟု ဆိုချေသည်။
လူတိုင်းသည် အလွန် ဝမ်းမြောက်သွားကြရာ ဟယ်ဟွမ်းဂိုဏ်းသည် နာမည်ပျက် ရှိသော်ငြားလည်း သန့်ရှင်းသော နယ်မြေများအနက် တစ်ခု ဖြစ်ပေရာ ယခုအခါ သန့်ရှင်းသော နယ်မြေတစ်ခုက နောက်ဆုံးတွင် ရပ်တည်၍ စကားဆိုလာပြီ ဖြစ်သောကြောင့် ဖြစ်တန်ရာသည်။
“ဟားဟား... ကျွန်တော်ကတော့ အုပ်ချုပ်ရေးမှူး ကျွမ်ယွမ် ဒီတာဝန်ကို ယူတာ အသင့်တော်ဆုံးလို့ ထင်ပါတယ်” ဟု အခြားလူတစ်ဦးက ရှေ့သို့ လှမ်းထွက်လာရာ လူတိုင်း လှည့်ကြည့်လိုက်ကြသည့်အခါ ထိုသူမှာ ထိုက်ရှီဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ယွဲ့ကန် ဖြစ်နေသည်ကို တွေ့ရှိလိုက်ကြရသည်။
“ကျောင်းအုပ်ကြီး ကျွမ်ယွမ်က စောစောစီးစီး နာမည်ကျော်ခဲ့တာပါ။ လူအများစုက ကျွမ်ယွမ် အကြီးအကဲတွေရဲ့ လုပ်ရပ်တွေကို မသိကြပေမယ့် သူတို့က ခေတ်တစ်ခေတ်ရဲ့ ဂုဏ်ယူဝါကြွားစရာ ဖြစ်ခဲ့တာပဲ။ အခုတော့ အသက်နည်းနည်း ကြီးသွားပြီ ဆိုပေမယ့် အမျှော်အမြင်တွေကတော့ ပိုပြီး ရင့်ကျက်လာလောက်ပါပြီ”
ပိုင်ယွဲ့ကန်က ပြုံး၍ ဆိုလိုက်ရာ ယင်းက ချီးမွမ်းခြင်းလော၊ ကဲ့ရဲ့ခြင်းလော ဟု ခွဲခြားရန် ခက်ခဲလှပေသည်။
ကျွမ်ယွမ်ကမူ မည်သည့်စကားမျှ မဆိုဘဲ ပိုင်ယွဲ့ကန်ကို ဦးညွှတ် ဂါရဝပြုလိုက်ချေသည်။
“အို... ငါတို့က အေးအေးချမ်းချမ်းပဲ နေချင်တာပါ။ ဘာလို့ ဒီလောက်အထိ အော်ဟစ် ရုန်းရင်းဆန်ခတ် လုပ်နေကြတာလဲ။ ဘယ်သူပဲ တာဝန်ယူယူ အဆင်ပြေပါတယ်။ ဝူးကျိဂိုဏ်းကတော့ မဲမပေးဘဲ နေပါမယ်”
ချင်ယွမ်ဖုန်းနှင့် ယခင်က ဆုံတွေ့ဖူးသည့် အဘိုးအို တံငါသည်သည်လည်း ရှေ့သို့ လှမ်းထွက်လာပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
ကျွမ်ယွမ်က လက်နှစ်ဖက်ကို ပူးယှက်၍ အလေးပြုရင်း “အစ်ကိုကြီးရှို့ဖျင်က ငါတို့ခေတ်ရဲ့ တကယ့် ဂန္ထဝင်တစ်ဦးပါ။ ကျွန်တော်ကတော့ ဒီတာဝန်ကို ယူဖို့ သူက အသင့်တော်ဆုံးလူလို့ ထင်ပါတယ်” ဟု ဆိုလိုက်ချေသည်။
“မလုပ်ပါနဲ့... မလုပ်ပါနဲ့... အသက်ကြီးလာရင် ပျင်းရိလာတတ်တယ်။ ဒီရာထူးမှာ ပျင်းရိနေလို့ ရတဲ့တန်ဖိုးက ကြီးလွန်းတယ်၊ ငါ မတတ်နိုင်ပါဘူး” ဟု ရှို့ဖျင်က လက်ကို ယမ်း၍ ဆိုလိုက်သည်။
ကျွမ်ယွမ်သည် ခေါင်းကို ခါယမ်းလိုက်မိရာ သူသည်ရှို့ဖျင်၏ ရည်မှန်းချက် ကင်းမဲ့သော သဘာဝကို သိရှိသောကြောင့် ဆက်၍ အတင်းအကျပ် မတိုက်တွန်းတော့ပေ။
ယခုအခါ သန့်ရှင်းသော နယ်မြေ သုံးခုစလုံးက ကျွမ်ယွမ်ကို ထောက်ခံကြပြီး သန့်ရှင်းသော နယ်မြေတစ်ခုက မဲမပေးဘဲ နေခဲ့ရာ ကျန်ရှိနေသော ချင်းလိုင်မျှော်စင်သည်လည်း မတ်တတ်ရပ်လာခဲ့ချေပြီ။
မဟာအကြီးအကဲ ဟုန်ကျန်နှင့် ဂိုဏ်းချုပ် ထုန်ကျီတို့ နှစ်ဦးစလုံးသည်လည်း ဤနေရာသို့ ရောက်ရှိလာကြသည်။
“ကျွန်တော်လည်း ကျွမ်ယွမ်က ဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ပြီးတော့ လူတိုင်းကိုလည်း တန်းတူရည်တူ ဆက်ဆံမှာပါ” ဟု ဟုန်ကျန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
သန့်ရှင်းသော နယ်မြေအားလုံးက ၎င်းတို့၏ သဘောထားကို ဖော်ပြခဲ့ကြချေပြီ။ သန့်ရှင်းသော နယ်မြေ လေးခုက ကျွမ်ယွမ်ကို ထောက်ခံနေကြပြီး ရှန်းဝူအကယ်ဒမီသည်လည်း မိမိ၏ ရပ်တည်ချက်ကို ဖျက်ဆီးမည် မဟုတ်ပေရာ မြူနှင်းဂိုဏ်း၏ အခြေအနေမှာ အလွန် အကျပ်ရိုက်စရာ ဖြစ်သွားတော့သည်။
ထိုနေရာရှိ ထောက်ခံသူ အားလုံးသည် ၎င်းတို့ခေတ် ၎င်းတို့အခါက ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ တစ်ဦးချင်းစီသည် တာဝန်ခံအဖြစ် ဆောင်ရွက်ရန် အရည်အချင်း ပြည့်မီကြပေသည်။
သို့သော်လည်း တာဝန်ခံတစ်ဦးအနေဖြင့် အခြားသူများ၏ ရိုသေလေးစားမှုကို ရရှိရန်အတွက် အနည်းဆုံးတော့ လူအများစု၏ အသိအမှတ်ပြုမှုကို ရရှိရမည် ဖြစ်ရာ မဟုတ်ပါက မည်သူမျှ မလိုက်နာဘဲ အမိန့်ပေးနေရခြင်းသည် မည်သို့မျှ အသုံးဝင်မည် မဟုတ်ချေ။
ထိုအခိုက်တွင် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များအားလုံးက ကျွမ်ယွမ်ကို ထောက်ခံကြောင်း အသံထွက်လာကြပြီး အနည်းငယ်မျှသော လူစုသာ တိတ်ဆိတ်နေကြတော့သည်။
ကျိုတိုနှင့် ဟဲယုတို့၏ မျက်ဝန်းများ၌ ဒေါသမျက်ရည်များ ဝိုင်းကျလုမတတ် ဖြစ်နေချေပြီ။ ဂိုဏ်းတစ်ဂိုဏ်းမျှပင် သူတို့ကို ထောက်ခံခြင်း မရှိသည့်အတွက် သူတို့သည် အလွန်အမင်း ဒေါသထွက်နေကြသည်။
၎င်းတို့ ဒေါသထွက်နေသည့် ကြားမှပင် မြူနှင်းဂိုဏ်းသည် အမှန်တကယ်ပင် တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်ခဲ့မိ၍ ဤမျှအထိ လူမုန်းများနေရသလော ဟု တွေးတောမိကြပေသည်။
“ဒီလိုဖြစ်လာမှတော့ ငါတို့ မြူနှင်းဂိုဏ်းအနေနဲ့ ဘာမှ ပြောစရာ မရှိတော့ဘူး၊ ဒါပေမဲ့ မင်းတို့ရဲ့ စီစဉ်မှုတွေကိုတော့ ငါတို့ လိုက်နာမှာ မဟုတ်ဘူး၊ ငါတို့ နှုတ်ထွက်တယ်”
ကျိုတိုတို့သည် ထိုအရှက်ကွဲမှုကို မခံမရပ်နိုင် ဖြစ်ပုံရပြီး ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။
အခြားသော အသေးအဖွဲ အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးရာ ယင်းက ရှန်းဝူအကယ်ဒမီသည် ချင်ယွမ်ဖုန်းကို ထောက်ခံနေပြီး မြူနှင်းဂိုဏ်းနှင့် ချင်ယွမ်ဖုန်းတို့သည် ရန်သူတော်များ ဖြစ်ကြသောကြောင့် ဖြစ်ချေသည်။
ကျိုးကြောင်းဆင်ခြင်ရသော် အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်နေရချိန်တွင် ၎င်းတို့အနေဖြင့် ထိုသို့သော အသေးအဖွဲ ကိစ္စရပ်များကို ဂရုမစိုက်သင့်ပေ။ သို့သော်လည်း မြူနှင်းဂိုဏ်း၏ သဘာဝမှာ အမြဲတမ်း ထိုသို့ပင် ဖြစ်ရာ ၎င်းတို့သည် ထိုအရာများကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
အိမ်တော်သခင်သည် မတတ်သာသကဲ့သို့ သက်ပြင်းတစ်ချက် ချလိုက်ပြီး “ဒီလို အခြေအနေမျိုးကိုတော့ ငါလည်း ကူညီဖို့ အင်အား မရှိဘူး” ဟု ဆိုလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွားကြပေသည်။ မြူနှင်းဂိုဏ်း ထွက်ခွာသွားခြင်းနှင့်အတူ ၎င်းတို့၏ အင်အား အစိတ်အပိုင်းအချို့လည်း ဆုံးရှုံးသွားခဲ့ရချေပြီ။
“ကောင်းပြီ... လူတိုင်းက ဒီလောက်အထိ စေတနာ ထားကြမှတော့ ငါလည်း အားနာမနေတော့ဘူး။ ဒါပေမဲ့ ငါ ပထမဆုံး စည်းကမ်းတစ်ခု ထုတ်ရလိမ့်မယ်၊ အားလုံးက ငါ့ရဲ့ အမိန့်ကို နာခံရမယ်။ မဟုတ်ရင်တော့ တခြားလူတွေရဲ့ တိုက်ခိုက်တာကို ခံရလိမ့်မယ်”
ဤအမိန့်သည် တာဝန်ခံတစ်ဦးအတွက် အလွန် အရေးကြီးပေသည်၊ ယင်းကား အမိန့်ကို နာခံရန် ဖြစ်ချေသည်။ အကယ်၍ အမိန့်ကို မနာခံပါက တာဝန်ခံဟူသည်မှာ မည်သို့မျှ အသုံးမဝင်တော့ပေ။
လူတိုင်းက စတင်၍ တုံ့ပြန်လာကြရာ အသေးစားဂိုဏ်းများမှ လူများမှာမူ အမိန့်ကို နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြပေ။
ထို့နောက် ကျွမ်ယွမ်သည် ယခုအချိန်အထိ တိတ်ဆိတ်နေကြသော ဂိုဏ်းချုပ်များထံသို့ လှည့်၍ “မင်းတို့ကော ဘာသဘောရလဲ။ ဘာကောင်းတဲ့ အကြံဉာဏ်မျိုး ရှိလို့လဲ” ဟု မေးမြန်းလိုက်သည်။
ကျွမ်ယွမ်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ထိုတိတ်ဆိတ်နေသော လူစုသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လာကြပြီး “စီနီယာ ကျွမ်ယွမ်... ကျွန်တော်တို့နဲ့ တစ်ပါးကျွန်းသား မိစ္ဆာတွေကြားမှာ ပြန်လည်သင့်မြတ်ဖို့ အခွင့်အလမ်းများ ရှိနိုင်မလားလို့ တွေးနေကြတာပါ” ဟု ဆိုလာကြသည်။
“ဟုတ်ပါတယ်... ရှန်းဝူ စကြဝဠာ တိုက်ကြီးက ဒီလောက်တောင် ကျယ်ပြောတာပဲ၊ သူတို့ကို မြေနေရာ အစိတ်အပိုင်းတစ်ခု ပေးလိုက်ရင် ဘာဖြစ်သွားမှာမလို့လဲ”
ကျွမ်ယွမ်၏ ယခင်က ကြင်နာတတ်သော မျက်နှာပြင်သည် ချက်ချင်းပင် အရောင်ပြောင်းသွားကာ “ပေါက်ကရတွေ... ဒါက တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းတယ်။ တစ်ပါးကျွန်းသား မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်လာတုန်းက သူတို့ကို မောင်းထုတ်ဖို့ ငါတို့ရဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးက ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲ” ဟု ငေါက်ငမ်းလိုက်တော့သည်။
ကျွမ်ယွမ် ဒေါသထွက်နေသည်ကို မြင်လိုက်ရသည့်အခါ ထိုအကြံပြုချက်ကို တင်ပြခဲ့ကြသူများသည် ၎င်းတို့၏ ပါးစပ်များကို ချက်ချင်းပင် ပိတ်လိုက်ကြတော့သည်။
“မိစ္ဆာတွေက ရှန်းဝူ စကြဝဠာ တိုက်ကြီးကို လုယူဖို့ လာကြတာ။ မင်းတို့ကော မင်းတို့ရဲ့ နေရပ်ဇာတိမြေကို သူတို့လက်ထဲ အပ်နှံချင်လို့လား”
“သူတို့က နေထိုင်စရာ နေရာတစ်ခုပဲ လိုချင်တာလို့ မင်းတို့ ထင်နေတာလား။ သူတို့က သယံဇာတတွေကိုလည်း လိုချင်ကြတယ်၊ စည်းစိမ်ဥစ္စာတွေကိုလည်း လိုချင်ကြတယ်၊ ပြီးတော့ မင်းတို့ အားလုံးကို ကျွန်တွေအဖြစ် ပြောင်းလဲပစ်ချင်ကြတာ။ မင်းတို့ထဲက ဘယ်သူကော အဲဒီလို ဖြစ်ချင်လို့လဲ”
“တစ်ပါးကျွန်းသား မိစ္ဆာတွေက ငါတို့ရဲ့ ရန်သူတွေပဲ၊ အဲဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့ရဲ့ စိတ်နှလုံးတွေက ယုတ်မာညစ်ထ္ပတ်လွန်းလို့ လူသားတွေနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်မှာ မဟုတ်ဘူး။ သူတို့က နေထိုင်စရာ နေရာတစ်ခုတင်မကဘဲ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာ ရှိတဲ့ အရာအားလုံးကို လိုချင်နေကြတာ”
“ဒီလို အတွေးမျိုးတွေကို ဆက်ပြီး တွေးတောနေလို့ မရဘူး၊ ဘာလို့လဲဆိုတော့ အဲဒါက မင်းတို့ ကိုယ်တိုင်အတွက်တင်မကဘဲ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးအတွက်ပါ တာဝန်မဲ့ရာ ရောက်လွန်းလို့ပဲ”
ကျွမ်ယွမ်၏ ပြင်းထန်လှသော စကားသံများသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားရာ ယခင်က တိတ်ဆိတ်နေခဲ့ကြသူများသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြကြတော့သည်။
“ဒီလိုဆိုရင်တော့ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူး ကျွမ်ယွမ်ရဲ့ စီစဉ်မှုတွေကို လိုက်နာဖို့ ဆန္ဒရှိပါတယ်”
ကျွမ်ယွမ်သည် ခေါင်းညိတ်ပြလိုက်ပြီး “တစ်ပါးကျွန်းသား မိစ္ဆာတွေအပေါ်မှာ ဘာစိတ်ကူးယဉ်မှုမှ မထားကြနဲ့။ အခုအချိန်မှာ ငါတို့ အားလုံးရဲ့ စုပေါင်းအင်အားကို လိုအပ်တယ်။ ဘာအခွင့်အရေးမှ မမျှော်လင့်ကြနဲ့” ဟု ဆိုလိုက်ချေသည်။
သူသည် စကားပြောရင်းနှင့် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ရာ ယင်းစာရွက်ပေါ်တွင် များပြားလှသော အကြောင်းအရာများကို စာလုံးများ စိပ်စိပ်ပိတ်ပိတ် ရေးသားထားပေသည်။
အချို့သော လူများက တာဝန်မယူလိုဟု ဆိုကြသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့သည် အခြားသူများအတွက် တာဝန်များကို ကြိုတင်၍ သတ်မှတ်ပေးထားပြီး ဖြစ်ချေသည်။
“အခု ငါ ဂိုဏ်းအားလုံးကို အရှေ့၊ အနောက်၊ တောင်၊ မြောက်နဲ့ အလယ်ပိုင်း ဆိုပြီး စစ်မြေပြင် ငါးခုအဖြစ် ခွဲခြားလိုက်မယ်။ အလယ်ပိုင်း စစ်မြေပြင်ကတော့ မိစ္ဆာတွေရဲ့ တိုက်ရိုက်တိုက်ခိုက်မှုကို ရင်ဆိုင်ရနိုင်ပြီး အဲဒါက လုယွဲ့အင်ပါယာနဲ့ အနောက်ဘက် ရန်အင်ပါယာ နယ်မြေထဲမှာ တည်ရှိတယ်”
“မြောက်ဘက် စစ်မြေပြင်မှာတော့ အဝေးဆုံး မြောက်ဘက်ပိုင်းနဲ့ ယန်ရုအင်ပါယာက အင်အားစုတွေ ပါဝင်တယ်။ ဒီအင်အားစုတွေကလည်း သူတို့ရဲ့ လူတွေကို အလယ်ပိုင်း စစ်မြေပြင်ဆီကို မြန်မြန် ရွှေ့ပြောင်းပေးရမယ်၊ မဟုတ်ရင် သူတို့က တစ်ပါးကျွန်းသား မိစ္ဆာတွေကို ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ်”