← Chapters

အခန်း ၉၂၀

Vol. 45 Ch. 920

အခန်း ၉၂၀

Vol. 45 Ch. 920

အခန်း(၉၂၀) သွေးယဇ်ပူဇော်ခြင်း လက်တံဆိပ်တော်

ဟင်းလင်းပြင်လမ်းကြောင်းကြီး တုန်ခါသွားပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဖက်မှ လူရိပ် တစ်ဆယ်ကျော် ဖြည်းညှင်းစွာ ထွက်ပေါ်လာချေသည်။ ယင်းတို့ကား အခြားသူများမဟုတ်ဘဲ မေနှင့်အပေါင်းအပါများသာ ဖြစ်ကြပေသည်။

"ကျွန်ုပ်တို့၏ မိစ္ဆာဘုရင်မင်းမြတ်... စောင့်ရတာ တော်တော်လေး ကြာသွားပြီ ထင်ပါရဲ့" နတ်ဆိုးဘုရင်၏ အေးစက်လှသော အသံသည် ဟင်းလင်းပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။

မေသည် နတ်ဆိုးဘုရင်အား အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ "အခုပဲ ပြန်လှည့်သွားလိုက်စမ်း၊ နောက်မကျသေးဘူး... ငါနဲ့အတူ မိစ္ဆာနယ်မြေကို ပြန်လိုက်ခဲ့ရင် မင်းဟာ မင်းသားတစ်ပါးအဖြစ် ရှိနေဦးမှာပဲ" ဟု ဆိုလိုက်ချေသည်။

"ဟဟ၊ ရယ်စရာကောင်းလိုက်တာ... မင်းကိုယ်မင်း မိစ္ဆာဘုရင်လို့ ထင်နေတုန်းပဲလား၊ ငါတို့ရင်ထဲမှာတော့ အရင်က မိစ္ဆာဘုရင်ဟာ သေဆုံးသွားခဲ့တာ ကြာလှပြီ" နတ်ဆိုးဘုရင်က လှောင်ပြောင် သရော်လျက် "သူ့ကို ငါ့လက်နဲ့တင် သတ်ခဲ့တာလေ" ဟု ပြောလိုက်၏။

"နတ်ဆိုးဘုရင်... အရူးမလုပ်နဲ့တော့၊ ဒီတစ်ခေါက် မင်းကို အရှင်မဖမ်းနိုင်ရင်တောင် မင်းရဲ့ အလောင်းကိုတော့ ငါတို့ ယူသွားမှာပဲ" နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတစ်ဦးက ရှေ့သို့ လှမ်းတက်လာပြီး ခက်ထန်စွာ ဆိုလိုက်ပေသည်။

---

ထိုစဉ် ကျိရန်သည် ပြင်းထန်လှသော သွေးညှီနံ့တစ်ခုကို ရုတ်တရက် ရရှိလိုက်သဖြင့် မြေပြင်သို့ ငုံ့ကြည့်လိုက်ရာ သွေးရည်များကြောင့် မြေပြင်တစ်ခုလုံး ရွှံ့နွံတောအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရချေသည်။

"မင်း.. မင်းတို့ ဘာတွေလုပ်ထားတာလဲ" ကျိရန်၏ အသံများသည် တုန်ရင်နေတော့သည်။

"ဘာလုပ်ထားတာလဲ ဟုတ်လား"

နတ်ဆိုးဘုရင်၏ မျက်ဝန်းများသည် အလွန်အမင်း အေးစက်သွားပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို မြေပြင်ထဲသို့ ထိုးသွင်းလိုက်ရာ သွေးနီရောင် အလင်းတန်းများ တဖြည်းဖြည်း ချင်း ထွက်ပေါ်လာချေသည်။

"ဒါ... ဒါက သွေးယဇ်ပူဇော်ခြင်း အစီအရင်လား" မေ၏ မျက်ဝန်းများ ပြူးကျယ်သွားကာ "မင်း... မင်း ဦးချိုကျိုး မိစ္ဆာတွေအားလုံးကို သတ်လိုက်တာလား" ဟု ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

"သူတို့က တန်ဖိုးရှိရှိ သေဆုံးသွားကြတာပါ၊ မဟုတ်ရင် သူတို့က ဘာအသုံးဝင်မှာလဲ" နတ်ဆိုးဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"နင်"

မေသည် ဒေါသအဟုန် ပြင်းထန်စွာဖြင့် သူမ၏ စွမ်းအားများကို ထုတ်ဖော်လိုက်ရာ ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် နတ်ဘုရားသောင်းချီနယ်မြေ တစ်ခုလုံးကို အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားစေပြီး နယ်မြေတစ်ခုလုံးကို နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားစေတော့သည်။

---

သို့သော်လည်း ထိုအခိုက်အတန့်တွင် မြေပြင်မှ ထွက်ပေါ်လာသော အလင်းတန်းများသည် အကာအကွယ် အလင်းတံတိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ မေနှင့် အပေါင်းအပါများထံသို့ ပြင်းထန်စွာ တိုးဝင်သွားချေသည်။

မေ၏နောက်ကွယ်မှ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများသည်လည်း အလောတကြီး တိုက်ကွက်ဖော်ဆောင်ကာ သွေးနီရောင် အလင်းတန်းများကို ပြိုင်တူ ခုခံလိုက်ကြသော်လည်း နောက်သို့ တရွတ်တိုက် ဆုတ်ခွာသွားရပေသည်။

"နင်က ကိုယ့်လူမျိုးအချင်းချင်း ဒီလောက်အများကြီးကို တစ်ပြိုင်နက်တည်း သတ်ရဲတယ်ပေါ့... သူတို့လည်း မိစ္ဆာတွေပဲလေ" မေသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ ဓားမြှောင်တိုနှစ်စင်းဖြင့် ရဲရဲနီနေသော အလင်းတန်းများကို ဖြတ်ကျော်ကာ နတ်ဆိုးဘုရင်ထံသို့ ထိုးစိုက်လိုက်ချေသည်။

နတ်ဘုရားဝိညာဉ် ဘုရင်နှင့် မသေမျိုးဘုရင်တို့ကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး တိုက်ခိုက်လာသော ဓားမြှောင်တိုနှစ်စင်းကို ဖမ်းဆုပ်လိုက်ရာ ကြီးမားလှသော မိစ္ဆာအရှိန်အဝါများသည် ဓားမြှောင်များကို အလွှာလိုက် လွှမ်းမိုးသွားတော့သည်။

နောက်ဆုံးတွင် ဓားမြှောင်တိုများ၏ စွမ်းအားများ ကုန်ခမ်းသွားပြီး ထူထပ်လှသော မိစ္ဆာအရှိန်အဝါများအောက်တွင် ကျောက်တုံးကြီးနှစ်တုံးကဲ့သို့ မြေပြင်ပေါ်သို့ ကျိုးပျက်ကျသွားချေသည်။

နတ်ဆိုးဘုရင်သည် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ကာ လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်တော့သည်။

မေနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ဆယ်ကျော်ဦးတို့သည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ စွမ်းအားကြောင့် ဟင်းလင်းပြင်လမ်းကြောင်းကြီးထဲသို့ ပြန်လည် တွန်းထုတ်ခြင်း ခံလိုက်ရချေသည်။

"ယုတ်မာလှချည်လား... နင့်ကို ငါသတ်မယ်" မေသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

နတ်ဆိုးဘုရင်က လှောင်ပြောင်ရယ်မောလျက် "ငါ့ကို သတ်မလို့လား... မစိုးရိမ်ပါနဲ့၊ ငါ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီး ပိုပြီးအစွမ်းထက်လာတဲ့အခါ မင်းတို့ဆီ လာရှာမှာပါ... အဲဒီကျမှ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့" ဟု ပြန်လည်ပြောဆိုလိုက်ချေသည်။

သွေးယဇ်ပူဇော်ခြင်း၏ စွမ်းအားသည် အလွန်အမင်း ပြင်းထန်လှပေရာ ယင်းသည် သေဆုံးသွားသော ရာထောင်ချီသည့် ဦးချိုကျိုး မိစ္ဆာများ၏ နာကျည်းအာဃာတများ စုစည်းမှုဖြစ်သဖြင့် မေနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများပင် မခုခံနိုင်ကြချေ။

ယင်းတို့သည် သွေးယဇ်ပူဇော်ခြင်း အစီအရင်ဖြင့် ဖန်တီးထားသော အလင်းတံတိုင်းကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပြီး သွေးနီရောင် အလင်းတန်းများသည် ဟင်းလင်းပြင်လမ်းကြောင်းကို အလွှာလိုက် ပိုမိုပိတ်ဆို့လာချေသည်။

မေနှင့်အပေါင်းအပါများသည် နောက်ဆုတ်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ ဟင်းလင်းပြင်လမ်းကြောင်းထဲတွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကြတော့သည်။

---

ကောင်းကင်ထက်မှနေ၍ ဤအရာအားလုံးကို စောင့်ကြည့်နေသော ချင်ယွမ်ဖုန်းသည် စိတ်နှလုံး လေးလံသွားချေသည်။ မေနှင့်အပေါင်းအပါများသည် အကူးအပြောင်း ကြားခံဟင်းလင်းပြင်ထဲသို့ ပြန်လည်မောင်းထုတ်ခံလိုက်ရသဖြင့် မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကို မသိနိုင်တော့ပေ။

နတ်ဆိုးဘုရင်သည် မေတို့ ပြန်လည်ထွက်ခွာသွားသည်ကို မြင်သောအခါ အတိုင်းမသိ ဝမ်းမြောက်သွားပြီး သွေးစွန်းနေသော မြေပြင်ထဲသို့ လက်နှစ်ဖက်ကို တိုက်ရိုက် ထိုးသွင်းလိုက်ချေသည်။

သွေးနီရောင် အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာကာ ဟင်းလင်းပြင်လမ်းကြောင်းကို လက်တံဆိပ်တော်တစ်ခုကဲ့သို့ အထပ်ထပ် အခါခါ ပိတ်ဆို့ တံဆိပ်ခတ်လိုက်တော့သည်။

နောက်ဆုံးတွင် နတ်ဘုရားသောင်းချီနယ်မြေအတွင်းရှိ ဦးချိုကျိုး မိစ္ဆာများ၏ သွေးရည်များ ခန်းခြောက်သွားပြီး ဟင်းလင်းပြင်လမ်းကြောင်း၏ အပြင်ဘက်တွင် သွေးနီရောင် တံခါးကြီးတစ်ခု ဖြစ်ပေါ်လာချေသည်။

"ကောင်းပြီ... အခုဆိုရင် မိစ္ဆာဘုရင်အနေနဲ့ ဒီဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်သန်းဖို့ နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်၊ ဒီအချိန်ဟာ ငါတို့ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့ လုံလောက်တဲ့ အချိန်ပဲ" နတ်ဆိုးဘုရင်က ဆိုလိုက်၏။

လူတိုင်းသည် စိတ်သက်သာရာရသွားကြချေသည်။ အကယ်၍ မေသည် လူသားများကို ကူညီရန် အင်အားစုများ ခေါ်ဆောင်လာခဲ့ပါက ၎င်းတို့ အနိုင်ရရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသွားလိမ့်မည် ဖြစ်သော်လည်း ယခုမူ အားသာချက်သည် ၎င်းတို့ဘက်တွင် ရှိနေဆဲပင် ဖြစ်ပေသည်။

---

"တကယ့်ကို ဆိုးရွားသွားပြီ... မိစ္ဆာအင်အားဖြည့်တင်းမှုတွေလည်း ရောက်မလာနိုင်တော့ဘူး၊ နတ်ဆိုးဘုရင်နဲ့ အပေါင်းအပါတွေကလည်း ဒီနေရာကို စောင့်နေကြတယ်... သူတို့တွေအနေနဲ့ အောက်ကို ဆင်းပြီး သွေးယဇ်ပူဇော်ခြင်း လက်တံဆိပ်တော်ကို ဖျက်ဆီးဖို့ အခွင့်အရေး လုံးဝမရှိတော့ဘူး" ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရချေသည်။

"ဒါတင်မကသေးဘူး... မြူနှင်းဂိုဏ်းရဲ့ တားမြစ်နယ်မြေတွေက နတ်ဆိုးဘုရင်ရဲ့ လက်ထဲကို ရောက်သွားပြီဆိုတော့ မြူနှင်းဂိုဏ်းဟာ မိစ္ဆာမျိုးနွယ်တွေနဲ့ ပူးပေါင်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ... တကယ့်ကို အရှက်မရှိလိုက်တာ"

ချင်ယွမ်ဖုန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ ယခုအချိန်တွင် သူ ဤနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့သဖြင့် တိုက်ကြီးပေါ်သို့ အမြန်ဆုံးပြန်ကာ အိမ်တော်ရှိ လူများကို မြူနှင်းဂိုဏ်း၏ သစ္စာဖောက်မှုအကြောင်း ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးရမည် ဖြစ်ပေသည်။

နတ်ဘုရားသောင်းချီနယ်မြေနှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာသောနေရာသို့ ရောက်ရှိလာပြီးနောက်တွင်မှ ချင်ယွမ်ဖုန်းသည် သက်ပြင်းချနိုင်ကာ ကောင်းကင်ထက်၌ သူ၏ ကိုယ်ရောင်ဖျောက်ထားမှုကို ရုပ်သိမ်းလိုက်တော့သည်။

နတ်ဘုရားသောင်းချီနယ်မြေ၏ မိုင်တစ်ထောင်ပတ်လည်သည် ထူထပ်လှသော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲနေပြီး ထိုနေရာတွင် မိစ္ဆာစစ်တပ်ကြီး အခြေချ နေထိုင်နေကြချေသည်။ ယင်းသည် ပင်လယ်အလယ်တွင် တည်ရှိသဖြင့် အဆုံးမဲ့သော ပင်လယ်သားရဲများနှင့် အခြားပင်လယ်သတ္တဝါများ ရှိနေသောကြောင့် စားနပ်ရိက္ခာအတွက် ပူပန်ရန်မလိုပေ။

ထို့ပြင် ၎င်းတို့သည် မည်သည့်ကျွန်းပေါ်တွင်မဆို သီးနှံများ စိုက်ပျိုးနိုင်သဖြင့် ရေရှည်စစ်ပွဲဖြစ်ပွားလျှင်ပင် မိစ္ဆာမျိုးနွယ်များသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြပေ။

---

ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေမှ ထွက်ခွာလာစဉ်အတွင်း ဘိုးဘေးနယ်ပယ် သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိ မိစ္ဆာစစ်သည်တော် အများအပြားသည် အုပ်စုငယ်လေးများဖွဲ့ကာ တိုက်ကြီးဆီသို့ ပျံသန်းသွားနေကြသည်ကို တွေ့ရှိလိုက်ရသဖြင့် လွန်စွာ အံ့အားသင့်သွားရချေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မိစ္ဆာမျိုးနွယ်များသည် ၎င်းတို့၏ အင်အားစုများကို အဘယ်ကြောင့် ခွဲထုတ်ရဲကြသနည်းဟု ချင်ယွမ်ဖုန်း လွန်စွာ သိချင်မိပေသည်။

ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေနှင့် တိုက်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိလာသောအခါမှသာ အခြေအနေမှန်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

မိစ္ဆာမျိုးနွယ်များသာမက လူသားများဘက်မှ ဘိုးဘေးနယ်ပယ်အထက်ရှိ ကျင့်ကြံသူ ပညာရှင်များသည်လည်း မိစ္ဆာအဖွဲ့များကို တိုက်ခိုက်ရန် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။

"ဒါက ဘယ်လိုသဘောတူညီချက်မျိုးလဲ" ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း လူသားများကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားချေသည်။

မိစ္ဆာများနှင့် လူသားများ စေလွှတ်လိုက်သော ကျင့်ကြံသူ ပညာရှင်များ၏ စွမ်းအားများသည် အခြေခံအားဖြင့် တူညီကြသဖြင့် အဖွဲ့ငယ်လေးများ ဆုံတွေ့သည့်အခါ တိုက်ပွဲရလဒ်မှာလည်း အရှုံးအနိုင် မပြတ်ဘဲ ဖြစ်နေတတ်ပေသည်။

---

ချင်ယွမ်ဖုန်း တိုက်ကြီးသို့ ပြန်လည်ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်ကွယ်မှ လေတိုးသံတစ်ခု ချက်ချင်း ထွက်ပေါ်လာချေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လက်ဖြင့် မြားတစ်စင်းကို ဖမ်းဆုပ်လိုက်၏။

သူ လှည့်ကြည့်လိုက်ရာ မိစ္ဆာသုံးဦးပါဝင်သော အဖွဲ့ငယ်တစ်ဖွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။

"ဟဟဟ... ဒီမှာ လူသားတစ်ယောက်တည်း အထီးကျန်ဖြစ်နေတာပဲ၊ သူ့ကို ငါတို့ အဆုံးစီရင်ပေးလိုက်ကြရအောင်" မိစ္ဆာတစ်ဦးက လှောင်ပြောင်သရော်လျက် ဆိုလိုက်ချေသည်။

ဤမိစ္ဆာသုံးဦးသည် ဘိုးဘေးနယ်ပယ် အဆင့်ရှစ်ဝန်းကျင်တွင် ရှိကြပြီး ရေရှည်တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် မြားပစ်ကွင်းပြင် ကျွမ်းကျင်သူ တစ်ဦးတို့ဖြင့် စနစ်တကျ ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။

ပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်ပါးကျွန်းသား မိစ္ဆာနှစ်ဦးသည် ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်လာကြပြီး အဝေးမှ ကျန်ရှိနေသော တစ်ပါးကျွန်းသား မိစ္ဆာကမူ မြားများကို စဉ်ဆက်မပြတ် ပစ်ခတ်နေတော့သည်။

ချင်ယွမ်ဖုန်း၏ မျက်နှာသည် အေးစက်သွားချေသည်... သူသည် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် စိတ်အခြေအနေ လွန်စွာ ဆိုးရွားနေချိန်လည်း ဖြစ်ပေသည်။

"မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ"

ချင်ယွမ်ဖုန်းသည် တိုးဝင်လာသော မြားတစ်စင်းကို ထပ်မံဖမ်းဆုပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အေးစက်လှသော အလင်းတန်း သုံးခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ချေသည်။

ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြေးခွံများနှင့် အရိုးစူးများ ဖုံးလွှမ်းနေသော မိစ္ဆာနှစ်ဦးသည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာကာ တစ်ဦးက ချင်ယွမ်ဖုန်း၏ လည်ချောင်းကို တိုက်ခိုက်ပြီး အခြားတစ်ဦးကမူ သူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြတော့ပေသည်။

All Chapters