← Chapters

အခန်း ၉၂၂

Vol. 45 Ch. 922

အခန်း ၉၂၂

Vol. 45 Ch. 922

အခန်း(၉၂၂)

ဝိညာဉ်ရဲရင့်ခြင်း

“ဟူး... မြူနှင်းဂိုဏ်းက ဒီလိုမျိုး ကိစ္စရပ်ကို လုပ်လိမ့်မယ်လို့ ငါ တကယ်ပဲ မထင်မှတ်ထားခဲ့ဘူး”

ချန်ဖန်းက စိတ်လှုပ်ရှားစွာဖြင့် ညည်းတွားလိုက်ချေသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော နယ်မြေတစ်ခုက မိမိတို့၏ လူသားမျိုးနွယ်ကို သစ္စာဖောက်ဖျက်၍ ရန်သူနှင့် ပူးပေါင်းလိမ့်မည်ဟု မည်သူမျှ တွေးတောမိလိမ့်မည် မဟုတ်ပေရာ ယင်းက ဖြစ်တန်ရာသော ကိစ္နရပ် မဟုတ်ခဲ့ပေ။

“ဟူး... အဲဒီအကြောင်းတွေကို အခုလောလောဆယ် မပြောကြရအောင်ဦး၊ စီနီယာအကိုက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ”

ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ချန်ဖန်းက ပြုံးလိုက်ပြီးလျှင်

“နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့က ဒီတိုက်ကြီးရဲ့ ကာကွယ်ရေးကို စောင့်ရှောက်ဖို့အတွက် အရည်အချင်း အလွန်မြင့်မားတဲ့ သိုင်းပညာရှင်တချို့ကို ရွေးချယ်ခဲ့တာလေ။ ငါတို့ရဲ့ နောက်ကွယ် မလှမ်းမကမ်းမှာ လူသားသိုင်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးစစ်ကြောင်း ရှိတယ်။ ငါက ပြန်လာတဲ့ သိုင်းပညာရှင်တချို့ကို ကြိုဆိုဖို့ ဒီမှာ စောင့်နေတာပေါ့”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ချေသည်။

“စီနီယာအကို... ကျွန်တော် ဒီကိစ္စကို ကျောင်းအုပ်ကြီးဆီ သွားပြောလိုက်ဦးမယ်။ အနည်းဆုံးတော့ သူတို့ မြူနှင်းဂိုဏ်းကို သတိထားမိပြီး ချုံခိုတိုက်ခိုက်တာ မခံရအောင်လို့ပေါ့”

---

ချန်ဖန်းက ခေါင်းညိတ်၍

“ဂျူနီယာညီလေး... မင်း သွားနှင့်ပါ၊ ဒီနေရာက ကိစ္စတွေကို ငါပဲ တာဝန်ယူလိုက်ပါ့မယ်”

“ကျွန်တော် မကြာခင် ပြန်လာခဲ့မယ်။ ဒီလို ကိစ္စမျိုးမှာ ကျွန်တော် ဘယ်လိုလုပ် ကျန်ခဲ့လို့ ဖြစ်မှာလဲ။ စစ်ပွဲသာ ဖြစ်ပွားခဲ့ရင် အဲဒီ အစွမ်းထက်တဲ့ တစ်ပါးကျွန်းသား မိစ္ဆာအကောင် ရာဂဏန်းလောက်ကို အရင်ဆုံး သတ်ပစ်ဦးမယ်”

ချင်ယွမ်ဖုန်းက ရဲရင့်စွာဖြင့် ပြောဆိုလိုက်သည်။ အခြေအနေများက ထိုသို့သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေရာ ချင်ယွမ်ဖုန်းသည် အသက်ရှင်ကျန်ရစ်ရန်အတွက် တိုက်ပွဲဝင်လိုသော သတ္တိဗျတ္တိကို မွေးမြူထားခဲ့ချေပြီ။

“ကောင်းတယ်... ဂျူနီယာညီလေးမှာ ကြီးမြတ်တဲ့ စိတ်ဓာတ်ရှိတာပဲ၊ မင်း ပြန်လာတဲ့အခါ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”

ချန်ဖန်းက တည်ကြည်စွာ ပြောကြားလိုက်သည်။

ချန်ဖန်းအား နှုတ်ဆက်ပြီးနောက် ဝမ်တောင်တန်းကို ဖြတ်ကျော်ခဲ့ပြီးလျှင် ချင်ယွမ်ဖုန်းသည် နောက်ဆုံး၌ သိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးစစ်ကြောင်းကို မြင်တွေ့လိုက်ရချေသည်။

ထိုသိုင်းပညာရှင်များသည် မိမိတို့၏ ခန္ဓာကိုယ်များဖြင့် လူသားတံတိုင်းကြီးသဖွယ် ကာကွယ်ထားကြပေရာ ဝင်ရောက်သူ သို့မဟုတ် ထွက်ခွာသူ မည်သူ့ကိုမဆို စစ်ဆေးရှာဖွေလျက် ရှိချေသည်။ မျှော်လင့်ထားသည့်အတိုင်း ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် တားဆီးခြင်းကို ခံလိုက်ရ၏။

“ကျေးဇူးပြုပြီး မဟာမိတ်အဖွဲ့ရဲ့ တံဆိပ်ပြားကို ထုတ်ပြပါ”

ချင်ယွမ်ဖုန်းအား တားဆီးလိုက်သော လူက ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လိုက်ပြီး

“မဟာမိတ်အဖွဲ့ တံဆိပ်ပြား ဟုတ်လား... ကျွန်တော့်မှာ မရှိဘူး”

“မရှိဘူး ဟုတ်လား...”

ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါ တပ်မှူးက ချက်ချင်းပင် တင်းမာသွားချေသည်။

“မဟာမိတ်အဖွဲ့ထဲမှာ ရှိတဲ့ လူတိုင်းမှာ မဟာမိတ်အဖွဲ့ တံဆိပ်ပြား ရှိကြတာပဲ၊ မင်းမှာ ဘာဖြစ်လို့ မရှိရတာလဲ။ ဒါမှမဟုတ် မင်းက မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တောင် မဟုတ်တာလား”

ချင်ယွမ်ဖုန်းက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုက လျင်မြန်စွာ ပျံသန်းလာခဲ့ချေသည်။

“ဟဟ... ပူပန်ဖို့မလိုပါဘူး၊ ဒါက မိတ်ဆွေငယ် ချင်ယွမ်ဖုန်းပဲ၊ သူက ရန်သူမဟုတ်ပါဘူး”

ထိုလူ့ခန္ဓာကိုယ် မရောက်လာမီ အသံက အရင်ဆုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်ချေသည်။ ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်၍ ကြည့်လိုက်ရာ ရောက်ရှိလာသောသူမှာ အခြားသူမဟုတ်ဘဲ ချင်းချန်ဂိုဏ်းချုပ် ပန်ကျော့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

---

ထိုသူသည် ရှာလန်အား သတ်ဖြတ်ပေးပါက ရှာမိသားစုကို သစ္စာဖောက်ဖျက်မည်ဟု ချင်ယွမ်ဖုန်းအား ကတိပြုခဲ့သူ ဖြစ်ချေသည်။ ချင်ယွမ်ဖုန်း နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော်လည်း ယင်းသည် ကတိတည်လျက် ရှိနေပြီး အခြားဂိုဏ်းများနှင့် လျှို့ဝှက်စွာ ဆက်သွယ်ထားခဲ့ဆဲ ဖြစ်ရာ ထိုအချက်က လေးစားဖွယ် ဖြစ်ချေသည်။

“ဂိုဏ်းချုပ် ပန်ကျော့ ပါလား”

ချင်ယွမ်ဖုန်းက လက်နှစ်ဖက် ဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။

ပန်ကျော့က အလျင်အမြန်ပင် ပြန်လည်နှုတ်ဆက်ရင်း

“မိတ်ဆွေငယ်... ဒီလို လုပ်ဖို့မလိုပါဘူး၊ မင်းရဲ့ ကျင့်စဉ်အဆင့်က အလွန်မြင့်မားနေပြီမို့ ငါ့ကို တကယ်ပဲ အားနာစေတယ်”

ချင်ယွမ်ဖုန်းက ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ပေ။ ထိုသို့မဟုတ်ဘဲ ပန်ကျော့၏ နောက်ကွယ်မှ ချင်ယွမ်ဖုန်းအား တားဆီးခဲ့သော တပ်မှူးမှာမူ အံ့အားသင့်သွားဟန် ရှိချေသည်။

“သူက... ချင်ယွမ်ဖုန်း ဟုတ်လား”

“မှန်တယ်... ဒါက မိတ်ဆွေငယ် ချင်ယွမ်ဖုန်းပဲ။ နောင်အနာဂတ်မှာ သူ့ကို တွေ့ရင် မဟာမိတ်အဖွဲ့ တံဆိပ်ပြားကို စစ်ဆေးဖို့ မလိုတော့ဘူး။ အကယ်၍ သူသာ ရန်သူ့ဘက်ကို ကူးပြောင်းသွားခဲ့ရင် ငါတို့ ရှန်းဝူ စကြဝဠာ တိုက်ကြီးအတွက် မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး”

ပန်ကျော့က တည်ငြိမ်စွာ ပြောဆိုလိုက်ချေသည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ထိုတပ်မှူးသည် ပန်ကျော့အပေါ် လွန်စွာ ရိုသေလေးစားမှု ရှိပုံရချေသည်။ ချင်ယွမ်ဖုန်း၏ ဇဝေဇဝါ ဖြစ်နေမှုကို သတိပြုမိသွားဟန်ဖြင့် ပန်ကျော့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးလျှင်

“မိတ်ဆွေငယ်... စိတ်ရှုပ်ထွေးမနေပါနဲ့၊ သူက ငါ့ရဲ့ ချင်းချန်ဂိုဏ်းက အကြီးအကဲ တစ်ယောက်ပဲ၊ ဒီကာကွယ်ရေးဇုန်က ငါ့ရဲ့ ချင်းချန်ဂိုဏ်းကို အခုလေးတင် လွှဲအပ်ထားတာလေ”

“ဒါကြောင့်မို့လို့ကိုး...”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး

“ဂိုဏ်းချုပ် ပန်ကျော့... ကျွန်တော် ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေးစရာ ကိစ္စတချို့ ရှိနေလို့ပါ၊ နောက်မှပဲ စကားလက်ဆုံ ပြောကြရအောင်ဦးမယ်”

“ကောင်းပါပြီ... မိတ်ဆွေငယ်၊ မင်း သွားနှင့်ပါဦး”

ပန်ကျော့က ခေါင်းညိတ်လိုက်၏။ ချင်ယွမ်ဖုန်းက လက်ဆုပ်ပျံတက်၍ ဆေးနတ်ဘုရားဂိုဏ်း၏ ရှေးဟောင်းနေရာဆီသို့ ဦးတည်ပျံသန်းသွားခဲ့ချေသည်။

---

“ဂိုဏ်းချုပ်... သူက တကယ်ပဲ ဒဏ္ဍာရီထဲက ချင်ယွမ်ဖုန်း လား”

တပ်မှူးက ပန်ကျော့၏ နောက်ကွယ်တွင် ရပ်တန့်ကာ စူးစမ်းလိုသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

ပန်ကျော့က ခေါင်းညိတ်၍

“ဒါဆို အခြား ချင်ယွမ်ဖုန်း ရှိသေးလို့လား”

တပ်မှူးက ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ ကြည်ညိုလေးစားမှုများ ဖြစ်ပေါ်နေခဲ့ချေသည်။ ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းနှင့်အတူ ကျောင်းအုပ်ကြီးသည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး မိမိအား လူသိများအောင် အစွမ်းကုန် မြှင့်တင်ပေးနေသည်ကို မသိရှိခဲ့ပေ။

ကျောင်းတော်၏ ဝါဒဖြန့်ချိမှုများကြောင့် ချင်ယွမ်ဖုန်းသည် တစ်ပါးကျွန်းသား မိစ္ဆာများကို တွန်းလှန်ရာတွင် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ယခင်က သူ၏ လုပ်ဆောင်ချက်များကိုလည်း ချဲ့ကားကာ လူသိရှင်ကြား ကြေညာခဲ့ချေသည်။

ချင်ယွမ်ဖုန်း အလိုရှိခဲ့သည်မှာ သူ၏ နာမည်ဂုဏ်သတင်း ပျံ့နှံ့သွားရန်သာ ဖြစ်ချေသည်။ ထိုလုပ်ဆောင်ချက်က ထိရောက်မှု ရှိခဲ့ပေရာ ယခင်က ချင်ယွမ်ဖုန်းအား မသိရှိခဲ့သော လူအများအပြားသည် သူ၏ အမည်နာမကို သိရှိသွားကြပြီး ၎င်းတို့၏ စိတ်အာရုံတွင် အမျိုးမျိုးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့ချေသည်။

ထိုခံစားချက်များသည် ချင်ယွမ်ဖုန်းအတွက် ယုံကြည်မှုတန်ဖိုးများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့၏။ ချင်ယွမ်ဖုန်းသည် လောကဓာတ်၏ မူလအနှစ်သာရကို လဲလှယ်ရန်အတွက် သူ၏ ယုံကြည်မှုတန်ဖိုး အများစုကို အသုံးပြုခဲ့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ ယုံကြည်မှုတန်ဖိုးများသည် အဆမတန် တိုးပွားလာခဲ့ချေပြီ။

ယခုအခါတွင် ချင်ယွမ်ဖုန်းသည် လောကဓာတ်၏ မူလအနှစ်သာရ အနည်းဆုံး ခြောက်စုကို ထပ်မံ ထုတ်လုပ်နိုင်ဆဲ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် မြေနက်မြေ နံဘေးမှ ဖြတ်သန်းသွားစဉ် လှမ်းမျှော်ကြည့်လိုက်ရာ ချန်ဟုန်း ကုန်သည်ကြီးများအသင်းက ဖွင့်လှစ်ထားဆဲ ဖြစ်ပြီး လာရောက်သူများဖြင့် စည်ကားလျက် ရှိသည်ကို သတိပြုမိလိုက်ချေသည်။ သူသည် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် အနီးသို့ ချဉ်းကပ်သွားခဲ့၏။

လင်ဇီအာသည် ချင်ယွမ်ဖုန်း ချဉ်းကပ်လာသည်ကို မြင်တွေ့သောအခါ ရှက်ရွံ့သွားဟန်ဖြင့် သူ၏ အကြည့်ကို ရှောင်လွှဲလိုက်ချေသည်။

“ဘာဖြစ်လို့လဲ”

ချင်ယွမ်ဖုန်းက ပြုံးလျက် ရှေ့သို့ လှမ်းတက်ကာ မေးမြန်းလိုက်သည်။

လင်ဇီအာက သက်ပြင်းချ၍

“ငါ မင်းကို ပြောစရာ ရှိတယ်၊ မင်း စိတ်ခိုင်ခိုင်ထားရမယ်နော်”

“ပြောသာပြောပါ... ငါ တောင့်ခံနိုင်ပါတယ်”

ချင်ယွမ်ဖုန်းက သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်၏။

လင်ဇီအာက ခေါင်းညိတ်ပြီးလျှင်

“အခု နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ တည်ထောင်ပြီးကတည်းက သိုင်းပညာရှင် အများအပြား ပင်လယ်ပြင်မှာ ဒဏ်ရာရခဲ့ကြတယ်။ ငါ သူတို့နဲ့ အတူတူ ဘယ်လို ကူညီနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးရလဒ်ကတော့ ငါတို့က ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် ဝိညာဉ်ဆေးပင်တွေကို အခမဲ့ ထောက်ပံ့ပေးပြီး မဟာမိတ်အဖွဲ့ကနေတစ်ဆင့် ဖြန့်ဝေပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်”

ချင်ယွမ်ဖုန်းသည် “အခမဲ့” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရင်ထဲ၌ အနည်းငယ် နှမြောတသ ဖြစ်သွားခဲ့သော်လည်း သူ၏ မျက်နှာထက်တွင်မူ အပြုံးကို ထိန်းသိမ်းထားဆဲ ဖြစ်ချေသည်။

လောလောဆယ်တွင် သူသည် ဝိညာဉ်ကျောက်တုံး အချို့ကိုသာ ဆုံးရှုံးရခြင်း ဖြစ်သော်လည်း အကယ်၍ မိစ္ဆာများက ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့ပါက သူသည် မိမိ၏ မိခင်မြေကို ဆုံးရှုံးရလိမ့်မည် ဖြစ်ပေရာ ယင်းက နှိုင်းယှဉ်၍ ရနိုင်သော ကိစ္စရပ် မဟုတ်ပေ။

“မင်း တကယ် တော်တာပဲ၊ ငါ့ဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး”

ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်ပြီး လင်ဇီအာအား ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်ချေသည်။

လင်ဇီအာသည်လည်း ချင်ယွမ်ဖုန်း၏ အဖြေကို ကြားရသောအခါ လွန်စွာ ဝမ်းမြောက်သွားပြီး

“မင်း ကန့်ကွက်မှု မရှိတာ ကောင်းတာပေါ့။ အခု ငါတို့ မြေနက်မြေထဲက ဝိညာဉ်ဆေးပင်တွေ အားလုံးနီးပါး ကုန်ဆုံးသွားပြီမို့ ပြန်ပြီး စိုက်ပျိုးရဦးမယ်”

“ကောင်းပြီ... သန့်စင်သော နတ်ရေစင်ကို တွန့်တိုမနေပါနဲ့ဦး”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး

“ငါ ကျောင်းအုပ်ကြီးကို သွားတွေ့ဖို့ လိုအပ်နေလို့ပါ၊ မင်းတို့ မင်းတို့ အလုပ်တွေကို ဆက်လုပ်ကြဦးလေ”

“ကောင်းပါပြီ”

လင်ဇီအာက ပြုံးလျက် ဆိုလိုက်ချေသည်။

---

ချင်ယွမ်ဖုန်းသည် ပျံသန်းထွက်ခွာလာခဲ့ပြီး သက်ပြင်းချလိုက်မိ၏။ စစ်ပွဲဟူသော သတ္တဝါကြီး စတင် လည်ပတ်ပြီ ဖြစ်ပေရာ ရှေ့တန်းစစ်မျက်နှာနှင့် နောက်ကွယ်မှ ထောက်ပံ့ရေး နှစ်ခုစလုံးသည် မရှိမဖြစ် လိုအပ်ချေသည်။ အကြီးအကျယ် ပဋိပက္ခများ မရှိသေးသော်လည်း ဒဏ်ရာရသူများအတွက် ကုသရေးဆေးလုံးများနှင့် အခြားအရာများကို ပိုမို ပြင်ဆင်ထားခြင်းက အစဉ်သဖြင့် ကောင်းမွန်လှချေသည်။

မကြာမီမှာပင် သူသည် ကွပ်ကဲမှုဌာနချုပ် ဖြစ်လာခဲ့သော ဆေးနတ်ဘုရားဂိုဏ်း၏ ရှေးဟောင်းနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ ကွပ်ကဲမှုဌာနချုပ်အတွင်းမှ လူအများအပြားသည် အဆက်မပြတ် ထွက်ခွာသွားကြပြီး အခြားနေရာများသို့ ပျံသန်းသွားလျက် ရှိကြသည်။

ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ တောင်ထိပ်သို့ သက်ဆင်းလိုက်ပြီး ပြုပြင်မွမ်းမံထားသော အဓိကခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်ခဲ့ချေသည်။

“ကျောင်းအုပ်ကြီး... ကျွန်တော် ပြန်လာခဲ့ပါပြီ”

ချင်ယွမ်ဖုန်းသည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သည်နှင့် ချက်ချင်းပင် အော်ဟစ်နှုတ်ဆက်လိုက်ရာ ခန်းမအတွင်းရှိ လူအပေါင်းတို့သည် မိမိတို့၏ ခေါင်းများကို ချက်ချင်းပင် မော့ကြည့်လိုက်ကြချေတော့သည်။

All Chapters