← Chapters

အခန်း ၉၂၃

Vol. 45 Ch. 923

အခန်း ၉၂၃

Vol. 45 Ch. 923

အခန်း(၉၂၃) မဟာမိတ်အတွင်းမှ မူမမှန်မှုများ

ဆေးနတ်ဘုရားဂိုဏ်းဝန်းအတွင်းရှိ လူပေါင်းများစွာသည် ချင်ယွမ်ဖုန်းအား မော့ကြည့်နေကြပြီး ယင်းတို့၏ မျက်ဝန်းများ၌ မျှော်လင့်ချက်အရိပ်အယောင်များ တောက်လောင်လျက် ရှိချေသည်။ သို့သော် ချင်ယွမ်ဖုန်း၏ စိတ်ပျက်အားလျော့နေသော မျက်နှာအမူအရာကို မြင်ရသောအခါ ကိစ္စရပ်များသည် ၎င်းတို့မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ကြောင်းကို သိရှိသွားကြပေတော့သည်။

“ယွမ်ဖုန်း... ငါ မင်းကို စောင့်နေတာ ကြာပြီ၊ မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကို မြင်ရတာ တကယ်ပဲ ဝမ်းသာမိတယ်”

ကျောင်းအုပ်ကြီး ကျွမ်ယွမ်သည် ဖွဖွရယ်မောလျက် ချင်ယွမ်ဖုန်းကို အဓိကခန်းမ၏ နောက်ကွယ်ရှိ တောင်ကုန်းကမ္ဘားပါးဆီသို့ ခေါ်ဆောင်သွားခဲ့ချေသည်။

“ကျောင်းအုပ်ကြီး... ကျွန်တော် မိစ္ဆာနယ်မြေကို တကယ်ပဲ ရောက်ခဲ့ပါတယ်၊ မိစ္ဆာဘုရင်ကလည်း ကျွန်တော်တို့ကို ကူညီဖို့ သဘောတူခဲ့တယ်၊ တကယ်လို့ သူတို့သာ ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ရောက်လာနိုင်ရင် နတ်ဆိုးဘုရင်မှာ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး”

ချင်ယွမ်ဖုန်းက တတ်နိုင်ခြင်းမရှိသည့် လေသံဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ပျက်စီးသွားခဲ့ပြီ မဟုတ်လား”

ကျောင်းအုပ်ကြီးသည် ထိုသို့သော ရလဒ်ကို ကြိုတင်ခန့်မှန်းထားဟန်တူပေရာ လွန်စွာ စိတ်ပျက်သွားခြင်း မရှိချေ။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “နတ်ဆိုးဘုရင်က ဦးချိုကျိုး မျိုးနွယ်စုဝင် ပေါင်းသိန်းချီကို သတ်ဖြတ်ပြီး သူတို့ရဲ့ သွေးတွေနဲ့ သွေးပူဇော်သက္ကာပြုလုပ်ကာ ဟင်းလင်းပြင်လမ်းကြောင်းကို တိုက်ရိုက် ချိတ်ပိတ်ပစ်လိုက်တယ်”

ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ ကျောင်းအုပ်ကြီးပင်လျှင် အနည်းငယ် တုန်လှုပ်သွားရချေသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းက အသက်ရှင်နေသော လူပေါင်းသိန်းချီ ဖြစ်နေသောကြောင့်ပင်။

“ကျွန်တော် ပြန်လာနိုင်တာက ကံကောင်းလို့ပဲ၊ မဟုတ်ရင် ကျွန်တော်လည်း သူတို့လိုပဲ အကူးအပြောင်း ကြားခံဟင်းလင်းပြင်ထဲမှာ ပိတ်မိနေခဲ့မှာ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည် — “မိစ္ဆာဘုရင်အနေနဲ့ အဲဒီချိတ်ပိတ်မှုကို ဖျက်ဆီးဖို့ဆိုရင် အနည်းဆုံး နှစ်အနည်းငယ်၊ ဒါမှမဟုတ် နှစ်ပေါင်းညှပ်ချီတောင် ကြာမြင့်နိုင်တယ်”

“အင်း... ငါတို့ လူသားတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးဖို့ပဲ ရှိတော့တာပေါ့” ကျောင်းအုပ်ကြီးက သက်ပြင်းချလျက် လေသံဖျော့ဖျော့ဖြင့် ဆိုသည် — “ဒါပေမဲ့လည်း ငါတို့ လူသားတွေရဲ့ အင်အားက သေးမွှားလှတာတော့ မဟုတ်ပါဘူး၊ တကယ်လို့ အဲဒီနေ့သာ ရောက်လာခဲ့ရင် ငါ လူသားမျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခုကိုတော့ ကယ်တင်နိုင်ပါသေးတယ်”

ချင်ယွမ်ဖုန်း ခေါင်းညိတ်မိသည်။ မဟာတိုက်ပွဲကြီးက စတင်ဖြစ်ပွားခြင်း မရှိသေးသော်လည်း ကျောင်းအုပ်ကြီးသည် အမိန့်များစွာကို ထုတ်ပြန်ထားပြီး ဖြစ်ပေရာ ယင်းက ကျောင်းအုပ်ကြီးကိုယ်တိုင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ထင်ရှားစေသည်။

---

“ဒါနဲ့ ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီးအပြင် တခြား နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက်မှ ကျွန်တော် မတွေ့မိပါလား”

ချင်ယွမ်ဖုန်းက စုစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။ ဆေးနတ်ဘုရားဂိုဏ်းတစ်ခုလုံးတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူဟူ၍ ကျောင်းအုပ်ကြီး ကျွမ်ယွမ် တစ်ဦးတည်းသာ ရှိနေချေသည်။

“သူတို့အားလုံး တာဝန်တွေနဲ့ အပြင်ကို သွားကုန်ကြပြီ” ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ ရှင်းပြသည် — “ဒါပေမဲ့ အခုလောလောဆယ် ငါအပါအဝင် ငါတို့ဆီမှာ စေခိုင်းလို့ရတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ခြောက်ယောက်ပဲ ရှိတယ်၊ ဒါက တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ အင်အားနဲ့ ယှဉ်ရင် အများကြီး နည်းလွန်းနေသေးတယ်”

ဤတိုက်ပွဲ၏ အရှုံးအနိုင်သည် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် အရေအတွက်ပေါ်တွင်သာ မူတည်နေကြောင်း ချင်ယွမ်ဖုန်း ကောင်းစွာသိရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးတည်းကပင် ရေတွက်မရနိုင်သော သိုင်းပညာရှင်များကို အလွယ်တကူ သုတ်သင်ချေမှုန်းနိုင်စွမ်း ရှိသောကြောင့်ပင်။

“နောက်ထပ် ရောက်လာမယ့်လူတွေ ရှိဦးမှာပါ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်၊ မင်းက ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်က နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်အားလုံးကို တွေ့ဖူးလို့လား” ကျောင်းအုပ်ကြီးက ပြန်လည်မေးမြန်းခဲ့ချေသည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လျက် “အကုန်လုံးတော့ ဟုတ်မဟုတ် မသေချာပေမဲ့ အတော်များများကိုတော့ တွေ့ဖူးတယ်လို့ ပြောရမယ်၊ သုံးယောက်ကတော့ ကျွန်တော်တို့ကို ကူညီဖို့ သေချာပေါက် ရောက်လာမယ်လို့ ပြောထားတယ်၊ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိတဲ့ မိစ္ဆာသားရဲကြီးက ဘာလုပ်မလဲဆိုတာတော့ ကျွန်တော် မသိရသေးဘူး”

“အင်း... သူတို့ ရောက်လာရင်တောင် ငါတို့က အားနည်းတဲ့ဘက်ကပဲ ရှိနေဦးမှာပဲ” ကျောင်းအုပ်ကြီးက တတ်နိုင်ခြင်းမရှိသလို ဆိုသည်။

“ဒါနဲ့ ကျောင်းအုပ်ကြီး... မြူနှင်းဂိုဏ်းက တစ်ပါးကျွန်းသား မိစ္ဆာတွေနဲ့ ပူးပေါင်းသွားပုံရတယ်”

ချင်ယွမ်ဖုန်းက ရုတ်တရက် သတိရကာ နတ်ဘုရားသောင်းချီနယ်မြေအတွင်း မိမိတွေ့ကြုံခဲ့ရသမျှ အရာအားလုံးကို ကျောင်းအုပ်ကြီးအား အသေးစိတ် ပြောပြလိုက်ချေသည်။

မျှော်လင့်မထားစွာပင် ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်ပြီး “ငါ အရင်က မြူနှင်းဂိုဏ်းကို စောင့်ကြည့်ဖို့ လူလွှတ်ခဲ့သေးတယ်၊ ဒါပေမဲ့ အခုဆို သတင်းမရတာ ကြာပြီ၊ သူတို့လည်း အိန္ဒြေပျက်ပြီး အသတ်ခံလိုက်ရပြီ ထင်ပါရဲ့”

“မြူနှင်းဂိုဏ်းက ဒီလောက်အထိ သတ္တိကောင်းရဲတာလား” ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။

ကျောင်းအုပ်ကြီးသည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး “လူတိုင်းက တစ်ပါးကျွန်းသား မိစ္ဆာတွေကို တိုက်ခိုက်ဖို့ သဘောတူကြတာ မဟုတ်ဘူးလေ၊ သူတို့က ငြိမ်းချမ်းရေးကိုပဲ လိုချင်ကြတာ၊ သူတစ်ပါးအောက်မှာ ခွေးလိုဝပ်စိုးနေရရင်တောင် သူတို့ ဂရုမစိုက်ကြဘူး”

“ဟူး...” ချင်ယွမ်ဖုန်းက လေးလံစွာ သက်ပြင်းချလိုက်မိချေသည်။

“အခုဆို ဂိုဏ်းအတော်များများက ငါတို့ရဲ့ သတင်းစကားတွေကို ပြန်မဖြေကြတော့ဘူး၊ ကြည့်ရတာ သူတို့ မြူနှင်းဂိုဏ်းဆီကနေ ဖိတ်ခေါ်မှုတွေနဲ့ ကတိကဝတ်တွေ ရထားကြပုံပဲ၊ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်ကြောင်း ကြေညာဖို့ပဲ လိုတော့တဲ့ အခြေအနေမျိုးပေါ့” ကျောင်းအုပ်ကြီးက စိတ်မသက်မသာဖြင့် ဆိုသည်။

နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သည် လက်ရှိတွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ ဂိုဏ်းအများစု၏ ဆန္ဒကို ကိုယ်စားပြုနေပြီး ၎င်းတို့၏ နောက်ကွယ်၌ ကြောက်ရွံ့စိုးရိမ်စိတ်များဖြင့် ရှင်သန်နေရသော သာမန်လူသားများ ရှိနေကြပေရာသည်။

“ဒီဂိုဏ်းတွေ တကယ်ပဲ ဘာကို လိုချင်နေတာလဲဆိုတာ ကျွန်တော် ကိုယ်တိုင် သွားကြည့်ရမယ်”

ချင်ယွမ်ဖုန်းက လက်သီးကို တင်းတင်းဆုပ်လျက် ထိုဂိုဏ်းများ၌ မည်သည့်သိက္ခာတရားမျှ မရှိတော့ကြောင်း ခံစားလိုက်ရချေသည်။

သို့သော် ကျောင်းအုပ်ကြီးက ခေါင်းခါပြကာ “မင်း အဲဒါကို စိတ်ပူစရာမလိုပါဘူး၊ မြူနှင်းဂိုဏ်းကလွဲလို့ တခြား သန့်ရှင်းသော နယ်မြေတွေက ငါတို့နဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နေကြတုန်းပဲ၊ အဲဒီ သန့်ရှင်းသော နယ်မြေတွေ ပြဿနာမရှာသရွေ့ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့က ပြိုလဲသွားမှာ မဟုတ်ဘူး”

“ကောင်းပါပြီ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး — “ဒါဆိုရင် နတ်ဘုရားတစ်ပိုင်းအဆင့်အောက် ကျင့်ကြံသူတွေကို လွတ်လပ်စွာ တိုက်ခိုက်ခွင့်ပြုမယ်ဆိုတဲ့ နတ်ဆိုးဘုရင်ရဲ့ အဆိုပြုချက်က အချိန်ဆွဲတဲ့ ပရိယာယ်သက်သက်ပဲ မဟုတ်လား”

“ငါတို့ကော အချိန်ဆွဲနေကြတာ မဟုတ်ဘူးလား” ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ တုံ့ပြန်ခဲ့ချေသည်။

ထို့နောက်တွင် နှစ်ဦးသား ခေတ္တမျှ တိတ်ဆိတ်သွားကြပြီး နောက်ဆုံး၌ ချင်ယွမ်ဖုန်းကပင် ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ကျောင်းအုပ်ကြီး... ကျွန်တော် ပင်လယ်ပြင်ဘက်ကို သွားချင်တယ်”

ကျောင်းအုပ်ကြီး ကျွမ်ယွမ် ခေါင်းညိတ်လျက် “ကောင်းပြီ... မင်း အဲဒီမှာ ရှိနေရင် ငါ ပိုပြီး စိတ်အေးရတာပေါ့၊ ဒါပေမဲ့ သတိတော့ထားပါ၊ နတ်ဆိုးဘုရင်က ကတိအတိုင်း နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေကို တကယ်ပဲ စေလွှတ်ခြင်း မပြုဘဲ နေမလားဆိုတာ ငါတို့ အသေအချာ မသိနိုင်ဘူး”

“ကျွန်တော် သိပါတယ်” ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြပြီး — “ဒါနဲ့ ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီးက ကျွန်တော့်ကို မြှင့်တင်ပေးဖို့ အတော်လေး အားစိုက်ခဲ့ပုံပဲနော်”

“ရပါတယ်... ဒါက အလုပ်လုပ်ရင်းနဲ့ တိုက်ဆိုင်သွားတာတင်ပါ၊ မင်းရဲ့ လိုအပ်ချက်နဲ့ကော ကိုက်ညီရဲ့လား” ကျောင်းအုပ်ကြီးက မေးလိုက်သည်။

“နီးပါးပါပဲ... ဒါပေမဲ့ ကျွန်တော့်ဆီမှာ အခုလောလောဆယ် အများကြီး မရှိသေးဘူး၊ ခြောက်စုပဲ...” ချင်ယွမ်ဖုန်း စကားမဆုံးသေးခင်မှာပင် မိမိ၏ ယုံကြည်မှုတန်ဖိုးသည် သန်းပေါင်း ခုနစ်ရာကျော်သွားပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားကာ — “ခုနစ်စု ရှိပါတယ်” ဟု ပြင်ပြောလိုက်သည်။

“ဒီလောက်တောင် အများကြီးလား”

ကျောင်းအုပ်ကြီးသည် မျက်လုံးများ ပြူးကျယ်သွားရချေသည်၊ ချင်ယွမ်ဖုန်းက ထိုမျှလောက်များပြားသော လောကဓာတ်၏ မူလအနှစ်သာရကို တစ်ကြိမ်တည်းနှင့် ထုတ်ပေးနိုင်လိမ့်မည်ဟု ၎င်းကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ပေ။

ချင်ယွမ်ဖုန်းက လက်ကို ဝှေ့ယမ်းလျက် ပထမဆုံးတစ်စုကို လဲလှယ်ကာ ကျောင်းအုပ်ကြီးထံသို့ ကမ်းပေးလိုက်သည် — “ဒါက ကျောင်းအုပ်ကြီးအတွက်ပါ”

“သူက ငါ့ထက် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုရှိတာ...”

ကျောင်းအုပ်ကြီး စကားမဆုံးမီ ချင်ယွမ်ဖုန်းက လျင်မြန်စွာပင် ဖြတ်ပြောလိုက်သည် — “ကျောင်းအုပ်ကြီး... တကယ်လို့ ကျောင်းအုပ်ကြီးက ဒီလောကဓာတ် မူလအနှစ်သာရကို အသုံးမပြုဘူးဆိုရင် ကျန်တဲ့အရာတွေကိုလည်း ကျွန်တော် ပေးမှာ မဟုတ်တော့ဘူး”

ကျောင်းအုပ်ကြီး ကျွမ်ယွမ်သည် ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်ပြီး “မင်းကတော့ကွာ... ကောင်းပါပြီ၊ ဒါကို ငါ လက်ခံလိုက်ပါ့မယ်”

ပြောပြောဆိုဆိုဖြင့် ကျောင်းအုပ်ကြီးသည် ထိုပြည့်စုံလှသော လောကဓာတ်၏ မူလအနှစ်သာရကို ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ မြိုချလိုက်ချေသည်။

“ဒါကတော့ ကျန်တဲ့ ခြောက်စုပါ”

---

ချင်ယွမ်ဖုန်းသည် မိမိ၏ ယုံကြည်မှုတန်ဖိုး အားလုံးကို လောကဓာတ်၏ မူလအနှစ်သာရအဖြစ် လဲလှယ်ပြီး ကျောင်းအုပ်ကြီး၏ ရှေ့မှောက်သို့ ချက်ချင်း တင်ပြလိုက်ပေသည်။

နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပညာရှင်ကြီး ဖြစ်သည့် ကျောင်းအုပ်ကြီး ကျွမ်ယွမ်ပင်လျှင် မိမိ၏ ရှေ့မှောက်၌ တစ်ပြိုင်နက်တည်း ခင်းကျင်းထားသော ထိုမျှလောက်များပြားသည့် လောကဓာတ်၏ မူလအနှစ်သာရများကို မြင်တွေ့ရသောအခါ အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာရချေသည်။

“နောင်ကျရင်လည်း နောက်ထပ် ရှိလာဦးမှာပါ၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးအနေနဲ့ ဒီမူလအနှစ်သာရတွေကို ဘယ်သူတွေဆီ ခွဲဝေပေးသင့်လဲဆိုတာကို သေချာ စိစစ်ပေးစေချင်ပါတယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

ကျောင်းအုပ်ကြီး ခေါင်းညိတ်လျက် “မင်း စိတ်ထဲမှာ သတ်မှတ်ထားတဲ့လူ ရှိလို့လား”

“ကျွန်တော် သန့်ရှင်းသော နယ်မြေတွေက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေနဲ့တော့ သိပ်မရင်းနှီးဘူး၊ ဒါပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေထဲက စီနီယာနှစ်ယောက်ဖြစ်တဲ့ ယွီကုန်းနဲ့ ပညာရှိအဘိုးအိုကိုတော့ ယုံကြည်လို့ရမယ် ထင်ပါတယ်”

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ချေသည်၊ အဘယ်ကြောင့်ဆိုသော် ယွီကုန်းသည် ယခင်က မိမိအား ကူညီပေးခဲ့ဖူးပေရာ ယင်းက ထိုသူသည် လူဆိုးတစ်ဦး မဟုတ်ကြောင်း သေချာစေသောကြောင့်တည်း။

“ပြီးတော့ လီမင် လို့ခေါ်တဲ့ စီနီယာတစ်ယောက်လည်း ရှိသေးတယ်၊ သူက ကျင့်စဉ်ရဲ့ သဘာဝကြောင့်ထက်တူ တစ်ခါတလေ စိတ်အာရုံ မကြည်မလင် ဖြစ်တတ်ပေမဲ့ စိတ်ကောင်းဝင်နေတဲ့ အချိန်မျိုးမှာတော့ လွန်စွာ သဘောကောင်းတဲ့သူပါ” ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆက်ပြောသည်။

ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြကာ “တကယ်လို့ သူတို့က ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိကြတယ်ဆိုရင် ငါ သူတို့ကို ခွဲဝေပေးဖို့ စဉ်းစားမှာပေါ့၊ သန့်ရှင်းသော နယ်မြေတွေထဲမှာလည်း ယုံကြည်စိတ်ချရတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေ ရှိကြပါသေးတယ်၊ ငါ အခြေအနေအလိုက် သင့်တော်သလို ခွဲဝေပေးပါ့မယ်”

All Chapters