အခန်း ၉၂၈
Vol. 45 Ch. 928
အခန်း(၉၂၈) ကုန်းမြေကြီး၏ ပုံရိပ်လွှာ
ချင်ယွမ်ဖုန်းသည် နဝမအဆင့် ဘုရင်နယ်ပယ်သို့ တက်လှမ်းရန် မည်မျှအထိ အချိန်ယူရမည်ကို မသိပါချေ။ ရှာလော့အား ရှင်းလင်းပြီးနောက် ချင်ယွမ်ဖုန်းသည် ကျွန်းငယ်ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။
“မဆိုးဘူး” မာထျန်းက ခြေခွင်ခွင်ဖြင့် လျှောက်လာပြီး ချင်ယွမ်ဖုန်း၏ ပခုံးကို ခပ်ပြင်းပြင်း နှစ်ချက် ပုတ်လိုက်ကာ “အဲဒီကောင် တကယ့်ကို သေခါနီး ဒုက္ခလှလှကြီး ရောက်သွားတာ၊ ကြည့်ရတာ တကယ် ရင်ထဲ ရှိသမျှ အားရကျေနပ်စရာပဲ”
သူက ရယ်မောလိုက်စဉ်မှာပင် တဟွတ်ဟွတ် ချောင်းဆိုးမိသွားရာ ယင်းက သူ၏ ဒဏ်ရာများ မည်မျှအထိ ပြင်းထန်နေကြောင်း ဖော်ပြနေပေသည်။
“ကဲ... ငါတို့ ဒီကနေ အမြန် ထွက်သွားကြရအောင်၊ ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်သွားမှတော့ တစ်ပါးကျွန်းသား မိစ္ဆာတွေ လာပြီး စုံစမ်းစစ်ဆေးကြမှာ အသေအချာပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
အားလုံးက ခေါင်းညိတ်ထောက်ခံကြလေသည်။ အကယ်၍ ချင်ယွမ်ဖုန်း တစ်ယောက်တည်းသာ ဆိုပါက သူသည် ကြောက်ရွံ့နေမည် မဟုတ်ပေရာ၊ ယခုမူ ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ သုံးဦး ရှိနေသဖြင့် ရန်သူကို ရင်ဆိုင်ရန် ခဲယဉ်းလှပေသည်။
ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့သည် ဒဏ်ရာရရှိထားသူ သုံးဦးကို တွဲထူကာ ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလျက် ဝေးရာဆီသို့ ဦးတည်သွားကြတော့သည်။
ပင်လယ်ပြင်ကြီးသည် တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်သွားခဲ့ရာ၊ ယင်းအရပ်၌ နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ပွဲကြီးတစ်ပွဲ ခုနတင်တင်ကတင် ဖြစ်ပွားခဲ့ကြောင်းကိုမူ ထိုနေရာရှိ လူများသာ သိရှိနိုင်ပါတော့သည်။
ထိုပင်လယ်ပြင်နှင့် ဝေးရာသို့ ရောက်ရှိသွားပြီးနောက် ချန်ဖန်းက သူ၏ ဝိညာဉ်လှေငယ်ကို ထုတ်ဖော်လိုက်ပြီး မာထျန်းနှင့် အခြားနှစ်ဦးကို တက်ရောက် နားနေကာ ဒဏ်ရာများကို ကုသစေခဲ့သည်။
နာရီအနည်းငယ် ကြာပြီးနောက် သူတို့သည် လူသူဆိတ်ညံသော ကျွန်းပျက်တစ်ခုသို့ ရောက်ရှိလာကြသည်။ ချန်ဖန်းက ထိုကျွန်းပေါ်တွင် ဝိညာဉ်အဆောင်လက်ဖွဲ့ အချို့ကို အစီအရင်အဖြစ် ချမှတ်လိုက်ပြီး လူတိုင်းကို ယင်းအတွင်း၌ ပုန်းကွယ်နေစေလိုက်သည်။
“ဟူး... နောက်ဆုံးတော့လည်း နားရတော့တာပဲ” မာထျန်းက မြေပြင်ပေါ်သို့ ပစ်လှဲချလိုက်ကာ တခဏချင်းမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သို့သော်လည်း သူ၏ ဒဏ်ရာများသည် တဖြည်းဖြည်းနှင့် သက်သာကောင်းမွန်လာရာ၊ လူတိုင်းက သူ၏ ထူးခြားဆန်းပြားလှသော ဒဏ်ရာပြန်လည်ကုသနိုင်စွမ်းကို မနာလို ဖြစ်မိကြချေသည်။
“အဲဒီ ဝတုတ်ကတော့ တကယ့်ကို စိတ်ပျက်စရာကောင်းလိုက်တာ၊ ဘာမှ သိပ်မကြိုးစားဘဲနဲ့ ကျင့်စဉ်အဆင့်က မြန်မြန်ဆန်ဆန် တက်လာသလို၊ ဂရုတစိုက် မကုသဘဲနဲ့တောင် ဒဏ်ရာတွေက ဒီလောက် မြန်မြန် ပျောက်ကင်းသွားသေးတယ်၊ ငါတော့ သူ့ကို တကယ် လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်လာပြီ” ကျိရှန့်က မကျေမချမ်း ဖြစ်လျက် ပြောလိုက်သည်။
လူတိုင်းက ခပ်ဖွဖွ ပြုံးလိုက်ကြသော်လည်း သူတို့ အားလုံး၏ ရင်ထဲ၌ ထိုသို့သော ခံစားချက်မျိုး အတူတူပင် ရှိနေကြပေသည်။
အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် မာထျန်းက တစ်ကိုယ်လုံးကို ကွေးလိုက်ရာ ကြည့်ရသည်မှာ ဆူဖြိုးသောအလုံးကြီး တစ်လုံးနှင့် ပို၍ တူနေတော့သည်။
“ဒါနဲ့ နေပါဦး... ယွမ်ဖုန်း၊ စီနီယာအစ်ကို ချန်ဖန်း၊ အစ်ကိုတို့က ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာကြတာလဲ” ကျိရှန့်က စပ်စုလိုသော စိတ်ဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “အခု မဟာမိတ်အဖွဲ့မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးတွေ စောင့်ကြပ်နေကြပြီဆိုတော့ ငါတို့လည်း အသုံးမဝင်တော့ပါဘူး၊ အဲဒါကြောင့် ငါတို့ လုပ်နိုင်တာဆိုလို့ တစ်ပါးကျွန်းသား မိစ္ဆာတွေကို လိုက်သတ်ဖို့ပဲ ရှိတော့တာပေါ့” ဟု ပြောလိုက်သည်။
“တကယ်ပါပဲ... နင်တို့နှစ်ယောက်ကတော့ ဒီလောက် အန္တရာယ်ကြီးတဲ့ တာဝန်ကို ကစားပွဲတစ်ခုလိုမျိုး ပြောနေကြတာပဲ၊ နင်တို့လည်း တကယ့် လူထူးလူဆန်းတွေပဲ” ကျိရှန့်က သက်ပြင်းချလျက် ပြောရှာသည်။
“သူ့ကိုပဲ ပြောပါ၊ ကျွန်တော့်ကို အထဲ ထည့်မပြောနဲ့” ထိုအချိန်တွင် ချန်ဖန်းက ချင်ယွမ်ဖုန်းနှင့် သဘာဝကျကျပင် သီးခြား ခွဲထုတ်ကာ ပြောဆိုလိုက်သည်။
ထိုလူစုသည် စကားတပြောပြော ရယ်မောလျက် မီးပုံဖိုကာ အစားအစာအချို့ကို ကင်စားကြလေသည်။ သူတို့နှင့်အတူ အစွမ်းထက်သော ကိုယ်ရံတော် နှစ်ဦး ရှိနေသဖြင့် ရုတ်တရက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်း မရှိကြချေ။
---
ထိုသို့ဖြင့် ချင်ယွမ်ဖုန်းနှင့် အခြားလူများသည် ယာယီအဖွဲ့ငယ်တစ်ခု ဖွဲ့စည်းကာ ပင်လယ်ပြင်ထက်၌ သတ်ဖြတ်ခြင်းများကို စတင်ခဲ့ကြသည်။ မိစ္ဆာနယ်မြေဘက်ကလည်း ထိုအဖွဲ့ငယ်၏ သတင်းကို သိရှိသွားကြသလို၊ ချင်ယွမ်ဖုန်း ဟူသော ထိုစက်ဆုပ်ဖွယ်ကောင်းသည့် လူသားသည်လည်း ယင်းအထဲ၌ ပါဝင်နေကြောင်းကို ကြားသိသွားခဲ့ကြသည်။
ထို့ကြောင့် နတ်ဆိုးဘုရင်သည် သူတို့အား လုပ်ကြံရန်အတွက် စွမ်းအားကြီး ပညာရှင် အမြောက်အမြားကို စေလွှတ်ခဲ့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် နဝမအဆင့်သို့ တက်လှမ်းထားပြီး ဖြစ်ပေရာ၊ ထိုလူများသည် ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရုံသာမက သူ၏ ကျင့်စဉ်အဆင့်ကို သွေးပေးသည့် ကျောက်ပြင်ကြီးများ ဖြစ်လာခဲ့ပြီး၊ ချင်ယွမ်ဖုန်းအား နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် တစ်လှမ်းချင်း ပိုမို နီးကပ်သွားစေခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ဟူသော အချိန်ကာလသည် ကုန်လွန်သွားခဲ့လေပြီ။ ယင်းတစ်နှစ်တာအတွင်း ကိစ္စရပ် အမြောက်အမြား ဖြစ်ပျက်ခဲ့သော်လည်း တစ်ခုတည်းသော မပြောင်းလဲသည့် အရာမှာမူ ပင်လယ်ပြင်ထက်၌ တစ်ပါးကျွန်းသား မိစ္ဆာများနှင့် လူသားတို့အကြား အပြန်အလှန် အမဲလိုက် သတ်ဖြတ်နေကြသည့် စစ်ဆင်ရေးပင် ဖြစ်သည်။
နှစ်ဦးနှစ်ဖက်စလုံး၌ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ ချင်ယွမ်ဖုန်းတို့ အဖွဲ့က တစ်ပါးကျွန်းသား မိစ္ဆာ အမြောက်အမြားကို သုတ်သင်နိုင်ခဲ့သော်လည်း၊ ခြုံငုံကြည့်ပါက လူသားမျိုးနွယ် ဘက်ကသာ ဆုံးရှုံးမှု ပိုမို ကြီးမားနေခဲ့သည်။
အကြောင်းမူကား ကျင့်စဉ်အဆင့်တူ သိုင်းပညာရှင်များနှင့် မိစ္ဆာများအကြား၌ မိစ္ဆာများက ယေဘုယျအားဖြင့် ပိုမို အစွမ်းထက်ကြပေရာ၊ ယင်းက မိစ္ဆာသားရဲများ ကဲ့သို့ပင် သူတို့ မွေးရာပါ ရရှိလာသည့် စွမ်းရည်မျိုး ဖြစ်သောကြောင့် ဖြစ်သည်။
ထိုတစ်နှစ်တာအတွင်း မြူနှင်းဂိုဏ်းသည် အင်အားစုများကို အပြင်းအထန် စည်းရုံး သိမ်းသွင်းခဲ့ပြီး၊ ကမ္ဘာသစ် ရောက်ရှိလာပြီးနောက် လူသားမျိုးနွယ်ကို အတူတကွ ပူးတွဲ အုပ်ချုပ်ကြမည်ဟု ကတိကဝတ် ပြုခဲ့ကြသည်။ ထိုသို့သော နည်းဗျူဟာသည် အမှန်တကယ်ပင် ဂိုဏ်းအမြောက်အမြားကို မြူနှင်းဂိုဏ်းနှင့် ပူးပေါင်းလာစေရန် ဆွဲဆောင်နိုင်ခဲ့ချေသည်။
ထို့ကြောင့် သူတို့သည် 'ကမ္ဘာသစ်မဟာမိတ်အဖွဲ့' ဟူသော အမည်နာမတစ်ခုကို ရရှိခဲ့ကြသည်။ သူတို့၏ မျက်စိထဲ၌မူ နတ်မင်းစသည်တော် မဟာမိတ်အဖွဲ့သည် မလွဲမသွေ ဖယ်ရှားရှင်းလင်းပစ်ရမည့် ခေါင်းမာသော အဖျက်သမားများ ဖြစ်လာခဲ့တော့သည်။
ပြည်တွင်းပြည်ပ အကျပ်အတည်းများ ဝန်းရံနေသဖြင့် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သည် မိမိတို့၏ နယ်မြေကို တဖြည်းဖြည်းနှင့် လျှော့ချပစ်ခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့၏ နယ်နိမိတ်အတွင်း၌ လုယွဲ့အင်ပါယာ၊ ရှီးရန်အင်ပါယာနှင့် ချင်ယွမ်အင်ပါယာတို့သာ ကျန်ရှိတော့ပြီး၊ လူသား သိုင်းပညာရှင် တပ်မတော်ကြီးသည်လည်း ထိုအရပ်၌သာ စုစည်းထားကြတော့သည်။
မြင်းဖြတ်အင်ပါယာနှင့် ထန်ဂူဒေသ ကဲ့သို့သော ကုန်းမြေကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက် ဒေသများသည်မူ ကမ္ဘာသစ်မဟာမိတ်အဖွဲ့၏ နယ်မြေများ ဖြစ်သွားခဲ့လေပြီ။
ကံကောင်းသည်မှာမူ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သည် ကမ္ဘာသစ်မဟာမိတ်အဖွဲ့အပေါ်၌ အားသာချက်တစ်ခု ရှိနေသေးခြင်း ဖြစ်သည်၊ အကြောင်းမှာ မြူနှင်းဂိုဏ်းမှလွဲ၍ ကျန်ရှိသော သန့်ရှင်းသော နယ်မြေများ အားလုံးက နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ကို ထောက်ခံ အားပေးနေကြသောကြောင့် ဖြစ်ပေသည်။
အဆုံးသတ်၌မူ ကြားနှင့် စကားပြောရန် ကြိုးပမ်းခြင်းသည် မိမိကိုယ်မိမိ ကြားစာ ဖြစ်အောင် လုပ်သည်နှင့် အတူတူပင် ဖြစ်ကြောင်းကို သူတို့ အားလုံး ကောင်းစွာ သိရှိကြပေသည်။
---
ကျွမ်ယွမ်သည် စီမံခန့်ခွဲမှုများကို တဖြည်းဖြည်းနှင့် ပိုမို တင်းကျပ်လာခဲ့ပြီး၊ အမိန့်အာဏာများကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။ သူ၏ လက်ဝယ်၌ ရှိနေသော လောကဓာတ်၏ မူလအနှစ်သာရ အကြွင်းမဲ့ အပိုင်းအစ အနည်းငယ်ကိုလည်း ခွဲဝေ ပေးအပ်လိုက်ပြီး ဖြစ်သည်။
ယခုအချိန်တွင် အကယ်၍ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး တစ်ဦးတစ်ယောက်မျှသာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သည် တိုက်ပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည် ဖြစ်ချေသည်။
ကျွမ်ယွမ် မည်သည်ကို ကြံစည်နေကြောင်း မည်သူမျှ မသိကြပေ။ သူသည် နေ့စဉ်ရက်ဆက် ထိုအစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများနှင့်သာ တိုင်ပင်ဆွေးနွေးနေခဲ့သော်လည်း သူ၏ လုပ်ရပ်များ နောက်ကွယ်က အကြောင်းအရင်းကိုမူ မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါချေ။
“အစ်ကိုကျွမ်ယွမ်... ယွမ်ဖုန်းရဲ့ လက်ထဲမှာ တကယ့်ကိုပဲ လောကဓာတ်ရဲ့ မူလအနှစ်သာရ အကြွင်းမဲ့ ရှိနေတာ အမှန်ပဲလား” ချင်းလိုင်မျှော်စင်၏ မဟာအကြီးအကဲ ဟုန်ကျန်က မေးမြန်းလိုက်သည်။
ကျွမ်ယွမ်က ပြုံးလိုက်ပြီး “အစ်ကိုဟုန်... စိတ်ပူမနေပါနဲ့၊ ယွမ်ဖုန်းက ဘယ်တော့မှ မလိမ်တတ်ပါဘူး၊ ပြီးတော့ ဒီလောကဓာတ်ရဲ့ မူလအနှစ်သာရတွေကိုလည်း သူကိုယ်တိုင်ပဲ ပေးခဲ့တာလေ၊ သူက ဘာဖြစ်လို့ ငါတို့ကို လိမ်ရမှာလဲ” ဟု ပြောလိုက်သည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့” ဟုန်ကျန်က ခေါင်းညိတ်လိုက်ပြီး “ငါက အသက်ကြီးနေပြီ ဆိုပေမဲ့လည်း နတ်ဘုရားတွေရဲ့ နယ်ပယ်ကိုတော့ တစ်ချက်လောက် ဖြစ်ဖြစ် လှမ်းပြီး ကြည့်ချင်ပါသေးတယ်”
ကျွမ်ယွမ်က ပြုံးလိုက်မိသည်၊ ဟုန်ကျန်သည် သူ့အား စောင်းမြောင်း၍ မကျေမချမ်း ပြောဆိုနေခြင်း ဖြစ်ကြောင်းကို သူ ကောင်းစွာ ရိပ်မိပေသည်။
တစ်နှစ်တာ ကာလအတွင်း ချင်ယွမ်ဖုန်း ဖော်ပြခဲ့သည့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများ အားလုံးသည် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သို့ ရောက်ရှိလာခဲ့ကြရာ၊ ယင်းအထဲတွင် ချင်ယွမ်ဖုန်း၏ ဖခင်ဖြစ်သူ ကျိရှန့်၊ လီမင်နှင့် အကြီးအကဲ နှစ်ဦး ဖြစ်ကြသည့် ယွီကုန်းနှင့် ပညာရှိအဘိုးအိုတို့ ပါဝင်ကြသည်။
ချင်ယွမ်ဖုန်း ကိုယ်တိုင် အလေးအနက် ပြောကြားခဲ့ဖူးသောကြောင့် ကျွမ်ယွမ်သည် အသက်အကြီးဆုံး နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး နှစ်ဦး ဖြစ်ကြသည့် ယွီကုန်းနှင့် ပညာရှိအဘိုးအိုတို့အား လောကဓာတ်၏ မူလအနှစ်သာရကို ပေးအပ်ခဲ့ပြီး၊ ကျန်ရှိသော အပိုင်းလေးပိုင်းကိုမူ တစ်ကိုယ်တော်ကျခံသူ လီမင်၊ ဝူးကျိဂိုဏ်းချုပ် ရှို့ဖျင်၊ ထိုက်ရှီဂိုဏ်းချုပ် ပိုင်ယွဲ့ကန်နှင့် မိချန်ရို့တို့ထံ ခွဲဝေ ပေးအပ်လိုက်သည်။
အသေအချာ စဉ်းစားတွေးတောပြီးနောက် ချင်းလိုင်မျှော်စင်မှ အကြီးအကဲ ဟုန်ကျန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပေရာ၊ ယင်းက သူ့ကို သဘာဝကျကျပင် အလွန် စိုးရိမ်ပူပန်သွားစေခဲ့သည်။
သို့သော်လည်း ကျွမ်ယွမ်တွင်လည်း အခြား ရွေးချယ်စရာ မရှိခဲ့ချေ၊ အကြောင်းမှာ သက်ကြီးရွယ်အို ပညာရှင်ကြီးများနှင့် နှိုင်းယှဉ်ပါက သက်တမ်း နုပျိုသေးသည့် မျိုးဆက်သစ်များက နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်း ပိုမို များပြားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျွမ်ယွမ်အနေဖြင့် မျိုးဆက်သစ် ပညာရှင်များကိုသာ ဦးစားပေး၍ ပေးအပ်ခဲ့ရခြင်း ဖြစ်ပေသည်။
“စိတ်မပူပါနဲ့ အစ်ကိုဟုန်... ဒီတစ်ခေါက် ယွမ်ဖုန်း ပြန်လာရင်တော့ အစ်ကိုလည်း မလွဲမသွေ တစ်စုတစ်စည်း ရမှာပါ” ကျွမ်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သည် မူလက ထိုမျှအထိ အင်အားတောင့်တင်းခဲ့ခြင်း မရှိချေ။ မြူနှင်းဂိုဏ်းက ၎င်းတို့အား ဖြိုခွဲရန် အစွမ်းကုန် ကြိုးပမ်းနေခဲ့သော်လည်း လောကဓာတ်၏ မူလအနှစ်သာရ အကြွင်းမဲ့၏ ဆွဲဆောင်မှုမှာ ကြီးမားလွန်းလှပေရာ၊ ထိုနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီး အနည်းငယ်သည် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့အပေါ် သစ္စာစောင့်သိရိုသေကြောင်း ကြေညာခဲ့ကြပေသည်။
သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်မှာ အနည်းဆုံး နှစ်တစ်ထောင်ခန့် ရှိနေပြီ ဖြစ်ကြောင်းကို ထည့်သွင်း စဉ်းစားရပေမည်။ သူတို့သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးထက်၌ အထွတ်အထိပ် အစွမ်းများကို ပိုင်ဆိုင်ထားကြသော်လည်း နတ်ဘုရားတစ်ပိုင်းတို့၏ သက်တမ်းသည်လည်း အကန့်အသတ် ရှိနေသည် မဟုတ်လော။
နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် ကောင်းကင်ယံကြီးနှင့်အမျှ အသက်ရှည် ထာဝရ တည်တံ့နိုင်မည် ဖြစ်ပေသည်။
မြူနှင်းဂိုဏ်းသည် အလွန်တရာ ဒေါသပုန်ထနေခဲ့သော်လည်း ကျွမ်ယွမ်က မမည်သည့် နည်းလမ်းကို အသုံးပြု၍ ထိုနတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများကို ဆွဲဆောင် ထိန်းသိမ်းထားသည်ကိုမူ မသိရှိကြပါချေ။
ကောင်းကွက်များ ရှိသကဲ့သို့ ဆိုးကွက်များလည်း ရှိနေပေသည်။ ချင်ယွမ်အင်ပါယာ၏ ရှေးဟောင်းတောအုပ်အတွင်းရှိ နတ်ဘုရားတစ်ပိုင်းအဆင့် မိစ္ဆာသားရဲကြီးသည်မူ မြူနှင်းဂိုဏ်း၏ မည်သည့် လျှို့ဝှက်နည်းလမ်းဖြင့် ဆွဲဆောင်လိုက်သည်မသိရဘဲ ကမ္ဘာသစ်မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက် ပူးပေါင်းသွားခဲ့လေတော့သည်။