အခန်း ၉၃၄
Vol. 45 Ch. 934
အခန်း(၉၃၄) မြို့တော်အား သွေးချောင်းစီး သုတ်သင်ခြင်း
အသုံးချနိုင်သော နေရာပြောင်းအစီအရင် အားလုံးသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပေရာ ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေသို့ ပျံသန်း၍သာ သွားရချေတော့သည်။
ယင်းခရီးစဉ်သည် လဝက်မျှ ကြာမြင့်ခဲ့၏။
ထိုအချိန်တွင် တစ်ပါးကျွန်းသား မိစ္ဆာတပ်မတော်သည် သစ်မဟာမိတ်အဖွဲ့ သိမ်းပိုက်ထားသော နေရာအားလုံးသို့ ဖြန့်ကြက်ချထားပြီး ဖြစ်သော်လည်း ၎င်းတို့သည် တိုက်ခိုက်မှု စတင်ရန် လောဆယ် မပြုကြသေးပေ။
ယင်းအချိန်၌ မြူနှင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကျိုတိုသည် ဝူးချီအင်ပါယာအတွင်း၌ ရှိနေချေသည်။ မြူနှင်းဂိုဏ်း၏ ကတိကဝတ်ကြောင့် ထိုနေရာရှိ ဂိုဏ်းအများအပြားသည် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့သို့ သွားရောက်ပူးပေါင်းခြင်း မရှိကြပေ။
တစ်ချိန်တည်းမှာပင် ထိုဒေသများရှိ သာမန်အရပ်သားများသည်လည်း မိမိတို့သည် ကမ္ဘာမဟာမိတ်အဖွဲ့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် နေထိုင်နေရသည်ဟု ထင်မှတ်နေကြပြီး တစ်ပါးကျွန်းသား မိစ္ဆာများ၏ ကျူးကျော်ဝင်ရောက်မှုသည် ၎င်းတို့နှင့် ဘာမျှမသက်ဆိုင်သကဲ့သို့ ရှိနေကြချေသည်။
ဝူချီအင်ပါယာအတွင်းရှိ မြို့ကြီးတစ်မြို့ဖြစ်သော နေမင်းမြို့တော်တွင်မူ ယခုအခါ သိုင်းပညာရှင်အားလုံးသည် ကမ္ဘာသစ်မဟာမိတ်အဖွဲ့၏ စစ်သည်တော်များအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း ခံရပြီး အရပ်ရပ်သို့ စေလွှတ်ခြင်း ခံလိုက်ရပေရာ မြို့တွင်း၌ သိုင်းပညာရှင် အရေအတွက် အနည်းငယ်နှင့် သာမန်လူသားများသာ ကျန်ရှိတော့သည်။
သွေးဆာမိစ္ဆာမင်းသားသည် ခပ်အေးအေး အပြုံးတစ်ခုကို မျက်နှာတွင် ဆင်မြန်းလျက် မိစ္ဆာစစ်သည်တော် အနည်းငယ်ကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်ရောက်လာချေသည်။
မြို့ထဲရှိ သာမန်လူသားများသည် ရက်စက်ကြမ်းကြုတ်သော ရုပ်အဆင်းရှိသည့် မိစ္ဆာများကို မြင်သောအခါ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လျက် ဝေးဝေးမှသာ ရှောင်ကွင်းသွားကြ၏။
သွေးဆာမိစ္ဆာမင်းသားသည် တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာပြီး ပထမထပ် ဧည့်ခန်းမဆောင်၌ ဝင်ထိုင်လိုက်သည်။
တည်းခိုခန်းပိုင်ရှင်သည် ရိုသေခန့်ညားသော အမူအရာဖြင့် အပြေးအလွှား ရောက်ရှိလာချေသည်။ သူသည်လည်း ထိုတစ်ပါးကျွန်းသား မိစ္ဆာများကို ကြောက်ရွံ့မိသော်လည်း နောင်အနာဂတ်တွင် ယင်းမိစ္ဆာများက ဤနေရာကို စိုးမိုးအုပ်ချုပ်လိမ့်မည်ဟု တွေးတောကာ အံကိုကြိတ်၍ ရောက်လာခြင်း ဖြစ်ပေသည်။
"မင်းတို့လူသားတွေ စားတဲ့ အစားအသောက် အကုန်လုံး ယူလာခဲ့" ဟု မိစ္ဆာတစ်ကောင်က ခပ်အေးအေး ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာတို့ ခဏလောက် စောင့်ကြပါ" တည်းခိုခန်းပိုင်ရှင်သည် ပြင်ဆင်ရန်အတွက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
တည်းခိုခန်းပိုင်ရှင်အပြင် မြို့ထဲရှိ အခြားလူအများအပြားသည်လည်း မိစ္ဆာများကို ဖားယားလိုကြသဖြင့် ဖိတ်ခေါ်ခြင်းမရှိဘဲ တည်းခိုခန်းသို့ စုပြုံရောက်ရှိလာကြချေသည်။
"အရှင်မင်းကြီး ကျွန်တော်က ပန်းလိုင်ဂေဟာရဲ့ တာဝန်ခံပါ၊ မိစ္ဆာတပ်မတော်အတွက် ကုသရေးဆေးလုံးတစ်သုတ် ထောက်ပံ့ပေးဖို့ ဆန္ဒရှိပါတယ်"
"အရှင်မင်းကြီး ကျွန်တော်ကတော့ သက်တံဂေဟာရဲ့ တာဝန်ခံပါ၊ ကျွန်တော်တို့ဆိုင်က အဝတ်ချပ်ဝတ်တန်ဆာတွေက မိစ္ဆာတို့ ဝတ်ဆင်ဖို့ အတော်ပဲ ဖြစ်မှာပါ"
---
ခဏချင်းတွင်ပင် မြို့ထဲ၌ အခြေအမြစ်ရှိသော စီးပွားရေးလုပ်ငန်းရှင် တစ်ဒါဇင်ကျော်တို့သည် ဤနေရာသို့ ရောက်ရှိလာကြပြီး တစ်ပါးကျွန်းသား မိစ္ဆာများထံ သစ္စာခံရန် အလုအယက် ဖြစ်နေကြချေသည်။ လူသားတို့၏ ဖားယားလိုသော အောက်ကျို့မှုသည် ယခုအခါတွင် အထင်အရှား ပေါ်လွင်နေတော့သည်။
သွေးဆာမိစ္ဆာမင်းသားသည် အသာအယာသာ ခေါင်းညိတ်ပြပြီး ခဏအကြာတွင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ အားလုံးပဲ ထိုင်ကြ၊ အစားအသောက်လေး ဘာလေး စားကြတာပေါ့" သွေးဆာမိစ္ဆာမင်းသားက လှောင်ပြုံးဖြင့် ပြောဆိုလိုက်၏။ သူ၏မျက်လုံးထဲတွင် ထိုလူသားများသည် ဝက် သို့မဟုတ် သိုးများနှင့် ဘာမျှမခြားနားပေ။
ယင်းကို ကြားရသောအခါ ထိုလူများသည် အားလုံး လိုက်လံရယ်မောလျက် ထိုင်လိုက်ကြပြီး မိမိတို့သည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ ခြေတော်ရင်းသို့ ကပ်ပါးရပ်ပါး လုပ်နိုင်ပြီဟု ထင်မှတ်နေကြချေသည်။
"ဟေ့ နင်က ဘာကို သဘောကျလို့ ရယ်နေတာလဲ" လူသားတစ်ယောက် ပျော်ရွှင်စွာ ရယ်မောနေသည်ကို မြင်သောအခါ သွေးဆာမိစ္ဆာမင်းသားသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ညှိုးထိပ်မှ မိစ္ဆာချီစွမ်းအင်တစ်ခု ရုတ်တရက် ပန်းထွက်သွားချေသည်။
မိစ္ဆာချီစွမ်းအင်သည် ထိုလူသား၏ နဖူးအလယ်တည့်တည့်ကို ဖောက်ထွင်းသွားပေရာ သွေးများ တသွင်သွင် စီးကျလာပြီး ပတ်ဝန်းကျင်ရှိ လူသားများကို လန့်ဖျန့်သွားစေသဖြင့် မည်သူမျှ ထပ်မံ၍ မပြုံးရဲကြတော့ပေ။
တည်းခိုခန်းတာဝန်ခံသည် အစားအသောက်များကို အမြန်ယူဆောင်လာရာ ထိုအလောင်းကို မြင်သောအခါ အသက်ပင် ဝဝမရှူရဲတော့ပေ။
"အစားအသောက်တွေ ရပြီပဲ၊ အားလုံး စားကြပါ" စိတ်ပြောင်းလဲလွယ်ပုံရသော သွေးဆာမိစ္ဆာမင်းသားသည် လူသတ်မှုများ ဘယ်တုန်းကမျှ မဖြစ်ခဲ့ဖူးသည့်အလား ပြုံးရယ်လျက် ပြောဆိုလိုက်ပြန်သည်။
ပြေးဝင်လာကြသော လူသားတစ်ဒါဇင်ကျော်တို့သည် ရင်ထဲ၌ ခါးသက်မှုကို ခံစားလိုက်ရချေသည်။ တစ်ပါးကျွန်းသား မိစ္ဆာများသည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်ပြီး အသေးအဖွဲကိစ္စ သို့မဟုတ် ထူးဆန်းသော အကြောင်းပြချက်များဖြင့် လူကို သတ်ဖြတ်လိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ခဲ့ကြပေ။
ထို့ကြောင့် ၎င်းတို့ထဲမှ မည်သူမျှ အစားမစားရဲကြပေ။
"ငါက စားလို့ ပြောနေတာကို ဘာလို့ ဘယ်သူမှ မစားကြတာလဲ" သွေးဆာမိစ္ဆာမင်းသားက နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ညှိုးထိပ်မှ မိစ္ဆာချီစွမ်းအင်တစ်ခု ထပ်မံထွက်ပေါ်ကာ လူတစ်ယောက်၏ နဖူးကို ဖောက်ထွင်းသွားပြန်သည်။
နောက်ထပ်လူတစ်ယောက် သေဆုံးသွားခြင်းသည် ရောက်နေသောလူများ၏ ရင်ထဲ၌ ကြောက်ရွံ့မှုကို ပိုမိုပြင်းထန်လာစေပေရာ ၎င်းတို့သည် ပန်းကန်နှင့် တူများကို အလျင်အမြန် ကောက်ကိုင်၍ အစားအစာများကို ကပျာကယာ သုတ်သင်ကြတော့သည်။
"ငါစားခိုင်းတိုင်း နင်တို့က စားနိုင်မယ် ထင်နေတာလား"
သွေးဆာမိစ္ဆာမင်းသားသည် နောက်ပြောင်ကျီစယ်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး သူ၏လက်ညှိုးထိပ်မှ မိစ္ဆာချီစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာပေရာ လူသားတစ်ဒါဇင်ကျော်တို့သည် မည်သည့်အကြောင်းရင်းမျှမရှိဘဲ ဤနေရာ၌တင် သေဆုံးသွားကြရချေတော့သည်။
ထိုလူများသည် လောဘဇောတိုက်ခဲ့ကြခြင်း ဖြစ်ပေသည်။ မိစ္ဆာများ ကျူးကျော်လာစဉ်ကတည်းက ၎င်းတို့ အားကောင်းသည်ကို သိရှိထားကြပြီး ခိုလှုံခြင်းသည် နောက်ဆုံး ရွေးချယ်စရာ ဖြစ်ခဲ့သော်လည်း ယင်းသို့မဟုတ်ပါက မည်သူက ထိုမိစ္ဆာများနှင့် အတူနေထိုင်လိုပါအံ့နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားတစ်ဒါဇင်ကျော် သေဆုံးသွားသော်လည်း သွေးဆာမိစ္ဆာမင်းသားအတွက်မူ ယင်းသည် အသေးအဖွဲကိစ္စမျှသာ ဖြစ်ချေသည်။
တည်းခိုခန်းပိုင်ရှင်သည် ကြောက်လန့်တုန်လှုပ်လျက် စကားတစ်ခွန်းမျှ မဟရဲဘဲ တစ်ကိုယ်လုံး သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရင်နေတော့သည်။
"ဒီဟင်းတွေက စားလို့မရဘူး၊ အသစ်တစ်ပွဲ ထပ်ပြင်ခဲ့ဦး" သွေးဆာမိစ္ဆာမင်းသားက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
တည်းခိုခန်းပိုင်ရှင်သည် အလျင်အမြန် ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့ပါ ဆရာ၊ ခဏလောက် စောင့်ပေးပါ" ဟု ဆိုလေသည်။
သွေးဆာမိစ္ဆာမင်းသားသည် ရယ်မောလိုက်ပြီး "ဒီလူတွေက ငါနဲ့အတူ ထမင်းစားချင်ကြတာလား၊ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ" ဟု ဆို၏။
"မှန်လှပါ၊ အရှင်မင်းသားရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးမို့လို့လဲ၊ ဒီလူသားတွေက အရှင်မင်းသားရဲ့ မျက်စိကို အနှောင့်အယှက်ပေးရုံပဲ ရှိတာပါ"
အနီးနားရှိ မိစ္ဆာတစ်ကောင်က ရယ်မော၍ ထောက်ခံပြောဆိုလိုက်ပေရာ အခြားမိစ္ဆာများသည်လည်း လူသားအချို့ကို သတ်ဖြတ်ခြင်းသည် အသေးအဖွဲကိစ္စမျှသာ ဖြစ်သည့်အလား လိုက်လံရယ်မောကြချေသည်။
အစားအသောက်များကို လျင်မြန်စွာ တည်ခင်းလာပြီး သွေးဆာမိစ္ဆာမင်းသားနှင့် သူ၏အပေါင်းအပါများသည် အစားအစာများကို စားသုံးပြီးနောက် အသာအယာ မတ်တပ်ရပ်လိုက်ကြသည်။
"ကဲ မြို့ထဲက လူတွေက တကယ့်ကို မျက်စိနောက်စရာ ကောင်းလှတယ်၊ အကုန်လုံးကို သတ်ပစ်လိုက်ကြ" သွေးဆာမိစ္ဆာမင်းသားက အေးဆေးစွာ အမိန့်ပေးလိုက်၏။
သူ၏မိစ္ဆာလက်အောက်ငယ်သားများသည် အားလုံး ဦးညွှတ်နာခံကြပြီးနောက် နေမင်းမြို့တော်အတွင်း၌ သွေးချောင်းစီး သုတ်သင်ခြင်းကို စတင်ကြတော့သည်။
မြို့ထဲတွင် သိုင်းပညာရှင်အချို့ ကျန်ရှိနေသေးသော်လည်း ၎င်းတို့သည် အားလုံး အဆင့်နိမ့် သိုင်းပညာရှင်များသာ ဖြစ်ကြချေသည်။ ထို့အပြင် သွေးဆာမိစ္ဆာမင်းသား၏ လက်အောက်တွင် ဘုရင်နယ်ပယ်အဆင့်ရှိသော အစွမ်းထက် မိစ္ဆာစစ်သည်တော် နှစ်ယောက် ပါဝင်နေပေရာ မြို့ထဲရှိ လူများသည် ၎င်းတို့ကို မည်သို့မျှ မတွန်းလှန်နိုင်ကြပေ။
မြို့ပြင်ပတ်ဝန်းကျင်ကိုလည်း သွေးဆာမိစ္ဆာမင်းသား၏ လက်အောက်ရှိ စစ်သည်တော်များက လုံးဝဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်သဖြင့် မြို့ထဲမှ မည်သူမျှ လွတ်မြောက်နိုင်ခြင်း မရှိကြချေ။
သုတ်သင်ခြင်း ပြီးဆုံးသောအခါ သွေးဆာမိစ္ဆာမင်းသားသည် သူ၏လူများကို မြို့အား မီးရှို့ရန် အမိန့်ပေးလိုက်ပေရာ မြို့တော်တစ်ခုလုံး ပြာအတိ ဖြစ်သွားရချေသည်။ တစ်ချိန်က စည်ကားလှပခဲ့သော နေမင်းမြို့တော်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားတော့သည်။
ယင်းတို့အားလုံးကို ပြုလုပ်ပြီးနောက် သွေးဆာမိစ္ဆာမင်းသားသည် ထွက်ခွာရန် ပြင်ဆင်လိုက်၏။
သို့သော် ထိုခဏ၌ပင် ကောင်းကင်ယံ၌ ဖြူဖွေးသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သွေးဆာမိစ္ဆာမင်းသား၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာချေသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ မြူနှင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကျိုတိုပင် ဖြစ်ပေသည်။
ကျိုတိုသည် ဒေါသအမျက်ချောင်းချောင်း ထွက်လျက် သွေးဆာမိစ္ဆာမင်းသားထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သော်လည်း သွေးဆာမိစ္ဆာမင်းသားက ယင်းကို အလွယ်တကူပင် ခုခံကာကွယ်လိုက်၏။
"ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ ဂိုဏ်းချုပ်ကျိုတို" သွေးဆာမိစ္ဆာမင်းသားက ပြုံးလျက် မေးမြန်းလိုက်သော်လည်း ကိုးဆင့်မြောက် ဘုရင်နယ်ပယ် ဖြစ်သော ကျိုတိုကို သူ၏စိတ်ထဲတွင် ဂရုမစိုက်ပေ။
"နင်တို့ မိစ္ဆာတွေ... ဘာဖြစ်လို့ မြို့ကို သွေးချောင်းစီး သုတ်သင်ရတာလဲ" ကျိုတိုက ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။
"ဟားဟားဟား ဂိုဏ်းချုပ်ကျိုတို... နင် တစ်ခုခု မှားယွင်းတွေးတောနေပြီ ထင်တယ်၊ ငါတို့က မြို့တွေကို မဖျက်ဆီးပါဘူးလို့ နင်တို့ကို ဘယ်တုန်းကမှ ကတိမပေးခဲ့ဖူးဘူးလေ" သွေးဆာမိစ္ဆာမင်းသားက ဂရုမစိုက်ဟန်ဖြင့် ရယ်မောကာ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ နင်တို့က ငါတို့ကို မြေကမ္ဘာရဲ့ တစ်ဝက်ကို ပေးမယ်လို့ ကတိပြုခဲ့ပြီး အဲဒီတစ်ဝက်ကို ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ" ကျိုတိုက ခပ်အေးအေး ပြောလိုက်၏။ "ငါမှာ နတ်ဆိုးဘုရင်ရဲ့ တားမြစ်ချက် ရှိနေသေးတယ်၊ အဆိုးဆုံးဖြစ်လာရင် ငါတို့ အသေအကြေ တိုက်ခိုက်ကြတာပေါ့"
"ဂိုဏ်းချုပ်ကျိုတို... မလောပါနဲ့ဦး" သွေးဆာမိစ္ဆာမင်းသားသည် အကူအညီမဲ့ဟန်ဖြင့် ခေါင်းခါလိုက်ပြီး "ငါတို့ပြောတာက ငါတို့မိစ္ဆာမျိုးနွယ်စုတွေ တစ်ကိုယ်လုံး ရှန်းဝူ စကြဝဠာ တိုက်ကြီးကို သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းကိစ္စကို ပြောတာလေ၊ ဒါ့အပြင် နင်တို့ကို ပေးမယ့် တစ်ဝက်ဆိုတာက အခု နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ ရှိနေတဲ့ နေရာကို ပြောတာ၊ ဒီဘက်တစ်ဝက်ကတော့ ငါတို့ပိုင်တာလေ"
"ငါတို့ပိုင်တာ ဖြစ်တဲ့အတွက် ငါတို့ စိတ်ကြိုက် လုပ်ပိုင်ခွင့် ရှိတာပေါ့"
သွေးဆာမိစ္ဆာမင်းသား၏ လှည့်ပတ်ပြောဆိုသော စကားများကို ကြားရသောအခါ ကျိုတို၏ ဒေါသမီးသည် ပိုမိုတောက်လောင်လာပြီး နတ်ဆိုးဘုရင်ကို သတ်ရန် တားမြစ်ချက်ကို စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်ပေသည်။
သို့သော်လည်း အချိန်အတော်ကြာပြီးနောက်တွင်မူ ကျိုတိုသည် ပြန်လည်တည်ငြိမ်သွားချေသည်။ ယခုအခါတွင် ယင်းသည် ၎င်းတို့ဂိုဏ်းတစ်ခုတည်း၏ ကိစ္စမဟုတ်တော့ဘဲ အခြားသော ဂိုဏ်းအများအပြားကိုလည်း ဆွဲသွင်းထားမိပြီး ဖြစ်ပေရာသတည်း။