အခန်း ၉၃၅
Vol. 45 Ch. 935
အခန်း(၉၃၅) သတ်ဖြတ်ခြင်းစနစ်
ထို့အပြင် မိစ္ဆာစစ်တပ်သည် ကမ္ဘာသစ်မဟာမိတ်အဖွဲ့ တည်ရှိရာနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့က ကတိပျက်ဖျက်လျှင်ပင် ထိုတစ်ပါးကျွန်းသား မိစ္ဆာများ၏ ပထမဆုံး တိုက်ခိုက်ခြင်းကို ခံရမည့်သူမှာ ၎င်းတို့သာ ဖြစ်ချေသည်။
“ကောင်းပြီလေ... ငါကိုယ်တိုင် မင်းတို့ရဲ့ နတ်ဆိုးဘုရင်ဆီသွားပြီး ရှင်းလင်းချက်တောင်းရတာပေါ့၊ သူက ငါ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
ကျိုတိုသည် စကားဆုံးသည်နှင့် ကောင်းကင်ယံသို့ ပျံတက်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သွေးဆာမိစ္ဆာမင်းသားက တံတွေးတစ်ချက်ထွေးကာ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ခေါင်းခါလိုက်ရင်း ပြောလေသည်။
“နံစော်နေတဲ့ မိန်းမကြီးက ငါတို့နဲ့ တန်းတူရပ်တည်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား၊ ဘယ်လောက်တောင် အိပ်မက်ယောင်နေလိုက်သလဲ”
“ကဲ... သွားကြစို့၊ နောက်ထပ် မြို့တစ်မြို့ကို ဆက်သွားကြမယ်၊ အဲဒီက ခုခံမှုက ဒီထက်ပိုပြီး ပြင်းထန်ဖို့ မျှော်လင့်ရတာပဲ”
---
တစ်ပါးကျွန်းသား မိစ္ဆာများ မြို့များကို လိုက်လံသတ်ဖြတ်နေခြင်းမှာ သွေးဆာမိစ္ဆာမင်းသား တစ်ဦးတည်း လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းအစား ထိုအရာက တစ်ပါးကျွန်းသား မိစ္ဆာစစ်တပ် အားလုံး စတင်လုပ်ဆောင်လာကြသည့် အပြုအမူ ဖြစ်ချေသည်။
သိမ်းပိုက်ခံထားရသော နယ်မြေများအတွင်း၌ နားမခံသာလောက်အောင် ကျယ်လောင်လှသည့် စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးသံများ ဖုံးလွှမ်းနေတော့သည်။ ၎င်းတို့အနေဖြင့် ဤကဲ့သို့သော အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ကြပေ။
အချို့သော မြို့များမှာ တိုက်ခိုက်ခြင်း မခံရသေးသော်လည်း လူများသည် သတင်းကို ကြားသိရပြီးနောက် မြို့များကို စွန့်ခွာကာ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ တည်ရှိရာ အရပ်မျက်နှာသို့ ဦးတည်ထွက်ပြေးကြတော့သည်။
ကမ္ဘာသစ်မဟာမိတ်အဖွဲ့ အတွင်း၌ပင်လျှင် ကွဲပြားခြားနားသော ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့ချေပြီ။
အချို့သော သိုင်းပညာရှင်များ၏ မိသားစုများသည် မြို့ပြများ၌ နေထိုင်ကြသဖြင့် မြို့များမှာ တစ်ပါးကျွန်းသား မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံနေရသဖြင့် ၎င်းတို့က သဘာဝကျကျပင် သဘောမတူ ကန့်ကွက်ကြသော်လည်း ထိုကန့်ကွက်မှု အားလုံးကို မြူနှင်းဂိုဏ်းက ဖိနှိပ်ချုပ်ချယ်ထားလိုက်သည်။
ထို့အပြင် မြူနှင်းဂိုဏ်းက နောင်တစ်ချိန်တွင် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ တည်ရှိရာ နေရာမှန်သမျှသည် ၎င်းတို့၏ နယ်မြေဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲကာ စိတ်ကြိုက် လုပ်ဆောင်နိုင်ခွင့်ရှိမည်ဟု ကတိပြုခဲ့လေသည်။
ထိုအကျိုးဆက်ကြောင့် ဂိုဏ်းများစွာမှာ စိတ်အေးသွားကြရသည်။ အကယ်၍ အခြေအနေများက အရေးမပါတော့လျှင်ပင် ၎င်းတို့အနေဖြင့် ဝိညာဉ်စွမ်းအင် ကြွယ်ဝလှသော နယ်မြေကျယ်ကြီးတစ်ခုကို သတ်မှတ်ကာ အခြေစိုက်အမြစ်တွယ်ပြီး ၎င်းတို့၏ အင်အားကို တဖြည်းဖြည်းချင်း တိုးချဲ့သွားနိုင်ပေရာ ထိုသို့ တွေးတောမိကြခြင်း ဖြစ်တန်ရာသည်။
သို့သော်လည်း လူအများစုမှာမူ တစ်ပါးကျွန်းသား မိစ္ဆာများ၏ လောဘရမ္မက်ကြီးမားလှသော ဝံပုလွေရိုင်း သဘာဝကို မြင်အောင်ကြည့်နိုင်ကြသဖြင့် ၎င်းတို့၏ စကားကို မယုံကြည်ကြတော့ပေ။ မည်သို့ပင်ဆိုစေ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် မည်သည့်အရာမျှပင် မစတင်ရသေးမီကတည်းက ကတိကဝတ်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်ချေသည်။
ယင်းကြောင့် ကမ္ဘာသစ်မဟာမိတ်အဖွဲ့ အတွင်း၌ မုန်တိုင်းမုန်တိုင်းထန်ရန် အခြေအနေများ တရိပ်ရိပ် ဖြစ်ပေါ်နေချိန်တွင် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့မှာမူ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ငြိမ်သက်နေဆဲပင် ဖြစ်သည်။
---
ယန်ရုအင်ပါယာ၏ မည်သည့်အဆောက်အအုံမျှမရှိဘဲ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးသည် နတ်ဆိုးဘုရင်ကို လွန်စွာ သဘောကျနှစ်သက်စေသဖြင့် ၎င်းက ကိုယ်တိုင်ပင် ထိုနေရာ၌ စံအိမ်တော်ကို တည်ဆောက်ခဲ့လေသည်။
ယန်ရုအင်ပါယာ အတွင်း၌လည်း မိစ္ဆာများသည် ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို စတင်ခဲ့ကြပြီး မြင်သမျှလူမှန်သမျှကို သတ်ဖြတ်ချေမှုန်းခဲ့ကြသည်။ လူသားများအားလုံး ပုန်းအောင်းကုန်ကြသည်ကို သိရှိရသောအခါ မိစ္ဆာစစ်တပ်သည် လူသားများ၏ အရိပ်အယောင်ကို ရှာဖွေရန်အတွက် စစ်ကြောင်းအသေးလေးများ ခွဲထုတ်လိုက်ကြတော့သည်။
ကျိုတိုသည် နတ်ဆိုးဘုရင်၏ ရှေ့မှောက်သို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့ပြီး အဘယ်ကြောင့် လူသားများကို လိုက်လံသတ်ဖြတ်နေရသနည်းဟု မေးခွန်းထုတ် စစ်ဆေးခဲ့လေသည်။ သို့သော်လည်း နတ်ဆိုးဘုရင်က သွေးဆာမိစ္ဆာမင်းသား ပြောခဲ့သည့်အတိုင်း အလားတူစကားမျိုးကို ပြောဆိုကာ ကျိုတိုကို အလွယ်တကူပင် မောင်းထုတ်ပစ်ခဲ့ချေသည်။
သို့သော်လည်း ကျိုတိုမှာ ဒေါသထွက်နေရုံမှတစ်ပါး မည်သည့်အရာမျှ မတတ်နိုင်ခဲ့ပေ။ ယခုအချိန်တွင်မူ သူသည် နတ်ဆိုးဘုရင်အတွက် စိုက်ပျိုးပေးထားသည့် အခွင့်အရေးကိုသာ အားကိုးချက်အဖြစ် အသုံးပြုနိုင်တော့ပေရာ ထိုမိစ္ဆာများ အောင်မြင်သွားပြီးနောက် လူသားများအတွက် နယ်မြေတစ်စိတ္တပိုင်း ပေးလိမ့်မည်ဟုသာ မျှော်လင့်နေရတော့သည်။
ယခုအခါ ၎င်းတို့အတွက် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။ အကယ်၍ ၎င်းတို့သည် ယခုအချိန်မှစ၍ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့နှင့် သွားရောက်ပူးပေါင်းလျှင်ပင် သစ္စာဖောက်များအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး လူသားများကို သတ်ဖြတ်ခဲ့သည့် ကြံရာပါများအဖြစ်သာ သတ်မှတ်ခြင်း ခံရပေလိမ့်မည်။
---
ဂီရီလီတာနာ မြစ်အနီးတွင် လူတစ်ရာကျော်ခန့်ရှိသော လူအုပ်စုတစ်စုသည် ခက်ခဲပင်ပန်းစွာ ခရီးနှင်နေကြသည်။ ၎င်းတို့၏ ဦးတည်ရာမှာ ဝမ်တောင်တန်း၏ ဟိုဘက်အလွန်တွင်ရှိသော နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့ဆီသို့ ဖြစ်ချေသည်။
“အဖေ... သမီးတို့ အစကတည်းက လုယွဲ့အင်ပါယာကို သွားခဲ့သင့်တာ”
အမျိုးသမီးတစ်ဦးက အားကိုးရာမဲ့နေသော လေသံဖြင့် ပြောလိုက်သည်။ အကယ်၍ ချင်ယွမ်ဖုန်းသာ ဤနေရာ၌ ရှိနေပါက ထိုသူကို သေချာပေါက် မှတ်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ အခြားသူမဟုတ်ဘဲ နာရင်ထူးယား ဖြစ်နေသောကြောင့်ပင်။
အဖေဟု အခေါ်ခံရသူမှာလည်း ယန်ရုအင်ပါယာ၏ ခန်ဘုရင် ဖြစ်သော မန်တာပင် ဖြစ်ချေသည်။ သို့သော်လည်း ယခုအခါတွင်မူ ၎င်းတို့သည် လွန်စွာ သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်နေကြရရှာသည်။
အစောပိုင်းတွင် မြူနှင်းဂိုဏ်းက အကယ်၍ တစ်ပါးကျွန်းသား မိစ္ဆာများ ရောက်ရှိလာလျှင်ပင် ပူးပေါင်းဆောင်ရွက်သရွေ့ အန္တရာယ်ပြုမည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။ သို့သော်လည်း ထိုတစ်ပါးကျွန်းသား မိစ္ဆာများ အမှန်တကယ် ရောက်ရှိလာသောအခါတွင်မူ ၎င်းတို့ လွန်စွာ အံ့အားသင့်သွားခဲ့ကြရသည်။
အဘယ်ကြောင့်ဆိုသော် ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် ၎င်းတို့၏ သတ်ဖြတ်ခြင်းကို စတင်ခဲ့ပြီး လူသားမှန်သမျှသည် ၎င်းတို့၏လက်ချက်ဖြင့် သေဆုံးကြရမည် ဖြစ်သောကြောင့်ပင်။ မန်တာသည် လွန်စွာ ဒေါသထွက်ခဲ့ရပြီး သစ္စာဖောက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် ထိုမိစ္ဆာများနှင့် အမှန်တကယ် ဆက်သွယ်ရန် မဝံ့ရဲခဲ့ကြဘဲ ယခုအခါတွင် လှုပ်ရှားသံများကို ကြားသိရသဖြင့် သဘာဝကျကျပင် အမြန်ဆုံး ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ဤနေရာသည် ဝမ်တောင်တန်းနှင့် လွန်စွာ ဝေးကွာနေဆဲပင် ဖြစ်သည်။ မန်တာအနေဖြင့် နာရင်ထူးယားကို ခေါ်ဆောင်ကာ ပိုမိုမြန်ဆန်စွာ ပြေးနိုင်သော်လည်း သူ၏ သစ္စာရှိသော လက်အောက်ငယ်သားများမှာမူ နောက်ကျကျန်ရစ်ခဲ့ပေလိမ့်မည်။
ထို့ကြောင့် မန်တာသည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။
၎င်းတို့အနေဖြင့် လုယွဲ့အင်ပါယာသို့ အေးအေးချမ်းချမ်းဖြင့် တောက်လျှောက် ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း တစ်ပါးကျွန်းသား မိစ္ဆာစစ်ကြောင်းငယ်တစ်ခု၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရချေသည်။
ထိုမိစ္ဆာစစ်ကြောင်းတွင် လူတစ်ဒါဇင်ကျော်ခန့် ပါဝင်ပြီး တစ်ဦးချင်းစီမှာ မဟာဆရာနယ်ပယ် အထက်တွင် ရှိကြကာ ခေါင်းဆောင်ဖြစ်သူမှာမူ ဘိုးဘေးနယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤမြက်ခင်းပြင် အရပ်သားများအပေါ် မည်သည့်ကရုဏာမျှ ပြသမည်မဟုတ်သည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
မန်တာ၏ လူများသည် မန်တာ ထွက်ပြေးလွတ်မြောက်နိုင်စေရန်အတွက် မိစ္ဆာများကို အသက်စွန့်၍ တားဆီးခဲ့ကြသော်လည်း ၎င်းတို့အားလုံး သေဆုံးသွားခဲ့ရသည့်တိုင်အောင် မန်တာမှာမူ ဖမ်းဆီးခြင်း ခံလိုက်ရဆဲပင်။
မိစ္ဆာတစ်ဒါဇင်ခန့်သည် မန်တာနှင့် နာရင်ထူးယားကို ဝိုင်းရံထားကြပြီး အားလုံး၏ မျက်နှာထက်တွင် ရမ္မက်ဇာတ်သွင်းထားသော အပြုံးများ ရှိနေကြသည်။
“ညီအစ်ကိုတို့... အဲဒီလူသားမလေးက တော်တော်လေး အဆင့်အတန်းရှိတာပဲ၊ ငါ အရင်ဆုံး မြည်းစမ်းကြည့်မယ်၊ ပြီးရင်တော့ မင်းတို့ စိတ်ကြိုက်သာ လုပ်ကြတော့”
မိစ္ဆာခေါင်းဆောင်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
အခြားသော မိစ္ဆာများသည်လည်း ရွံရှာဖွေကောင်းသော ရယ်မောသံများကို ထွက်ပေါ်စေကြသည်။
နာရင်ထူးယားသည် ထိုစကားကို ကြားရသောအခါ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။ ဤမိစ္ဆာများ၏ လက်ထဲသို့ ကျရောက်သွားခြင်းက သေရသည်ထက်ပင် ပိုမိုဆိုးဝါးလိမ့်မည်ကို သူမ ကောင်းစွာ သိရှိနေချေသည်။
“အဖေ.. သမီးကို သတ်လိုက်ပါ၊ သမီးကို သတ်ပေးပါ၊ သမီး သူတို့လက်ထဲကို မကျရောက်ချင်ဘူး”
နာရင်ထူးယားက ငိုကြွေးကာ တောင်းပန်တိုးလျှိုးနေရှာသည်။
မန်တာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေတော့သည်။ မြက်ခင်းပြင်၏ ဂုဏ်သိက္ခာကြီးမားလှသော ခန်ဘုရင်တစ်ပါးဖြစ်သည့် သူသည် ယခုကဲ့သို့သော အခြေအနေမျိုးအထိ ကျဆင်းသွားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
၎င်းတို့နှစ်ဦးစလုံး မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်နေစဉ်မှာပင် ကောင်းကင်ယံမှ မျက်စိကျိန်းမတတ် လင်းထိန်လှသော လျှပ်စီးကြောင်းကြီးတစ်ခု ချက်ချင်းဆိုသလို ကျဆင်းလာပြီး ထိုတစ်ပါးကျွန်းသား မိစ္ဆာခေါင်းဆောင်၏ ခန္ဓာကိုယ်တည့်တည့်သို့ ထိမှန်သွားတော့သည်။
မိစ္ဆာခေါင်းဆောင်သည် အလန့်တကြား အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ချက်ချင်းဆိုသလိုပင် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားရရှာသည်။
ဤအပြောင်းအလဲက မိစ္ဆာများကို ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားစေသော်လည်း မန်တာနှင့် နာရင်ထူးယား၏ မျက်ဝန်းများထဲတွင်မူ မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်တောက်ပလာခဲ့ချေပြီ။
လေထုထဲမှ လူရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်ဖဝါးနှစ်ဖက်လုံးတွင် လျှပ်စီးကြောင်းများ တဖျတ်ဖျတ် မြည်ဟီးနေကာ ကြည့်ရှုရသည်မှာ လွန်စွာ ခန့်ညားထည်ဝါလှသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဤနေရာသို့ ရောက်ရှိလာသည့် ချန်ဖန်းပင် ဖြစ်ချေသည်။
ချန်ဖန်းကို မြင်တွေ့ရသောအခါ ကျန်ရှိနေသော မိစ္ဆာများသည် အလိုအလျောက်ပင် နောက်သို့ နှစ်လှမ်းခန့် ဆုတ်ခွာသွားကြသည်။ ၎င်းတို့အနေဖြင့် ဤသူမှာ မိမိတို့ အနိုင်ယူနိုင်မည့် ရန်သူမဟုတ်ကြောင်း သိရှိသွားကြသဖြင့် လှည့်ထွက်ပြေးရန် ပြင်ကြသော်လည်း ချန်ဖန်းက ၎င်းတို့ကို အလွယ်တကူပင် လိုက်လံသတ်ဖြတ်ပစ်ခဲ့လေသည်။
ထိုမိစ္ဆာတစ်ဒါဇင်ကျော်ကို ရှင်းလင်းပြီးနောက် ချန်ဖန်းသည် နာရင်ထူးယားနှင့် အခြားတစ်ဦး၏ ရှေ့မှောက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
“ ကျေးဇူးတင်ပါတယ် ဆရာ”
မန်တာက ရိုးသားစွာ ပြောဆိုလိုက်သည်။
ချန်ဖန်းက ခေါင်းခါလိုက်ရင်း မေးလေသည်။
“မင်းတို့ လုယွဲ့အင်ပါယာဘက်ကို ဦးတည်နေတာ မဟုတ်လား”
“ဟုတ်ပါတယ်... ကျွန်တော်နဲ့ ကျွန်တော့်သမီးက နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းချင်လို့ပါ”
မန်တာက အလျင်အမြန် ပြောလိုက်သည်။ မိမိတို့ကို ကယ်တင်ခဲ့သူမှာ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့မှ ဖြစ်ရမည်ကို သူ ကောင်းစွာ သိရှိနေချေသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာသစ်မဟာမိတ်အဖွဲ့သည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ အရေးကိစ္စများတွင် ပါဝင်ပတ်သက်ရန် လုံးဝ ဝံ့ရဲမည်မဟုတ်သောကြောင့်ပင် ဖြစ်သည်။
“ဟူး... အခုအချိန်မှာတော့ နည်းနည်း နောက်ကျသွားပြီပဲ”
ချန်ဖန်းက အားကိုးရာမဲ့စွာ ခေါင်းခါလိုက်ရင်း ပြောလေသည်။
“ဒါပေမဲ့ မင်းတို့အနေနဲ့ လုယွဲ့အင်ပါယာထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ရင်တော့ နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့က မင်းတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမှာပါ”
ချန်ဖန်း၏ စကားကို ကြားရသောအခါ မန်တာ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်သွားရပြန်သည်။
“ဒီစကားအရဆိုရင်... လုယွဲ့အင်ပါယာထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေး သိပ်မရှိဘူးလို့ ဆရာ ထင်နေတာလား”
“ဒါပေါ့... တစ်ပါးကျွန်းသား မိစ္ဆာတွေက လူသားတွေကို ရှာဖွေဖို့အတွက် စစ်ကြောင်း အများကြီး လွှတ်ထားတာ၊ ငါကိုယ်တိုင်လည်း လမ်းတစ်လျှောက်မှာ အများကြီး သတ်လာခဲ့ရတယ်၊ မင်းတို့ရဲ့ အခုကျင့်စဉ်အဆင့်တွေနဲ့ဆိုရင်တော့ မင်းတို့နှစ်ယောက် ပြန်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်”
ချန်ဖန်းက အမှန်အတိုင်းပင် ပြောကြားလိုက်တော့သည်။