အခန်း ၉၃၆
Vol. 45 Ch. 936
အခန်း(၉၃၆) ဝိညာဉ်တိုက်ခိုက်မှု
ချန်ဖန်းသည် ထိုလူနှစ်ယောက်ကို နောက်သို့ ပြန်လည်ပို့ဆောင်ပေးရန် အချိန်မရှိချေ။ အဆုံးစွန်၌ လူဦးရေ များပြားလှပေရာ သူသည် လူတိုင်းကို ကယ်တင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ဆယ်ယောက်မျှ ရှိနေလျှင်ပင် ယင်းက သူ့အတွက် လုံလောက်မည် မဟုတ်ချေ။
“ဟူး... ငါတို့ တိုက်ထုတ်ရုံပဲ ရှိတာပေါ့။ မဟုတ်ရင် ဒီမှာတင် သေရုံပဲ ရှိတော့တယ်”
မန်တာက ဝမ်းနည်းပူဆွေးစွာဖြင့် ပြောဆိုချေသည်။ သူ၏ လက်အောက်ရှိ ရာနှင့်ချီသော စစ်သည်များအားလုံး တိုက်ပွဲအတွင်း၌ပင် သေဆုံးသွားခဲ့ရပေရာ သူသည် မချိတင်ကဲ ဝမ်းနည်းမိခြင်း ဖြစ်တန်ရာသည်။
ထိုစဉ်၌ နာရင်ထူးယားက ရုတ်တရက် ဆိုလာချေသည်။
“ဆရာ.. ချင်ယွမ်ဖုန်းကို သိလား။ သူကလည်း လုယွှဲ့အင်ပါယာကပဲ ဖြစ်ပါတယ်”
“ချင်ယွမ်ဖုန်းဟုတ်လား... မင်းတို့က သူ့ကို သိတာလား”
ချန်ဖန်းက ရုတ်တရက် မေးမြန်းလိုက်ချေသည်။ နာရင်ထူးယားက ခေါင်းညိတ်ပြလျက်-
“ဟုတ်ပါတယ်... ဖုန်းအစ်ကိုက ကျွန်မတို့ကို အရင်က ကူညီဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း ကျွန်မတို့ဆီ ခဏခဏ လာတတ်ပေမယ့် ဒီနောက်ပိုင်း နှစ်တွေမှာတော့ မတွေ့ရတော့ဘူး”
ချန်ဖန်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း-
“ဒါဆို မင်းတို့က ယွမ်ဖုန်းရဲ့ လူတွေပေါ့။ ကောင်းပြီလေ... ငါကိုယ်တိုင်ပဲ မင်းတို့ကို လိုက်ပို့ပေးမယ်”
ထိုစကားကို ကြားရသောအခါ မန်တာသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားရချေသည်။ ချင်ယွမ်ဖုန်းအား သိကျွမ်းထားခြင်းက ယခုကဲ့သို့သော အကျိုးကျေးဇူးကြီးမားမှုကို ဖြစ်ထွန်းစေလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။
ထိုသို့ဖြင့် ချန်ဖန်းသည် ထိုလူနှစ်ယောက်ကို လုယွှဲ့အင်ပါယာသို့ ကိုယ်တိုင် လိုက်ပါစောင့်ရှောက်၍ ပို့ဆောင်ပေးခဲ့ချေသည်။
ပင်လယ်ပြင်၏ အဝေးတစ်နေရာသို့ ရောက်ရှိနေသော ချင်ယွမ်ဖုန်းသည်ကား ယင်းအကြောင်းအရာများကို သိရှိခြင်း မရှိပေ။ ဆက်တိုက် အလုပ်လုပ်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် နောက်ဆုံး၌ ရပ်တန့်လိုက်ချေသည်။ သူ၏ အောက်တည့်တည့်၌ကား နတ်ဘုရားသောင်းချီနယ်မြေ တည်ရှိနေချေပြီ။
ယခုအချိန်၌ နတ်ဘုရားသောင်းချီနယ်မြေတွင် ထိုမိစ္ဆာတပ်ဖွဲ့များနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်အများအပြား ရှိမနေတော့ပေရာ ရုတ်တရက်ပင် အလွန် ခြောက်ကပ် အထီးကျန်သွားခဲ့ချေသည်။
သို့ရာတွင် ချင်ယွမ်ဖုန်းသည် ကျွန်းပေါ်၌ စွမ်းအားကြီးမားသော အရှိန်အဝါ နှစ်ခုကို ခံစားမိနေဆဲပင် ဖြစ်သည်။ ယခုအခါ သူ အလေးအနက် ထားရမည့်သူမှာ တစ်ပါးကျွန်းသား မိစ္ဆာမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်သာ ရှိတော့ချေသည်။
“သူတို့က လူနှစ်ယောက် ချန်ထားခဲ့တာပဲ။ မျှော်လင့်ထားတဲ့အတိုင်း နတ်ဆိုးဘုရင်က ဒီနေရာကို အတော်လေး တန်ဖိုးထားတာပဲ”
ချင်ယွမ်ဖုန်းက မတတ်သာဘဲ ရေရွတ်လိုက်ချေသည်။
နတ်ဘုရားသောင်းချီနယ်မြေ၏ အထက်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်နှစ်ယောက် ရှိနေဆဲ ဖြစ်ပေရာ ယင်းက သူ့အတွက် သတင်းကောင်း မဟုတ်ချေ။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် တစ်ယောက်ကိုပင် ခက်ခက်ခဲခဲ တိုက်ခိုက်ရပေရာ နောက်ထပ် တစ်ယောက် ထပ်မံတိုးလာပါက ရှုံးနိမ့်ခြင်းဟူသော ရလဒ်တစ်ခုသာ ရှိတန်ရာသည်။
“ဟူး... ငါ ပြန်သွားပြီး ကျောင်းအုပ်ကြီးဆီကနေ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်နှစ်ယောက်လောက် ငါနဲ့အတူ လိုက်ခဲ့ဖို့ တောင်းဆိုလို့ရမလား ကြည့်ရမယ်။ အကယ်၍ ဒီက အစီအရင်ကို ဖျက်ဆီးနိုင်ရင် ငါတို့မှာ ကူညီမယ့်သူတွေ အများကြီး ရှိလာလိမ့်မယ်”
ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်ချေသည်။
ထိုသို့ ဖြစ်လင့်ကစား ချင်ယွမ်ဖုန်းသည် တိုက်ရိုက် ထွက်ခွာသွားခြင်း မရှိဘဲ နတ်ဘုရားသောင်းချီနယ်မြေ၏ အစွန်းနှင့် မလှမ်းမကမ်းရှိ ပင်လယ်ကြမ်းပြင်၌ နေရာပြောင်းအစီအရင်တစ်ခုကို တည်ဆောက်လိုက်ချေသည်။
ဤနေရာပြောင်းအစီအရင် ရှိနေပါက ဤနေရာသို့ လာရောက်ရန် လွယ်ကူသွားမည် ဖြစ်ပြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် အစီအရင်ကို ဖျက်ဆီးရန် အခွင့်အရေး ရရှိနိုင်ချေသည်။
ယင်းတို့ကို လုပ်ဆောင်ပြီးနောက်တွင်လည်း ချင်ယွမ်ဖုန်းသည် ထွက်မသွားသေးချေ။ သူသည် စမ်းသပ်ကြည့်ချင်စိတ် ရှိနေဆဲ ဖြစ်ရာ အဆုံးစွန်၌ သူ၏ လက်ထဲတွင် စွမ်းအားကြီးမားသော ဖဲချပ်တစ်ခု ရှိနေဆဲ ဖြစ်ပေရာ တစ်ဖက်လူအား အငိုက်ဖမ်း တိုက်ခိုက်နိုင်ပါက အမှန်တကယ် အလုပ်ဖြစ်နိုင်ချေသည်။
ချင်ယွမ်ဖုန်းသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာနတ်ဘုရားတစ်ပိုင်းအဆင့် နှစ်ယောက်၏ ရိပ်မိခြင်းကို မခံရစေရန်အတွက် နတ်ဘုရားသောင်းချီနယ်မြေကျွန်းသို့ တတ်နိုင်သမျှ နီးကပ်စွာ ချဉ်းကပ်သွားပြီးနောက် စတင်ပြင်ဆင်လိုက်ချေသည်။
သူ၏ လက်ဝါးထဲတွင် ပြင်းထန်လှသော မိုးကြိုးနှင့် မီးလျှံစွမ်းအား နှစ်ခုတို့သည် စတင်ကာ ရောယှက် လိမ်ယှက်လာခဲ့ချေသည်။ ဤစွမ်းအားနှစ်ခုအပြင် အခြားသော အရည်အချင်း စွမ်းအင်များသည်လည်း မိုးကြိုးမီးလျှံ ဗုံးသီးအတွင်းသို့ ပေါင်းစပ် ဝင်ရောက်လာခဲ့ချေသည်။
ယခုအခါတွင်မူ ‘မိုးကြိုးမီးလျှံ ဗုံးသီး’ ဟူသော အမည်သည် လိုက်ဖက်ခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးနှင့် မီးလျှံစွမ်းအားများအပြင် ယင်းက ရေခဲ၊ မြေကမ္ဘာနှင့် ဟင်းလင်းပြင်ဆိုင်ရာ အရည်အချင်းများကိုပါ ပေါင်းစပ် ထည့်သွင်းထားသောကြောင့် ဖြစ်သည်။ ထိုအရာက ဤတိုက်ကွက်ကို ပိုမို စွမ်းအားကြီးမားစေပြီး ဖျက်ဆီးနိုင်စွမ်း အဆမတန် မြင့်မားစေချေသည်။
ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ဖြည်းညင်းစွာ ပျံ့နှံ့သွားခဲ့ရာ နတ်ဘုရားသောင်းချီနယ်မြေရှိ တစ်ပါးကျွန်းသား မိစ္ဆာနှစ်ယောက်သည် ချက်ချင်းပင် ရိပ်မိသွားခဲ့ကြချေသည်။
“ဒါ ဘာလဲ”
သူတို့ထဲမှ တစ်ယောက်က မျက်မှောင်ကုတ်လျက် မြေပြင်မှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ချေသည်။
အခြားတစ်ယောက်ကမူ အေးစက်စွာ နှာခေါင်းရှုံ့လျက်-
“ဒီနေရာကို လာပြီး အခွင့်ကောင်းယူချင်တဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ လူသားတွေက တကယ်ပဲ ဘာမဆို လုပ်ရဲတာပဲ”
“ဒါကလည်း သဘာဝကျပါတယ်... သူတို့ ငါတို့ကို မတားဆီးနိုင်မှန်း သိလို့လေ”
ထိုမိစ္ဆာနှစ်ယောက်သည် ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံသန်းလာခဲ့ကြရာ ချင်ယွမ်ဖုန်း စွမ်းအင်များ စုစည်းနေသည်ကို တွေ့မြင်လိုက်ကြရချေသည်။
ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် သူ၏ စွမ်းအားအားလုံးကို လက်ထဲရှိ မိုးကြိုးမီးလျှံ ဗုံးသီးအတွင်းသို့ သွန်းလောင်း ထည့်သွင်းထားပြီး ဖြစ်ပေရာ မဟူရာရောင် မိုးကြိုးမီးလျှံ ဗုံးသီးသည် ရင်တုန်ပန်းတုန် ဖြစ်ဖွယ်ရာ လှိုင်းထန်မှုများကို ထုတ်လွှတ်နေချေသည်။
“ဒီကို ဘယ်သူ ရောက်လာတာလဲ ကြည့်စမ်း... ချင်ယွမ်ဖုန်းပဲ။ ဘာလဲ... ငါ့ကို မမှတ်မိတော့ဘူးလား”
နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက်သည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး အေးစက်စွာ ပြောဆိုလိုက်ချေသည်။ ချင်ယွမ်ဖုန်းက သေချာကြည့်ရှုလိုက်သောအခါမှ ယင်းက ဝိညာဉ်ဘုရင် ဖြစ်နေသည်ကို သဘောပေါက်သွားခဲ့ရသဖြင့် တုန်လှုပ်သွားရချေသည်။
နတ်ဆိုးဘုရင်က ဤနေရာကို စောင့်ကြပ်ရန်အတွက် မင်းသားတစ်ပါးကို ချန်ထားခဲ့လိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။
သူတို့သည် လူသားများကြားတွင် ပုန်းအောင်းနေသော တစ်ပါးကျွန်းသား မိစ္ဆာများထံမှ ချင်ယွမ်ဖုန်း၏ ရုပ်အသွင်ကို သိရှိထားပုံရပြီး တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကြခြင်း ဖြစ်တန်ရာသည်။
“ကျော်ကြားလှတဲ့ ဝိညာဉ်ဘုရင်ပဲ... ငါက မသိဘဲ နေမလား။ ဒါပေမဲ့ ငါတို့ ရှန်းဝူ စကြဝဠာ တိုက်ကြီးထဲမှာ မတွေ့ခဲ့ကြရင်တော့ ငါ အတော်လေး ဝမ်းသာမိမှာ သေချာတယ်”
ချင်ယွမ်ဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်ချေသည်။
“ဟဟဟာ... လောစရာမလိုပါဘူး။ ငါတို့ မိစ္ဆာမျိုးနွယ်က ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးတဲ့အခါ မင်း ပိုပြီးတော့တောင် ဝမ်းသာသွားလိမ့်မယ်လို့ ငါ ထင်တယ်”
ဝိညာဉ်ဘုရင်က လှောင်ပြုံးဖြင့် ဆိုချေသည်။
ချင်ယွမ်ဖုန်းသည် သူတို့နှင့် စကားအများကြီး ပြောဆိုလိုခြင်း မရှိပေ။ ယခုအခါ မိုးကြိုးမီးလျှံ ဗုံးသီးသည် ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်ပေရာ ယင်းက သွေးပူဇော်ခြင်း အစီအရင်ကို တစ်စုံတစ်ရာ ပျက်စီးစေနိုင်ခြင်း ရှိမရှိ ကြည့်ရမည့် အချိန်ပင် ဖြစ်သည်။
“မင်းက ဒီကို တစ်ယောက်တည်း လာရဲတယ်ဆိုမှတော့ ငါတို့နှစ်ယောက်က မင်းကို သေချာ ဧည့်ခံရမှာပေါ့။ ငါတို့ အစ်ကိုကြီးက ပြောထားတယ်... ဒီကို ဘယ်သူပဲလာလာ ချွင်းချက်မရှိ သတ်ပစ်ရမယ်တဲ့”
ဝိညာဉ်ဘုရင်က အေးစက်စွာ ဆိုလိုက်ချေသည်။
သူတို့နှစ်ယောက်သည် ချင်ယွမ်ဖုန်းထံသို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့ကြသည်။ ရုတ်တရက်ပင် ဝိညာဉ်ဘုရင်၏ နောက်ကွယ်၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ချေသည်။ ထိုပုံရိပ်သည် ဝိညာဉ်ဘုရင်နှင့် တစ်ပုံစံတည်း တူညီသော မျက်နှာ ရှိနေပေရာ နောက်ထပ် ဝိညာဉ်ဘုရင်တစ်ပါး ကဲ့သို့ပင် ဖြစ်သည်။
သို့ရာတွင် ဤဝိညာဉ်ဘုရင်သည် တစ်ပိုင်းတစ်စ မှုန်ဝါးနေပြီး ဝိညာဉ်ဘုရင်၏ ဝိညာဉ် ဖြစ်ပုံရပေရာ ချင်ယွမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤအမည်နာမသည် အလကား ပေးထားခြင်း မဟုတ်ချေ။ အခြားသော နတ်ဘုရားတစ်ပိုင်းအဆင့် မိစ္ဆာတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်မူ ရေတွက်၍မရနိုင်သော ဆူးငယ်လေးများ ဖုံးလွှမ်းနေပေရာ ကုန်းကောင်ကြီးတစ်ကောင် ကဲ့သို့ပင် ဖြစ်နေချေသည်။
ဝိညာဉ်ဘုရင်သည် ချင်ယွမ်ဖုန်းထံသို့ လက်ညှိုးညွှန်လိုက်ရာ ပြင်းထန်သော လေပြင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျောချမ်းဖွယ်ရာ ညည်းတွားသံများနှင့်အတူ စိမ့်အေးလှသော လေပွေလှိုင်းကြီးကို သယ်ဆောင်လာခဲ့ရာ လူကို တုန်လှုပ် ခြောက်ခြားသွားစေချေသည်။
ထိုယင်လေပြင်းသည် ချင်ယွမ်ဖုန်းနှင့် ဝေးကွာနေဆဲ ဖြစ်လင့်ကစား ယင်းက သူ့ကို ခေါင်းမူးနောက်စေပြီး ဝိညာဉ်ကို စူးရှနာကျင်စေချေသည်။ ဝိညာဉ်ဘုရင်၏ နည်းလမ်းများသည် ဝိညာဉ်အပေါ် ပြင်းထန်သော တိုက်ခိုက်မှုကို ပေးစွမ်းနိုင်ပုံရချေသည်။
ချင်ယွမ်ဖုန်းသည် အလွန်တုန်လှုပ်သွားရချေသည်။ သူသည် မိမိ၏ ဝိညာဉ်စွမ်းအားကို ဂုဏ်ယူဝင့်ကြွားခဲ့သော်လည်း ဝိညာဉ်ဘုရင်၏ ဝိညာဉ်သည် ယခုကဲ့သို့ သာလွန် စွမ်းအားကြီးမားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူတို့ မသိရှိသည်မှာ ဝိညာဉ်ဘုရင်သည်လည်း ပိုမို ထိတ်လန့် ခြောက်ခြားနေရခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်ပညာရပ်များသည် မိစ္ဆာနယ်မြေ၌ အကောင်းဆုံးများထဲတွင် ပါဝင်ချေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိခြင်း မရှိသေးသော မည်သည့် သိုင်းပညာရှင်မဆို သူ၏ ဝိညာဉ်ယင်လေပြင်းနှင့် ထိတွေ့မိပါက စူးရှသော နာကျင်မှုနှင့် ခေါင်းမူးဝေမှုများကို ခံစားရမည် ဖြစ်သည်။
ဝိညာဉ်စွမ်းအား အနည်းငယ် အားနည်းသောသူများ ဆိုပါက ဝိညာဉ်ပင် ဆုတ်ဖြဲခံရနိုင်ပေရာ သူ၏ ရှေ့မှ ချင်ယွမ်ဖုန်းသည်ကား အနည်းငယ်မျှသာ ထူးဆန်းသော အမူအရာ ပြသခဲ့သဖြင့် သူ့ကို ထိတ်လန့် သွားစေခြင်း ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို နှိုးဆော်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို မိမိ၏ ရှေ့တွင် သေးငယ်သော အကာအကွယ်ဒိုင်းတစ်ခုအဖြစ် စုစည်းလျက် ယင်လေပြင်းများကို ပိတ်ဆို့ တားဆီးလိုက်ချေသည်။
ထိုသို့ ပြုလုပ်လိုက်လင့်ကစား ထိုကြောက်မက်ဖွယ်ရာ လေပြင်းများ ဖြတ်သန်း တိုက်ခတ်သွားသောအခါ ချင်ယွမ်ဖုန်းသည် ရိုးတွင်းခြင်ဆီအထိ အေးစိမ့်မှုကို ခံစားနေရဆဲ ဖြစ်ပြီး ဝိညာဉ်သည်လည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေခဲ့ရချေသည်။
ထိုအချိန်အတွင်းမှာပင် အခြားသော မိစ္ဆာနတ်ဘုရားတစ်ပိုင်းအဆင့်သည်လည်း အားမနေချေ။ သူသည် လှောင်ပြုံးပြုံးလျက် ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်လာခဲ့ချေတော့သည်။