အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) ဤမြင်ကွင်းက သူ့အတွက်တော့ ပုံမှန်ပင် ဖြစ်သည်
ပန်ဒါဝက်ဝံက သစ်ပင်အောက်သို့ ဆင်းလာပြီး မြေပြင်ပေါ်တွင် ချထားသော ဝါးမျှစ်များကို မြင်လိုက်ရသည့်အခါ ၎င်း၏ အာရုံစိုက်မှုအားလုံးက ထိုအရာများဆီသို့ ရောက်ရှိသွားတော့သည်။
၎င်းက ချက်ချင်းပင် ဝါးမျှစ်ကို ကောက်ကိုင်လိုက်ပြီး သစ်ပင်ကို မှီထိုင်ကာ တစ်ကိုက်ချင်းစီ စားသောက်နေတော့၏။
၎င်း၏ ပုံစံလေးမှာ အလွန်ပင် အသည်းယားစရာ ကောင်းနေပေသည်။
ရွှီယန်က အခွင့်ကောင်းယူ၍ ၎င်း၏အရှေ့သို့ သွားကာ ဖုန်းကို မြှောက်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။
[လောဘကြီးသော ပန်ဒါဝက်ဝံကြီး .jpg]
စတုတ္ထမြောက် ဓာတ်ပုံကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပြီ ဖြစ်၏။
"ကဲ... ပြီးပြီ... ချင်လင် ရတနာ လေးပါးရဲ့ ဓာတ်ပုံတွေကို ငါ စုဆောင်းလို့ ပြည့်သွားပြီ"
"ထင်ထားတာထက်တောင် ပိုပြီး အဆင်ပြေနေသေးတာပဲ"
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက အသီးသီး ပြန်လည် တုံ့ပြန်လာကြ၏။
[လောင်ရွှီ ကံတကယ် ကောင်းတာပဲ... သူ တကယ် လုပ်နိုင်သွားပြီ]
[ရေဒါ တပ်ထားသလိုပဲ... အကုန်လုံးကို ရှာတွေ့သွားတာပဲ]
[ဟားဟားဟား... ဂုဏ်ယူပါတယ်နော်]
ပန်ဒါဝက်ဝံက သစ်ပင်ကို မှီ၍ ဝါးမျှစ်စားနေကာ ရွှီယန်အပေါ် နည်းနည်းလေးမျှ သတိထားနေသည့် ပုံစံမရှိချေ။
ထိုအချိန်မှာပင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
[ရတနာရှာဖွေရေး တာဝန်... လောဘကြီးသော ပန်ဒါဝက်ဝံ... အောင်မြင်ပါသည်... ဆုလာဘ်အဖြစ် ယင်ယန် ကျောက်စိမ်းပြား ရရှိပါသည်]
[ရတနာရှာဖွေရေး တာဝန်... ချင်လင် ရတနာ လေးပါး ပုံပြစာအုပ်... အောင်မြင်ပါသည်... ဆုလာဘ်အဖြစ် ချင်လင် တောင်တန်း တိရစ္ဆာန်နှင့် အပင်များ စွယ်စုံကျမ်း (ဗဟုသုတပိုင်းဆိုင်ရာ ကျွမ်းကျင်မှု)... ပန်ဒါဝက်ဝံ ချစ်ခင်မှု ရရှိပါသည်]
တာဝန်များ အားလုံး အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ အရာအားလုံးက အချိန်ကိုက်ပင် ဖြစ်၏။
ဆုလာဘ်များ ရရှိပြီးနောက် မျက်စိရှေ့ရှိ ပန်ဒါဝက်ဝံက သိသိသာသာ ပို၍ သက်သောင့်သက်သာ ဖြစ်သွားပုံ ရသည်။
ထို့အပြင် ရွှီယန်ကို ခေါင်းလေး တစ်ချက် နှစ်ချက်ခန့် ငြိမ့်ပြကာ ကျေးဇူးတင်နေသကဲ့သို့ပင်။
ဤမြင်ကွင်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပေသည်။
တောရိုင်း ပန်ဒါဝက်ဝံကို တွေ့သည်တောင် မပြေးဘဲ နေနိုင်သူဆို၍ ရွှီယန် တစ်ယောက်သာ ရှိတော့သည်။
"ဒီကောင်ကြီးက ဝက်ဝံ ဆိုပေမယ့် အရောင်လေးကြောင့် တကယ် ချစ်စရာ ကောင်းနေတာပဲ"
"ပြီးတော့ ပန်ဒါဝက်ဝံရဲ့ ခေါင်းက အကြီးကြီးပဲ... ဝက်ဝံနက်တွေနဲ့ ဝက်ဝံညိုတွေတောင် ဒီလောက် ခေါင်းမကြီးဘူးလေ"
ရွှီယန်က မျက်စိရှေ့ရှိ ပန်ဒါဝက်ဝံကို အနီးကပ် လေ့လာနေလိုက်သည်။
အင်တာနက်သုံးစွဲသူ အချို့က သတိပေးလာကြ၏။
[လိုက်ဖ်လွှင့်သူရေ... ဘယ်လိုပဲဖြစ်ဖြစ် တောရိုင်း ပန်ဒါမို့ သတိလေး ဘာလေး ထားပါဦးနော်]
သို့သော် အင်တာနက်သုံးစွဲသူ အများစုကတော့ ဘာမှ မထူးဆန်းဟုသာ ထင်နေကြသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ တွေ့ရသည်မှာ ရိုးအီနေပြီ ဖြစ်၏။
ရွှီယန်က ပန်ဒါဝက်ဝံကို ချစ်စရာကောင်းသည်ဟု ထင်သဖြင့် ရှေ့တိုးသွားကာ ပန်ဒါဝက်ဝံ၏ ခေါင်းကြီးကို ပွတ်သပ်လိုက်သည်။
ပန်ဒါဝက်ဝံကလည်း နည်းနည်းလေးမျှ မရုန်းကန်ချေ။
မည်သို့ပင်ဆိုစေ ရွှီယန်က ပန်ဒါဝက်ဝံ ချစ်ခင်မှု စွမ်းရည်ကို ရထားသည်ဖြစ်ရာ ချင်လင် တောင်တန်း တစ်ခုလုံးရှိ ပန်ဒါဝက်ဝံများသာမက တိရစ္ဆာန်ရုံများရှိ ပန်ဒါဝက်ဝံများ အားလုံးကပါ သူ့ကို သဘာဝအလျောက် ခင်မင်လာကြမည် ဖြစ်သည်။
နောက်ပိုင်း ပန်ဒါစခန်းသို့ သွားလျှင်ပင် ပန်ဒါဝက်ဝံများက သူ့ကို နှုတ်ဆက်ကြလိမ့်မည်ဟု ထင်ရ၏။
"ဒီကောင်ကြီး အမွေးတွေက နည်းနည်း ကြမ်းတယ်... အရမ်းကို အသည်းယားစရာ ကောင်းတာပဲ"
ရွှီယန်က ပြုံးလျက် ပြောလိုက်သည်။
ဤမြင်ကွင်းက အင်တာနက်သုံးစွဲသူများကို နောက်တစ်ကြိမ် အားကျသွားစေပြန်သည်။
ထိုအချိန်မှာပင် ဝီဝီ မြည်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ရွှီယန်က ခေါင်းမော့ကြည့်လိုက်ရာ သူ့ခေါင်းပေါ်တွင် ဒရုန်း နှစ်စီး ထပ်မံ ရောက်ရှိနေပြီး ဤဘက်ရှိ မြင်ကွင်းကို အရှေ့အနောက် ရိုက်ကူးနေသည်ကို တွေ့လိုက်ရသည်။
ယခုခေတ်တွင် တိရစ္ဆာန် ကာကွယ်ရေး နည်းလမ်းများက အရင်ကထက် အများကြီး ပိုမို အဆင့်မြင့်နေပြီ ဖြစ်သည်။
အချို့သော ကာကွယ်ရေး စခန်းများက တောင်ထဲတွင် တည်ဆောက်ထားသဖြင့် အခြေအနေများကို စုံစမ်းရန် ဒရုန်းများ လွှတ်၍ရကာ လွယ်ကူမြန်ဆန်သလို ပိုပြီးတော့လည်း ထိရောက်မှု ရှိပေသည်။
လူအင်အား သုံးရသည်ထက် ဘယ်လောက်တောင် ပိုကောင်းသလဲ ဆိုသည်ကို မသိနိုင်တော့ချေ။
အချို့နေရာများတွင် တောင်က အရမ်း နက်ရှိုင်းလွန်းသဖြင့် ဒရုန်းဖြင့် စောင့်ကြည့်၍ မရသောကြောင့်သာ ကင်းလှည့်သူများ ကိုယ်တိုင် တောင်ထဲဝင်ပြီး တစ်ပတ်ခန့် ပတ်ရခြင်း ဖြစ်သည်။
ရွှီယန်က ဒရုန်းကို မြင်သောအခါ အနည်းငယ် အံ့ဩသွားခဲ့သည်။
"ဟိုမှာ ဒရုန်းတွေ... ကာကွယ်ရေး စခန်းက ဖြစ်ရမယ်"
"ဒီအထိတောင် လွှတ်လိုက်တာကိုး"
"ငါ မနက်ဖြန်ကျရင် ကာကွယ်ရေး စခန်းကို သွားဖို့ စဉ်းစားထားတာ... အဲဒီဘက်မှာ တောင်ပေါ်လမ်း ရှိတော့ ကားငှားပြီး တောင်အောက် ဆင်းလို့ရတယ်လေ"
"သူတို့ တွေ့သွားလိမ့်မယ်လို့ မထင်ထားဘူး"
ရွှီယန်က ပြောလိုက်သည်။
"အခု တိရစ္ဆာန် ကာကွယ်ရေး နည်းလမ်းတွေက ပိုပိုပြီး အဆင့်မြင့်လာပြီဆိုတော့ ခိုးဖမ်းတဲ့သူတွေ ပေါ်လာမှာကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လေ"
"ဒါကလည်း ဥပဒေချိုးဖောက်သူတွေကို နှိမ်နင်းတဲ့ နည်းလမ်း တစ်ခုပဲပေါ့"
ရွှီယန်က ပန်ဒါဝက်ဝံ ဘေးတွင် ရပ်လျက် အင်တာနက်သုံးစွဲသူများကို ဗဟုသုတ ဝေမျှနေလိုက်သည်။
တစ်ချိန်တည်းမှာပင် ချင်လင် ကာကွယ်ရေး စခန်း တစ်ခု အတွင်း၌။
ကင်းလှည့်သူ တစ်ယောက်က ဒရုန်းမှ ရိုက်ကူးထားသော စောင့်ကြည့် ဗီဒီယိုကို ကြည့်ရင်း အံ့ဩကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
"စခန်းမှူးကို လာကြည့်ခိုင်းလိုက်ဦး... လူတစ်ယောက် တောရိုင်း ပန်ဒါဝက်ဝံ ဘေးမှာ ရပ်နေတယ်... ပန်ဒါဝက်ဝံကလည်း သူ့ကို မကိုက်ဘူးကွ"
သူက ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်ကို ချက်ချင်း လှမ်းပြောလိုက်သည်။
သူ၏ လုပ်ဖော်ကိုင်ဖက်က တစ်ချက် ကြည့်လိုက်ပြီး အလွန် တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်၏။
"အဲဒါ လောင်ရွှီ လေ... အရမ်း တော်တဲ့ တောတောင်ရှာဖွေသူ လိုက်ဖ်လွှင့်သူ တစ်ယောက်... မင်း သူ့ကို မသိဘူးလား"
"ဒီလို မြင်ကွင်းမျိုးက သူ့အတွက်တော့ ရိုးရိုးလေးပါပဲ"
"ဘာ"
ကင်းလှည့်သူက အနည်းငယ် ကြောင်အမ်းသွားပြီး မေးလိုက်သည်။
"ဒါက ရိုးရိုးလေးပဲလား"
သူ ချင်လင်ကို ရောက်လာသည်မှာ အချိန်အတိုင်းအတာ တစ်ခု ရှိနေပြီဖြစ်ပြီး ယေဘုယျအားဖြင့် လူများက ကားမောင်းရင်း ပန်ဒါဝက်ဝံကို မြင်တွေ့ရပါက ကားထဲမှာပင် စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ပုံရိုက်လေ့ ရှိကြသည်။
အကယ်၍ တိုက်ရိုက်သာ တွေ့လိုက်ရပါက လူများက လန့်ပြီး နောက်လှည့် ပြေးလေ့ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ပန်ဒါဝက်ဝံ၏ ခန္ဓာကိုယ် အရွယ်အစားက တော်တော်လေး ကြီးမားလှသဖြင့် လူအများစုက တွေ့လျှင် ကြောက်တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။
ပန်ဒါဝက်ဝံကလည်း လူများကို ကြောက်တတ်ပြီး လူများကို မြင်သည်နှင့် ထွက်ပြေးသွားတတ်ပေသည်။
ရွှီယန်ကဲ့သို့ ပန်ဒါဝက်ဝံနှင့် အတူတူ ရပ်နေပြီး ပန်ဒါဝက်ဝံကလည်း အေးအေးဆေးဆေး ဝါးမျှစ် စားနေသည့် မြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
"သူ့အတွက်တော့ ရိုးရိုးလေးပါကွာ... ကျားတောင် သူ့ကို မကိုက်တာ"
သူ၏ လုပ်ဖော်ကိုင်ဖက်က ထပ်ဖြည့်ပြောလိုက်သည်။
"ဒါက တကယ်ကို လွန်လွန်းနေပြီ... သူက ဘယ်လို အခြေအနေကြီးလဲ"
ကင်းလှည့်သူက အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
"ဘယ်သူ သိမှာလဲ... ဒါပေမယ့် ဗီဒီယိုတွေ အများကြီး ရှိတယ်လေ... မင်း မကြည့်ဖူးဘူးလား"
လူနှစ်ယောက်က စကားစမြည် ပြောနေကြသည်။
ထိုအချိန်မှာပင် ရွှီယန်က သူ့ခေါင်းပေါ်ရှိ ကင်းလှည့် ဒရုန်းကို ကြည့်ကာ လက်လှမ်းပြလိုက်၏။
သူက လှမ်းအော်လိုက်သည်။
"ခဏနေရင် ကျွန်တော် အပြင်ကို ထွက်လာခဲ့မယ်... မနက်ဖြန် တောင်အောက် ဆင်းမယ်ဗျ"
"ဒီမှာ အကြာကြီး မနေတော့ပါဘူး"
သူ တကယ်ပင် ထိုသို့ စီစဉ်ထားခြင်း ဖြစ်သည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက်လည်း ကုန်သွားပြီဖြစ်ကာ စားစရာ သောက်စရာများလည်း မရှိတော့ချေ။ ဒရုန်းနှင့် ပါဝါဘဏ် လည်း အားကုန်တော့မည် ဖြစ်ရာ ပြန်ရမည့် အချိန် ရောက်နေပြီ ဖြစ်၏။
သို့သော် ယခုက တောနက်ကြီးထဲတွင် ဖြစ်သဖြင့် ယနေ့ ချက်ချင်း ထွက်သွား၍ မရသေးပေ။ ထို့ကြောင့် တောင်ထဲတွင် နောက်ထပ် တစ်ညခန့် အိပ်ရဦးမည် ဖြစ်သည်။
ကင်းလှည့် ဒရုန်းက နောက်ထပ် ခဏမျှ ဝဲပျံနေပြီးနောက် တန်းတန်းမတ်မတ် ထွက်ခွာသွားတော့သည်။
ယခုခေတ် ဒရုန်း နည်းပညာများက အလွန် တိုးတက်နေပြီ ဖြစ်သည်။ စစ်ပွဲများတွင်ဆိုလျှင် လူရှာရန်အတွက် ဤအရာကိုသာ အဓိက အသုံးပြုနေကြ၏။
တိရစ္ဆာန် ကာကွယ်ရေး အတွက် အသုံးပြုခြင်းကလည်း တော်တော်လေး ကောင်းမွန်သည့် အသုံးချ နည်းလမ်း တစ်ခုပင် ဖြစ်သည်။
ပန်ဒါဝက်ဝံက ဝါးမျှစ်များကို ဆက်စားနေပြီး ရွှီယန်က ၎င်းအနားတွင် ခဏမျှ နေပြီးနောက် ကာကွယ်ရေး စခန်း ရှိရာဘက်သို့ ဦးတည် ထွက်လာခဲ့ကာ ရွက်ဖျင်တဲ ထိုးရန် နေရာတစ်ခု ရှာရန် ပြင်ဆင်လိုက်သည်။
တောင်ထဲရှိ လမ်းများက လျှောက်ရသည်မှာ အလွန် ခက်ခဲပြီး အပြင်ရောက်ရန် တစ်ရက်ခန့် အချိန်ယူရမည် ဖြစ်သည်။
"ဒီတစ်ခေါက် ချင်လင် ခရီးစဉ်က ဒီလောက်နဲ့ပဲ အဆုံးသတ်တော့မယ်... အသုံးအဆောင် ပစ္စည်းတွေလည်း ကုန်သလောက် ဖြစ်နေပြီဆိုတော့ မနက်ဖြန် တောင်အောက် ဆင်းမယ်လေ"
"ရက်တွက်ကြည့်တော့ သုံးရက်တောင် မပြည့်သေးဘူး"
"ကျွန်တော် အင်တာနက်မှာ အချက်အလက်တွေ ရှာကြည့်တော့ ဒီတောင်တန်းရဲ့ တိရစ္ဆာန် သယံဇာတတွေက အရမ်း ပေါကြွယ်ဝတယ် ဆိုလို့ လာခဲ့တာ"
"ရလာဒ်ကတော့ တကယ် မဆိုးပါဘူး"
ရွှီယန်က ထပ်ပြောလိုက်သည်။
"ကျွန်တော် လျှောက်သွားခဲ့တဲ့ နေရာတွေက ချင်လင် တောင်တန်း တစ်ခုလုံးနဲ့ ယှဉ်ရင် တစ်သောင်းပုံ တစ်ပုံတောင် မရှိသေးဘူး... မစူးစမ်းရသေးတဲ့ နေရာတွေ အများကြီး ကျန်သေးတယ်"
"နောက်ပိုင်း အခွင့်အရေး ရရင် ထပ်ပြီး လျှောက်လည်ဦးမယ်"
လိုက်ဖ်ထဲတွင် လူဦးရေက အလွန် များပြားနေပြီး တောနက်ကြီးထဲရှိ အချိန်တိုင်း စက္ကန့်တိုင်းက လူများကို စိတ်လှုပ်ရှားစေသည်။
အချိန်မရွေး တောရိုင်း တိရစ္ဆာန် တစ်ကောင်ကောင် ထွက်လာနိုင်သည်ဟု ခံစားရစေ၏။
ထို့အပြင် ရွှီယန်၏ လမ်းကြောင်းတွင် လောလောဆယ် အခြား မည်သူမျှ မရှိသေးချေ။
အလွန်ဆုံး တိဗက်သို့ ခြေလျင် လျှောက်ခြင်း သို့မဟုတ် ဆင်ခြေဖုံး ဒေသများကို စူးစမ်းရှာဖွေခြင်း လောက်သာ ရှိပြီး တောနက်ကြီးထဲသို့ ရဲရဲဝံ့ဝံ့ ဝင်ရဲသူ သိပ်မရှိပေ။
အားလုံးက သူ့လောက် သတ္တိမကောင်းကြချေ။ မည်သို့ပင်ဆိုစေ ဒီခေတ်ကြီးတွင် သေရမည်ကို မည်သူက မကြောက်ဘဲ နေမည်နည်း။
ရွှီယန်က လမ်းတစ်လျှောက် ရွက်ဖျင်တဲ ထိုးရန် သင့်တော်မည့် နေရာကို ရှာဖွေနေလိုက်သည်။
ဤသို့ နှစ်ရက်ဆက်တိုက် လမ်းလျှောက်ထားရသဖြင့် သူလည်း အနည်းငယ် ပင်ပန်းနေပြီ ဖြစ်၏။
ဤနေရာက သစ်ပင်များ ထူထပ်လွန်းသဖြင့် ရွက်ဖျင်တဲ ထိုးရန် မသင့်တော်ပေ။ ရွှီယန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကောင်းမွန်ပြီး ပင်ပန်းနေသော်လည်း မနားတမ်း ဆက်လျှောက်နေခဲ့သည်။
လိုက်ဖ်ထဲမှ ကြည့်ရှုသူများကလည်း သူ့ကို ပိုပိုပြီး လေးစားလာကြ၏။
ည ၇ နာရီခန့် ရောက်တော့မှ ရွှီယန်က နှိုင်းယှဉ်ကြည့်ပါက အနည်းငယ် ကျယ်ဝန်းသော နေရာတစ်ခုကို ရှာတွေ့သွားပြီး ရွက်ဖျင်တဲကို ထိုးလိုက်သည်။
ထို့နောက် အင်တာနက်သုံးစွဲသူများနှင့် စကားအနည်းငယ် ပြောပြီးနောက် လိုက်ဖ်ကို ပိတ်လိုက်၏။
"မနက်ဖြန် လိုက်ဖ် မလွှင့်တော့ဘူးနော်... ပြီးရင် လယ်ယာခြံဝင်းကို တိုက်ရိုက် ပြန်တော့မယ်... ခြံထဲမှာ ကျွန်တော် ဖြေရှင်းဖို့ စောင့်နေတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်လေ"
"နောက်ပိုင်း အားတဲ့အခါကျမှ အားလုံးအတွက် လိုက်ဖ် ပြန်လွှင့်ပေးမယ်"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
ပွဲကြီးပွဲကောင်း ဆိုသည်ကလည်း တစ်ခါတရံမှ လုပ်ခြင်းက ကောင်းပေသည်။ အင်တာနက်သုံးစွဲသူများ၏ စိတ်အားထက်သန်မှုလည်း ပိုမြင့်မားနိုင်၏။ နေ့တိုင်း ဤသို့ချည်းသာ ဆိုလျှင်လည်း ဘာမျှ စိတ်ဝင်စားစရာ မကောင်းတော့ချေ။
လိုက်ဖ် ပိတ်သွားပြီးနောက် ရွှီယန်က ရွက်ဖျင်တဲ ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့။
ရွှီယန်က မနက်စောစော ထပြီး ကျောပိုးအိတ်ကို လွယ်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
နှစ်နာရီ သုံးနာရီခန့် လမ်းလျှောက်ပြီးသည့် အခါမှာတော့ ကာကွယ်ရေး စခန်းက ကင်းလှည့်သူများ သူ့ကို လာရှာသည်ကို တွေ့လိုက်ရ၏။
ကာကွယ်ရေး စခန်းတွင် သူတို့ပိုင် ဒရုန်းများ ရှိပြီး ရွှီယန်၏ နေရာကို အတိအကျ မြင်နေရသဖြင့် သူ့ကို လာရှာရသည်မှာ လွယ်ကူပေသည်။
ရွှီယန်၏ စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေသည်။
"မင်္ဂလာပါ... ကျွန်တော်တို့က ကာကွယ်ရေး စခန်းကပါ... ခင်ဗျား ချင်လင် တောင်တန်းထဲမှာ လိုက်ဖ်လွှင့်နေတာ တွေ့လို့... ဘာအခက်အခဲမှ မရှိပါဘူးနော်"
ကင်းလှည့်သူက ရွှီယန်ကို မေးလိုက်သည်။
"ရပါတယ်... ကျွန်တော် အပြင်ကို ထွက်နိုင်ပါတယ်... ခင်ဗျားတို့ကို ဒုက္ခ မပေးပါဘူး"
ရွှီယန်က ပြန်ဖြေလိုက်၏။
အချို့လူများက တောင်ထဲတွင် လမ်းပျောက်ပြီး တစ်ပတ်ကျော်ခန့် အဆက်အသွယ် ပြတ်သွားမှ ပြန်ရှာတွေ့သည်များ ရှိပေသည်။
ဤသည်က သတင်းဆန်း မဟုတ်တော့ချေ။
လူအများစုက တောင်ထဲတွင် လမ်းကြောင်း မှန်အောင် ရှာရန်ပင် ခက်ခဲကြသည်သာ ဖြစ်သည်။
သို့သော် ရွှီယန်က ငယ်ငယ်လေးကတည်းက တောင်ပေါ်ရွာတွင် ကြီးပြင်းလာသူဖြစ်ရာ တောင်ထဲက ပတ်ဝန်းကျင်နှင့် အတော်လေး ရင်းနှီးနေပြီး ဘာအခက်အခဲမျှ မရှိပေ။
"ကျွန်တော်တို့လည်း ဘာမှ ကိစ္စ မရှိပါဘူး... တချို့လူတွေက ခင်ဗျားရဲ့ လိုက်ဖ်ကို ကြည့်ရတာ သဘောကျလို့... အတူတူ ဓာတ်ပုံလေး ဘာလေး တွဲရိုက်ချင်လို့ပါ"
ကင်းလှည့်သူက ပြုံးပြီး ပြောလိုက်သည်။
ရွှီယန်က နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေပြီး ကာကွယ်ရေး စခန်း၏ ဘဝကလည်း အနည်းငယ် ပျင်းစရာ ကောင်းသည် မဟုတ်ပါလား။
ယခု ရွှီယန်က ကာကွယ်ရေး စခန်းနှင့် သိပ်မဝေးသော နေရာသို့ ရောက်နေသဖြင့် ကင်းလှည့်သူများက သေချာပေါက် အမှတ်တရ ဓာတ်ပုံ တွဲရိုက်ချင်ကြမည်သာ ဖြစ်၏။
"ရပါတယ်ဗျ"
ရွှီယန်က ပွင့်ပွင့်လင်းလင်းပင် သဘောတူလိုက်သည်။
ထို့နောက် သူက ကင်းလှည့်သူများနှင့် အတူတူ ကာကွယ်ရေး စခန်းထဲသို့ ဝင်လာခဲ့၏။
အားလုံးက သူ့အပေါ် တော်တော်လေး ယဉ်ကျေးကြသည်။
ရွှီယန်က လက်ဖက်ရည် တစ်ခွက် သောက်ပြီး အားလုံးနှင့် ဓာတ်ပုံ အချို့ ရိုက်ကာ ကားတစ်စီး ငှား၍ ဤတောင်ပေါ် ဒေသမှ ထွက်ခွာလာခဲ့သည်။
သူက ငှားထားသော တည်းခိုခန်းသို့ ပြန်လာပြီး အနားယူကာ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လယ်ယာခြံဝင်းသို့ လေယာဉ်ဖြင့် ပြန်လာခဲ့တော့၏။
လယ်ယာခြံဝင်းမှ ဝန်ထမ်း မာဝန် က လေဆိပ်တွင် လာကြိုသည်။
သူဌေး ဖြစ်နေသည်ကိုး ခရီးသွားလျှင် သီးသန့် ကားဆရာက လာကြိုပေးရသည်ပေါ့။
"သူဌေး... ဒီတစ်ခေါက် လိုက်ဖ်က တော်တော် မိုက်တာပဲ... အယောက် တစ်ရာ စာရင်းမှာတောင် အယောက် နှစ်ဆယ် အထိ ဝင်သွားတယ်လို့ တွေ့လိုက်တယ်"
"နာမည်ကျော်ကြားမှုက အရမ်း မြင့်တာပဲ"
မာဝန်က ကားပေါ်တွင် ရွှီယန်နှင့် စကားစမြည် ပြောနေသည်။
ရွှီယန်က ခေါင်းညိတ်ပြီး ပြုံးကာ
"တောင်ထဲကို ဝင်ပြီး လိုက်ဖ်လွှင့်တဲ့သူ မရှိလို့ ဖြစ်မယ်... ငါ တစ်ယောက်တည်း ဆိုတော့ အားလုံးက ကြည့်ရတာ သဘောကျကြတာပေါ့"
"ဒီခရီးစဉ်က တော်တော်လေး ပင်ပန်းတယ်... ခြံထဲမှာရော ဘာပြဿနာမှ မရှိဘူး မဟုတ်လား"
မာဝန်က ပြန်ဖြေလိုက်၏။
"ဘာပြဿနာမှ မရှိပါဘူး... ဒါပေမယ့် မနေ့က ကျားသစ် ပြန်ရောက်လာတယ်... သူက သူဌေး ခြံဝင်းထဲကို တန်းတန်းမတ်မတ် ပြေးသွားတာ... ကြည့်ရတာ နည်းနည်း စိတ်မလန်းမဆန်း ဖြစ်နေပုံပဲ"
"ကျွန်တော်တို့ သူ့ကို အသား နည်းနည်း ကျွေးထားတယ်... သူ အခု ခြံဝင်းထဲမှာပဲ ရှိသေးတယ်"
"ရှောင်ဟွာ လား"
ရွှီယန်က အနည်းငယ် အံ့ဩသွားသည်။
"သူ ပြန်ရောက်လာပြီလား"
"လူးနား နဲ့ အတူတူ ရှိနေတာ မဟုတ်ဘူးလား... ဘာကိစ္စများ ရှိလို့လဲ"
ရွှီယန်က ကျားသစ်များ၏ အလေ့အထကို သိထားသဖြင့် အကြမ်းဖျင်း ခန့်မှန်း၍ ရပေသည်။
ကျားသစ် မျိုးပွားချိန် ပြီးသွားသဖြင့် လူးနားက ကိုယ်ဝန်ရသွားပြီဟု ထင်ကာ ဘေးကင်းသော နေရာတစ်ခုကို ရှာပြီး တစ်ကောင်တည်း နေရန် ထွက်သွားတာ ဖြစ်လောက်သည်ဟု သူ ခန့်မှန်းမိ၏။
ကျားသစ်မ များ၏ အလေ့အထက ထိုသို့ချည်းပင် ဖြစ်သည်။
အရင်တုန်းက တားဟွာ လည်း ရှောင်ဟွာကို ခေါ်ပြီး ရွှီယန်၏ နောက်ဘက် တောင်တွင် လာနေခဲ့သည် မဟုတ်ပါလား။
'ရှောင်ဟွာ က တခြား ကျားသစ်တွေနဲ့ မတူဘူး... သူက အဲဒီလောက်ကြီး ကိုယ့်ထူးကိုယ်ချွန် မရှိဘူးလေ...'
'အမေအပေါ် မှီခိုလွန်းတဲ့ ကလေး ဖြစ်ရုံသာမက မိန်းမကိုလည်း ခွဲမရဘူး ဖြစ်နေတာ...'
'ငါ ပြန်သွားပြီး သူ့ကို နှစ်သိမ့်ပေးရမယ်...'
ရွှီယန်က စိတ်ထဲမှနေ၍ တွေးလိုက်သည်။