← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) လယ်ယာခြံဝင်း၏ စည်ကားသော မြင်ကွင်း... အသည်းကွဲနေသည့် ကျားသစ်ပေါက်လေး ရှောင်ဟွာ

ရွှီယန်သည် လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ မူလက အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်သည် အိမ်သို့ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ပေါ့ပါးသွက်လက်သွားတော့သည်။

လူတိုင်းတွင် မိမိအတွက် သက်သောင့်သက်သာရှိသော နေရာလေးများ ရှိတတ်ကြသည်။ သက်သောင့်သက်သာရှိသော နေရာဟု ခေါ်ဆိုရခြင်းမှာ တကယ်ကို သက်သောင့်သက်သာ ရှိလွန်းသောကြောင့် ပင်ဖြစ်သည်။

ဝန်ထမ်းများသည် သတင်းကြားသည်နှင့် အားလုံး ထွက်၍ ကြိုဆိုကြသည်။ ရွှီယန် ကားပေါ်မှ ဆင်းလာသောအခါ အားလုံးက ရယ်ရယ်မောမောဖြင့် စကားပြောဆိုကြပြီး တော်တော်လေး စည်ကားနေသည်။

ရှောင်ဟေး... ယွမ်ပေါင်နှင့် ရှောင်ဟားတို့လည်း ထွက်၍ ကြိုဆိုကြ၏။ ဟက်စကီလေးမှာ အခုထက်ထိ သေးသေးလေးသာ ရှိသေးသော်လည်း မျက်လုံးများက ဉာဏ်ကောင်းသည့် အရိပ်အယောင်များ စတင် ပြသနေပြီဖြစ်ကာ ကြည့်ရသည်မှာ အလွန် အသည်းယားစရာ ကောင်းနေသည်။

ဤကောင်လေးက အမြီးကို သွက်သွက်ခါနေပြီး လက်ရှိတွင်တော့ လူချစ်လူခင် ပေါများနေဆဲပင်။

ရွှီယန်က ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး တံခါးကို ဖွင့်လိုက်သည်နှင့် ရှောင်ဟွာက မြေကွက်လပ်တွင် မှောက်လျက်သား ရှိနေကာ စိတ်မလန်းမဆန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ရှောင်ဟွာ..."

ရွှီယန်က ရှောင်ဟွာကို လှမ်းခေါ်လိုက်သည်။ ရွှီယန်၏ အသံကို ကြားသောအခါ ရှောင်ဟွာက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး သနားစရာ မျက်နှာလေးဖြင့် ရွှီယန်ဆီသို့ ပြေးလာခဲ့၏။

ဤကောင်လေး၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နေသကဲ့သို့ပင်။ ရွှီယန်က ဤအကောင်ကြီးကို ပွတ်သပ်ပေးလိုက်သည်။ ရှောင်ဟွာမှာ ယခင်အတိုင်း ချစ်စရာ ကောင်းနေဆဲ ဖြစ်၏။

"တကယ်ကြီး အသည်းကွဲနေတာလား... ကျားသစ်မတွေရဲ့ သဘာဝက ဒီလိုပါပဲ... သူတို့ ကိုယ်ဝန်ရှိတယ်လို့ ခံစားရရင် ဘေးကင်းတဲ့ နေရာကို ရှာပြီး ပုန်းနေတတ်ကြတယ်... ပြီးတော့ အချိန်အတိုင်းအတာ တစ်ခုအထိ တစ်ကောင်တည်း နေထိုင်တတ်ကြတယ်လေ... အသည်းကွဲတာ မဟုတ်ပါဘူး... နောက်နှစ်ဆို မင်းဆီကို ပြန်လာလောက်ပါတယ်..."

ရွှီယန်က ရှောင်ဟွာကို နှစ်သိမ့်ပေးလိုက်သည်။ ဤကောင်လေးက အချစ်ကြီးသော ကျားသစ် ဖြစ်နေမည်ဟု သူတောင် မထင်ထားခဲ့ချေ။

အခြား ကျားသစ်ထီးများ ဆိုပါက ကိစ္စပြီးသည်နှင့် ပြီးသွားသည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျားသစ်များက တစ်ကောင်တည်း လွတ်လွတ်လပ်လပ် နေထိုင်ရသည်ကို နှစ်သက်ကြသောကြောင့် ဖြစ်၏။ ကျားသစ်မများ ထွက်သွားခြင်းက သူတို့အတွက်တော့ ပို၍ပင် ကောင်းမွန်သော ကိစ္စ ဖြစ်သည်။

ရှောင်ဟွာကတော့ လူးနား ထွက်သွားသည်ကို မပျော်မရွှင် ဖြစ်နေသည်။

"မိန်းမကို တော်တော် တွယ်တာတာပဲ... ကောင်းပြီလေ... မနက်ဖြန်ကျရင် ငါတို့ သွားရှာကြတာပေါ့... မင်းရဲ့ ခံစားချက်ကို လူးနားကို ပြောပြရမယ်... ပြီးတော့ သူ့အနားမှာ ပြတ်ပြတ်သားသား နေပေးရမယ်... ဒီအချိန်မှာ သူက ဂရုစိုက်ခံရဖို့ သေချာပေါက် ပိုလိုအပ်နေမှာပဲ... ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငယ်ငယ်လေးကတည်းက တခြား ကျားသစ်တွေနဲ့မှ မတူတာ... တကယ်လို့ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးမယ် ဆိုရင်တောင် သဘာဝကျပါတယ်လေ..."

ရွှီယန်က ရှောင်ဟွာ၏ ခေါင်းကြီးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ ရှောင်ဟွာ၏ စရိုက်က တကယ်ကို ထူးခြားပေသည်။ မည်သူနှင့် တူမှန်းတော့ မသိသော်လည်း ငယ်ငယ်လေးကတည်းက တုံးအအ ပုံစံလေး ရှိနေသည် မဟုတ်ပါလား။

ယခု မိန်းမ ပျောက်သွားတော့ ရွှီယန်ဆီသို့ လာငိုနေခြင်း ဖြစ်သည်။

ရွှီယန်က သူ့ကို အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးလိုက်ပြီး နို့တစ်ဘူးပါ တိုက်လိုက်သေး၏။ ထိုအခါမှသာ ရှောင်ဟွာက အနည်းငယ် ငြိမ်ကျသွားတော့သည်။

လယ်ယာခြံဝင်းမှာတော့ ယခင်အတိုင်း အေးချမ်းနေဆဲပင်။ ရွှီယန်က ရေချိုး အနားယူပြီးသည့်နောက် ထုံးစံအတိုင်း လယ်ယာခြံဝင်းကို လှည့်ပတ် ကြည့်ရှုလိုက်သည်။

သူက မှန်လုံအိမ် တစ်ခုချင်းစီသို့ ဝင်ရောက်ကာ စိုက်ပျိုးရေး သီးနှံများ၏ ကြီးထွားမှု အခြေအနေကို သေချာစွာ ကြည့်ရှုစစ်ဆေးသည်။ မြေဩဇာ ကျွေးခြင်းနှင့် ရေလောင်းခြင်းတို့နှင့် ပတ်သက်ပြီး ပြဿနာများ တွေ့ရှိသောအခါ ဝန်ထမ်းများကို အကုန် ခေါ်ယူလိုက်၏။

"ဘလူးဘယ်ရီတွေကို ရေလောင်းတာ များနေတယ်... နှစ်ရက်လောက် ရေမလောင်းနဲ့ဦး... ချယ်ရီတွေကို ပိုးသတ်ရမယ်... မနက်ဖြန်ကျရင် မြို့ထဲကို သွားပြီး တောကြက် နည်းနည်း ဝယ်လာခဲ့... ပြီးတော့ အထဲကို ထည့်ထားလိုက်... ကြက်တွေကို ပိုးမွှားတွေ စားခိုင်းရမယ်..."

ရွှီယန်က ဝန်ထမ်းများကို အလုပ်များ ခွဲဝေပေးလိုက်သည်။ ဝန်ထမ်းများကလည်း အသီးသီး မှတ်သားထားလိုက်ကြ၏။

ရွှီယန် ပြန်ရောက်လာသောအခါ လယ်ယာခြံဝင်း၏ အငွေ့အသက်က တကယ်ကို ပြောင်းလဲသွားခဲ့သည်။ ကိစ္စတော်တော်များများတွင် ဦးဆောင်မည့်သူ ရှိသွားသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး ကိစ္စများပင် ဖြစ်၏။

အခြားသူများ၏ လယ်ယာခြံဝင်း ဆိုပါက မှန်လုံအိမ် စိုက်ပျိုးရေး အတွက် အလွန် စိုးရိမ်ပူပန်ပြီး သတိထားနေရမည် ဖြစ်သည်။ သို့သော် ရွှီယန်၏ ခြံဝင်းကတော့ ပို၍ သက်သောင့်သက်သာ ရှိပေသည်။

မစိုက်ပျိုးခင်ကတည်းက မြေကြီးထဲတွင် အာဟာရဓာတ်များ အားလုံးကို ပြည့်စုံအောင် စီစဉ်ထားပြီး သီးနှံ မျိုးစေ့များကလည်း အလွန် ကောင်းမွန်သည်။ ထို့အပြင် ရွှီယန်၏ စိုက်ပျိုးရေး အတွေ့အကြုံများပါ ပေါင်းစပ်လိုက်သောအခါ တစ်ဧက အထွက်နှုန်းက သေချာပေါက် မြင့်မားမည်သာ ဖြစ်၏။

ငွေလည်း ပို၍ အများကြီး ရှာနိုင်မည် ဖြစ်သည်။ အားလုံးက ရွှီယန် ပြောသည့် စကားများကို မှတ်သားထားကြပြီး သူ စီစဉ်ပေးသော ကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။

ရွှီယန်က အပြင်သို့ ထွက်ကာ မြက်ခင်းနှင့် အာလူးများကို သွားရောက် ကြည့်ရှုလိုက်ပြန်သည်။

"နောက်နှစ်ရက်ဆို နေကြာပင်နဲ့ မြေပဲတွေ စိုက်ဖို့ ပြင်ဆင်လို့ ရပြီ... ပြောင်းဖူး စိုက်ရင်လည်း ရတယ်... ဝမ်ဝူ... မနက်ဖြန် မြေဆွပေးဦး... ငါ မြေပုံဆွဲထားတဲ့ နေရာမှာပဲ..."

ရွှီယန်က ထပ်မံ စီစဉ်ပေးလိုက်သည်။

"ရပါတယ် သူဌေး... ဒီအလုပ်ကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ..."

ဝမ်ဝူက ချက်ချင်းပင် သဘောတူလိုက်သည်။ ယခုဆိုလျှင် ဝမ်ဝူက ထွန်စက်ကြီး၏ ယာဉ်မောင်း ဖြစ်နေပြီ ဖြစ်၏။

အပြင်က အလုပ်တော်တော်များများကို သူ့ကိုသာ လုပ်ခိုင်းလေ့ ရှိသည်။ တစ်နေ့လုံး ကားမောင်းရလျှင်လည်း သူက ငွေပိုရသေးသည် မဟုတ်ပါလား။ ထွန်စက် မောင်းခြင်းကိုလည်း သူ တော်တော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းစဉ် အသစ်ကို စတင်ရတော့မည် ဆိုတော့ လယ်ယာခြံဝင်းကလည်း အလုပ်များလာတော့မည် ဖြစ်သည်။

ရွှီယန်သည် မြက်ခင်းပြင် ဘေးတွင် ရပ်နေ၏။ သိပ်မဝေးသော နေရာ၌ သေးငယ်သည့် မြေခွေးပေါက်လေး သုံးကောင်က မိခင်မြေခွေးနှင့် အတူတူ ဆော့ကစားနေကြသည်။ ကျန်သည့် မြေခွေးထီး နှစ်ကောင်ကတော့ ဘယ်ကို ရောက်သွားမှန်းတောင် မသိရချေ။

တောင်ထဲသို့ သွားရောက် ဆော့ကစားနေခြင်း ဖြစ်လောက်ပေသည်။ မြေခွေးများ အနှစ်သက်ဆုံး အရာက လမ်းလျှောက်ရင်း ဆော့ကစားရခြင်းပင် ဖြစ်၏။ သူတို့က လွတ်လပ်သော ခံစားချက်ကို နှစ်သက်ကြသည်။ ထို့ကြောင့် တောင်ထဲသို့ အမြဲတမ်း သွားလေ့ရှိကြ၏။

မည်သို့ပင်ဆိုစေ လွှတ်မွေးထားခြင်း ဖြစ်သဖြင့် ရွှီယန်လည်း သိပ်မထိန်းချုပ်ချေ။ မြေခွေးလေးများက ကြည့်ရသည်မှာ အလွန် ချစ်စရာကောင်းပြီး ရုပ်ရည်လည်း လှပကြသည်။ တိရစ္ဆာန် အများစုကတော့ ကလေးဘဝတွင် အချစ်စရာ အကောင်းဆုံးပင် ဖြစ်၏။

"အပြင်ကို ထွက်ပြေးလာကြပြီပဲ... သတ္တိတွေ ပိုကောင်းလာတယ်ပေါ့..."

ရွှီယန်က မြေခွေးလေးများကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

ကောင်လေးများက မြက်ခင်းပြင်ပေါ်တွင် ဆော့ကစားနေကြ၏။ တစ်ကောင်က မြေပြင်ပေါ်တွင် ပက်လက်လန်ကာ အီအီအီးအီး အော်နေပြီး နောက်တစ်ကောင်က အပေါ်မှနေ၍ ခုန်အုပ်ကာ ကိုက်နေသည်။ ထို့နောက် နှစ်ကောင်လုံး တစ်ပြိုင်နက်တည်း မတ်တပ်ရပ်၍ ဘေးသို့ ပြေးသွားကြသည်။

မိခင်မြေခွေးကတော့ သူတို့ ဆော့ကစားနေသည်ကို ကြည့်နေ၏။ သူတို့အတွက်တော့ ရွှီယန်၏ လယ်ယာခြံဝင်းက ပျော်ရွှင်ရာ ကမ္ဘာလေး တစ်ခုသဖွယ် ဖြစ်နေသည်။

ရွှီယန်က သူ၏ အရှေ့ရှိ မြက်ခင်းပြင်ကို ကြည့်လိုက်သည်။ မြက်များက တော်တော်လေး မြင့်မားနေပြီ ဖြစ်၏။

သို့သော် နွေရာသီ မိုးရာသီနှင့် ဆောင်းရာသီ သုံးရာသီလုံး မြက်မရှားပါးသဖြင့် မြက်များက သိပ်ပြီး အရောင်းအဝယ် မသွက်လှချေ။ မြက်ခြောက်ပုံများ ပြုလုပ်၍ သိမ်းဆည်းထားကာ ဆောင်းဦးပေါက် ရောက်မှသာ အားလုံးပေါင်းပြီး ရောင်းချရမည် ဖြစ်သည်။ ထိုအချိန်ကျမှသာ ပို၍ အရောင်းသွက်မည် ဖြစ်၏။

"နောက်ထပ် တစ်ပတ်လောက် နေရင် မြက်ရိတ်ရမယ်... ဒီမြက်တွေကို ရိတ်သိမ်းဖို့ အချိန်တန်ပြီ... အဲဒီအချိန်ကျရင် မြက်ပုံတွေ ပုံပြီး မိုးကာပလတ်စတစ်တွေ အုပ်ထားရမယ်... အလုပ်ကလည်း မနည်းဘူး..."

ရွှီယန်က ထပ်မံ၍ စီစဉ်ပေးလိုက်သည်။ အားလုံးက မှတ်သားထားလိုက်ကြ၏။

လယ်ယာခြံဝင်း၏ ပိုင်ရှင်အနေဖြင့် လယ်ယာခြံဝင်းရှိ ကိစ္စများကို သူကိုယ်တိုင်ပင် ဦးစီးစီမံရခြင်း ဖြစ်သည်။ ဘယ်အချိန်တွင် ဘာလုပ်ရမည် ဆိုသည်ကို ရွှီယန်က အသေအချာ စီစဉ်ပေးထား၏။

ထို့ကြောင့်ပင် ရွှီယန်၏ လယ်ယာခြံဝင်းတွင် အလုပ်လုပ်ရသည်ကို အားလုံးက တော်တော်လေး သက်သောင့်သက်သာ ရှိသည်ဟု ခံစားရခြင်း ဖြစ်သည်။ အလုပ်လုပ်ရန်သာ လိုအပ်ပြီး ကျန်သည်များက အားလုံး အာမခံချက် ရှိပြီးသား ဖြစ်၏။

ကိစ္စများကို စီစဉ်ပြီးသွားသောအခါ ရွှီယန်သည် လူနေဆောင် ခြံဝင်းထဲသို့ ပြန်လာပြီး အနားယူလိုက်သည်။

ဤတစ်ကြိမ် ချင်လင် ခရီးစဉ်က တော်တော်လေး ပင်ပန်းသော်လည်း ရလာဒ်ကတော့ အရမ်းကို ကြီးမားပေသည်။ တောတောင်ရှာဖွေရေးမှ ရရှိလာသော ကျွမ်းကျင်မှုများကို မပြောခင် သူက မြေကြီးထဲမှနေ၍ ကြွေပုလင်းငယ်လေး တစ်လုံးကိုပင် တူးဖော်ရရှိခဲ့သေးသည်။

ထိုစဉ်က သစ်သားသေတ္တာ ဆွေးမြည့်နေသည့် အခြေအနေကို ကြည့်ရလျှင် ဤကြွေပုလင်းက အနည်းဆုံး နှစ်ရာချီ၍ ကြာမြင့်နေလောက်ပြီ ဖြစ်၏။ သေချာပေါက် ပစ္စည်းကောင်း တစ်ခုပင် ဖြစ်သည်။ ကြွေထည်ပစ္စည်းများ၏ တန်ဖိုးက မနည်းလှချေ။

နောက်ထပ်ကတော့ ပန်ဒါဝက်ဝံ တာဝန်မှ ရရှိလာသော ကျောက်စိမ်းပြားပင် ဖြစ်သည်။ ၎င်းက ထိုက်ကျိပုံစံကဲ့သို့ အနက်နှင့် အဖြူ ရောစပ်နေသဖြင့် စုဆောင်းထားရန် တကယ်ကို အနေတော်ပင် ဖြစ်၏။

ဤသို့ ကြည့်လိုက်ပါက ရွှီယန်သည် တောတောင်ရှာဖွေလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး တောင်ထဲမှနေ၍ စုဆောင်းသင့်သော ထိပ်တန်း ရှေးဟောင်းပစ္စည်း အများအပြားကိုလည်း ရှာတွေ့ထားခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ဤရက်ပိုင်း လိုက်ဖ်လွှင့်ရာမှ ရရှိသော လက်ဆောင် ဝင်ငွေကလည်း တော်တော်လေး များပြားလှသည်။ ရွှီယန်က တွက်ကြည့်လိုက်ရာ တစ်နေ့ ဝင်ငွေက တစ်သိန်းနီးပါးခန့် ရှိနေ၏။

ဤသည်ကတော့ တကယ်ကို အမြတ်အကြီးစားပင် ဖြစ်သည်။ အင်တာနက်သုံးစွဲသူများက ဤသို့သော တောနက်ကြီးထဲရှိ လိုက်ဖ်မျိုးကို သဘောကျကြပေသည်။ အထူးသဖြင့် မျိုးစိတ်များ အလွန် ပေါကြွယ်ဝသည့် အခြေအနေမျိုးတွင် ဖြစ်၏။

ရွှီယန်တွင် ယခု ငွေကြေး သိပ်မလိုအပ်တော့သဖြင့် လူနေဆောင် ခြံဝင်းကို အလှဆင်ရန် စဉ်းစားလာခဲ့သည်။

ဤလယ်ယာခြံဝင်းကို သူက အနှစ်နှစ်ဆယ် ငှားရမ်းထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း အချိန်အကြာကြီး ငှားရမ်းရန် စဉ်းစားထားသဖြင့် ငွေအနည်းငယ်သုံးကာ အိမ်လေးတစ်လုံး ဆောက်လိုက်လျှင်လည်း ပြဿနာ သိပ်မရှိချေ။

'လယ်ယာခြံဝင်းက ဝင်ငွေရလာမှပဲ ဆက်ပြီး လုပ်တာ ကောင်းမယ်... အရမ်းကြီး ရင်းနှီးမြှုပ်နှံလို့ မဖြစ်ဘူး... မဟုတ်ရင် အန္တရာယ် ရှိတယ်...'

ရွှီယန်က နောက်ဆုံးတွင်တော့ မှန်လုံအိမ် သီးနှံများ တစ်သုတ် ရောင်းထွက်သွားမှသာ လူနေဆောင် ဧရိယာကို ပြုပြင်ရန် ပြင်ဆင်ခြင်းက ကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

အားလုံးကို နေရာတကျ စီစဉ်ပြီးသွားသောအခါ ရွှီယန်သည် စောစော အိပ်ရာဝင်လိုက်သည်။

ဒုတိယနေ့ နံနက် ဆယ်နာရီကျော်မှသာ သူ နိုးလာခဲ့၏။ နိုးလာသောအခါ တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ခန္ဓာကိုယ်ထဲရှိ ပင်ပန်းနွမ်းနယ်မှုများ အားလုံးက ယခုမှ ပျောက်ကွယ်သွားသကဲ့သို့ပင်။ အနည်းငယ် နူးညံ့ပျော့ပျောင်းသော ခံစားချက်လေးပင် ရှိနေသေး၏။

'တောတောင်ရှာဖွေရတာ မပင်ပန်းပါဘူး... ဒါပေမယ့် လေယာဉ်စီးရ... ကားစီးပြီး တောင်ထဲဝင်ရ... ပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ဆင်ရတာက တကယ် ပင်ပန်းတာ...'

ရွှီယန်က စိတ်ထဲမှနေ၍ တွေးလိုက်သည်။

သူ့အတွက်တော့ တောင်ထဲတွင် နှစ်ရက်ခန့် လမ်းလျှောက်ရသည်က ဘာမျှမဟုတ်ပေ။ သို့သော် လယ်ယာခြံဝင်းက အနီးအနားတွင် မရှိသဖြင့် ကိစ္စအားလုံးကို စီစဉ်ရသည်က အရမ်း ပင်ပန်းရခြင်း ဖြစ်သည်။

တစ်ရေးခန့် အိပ်လိုက်တော့မှသာ ပြန်လည်၍ အားပြည့်လာတော့၏။

ရွှီယန်က ခြံဝင်းထဲမှ ထွက်လာသောအခါ ရှောင်ဟွာက စိတ်မလန်းမဆန်း ဖြစ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

"ရှောင်ဟွာ... နေ့လယ်ကျရင် ငါတို့ တောင်ထဲ ဝင်ကြမယ်... လူးနားကို သွားရှာကြတာပေါ့..."

ရွှီယန်က လှမ်းခေါ်လိုက်သည်။

လူးနား၏ နာမည်ကို ကြားသောအခါ ရှောင်ဟွာက ချက်ချင်းပင် စိတ်ဝင်စားသွားကာ မတ်တပ်ရပ်၍ လျှောက်လာခဲ့၏။

"ခဏနေဦး... ဘယ်လိုပဲဖြစ်ဖြစ် ငါ နေ့လယ်စာ စားပြီး အနားယူလိုက်ဦးမယ်လေ..."

ရွှီယန်က ကျားသစ်၏ ခေါင်းကြီးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ အခုမှ ပြန်ရောက်သည်ကို ချက်ချင်း တောင်ထဲသို့ ပြန်ဝင်ရတော့မည် ဖြစ်၏။

သို့သော် လယ်ယာခြံဝင်းက အနီးအနားမှာပင် ရှိနေသဖြင့် ရွှီယန်သည် အထူးပင် ပေါ့ပါးနေသကဲ့သို့ ခံစားရသည်။ အထဲတွင် ကိရိယာ အချို့ ထည့်ထားသော ကျောပိုးအိတ်လေး လွယ်သွားရုံနှင့် လုံလောက်ပြီဖြစ်ရာ အလွန်ကို ပေါ့ပါးလွယ်ကူလှပေသည်။

လိုက်ဖ်ကိုလည်း ခဏမျှ ဖွင့်ထားပြီး အားလုံးနှင့် စကားအနည်းငယ် ပြော၍ ရသေးသည်။ ယခုက နာမည်ကျော်ကြားမှု အမြင့်ဆုံး အချိန်ဖြစ်သဖြင့် ကျော်ကြားမှု ရမှတ်များ ပိုရအောင် ယူထားခြင်းကလည်း ကောင်းမွန်ပေသည်။

နေ့လယ် တစ်နာရီတွင်တော့ ရွှီယန်သည် ရှောင်ဟွာကို ခေါ်ကာ တောင်ထဲသို့ ဝင်သွားခဲ့၏။ ဤတစ်ကြိမ် တောင်ထဲဝင်ခြင်းက ငါးနာရီ ခြောက်နာရီခန့်သာ လျှောက်လည်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

လိုက်ဖ်ကိုလည်း ပုံမှန်အတိုင်း ဖွင့်ထားလိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်က ချင်လင် လိုက်ဖ်တွင် ရွှီယန်သည် ပရိသတ်အသစ်များ အများအပြားကို ထပ်မံ ဆွဲဆောင်နိုင်ခဲ့သည်။

ဤလူများက လိုက်ဖ်ထဲသို့ ဝင်လာပြီး ရွှီယန်က ကျားသစ် တစ်ကောင်နှင့် ယှဉ်လျက် လမ်းလျှောက်နေသည်ကို မြင်သောအခါ ချက်ချင်းပင် မှင်တက်သွားကြတော့၏။

[ဒါက ဘယ်လို အခြေအနေကြီးလဲ... သူက ကျားသစ်ကိုတောင် မွေးထားတာလား]

[အရမ်းကို အထာကျတဲ့ ခံစားချက်ပဲ]

ပရိသတ်အဟောင်းများက ပရိသတ်အသစ်များ၏ ကွန်မန့်များကို မြင်သောအခါ စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်ကြသည်။

[ဟားဟားဟား... မင်းတို့ ကြည့်တာ ကြာလာရင် သိလာလိမ့်မယ်... ရှောင်ဟွာက ကြည့်ရတာ အထာကျပေမယ့် တကယ်တမ်းကျတော့ အရမ်းကို တုံးအအ နိုင်တာ]

[ဒီကျားသစ်က တုံးအအနဲ့ ချစ်စရာလေးနော်]

[လောင်ရွှီ မွေးထားတဲ့ တောင်ထဲက ကျားသစ်လေးလေ... သူက အတင်း လာကပ်နေလို့ လောင်ရွှီကပဲ ဆက်ပြီး စောင့်ရှောက်ပေးထားတာတဲ့]

[ရှောင်ဟွာကို ထပ်တွေ့ရပြီ... တကယ် ဝမ်းသာတာပဲ]

လိုက်ဖ်ထဲတွင် လူဦးရေ များလာသဖြင့် အင်တာနက်သုံးစွဲသူများလည်း အသီးသီး ပြောဆိုနေကြသည်။

ထိုအချိန်မှာပင် ရွှီယန်က အားလုံးကို ရှင်းပြလိုက်၏။

"မကြာသေးခင်က ရှောင်ဟွာ အသည်းကွဲသွားတယ်... လူးနားက ကိုယ်ဝန်ရလို့ ထွက်သွားလို့ ထင်တယ်... ကျားသစ်မတွေရဲ့ အလေ့အထက အဲဒီလိုပဲလေ... ရှောင်ဟွာကတော့ မပျော်မရွှင် ဖြစ်နေတာပေါ့... ဒါကြောင့် ဒီနေ့ ကျွန်တော် တောင်ထဲဝင်ပြီး လူးနားရဲ့ အရိပ်အယောင်ကို ရှာကြည့်မလို့... ဒီနေ့ အချိန်သိပ်မရတော့ တစ်ပတ်လောက်ပဲ ပတ်ကြည့်မယ်လေ... တကယ်လို့ အဆင်မပြေရင် မနက်ဖြန်ကျမှ စောစောထွက်ပြီး တောင်စောင့်နတ်ငယ်လေး နယ်မြေရဲ့ အပြင်ဘက်က တောင်တန်းတွေဆီ သွားပြီး လူးနား အိမ်ပြန်သွားသလား ဆိုတာကို သွားကြည့်မယ်..."

ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ၏ သိချင်စိတ်များ အပြည့်အဝ နိုးကြားလာခဲ့သည်။

လူးနား ထွက်သွားလေပြီလော။ ရှောင်ဟွာ အသည်းကွဲသွားပြီလော။ ထိုသို့ဆိုလျှင် ရှာတွေ့နိုင်မည်လော။

All Chapters