← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃) လိုက်လံဖမ်းဆီးခြင်း... တောနက်ထဲက ဝက်ဖမ်းစစ်ဆင်ရေး

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့ တောအုပ်ထဲတွင် လမ်းလျှောက်နေကြသည်။ ရွှီယန်သည် ယခုအခါ နောက်ဘက်တောင်၏ ကင်းလှည့်သူ တစ်ယောက်ကဲ့သို့ပင် အချိန်ရတိုင်း လာရောက် လှည့်ပတ်ကြည့်ရှုလေ့ရှိ၏။ ဤနယ်မြေကို သူ တော်တော်လေး ကျွမ်းဝင်နေပြီ ဖြစ်သည်။

သူက ရှောင်ဟွာနှင့်အတူ အရင်က ရှောင်ဟွာနှင့် လူးနားတို့ အတူတကွ နေထိုင်ခဲ့သည့် နေရာသို့ အရင်ဆုံး သွားရောက်ခဲ့သည်။ ဤနေရာသို့ ရောက်သည်နှင့် ရှောင်ဟွာက ချက်ချင်း ပြေးထွက်သွားပြီး နေရာတွင်ပင် တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်နေတော့၏။ ကြည့်ရသည်မှာ အနည်းငယ် လွမ်းဆွတ်နေပုံရသည်။

ရွှီယန်က ၎င်း၏ပုံစံကို ကြည့်ပြီး မတတ်နိုင်စွာဖြင့် ပြုံးလိုက်မိသည်။

"ခြံထဲက တိရစ္ဆာန်တွေကို ငါ အစာကျွေးရတယ်... နေစရာ နေရာရှာပေးရတယ်... ပြီးတော့ သူတို့ မီးဖွားပြီးရင်လည်း ပြုစုစောင့်ရှောက်ပေးရသေးတယ်... အခုတော့ ပိုဆိုးသွားပြီ... ကျားသစ် အသည်းကွဲတာကိုတောင် ငါက ဝင်ပြီး နှစ်သိမ့်ပေးနေရသေးတယ်... လယ်ယာခြံဝင်း ပိုင်ရှင် လုပ်ရတာ မလွယ်ပါလား..."

သူ၏စကားကို ကြားသောအခါ လိုက်ဖ်ထဲမှ ကြည့်ရှုသူများလည်း သဘောကျသွားကြသည်။

[ဟားဟားဟား... လောင်ရွှီ... မင်းမှ မင်းပဲ]

[ဒါကတော့ ပြောစရာ မလိုပါဘူး... လောင်ရွှီက သူ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ အပေါ် တကယ် ကောင်းတာပါ]

[ရှောင်ဟွာ ကြည့်ရတာ စိတ်မလန်းမဆန်း ဖြစ်နေတယ်... မြန်မြန် ပုံမှန် ပြန်ဖြစ်အောင် လုပ်ပေးလိုက်ပါဦး]

[ငါ့အကြံပြုချက်ကတော့ ရှောင်ဟွာ အတွက် မိန်းမ နောက်တစ်ကောင် ရှာပေးလိုက်ဖို့ပဲ... အသစ်ရလာရင် အဟောင်းကို မေ့သွားမှာပါ]

အားလုံးက အသီးသီး ပြန်လည် တုံ့ပြန်လာကြ၏။

မိန်းမ နောက်တစ်ကောင် ထပ်ရှာပေးရမည် ဟုတ်လား။

ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ခေါင်းယမ်းလိုက်သည်။ လူးနားကို ရှာတွေ့ခဲ့ခြင်းကပင် အလွန် ခဲယဉ်းလှပြီ ဖြစ်၏။ နောက်တစ်ကောင် ထပ်ရှာပေးရန်မှာ သိပ်ပြီး လက်တွေ့မကျလှပေ။

ထို့အပြင် လူးနားက ရှောင်ဟွာကို မနှစ်သက်၍ မဟုတ်ဘဲ သဘာဝ အလေ့အထအရသာ ဖြစ်သည်။ ကျားသစ်မများ ကိုယ်ဝန်ရလာပါက ထွက်သွားတတ်ကြသည်သာ ဖြစ်၏။ ရှာတွေ့ပြီး ရှင်းပြလိုက်လျှင် အဆင်ပြေသွားမည် ဖြစ်သည်။

ရွှီယန်က ပြန်ဖြေလိုက်သည်။

"ရှောင်ဟွာက တခြား ကျားသစ်တွေနဲ့ မတူဘူး... သူ့စရိုက်က တောရိုင်း ကျားသစ်နဲ့ မတူဘူးလေ... ငယ်ငယ်လေးကတည်းက ဒီလိုပဲ... အားလုံး မသိကြလောက်ဘူး... ငါ ငယ်ငယ်တုန်းက သူ့ကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်... အဲဒီနောက်တော့ သူက တောအုပ်ထဲကနေ ငါ့အိမ်ကို တိုက်ရိုက် လိုက်ရှာလာခဲ့တာပဲ... အဲဒီတုန်းက ငါတောင် လန့်သွားတာ... ဒီကောင်လေးက ဘယ်လိုပဲဖြစ်ဖြစ် တစ်ကောင်တည်း နေရတာကို မကြိုက်ဘူး... သူ့စရိုက်က ခွေးမျိုးရင်းဝင် တိရစ္ဆာန်တွေနဲ့ တူနေတယ်... လူမှုဆက်ဆံရေး ရှိမှ ရမှာလေ..."

ကြောင်မျိုးရင်းဝင်များနှင့် ခွေးမျိုးရင်းဝင်များ၏ စရိုက်က မတူညီကြချေ။ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက တစ်ကောင်တည်း နေလျှင်လည်း ပျော်ရွှင်စွာ နေထိုင်နိုင်ကြသော်လည်း ခွေးမျိုးရင်းဝင်များကတော့ မရပေ။ လုံလောက်သော လူမှုဆက်ဆံရေးနှင့် လှုပ်ရှားမှု ရှိရန် လိုအပ်သည်။

ရှောင်ဟွာ၏ စရိုက်က နှိုင်းယှဉ်ကြည့်ပါက တော်တော်လေး ထူးခြားနေပြီး ကြောင်ကြီး တစ်ကောင်နှင့်တူသော ခွေးလေး တစ်ကောင်ကဲ့သို့ပင် ဖြစ်၏။

"ရှောင်ဟွာ... သွားမယ်... ဟိုဘက်ကို လမ်းလျှောက်သွားရအောင်... လူးနားက သူ အရင်က နေခဲ့တဲ့ နေရာကို ပြန်သွားတာ ဖြစ်လောက်တယ်... သူက အဲဒီနေရာကို အရမ်း ရင်းနှီးတော့ ပိုပြီး ဘေးကင်းတယ်လို့ ခံစားရမှာပေါ့... အဲဒီနေရာက တော်တော် ဝေးတယ်... ငါ ကားစီးပြီး သွားရင်တောင် နှစ်နာရီလောက် ကြာတယ်... မနက်ဖြန်ကျရင် မင်းကို ငါ ခေါ်သွားပေးမယ်..."

ရွှီယန်က ရှောင်ဟွာကို ပြောလိုက်သည်။

ရှောင်ဟွာက ရွှီယန်၏ စကားကို နားလည်သွားပုံ ရပေသည်။ ၎င်းက ချက်ချင်းပင် မတ်တပ်ရပ်ကာ ရှေ့သို့ ပြေးထွက်သွားတော့၏။ ရွှီယန်လည်း အနောက်မှ လိုက်သွားခဲ့သည်။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင် တောအုပ်ထဲတွင် အတူတကွ သွားလာလှုပ်ရှားနေသည့် မြင်ကွင်းက လူများကို အံ့ဩမှင်တက်သွားစေပြီး တာဇံ ဇာတ်ကား ရိုက်ကူးနေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ မူလတောနက်ကြီးထဲတွင် နေထိုင်ကြသော အကောင်းဆုံး တွဲဖက်များကဲ့သို့ပင်။

"ရှောင်ဟွာ... ဖြည်းဖြည်း သွားလေ..."

ရွှီယန်က ရှောင်ဟွာ၏ အရှိန်မြန်နေသည်ကို သတိထားမိသဖြင့် လှမ်းအော်လိုက်သည်။

ရှောင်ဟွာက အမဲမလိုက်တတ်သလို သစ်ပင်တက်သည့် ကျွမ်းကျင်မှုကလည်း အနည်းငယ် အားနည်းချက် ရှိသော်လည်း ခန္ဓာကိုယ်ကတော့ ပြိုင်ဘက်ကင်းအောင် သွက်လက်လှပေသည်။ ဤကောင်လေးက အလွန် ကောင်းမွန်စွာ ပြုစုကျွေးမွေးခံထားရသဖြင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အရည်အသွေးကလည်း မဆိုးလှချေ။ ထို့ကြောင့် ပြေးလွှားရာတွင် အရှိန်က အတော်လေး မြန်ဆန်လှသည်။

ပြောနေစဉ်မှာပင် ရှောင်ဟွာက အလွန် မတ်စောက်သော တောင်စောင်း တစ်ခုပေါ်မှနေ၍ အောက်သို့ ပြေးဆင်းသွားခဲ့ပြီ ဖြစ်သည်။

ရွှီယန်၏ လှုပ်ရှားမှုက အလွန် သွက်လက်သော်လည်း အလွန် မတ်စောက်သော တောင်စောင်းများပေါ်တွင်တော့ မပြေးနိုင်ချေ။ လူများက ဆွဲငင်အား ဗဟိုချက် မြင့်မားသည့်အပြင် ခြေနှစ်ချောင်းတည်းသာ ရှိသဖြင့် အလွယ်တကူ လဲကျကာ ထိုးကျသွားနိုင်ပေသည်။

ဤအချက်ကတော့ တတ်နိုင်မည် မဟုတ်ပေ။ ရွှီယန်က အပေါ်မှ ရပ်ကာ ရှောင်ဟွာကို ကြည့်နေလိုက်သည်။

"ရှောင်ဟွာ... မနက်ဖြန်ကျမှ မင်းကို ငါ ခေါ်သွားပေးမယ်..."

သူက ရှောင်ဟွာကို ပြောလိုက်သည်။

ရှောင်ဟွာကတော့ ရွှီယန်ကို တောက်လျှောက် ကြည့်နေခဲ့ပြီး ဤတစ်ကြိမ်တွင်မူ ရှောင်ဟွာက ရွှီယန်၏ အစီအစဉ်ကို နားမထောင်တော့ချေ။ ရွှီယန်က ၎င်း၏ အတွေးကို ရိပ်မိသွားသည်။

"မင်း ဘာသာ သွားချင်လို့လား... လမ်းက အရမ်း ဝေးတယ်နော်... ကီလိုမီတာ ဆယ်နဲ့ချီပြီး ရှိတာ..."

ရွှီယန်က ထပ်ပြောလိုက်သည်။

ရှောင်ဟွာက ပြန်မလာခဲ့ပေ။ ဤကောင်လေးလည်း ကြီးပြင်းလာပြီဖြစ်ရာ ကိုယ်ပိုင် အတွေးအခေါ်များ ရှိလာပြီ ဖြစ်၏။ တကယ်ပင် အချစ်ရေး ကိစ္စများကို ကြုံတွေ့ပြီးသွားသောအခါ အထီးများ အားလုံးက ရင့်ကျက်လာကြသည်သာ ဖြစ်သည်။

"ကောင်းပြီလေ... မင်း သွားတော့... မနက်ဖြန်ကျရင် မင်းကို ငါ လိုက်ရှာမယ်..."

ရွှီယန်က ရှောင်ဟွာ၏ မျက်ဝန်းများထဲမှ ပြတ်သားမှုကို မြင်သောအခါ ၎င်း၏ လုပ်ရပ်ကို သဘောတူလိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ ရှောင်ဟွာက နောက်လှည့်ပြီး အမြန် ပြေးထွက်သွားတော့၏။

"ကြီးလာပြီပဲ... အဲဒီတုန်းက လူးနားကလည်း အဲဒီလိုပဲ မင်းကို လိုက်ရှာလာခဲ့တာ... မင်းလည်း သူ့ကို ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်... မင်းတို့ နှစ်ကောင်စလုံး တော်တော် အချစ်ကြီးကြတာပဲ..."

ရွှီယန်က ဝေးကွာသွားသော ရှောင်ဟွာ၏ ကျောပြင်ကို ငေးကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

ရွှီယန်က နောင်တွင် ရှောင်ဟွာကို ရှာမတွေ့တော့မည်ကိုလည်း မစိုးရိမ်ချေ။ မည်သို့ပင်ဆိုစေ သူ၌ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိသဖြင့် ရှောင်ဟွာ၏ နေရာကို အတိအကျ ရှာဖွေနိုင်ပေသည်။ တောနက်ကြီးထဲတွင် အန္တရာယ် များသဖြင့် အနည်းငယ်တော့ သတိထားရမည် ဖြစ်၏။

လိုက်ဖ်ထဲမှ ကြည့်ရှုသူများက ဤမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်သွားကြသည်။

[ရှောင်ဟွာ ပြေးသွားပြီပဲ... သူက လူးနား နောက်ကို လိုက်သွားတာလား... ရှာတွေ့နိုင်ပါ့မလား]

[ဒီကျားသစ်က အမဲမလိုက်တတ်ဘူး မဟုတ်လား... တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ]

[ဘယ်လိုပဲဖြစ်ဖြစ် တောရိုင်း ကျားသစ်ပဲဟာ... စိုးရိမ်ပေးနေစရာ မလိုပါဘူး]

[ငါ သိချင်တာက ကျားသစ်က တကယ်ပဲ လိုက်ဖ်လွှင့်သူရဲ့ စကားကို နားလည်တာလား... မျက်နှာအမူအရာတွေကလည်း ကိုက်ညီနေတော့ အရမ်းကို အံ့ဩဖို့ ကောင်းတာပဲ]

အားလုံးကလည်း အသီးသီး တုံ့ပြန်လာကြ၏။

လိုက်ဖ်၏ နာမည်ကျော်ကြားမှုက အလွန် မြင့်မားနေဆဲပင်။ ရွှီယန် တောင်ထဲတွင် ကြုံတွေ့ရသည့် ကိစ္စရပ်များ အားလုံးက အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။

အချိန်လင့်နေပြီဖြစ်ရာ ရွှီယန်က တောင်အောက်သို့ ဆင်းကာ စောစော ပြန်၍ အနားယူရန် ရည်ရွယ်လိုက်သည်။ သူက တောင်အောက်ဘက်သို့ ဦးတည် လျှောက်သွားလိုက်၏။ ဤတောင်ကို သူ အလွန် ရင်းနှီးနေပြီဖြစ်ရာ ဘယ်လမ်းက လျှောက်ရလွယ်ကူသလဲ ဘယ်လမ်းက အမြန်ဆုံး ပြန်ရောက်နိုင်သလဲ ဆိုသည်ကို ရွှီယန် အကုန်လုံး ရှင်းရှင်းလင်းလင်း သိထားပေသည်။

ယခုအခါ လေးလပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ တောင်ထဲရှိ ရာသီဥတုက ပြန်လည် နွေးထွေးလာပြီး တောပန်းငယ်လေးများလည်း အများအပြား ဖူးပွင့်နေကာ တစ်ခါတရံ တောရိုင်း လိပ်ပြာလေးများလည်း ဘေးမှ ဖြတ်သန်း ပျံသန်းသွားလေ့ရှိသည်။ သစ်ပင်ပေါ်ရှိ ငှက်ကလေးများကလည်း တကျီကျီဖြင့် မရပ်မနား အော်မြည်နေကြ၏။ သဘာဝ အလေ့အထအရလား သို့မဟုတ် သတင်းအချက်အလက် ဖလှယ်နေကြသည်လားတော့ မသိရသော်လည်း ငှက်ကလေးများက အော်မြည်ရသည်ကို နှစ်သက်ကြပြီး နွေရာသီဆိုလျှင် အမြဲတမ်း ဆူညံနေတတ်ကြသည်။

လိုက်ဖ် အကြောင်းအရာများက သက်သောင့်သက်သာ ရှိနေဆဲပင်။ အချိန်အတော်များများတွင် ရွှီယန်၏ အာရုံစိုက်မှုက လိုက်ဖ်အပေါ်တွင် မရှိဘဲ တောတောင်ရှာဖွေခြင်း အပေါ်တွင်သာ အာရုံစိုက်ထားလေ့ ရှိသည်။

လိုက်ဖ်လွှင့်သူ အများစုကတော့ စက္ကန့်တိုင်း ကင်မရာကို မျက်နှာမူထားချင်ကြပြီး လိုက်ဖ်ထဲသို့ လူတစ်ယောက် ဝင်လာသည်ကိုပင် ညာဘက် အပေါ်ထောင့်အား ကြည့်တတ်ကြပေသည်။ ဤသို့လုပ်ခြင်းက အချို့သော အင်တာနက်သုံးစွဲသူများကို ဖိအားဖြစ်စေ၏။

လူအများစုက ရွှီယန်ကဲ့သို့ လိုက်ဖ်လွှင့်သူမျိုးကိုသာ သဘောကျကြသည်။ လေထုက သက်သောင့်သက်သာ ရှိပြီး ကြည့်ချင်သောအချိန် ဝင်ကြည့်ရုံသာဖြစ်ကာ ရွှီယန်ကလည်း ကြည့်ရှုသူများထံမှ ဘာမျှ တောင်းဆိုလေ့ မရှိချေ။

ခဏခန့် လမ်းလျှောက်သွားပြီးနောက် ရွှီယန်က အရှေ့ဘက် ခပ်လှမ်းလှမ်းတွင် ပန်းရောင် အရာတစ်ခု လှုပ်ရှားနေသည်ကို လှမ်းမြင်လိုက်ရသည်။

သူ၏ လက်ရှိ အမြင်အာရုံက အလွန် ကောင်းမွန်လွန်းနေပြီး အကောင်းဆုံး စံနှုန်းမီ အမြင်အာရုံဟုပင် ဆို၍ရပေသည်။ လေယာဉ်မှူး စာမေးပွဲ ဖြေဆိုမည်ဆိုလျှင်ပင် အလွယ်တကူ အောင်မြင်နိုင်မည် ဖြစ်၏။ သူက အဝေးမှ ပန်းရောင် အရာလေး လှုပ်ရှားနေသည်ကို မြင်သောအခါ အိတ်ကပ်ထဲမှ မှန်ပြောင်းကို ထုတ်ယူလိုက်ပြီး ကင်းထောက် တစ်ယောက်ကဲ့သို့ အရှေ့ဘက်ကို စူးစမ်း ကြည့်ရှုလိုက်သည်။

အားလုံးကလည်း သူ၏ ဤကဲ့သို့ လုပ်ရပ်များကို မထူးဆန်းတော့ပေ။ ရွှီယန်က အမြဲတမ်း ထူးဆန်းသော ကိရိယာ အများအပြားကို ထုတ်ယူလေ့ ရှိသည်။ ကြည့်ရသည်မှာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။

[လောင်ရွှီ ဘာတွေများ မြင်လိုက်လို့လဲ... ကိုယ့်ဘာသာကိုယ်ချည်းပဲ ကြည့်မနေနဲ့လေ]

[ဘာတွေများ မြင်လိုက်လို့ ဒီလောက်တောင် ပျော်နေရတာလဲ]

[အဝေးမှာ တစ်ခုခု ရှိလို့လား]

အားလုံးက စိတ်ထဲမှ သိချင်စိတ်များကို မထိန်းချုပ်နိုင်ကြတော့ဘဲ ဝိုင်းဝန်း မေးမြန်းကြတော့သည်။

ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ပြန်ဖြေလိုက်သည်။

"ဘာမှတော့ မဟုတ်ပါဘူး... ဝက်တစ်ကောင်ကို မြင်လိုက်လို့..."

ဝက် ဟုတ်လား။

အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အမ်းသွားကြသည်။ ဘာဝက်လဲ။

ရွှီယန်က ဆက်ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"အရင်က ငါ့ခြံထဲကနေ ဝက်တစ်ကောင် ပြေးထွက်သွားဖူးတယ်... ဒီကောင်လေးက သေးတယ်ဆိုပေမယ့် ပြေးတာ တော်တော် မြန်တာ... သူက နောက်ဘက်တောင်ကို ပြေးသွားတော့ အစားခံလိုက်ရပြီလို့ ငါ ထင်နေခဲ့တာ... ဒါပေမယ့် လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခုတုန်းက သူ့ကို တောဝက် မိသားစု တစ်စုနဲ့ အတူတူ နေနေတာ သွားတွေ့လိုက်တယ်... တောဝက်တွေက သူ့ကို ကလေး တစ်ယောက်လို မွေးထားတဲ့ပုံပဲ... အခုထိ သက်ရှိထင်ရှား ရှိနေသေးတယ်... ကြည့်ရတာ တော်တော်လေး အဆင်ပြေနေတဲ့ ပုံပဲ... ဒီကောင်လေး တော်တော် စွမ်းတာပဲ..."

ရွှီယန်က မှန်ပြောင်းကို ချထားလိုက်သည်။ အိမ်မွေးဝက်ကို ပြန်ဖမ်းခြင်းက ဥပဒေနှင့် မငြိစွန်းသလို ဤသည်က မူလကတည်းက သူ ဝယ်ထားသော ဝက်ပင် ဖြစ်သည်။

ရွှီယန်က ထပ်ပြီး သွားကြည့်ချင်နေ၏။ ဤကောင်လေးက တကယ်ကို သဘောမတူဘူး ဆိုလျှင်တော့ တောင်ထဲမှာပဲ ဆက်နေခိုင်းလိုက်လျှင်လည်း မဆိုးပါဘူးလေ။

ရွှီယန်၏ စကားကို ကြားသောအခါ လူအများအပြားက ထိုဝက်ဖမ်းသည့် ဗီဒီယိုကို ပြန်လည် သတိရသွားကြသည်။

[သတိရပြီ... ဝက်တစ်ကောင် အပြင်ကို ထွက်ပြေးသွားဖူးတယ်မလား]

[အခုထိ အသက်ရှင်နေတုန်းလား]

[ဟားဟားဟား... အဲဒီကောင်လေးကို ပြန်ဖမ်းခဲ့လိုက်]

အင်တာနက်သုံးစွဲသူများက အသီးသီး အော်ဟစ်နေကြတော့သည်။

မည်သို့ပင်ဆိုစေ ကိုယ့်အိမ်က ဝက်ဖြစ်သဖြင့် ရွှီယန်က သွားကြည့်ရန် ရည်ရွယ်လိုက်သည်။ ဤကောင်လေး ဘယ်လို နေထိုင်နေသလဲ ဆိုသည်ကို သွားကြည့်ရမည်ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် တောင်ထဲတွင် လမ်းလျှောက်နေခြင်းသာဖြစ်ရာ ဘာကိစ္စမှလည်း မရှိချေ။ ထို့ကြောင့် ရွှီယန်က အရှိန်တင်လိုက်ပြီး အိမ်မွေးဝက် ရှိရာဘက်သို့ တောက်လျှောက် ထွက်သွားလိုက်သည်။

နာရီဝက်ခန့် အကြာတွင်တော့ ရွှီယန်သည် ခရီးဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ဝက်ပန်းရောင်လေးက တောဝက်အုပ်စုနှင့် အတူတူ ရှိနေဆဲပင်။ သူတို့က ကွက်လပ်ဖြစ်နေသော တောအုပ်လေး တစ်ခုထဲတွင် မြေကြီးကို ပျော်ရွှင်စွာဖြင့် ယက်ကန်ယက်ကန် လုပ်နေကြသည်။

ဝက်ပန်းရောင်လေး၏ ခန္ဓာကိုယ်က အနည်းငယ် ညစ်ပတ်နေသော်လည်း ခါးပေါ်ရှိ အသည်းပုံစံလေးကတော့ သိသာထင်ရှားနေဆဲ ဖြစ်၏။

"အွတ်... အီး..."

ရွှီယန်က ဝက်ပန်းရောင်လေးဆီသို့ လှမ်းအော်လိုက်သည်။

ဝက်ပန်းရောင်လေးက အသံကြားသည်နှင့် ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။ ရွှီယန် ဖြစ်နေသည်ကို မြင်သောအခါ ၎င်းက လန့်သွားသကဲ့သို့ ခြေလေးဖက်ကို အမြန်လှုပ်ရှားကာ တာထွက်ကြမ်းကြမ်းဖြင့် နောက်လှည့်ပြီး တန်းပြေးတော့၏။

"ဟင်..."

၎င်း ထပ်ပြေးသွားသည်ကို မြင်သောအခါ ရွှီယန်က ဤတစ်ကြိမ်တွင်တော့ စိတ်ဝင်စားသွားခဲ့သည်။

အရင်တစ်ခေါက်တုန်းက ၎င်း ထွက်ပြေးလွတ်မြောက်သွားသဖြင့် လူအများအပြားက သူ ဝက်တစ်ကောင်ကိုတောင် မယှဉ်နိုင်ဘူးဟု ကွန်မန့် ရေးခဲ့ကြသည် မဟုတ်ပါလား။

ဤတစ်ကြိမ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဖမ်းမိအောင် ဖမ်းရမည်သာ။ ထို့ကြောင့် ရွှီယန်က အရှိန်တင်ကာ တောဝက်ဆီသို့ အပြေးအလွှား လိုက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ တောဝက်များက ရွှီယန်၏ လှုပ်ရှားမှုကြောင့် လန့်ပြီး အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးသွားကြကာ တောဝက်ကြီးများကလည်း ကလေးများကို ဂရုမစိုက်နိုင်တော့ဘဲ အမြန် ထွက်ပြေးသွားကြသည်။

ဤတောဝက်ကတော့ နှိုင်းယှဉ်ကြည့်ပါက တော်တော်လေး ပုံမှန်ပါပင်။ လူကို မြင်သည်နှင့် လန့်ပြီး ထွက်ပြေးသွားတတ်ကြသည် မဟုတ်ပါလား။

ဒရုန်းက အမြန် လိုက်ပါလာပြီး ရွှီယန်နှင့် ဝက်ပန်းရောင်လေးတို့ လိုက်တမ်းပြေးတမ်း ကစားနေသည့် ဗီဒီယိုကို အပေါ်မှနေ၍ ရိုက်ကူးနေသည်။ ကွန်မန့်များကလည်း ချက်ချင်းပင် ပွက်လောညံသွားတော့၏။

[ဝက်ပန်းရောင်လေး... မြန်မြန်ပြေး]

[နတ်ဆိုးကြီး ရွှီယန် လက်ထဲကို လုံးဝ အမိမခံနဲ့နော်]

[အဖမ်းခံရရင် အစားခံရမှာပဲ]

[အံ့ဩစရာပါပဲ... နာမည်ကြီး လိုက်ဖ်လွှင့်သူက တောနက်ကြီးထဲမှာ ဝက်မ တစ်ကောင်ကို ဒီလိုမျိုး လုပ်ရက်တယ်တဲ့လား]

အင်တာနက်သုံးစွဲသူများက တကယ်ကို ပွဲဆူအောင် လုပ်တတ်ကြပေသည်။ လိုက်ဖ်ထဲတွင် အထူးပင် စည်ကားနေတော့၏။

ဤဝက်လေး၏ အရှိန်ကလည်း တကယ်ကို မနှေးလှပေ။ ဝက်ခြေထောက် လေးချောင်း ဖြတ်သွားသည့် နေရာတိုင်းတွင် မြက်စများနှင့် မြေကြီးများ လွင့်စင်သွားတော့သည်။

သိုင်းသမား တစ်ယောက်ပင်။

"လခွမ်း..."

ရွှီယန်က အကွာအဝေး တစ်ခုအထိ ပြေးပြီးနောက် အနည်းငယ် အံ့ဩသွားခဲ့သည်။

ဤကောင်လေးက တောဝက်များနှင့် အချိန်အကြာကြီး အတူတူ နေလာခဲ့သဖြင့် လှုပ်ရှားမှုများက တောဝက်များနှင့် အတူတူပင် သွက်လက်နေပြီ ဖြစ်၏။

တောဝက်များ ပြေးသည့် အရှိန်က အလွန် မြန်ဆန်ပေသည်။ လူများက တကယ်တမ်း လိုက်မီချင်မှ လိုက်မီနိုင်မည် ဖြစ်၏။

သို့သော် ရွှီယန်က စတင် လိုက်ဖမ်းနေပြီဖြစ်ရာ အကယ်၍ လိုက်မမီဘူး ဆိုလျှင် အရှက်ကွဲရပေလိမ့်မည်။

ထို့ကြောင့် ရွှီယန်က ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး အရှေ့သို့ တိုက်ရိုက် ပစ်ပေါက်လိုက်ရာ ဝက်ပန်းရောင်လေး၏ အရှေ့သို့ ကျရောက်သွားတော့သည်။

ဝက်ပန်းရောင်လေးက လန့်သွားပြီး အရှိန် စတင် လျော့ကျသွား၏။ ဝက်လေးက ဤလူငယ်က စည်းကမ်းမရှိဘူး ဆိုသည်ကို မထင်မှတ်ထားခဲ့ချေ။

ရွှီယန်က အမြန် တိုးကပ်သွားပြီး လိုက်မီတော့မည့် အချိန်မှာပင် ဝက်ပန်းရောင်လေးက အမြန် လားရာ ပြောင်းရန်ပင် တတ်သိနေသေးသည်။

သဘာဝလောကတွင် ဒရယ်များက ခြင်္သေ့များနှင့် ကျားသစ်များ၏ လိုက်လံ ဖမ်းဆီးခြင်းမှ ရှောင်ရှားရန် ဤသို့ပင် ပြုလုပ်လေ့ ရှိကြ၏။ အရေးကြီးသည့် အချိန်တွင် လားရာ တစ်ချက် ပြောင်းလိုက်ခြင်းဖြင့် အမဲလိုက်သူကို ရှောင်ထွက်သွားနိုင်ပေသည်။

သို့သော် ရွှီယန်၏ တုံ့ပြန်မှုက အလွန် သွက်လက်လှရာ ဝက်ဖင်လေး အားယူလိုက်သည်နှင့် ဤဝက်လေး ဘာလုပ်ချင်သလဲ ဆိုသည်ကို သူ ရိပ်မိသွားခဲ့သည်။

ထို့ကြောင့် ဝက်ပန်းရောင်လေး လားရာ ပြောင်းလိုက်သည့် အချိန်မှာပင် ရွှီယန်က တိုက်ရိုက်ပင် လားရာကို အရင် ပြောင်းလိုက်ပြီး ဝက်ကျောပေါ်သို့ တစ်ချက်တည်း ဖိချလိုက်တော့သည်။

ဤကောင်လေးက ယခုမှ တစ်လကျော်သာ ရှိသေးရာ ကိုယ်အလေးချိန်လည်း မလေးလှပေ။ အလွန်လွယ်ကူစွာပင် ရွှီယန် ဖိချလိုက်နိုင်သည်။

"ဖျန်း..."

ရွှီယန်က ဝက်ဖင်ပေါ်သို့ တစ်ချက် ရိုက်လိုက်သည်။

"ဒီကောင်လေး ပြေးတာ တော်တော် မြန်တာပဲ..."

သူ အနည်းငယ် မောဟိုက်နေသည်။

ပြင်းထန်သော လှုပ်ရှားမှုများ အပြီး ဥပမာ မီတာတစ်ရာ အပြေးပြိုင်ပွဲ အပြီးတွင် မောဟိုက်ခြင်းက ပုံမှန်ပင် ဖြစ်၏။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများလည်း ဆူညံနေခြင်းကို ရပ်တန့်လိုက်ကြသည်။

အရှုံးအနိုင် ပေါ်သွားပြီ မဟုတ်ပါလား။ ရွှီယန်က တကယ်ကို တော်တာပါပဲလေ။

All Chapters