အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း (၂၄၆) နာမည်ကြီးလာပြီးနောက် စည်ကားလာမှုနှင့် ချစ်စရာ မြေခွေးလေးများ
"တကယ်လို့ ဖြစ်နိုင်ရင် ငါ့ခြံကိုလာပြီး ကလေးမွေးလေ... အဲဒီနေရာက ဘေးကင်းတယ်... မြေခွေးတွေရော ရှောင်ဟေး တို့ မိသားစုရော အကုန်လုံး ငါ့ဆီမှာပဲ မဟုတ်လား"
ရွှီယန်က ရှောင်ဟွာနှင့် လူးနားကို ကြည့်ကာ ပြောလိုက်သည်။
ရွှီယန်၏ လယ်ယာခြံဝင်းက သေချာပေါက် ဘေးကင်းပေသည်။
သို့သော် လူးနားက လူများသော နေရာကို မနှစ်သက်သဖြင့် သေချာပေါက် သွားမည် မဟုတ်ချေ။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ စရိုက်က အလွန် ထူးဆန်းလှသည်။ အကယ်၍ လူသားများကို မယုံကြည်ပါက လူသားများကို အနားသို့ လုံးဝ အကပ်မခံဘဲ မွေးလာသော ကလေးများကလည်း လူကို ကြောက်တတ်ကြ၏။
အကယ်၍ လူသားများကို ယုံကြည်ပါက ကိုယ်တိုင် ဂရုမစိုက်တော့ဘဲ အချိန်အများစုတွင် ကလေးများကို လူသားများထံ ကိုက်ချီသွားကာ လူသားများကို ကူညီစောင့်ရှောက်ခိုင်းတတ်ကြသည်။
လူးနားကတော့ လူသားများကို ထိုမျှလောက်ထိ မယုံကြည်သေးပေ။
ရှောင်ဟွာနှင့် လူးနားက ရွှီယန်ကို ကြည့်လိုက်ကြပြီး ကောင်လေး နှစ်ကောင်လုံးက နောက်ထပ် ဘယ်သွားရမည်ကို မဆုံးဖြတ်ရသေးချေ။ ကြုံသလိုသာ ဆက်သွားရမည် ဖြစ်၏။
ရွှီယန်တွင်လည်း ကိုယ်ကျိုးရှာလိုစိတ် အနည်းငယ်တော့ ရှိပေသည်။
ကျားသစ်က ဤမျှ ချစ်စရာကောင်းရာ ကျားသစ်ပေါက်လေးများက ပို၍ ချစ်စရာကောင်းမည်မှာ သေချာသည်။ ဤမွေးလာမည့် ကျားသစ်ပေါက်လေးများကို သူကိုယ်တိုင် မွေးမြူချင်နေ၏။
ကိုယ်တိုင် မွေးမြူ၍ မရလျှင်တောင် ကျားသစ်များက ကိုယ်တိုင် လာရောက် အပ်နှံစေချင်သည်။ နောက်ဘက်တောင်တွင် ဖြစ်လျှင်လည်း ရပေသည်။ လူးနား ကလေးမွေးပြီးချိန်တွင် ရွှီယန်က နို့အကြိမ်များများ သွားတိုက်ပေးလျှင် ကျားသစ်ပေါက်လေးများနှင့် ရင်းနှီးသွားမည် ဖြစ်၏။
ရွှီယန်က နောက်ထပ် ခဏမျှ နေပြီးနောက် အချိန်အနေတော် ရှိပြီဖြစ်ရာ ရှေ့တိုးသွားကာ ရှောင်ဟွာကို ပွတ်သပ်ပြီး ပြန်ရန် ရည်ရွယ်လိုက်သည်။
ရွှီယန်က ရှေ့သို့ လျှောက်သွားသောအခါ ဤတစ်ကြိမ်တွင် လူးနားက နောက်ဆုတ်မသွားချေ။
ရွှီယန် ရှောင်ဟွာကို ပွတ်သပ်နေချိန်တွင် လူးနားက ဘေးနား၌ ရှိနေသည်။ ဤသည်က ရွှီယန် လူးနားနှင့် အနီးဆုံး ဖြစ်ခဲ့သည့် အချိန်ပင်။
သူက သေချာစွာ အကဲခတ်ကြည့်လိုက်ရာ ဤကျားသစ်နက်က တစ်ကိုယ်လုံး အမည်းရောင် ဖြစ်နေပြီး အစက်အပြောက် အရိပ်အယောင်လေးမျှပင် မတွေ့ရဘဲ ပြောမပြတတ်အောင် နူးညံ့ပျော့ပျောင်းနေသည်ကို တွေ့လိုက်ရသည်။
အချို့သော ကျားသစ်နက်များက အမည်းရောင် မစစ်ဘဲ ခန္ဓာကိုယ်ပေါ်တွင် အကွက်အရေးအကြောင်းလေးများကို မြင်တွေ့ရတတ်သေး၏။
လူးနားကတော့ အမည်းရောင် စစ်စစ်ပင် ဖြစ်သည်။
လူးနား ရှောင်ဖယ်မသွားသည်ကို မြင်သောအခါ ရွှီယန်က လူးနား၏ ခေါင်းကိုပါ ကြုံသလို ပွတ်သပ်လိုက်သည်။
လူးနားက ယခုတိုင်အောင် မရှောင်ဖယ်ချေ။
ယုံကြည်မှုက ဤသို့ဖြင့် တည်ဆောက်သွားခဲ့ပြီ ဖြစ်သည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ ပွက်လောညံသွားကြတော့၏။
[လောင်ရွှီက လူးနားကို ပွတ်သပ်နေတယ်... ပထမဆုံး မြင်ဖူးတာပဲ]
[အဲဒီ ကျားသစ်နက်က တော်တော် သတိထားတတ်တာ... အခုလိုမျိုး ဖြစ်နေတာကို တကယ် ပထမဆုံး မြင်ဖူးတာပဲ]
[ပြီးပြီ... နောက်ထပ် ကျားသစ် တစ်ကောင် လောင်ရွှီ ရဲ့ ယဉ်ကျေးအောင် လုပ်တာကို ခံလိုက်ရပြီ]
[ယောကျာ်း နှစ်ယောက်က တောင်တွေ ဖြတ်ပြီး လိုက်ရှာနေတာကို မသိမ်မွေ့ဘဲ နေပါ့မလား]
ရွှီယန်က လူးနားကို ပွတ်သပ်ကြည့်ရာ အထိအတွေ့က တကယ်ကို မဆိုးလှပေ။ ရှောင်ဟွာလောက် မနူးညံ့သော်လည်း သက်သောင့်သက်သာတော့ ရှိ၏။
ထို့နောက် အချိန်အနေတော် ရောက်ပြီဖြစ်ရာ ရွှီယန်က နောက်လှည့်၍ ချောက်ကမ်းပါးအတိုင်း အပေါ်သို့ ပြန်တက်လာခဲ့သည်။
အပေါ်သို့ ရောက်သောအခါ ဤကျားသစ် နှစ်ကောင် အပေါ်သို့ ပြန်တက်လာနိုင်ပါ့မလားဟု သူ အနည်းငယ် စိုးရိမ်မိသေးသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ရှောင်ဟွာက အလွန် ပေါ့ပါးစွာဖြင့် နှစ်ချက်သုံးချက်မျှ ဆက်တိုက် ခုန်ပြီး အပေါ်သို့ ရောက်လာသည်ကို တွေ့လိုက်ရ၏။
ရွှီယန်က ရှောင်ဟွာကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
"နေပါဦး... မင်း ဘယ်တုန်းကများ ဒီဟာကို တတ်သွားတာလဲ... ငါရော မင်းအမေရော မင်းကို မသင်ပေးခဲ့ပါဘူး"
ရှောင်ဟွာက ရွှီယန်နှင့် အချိန်အကြာကြီး နေလာခဲ့သဖြင့် ရွှီယန်၏ မျက်ဝန်းများထဲတွင် သံသယများ ရှိနေသည်ကို ခံစားသိရှိနိုင်ပေသည်။
ရှောင်ဟွာ အနည်းငယ် ကြောင်အမ်းသွားသည်။ ဒါက ဘာဖြစ်လို့လဲပေါ့။
ထို့နောက် ရွှီယန်က ပြုံးလိုက်သည်။
ရှောင်ဟွာ စတင် ကြီးပြင်းလာပြီဖြစ်ရာ သွေးကြောထဲရှိ အရာများက နှိုးဆွခံလိုက်ရပြီး ဤအရာများကို တတ်မြောက်သွားခြင်းမှာလည်း ပုံမှန်ပင် ဖြစ်၏။
"ကောင်းပြီ... ငါ သွားတော့မယ်... မင်းတို့ ဘယ်သွားချင်လဲ စဉ်းစားကြည့်ကြပေါ့... ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရပါတယ်... အားတဲ့အခါ ငါ လာကြည့်မယ်လေ"
ရွှီယန်က ရှောင်ဟွာကို လက်လှမ်းပြပြီး နောက်လှည့်၍ ထွက်လာခဲ့သည်။
ရှောင်ဟွာက နေရာမှာပင် ရပ်နေပြီး ရွှီယန်၏ ကျောပြင်ကို အချိန်အတော်ကြာ ငေးကြည့်နေလိုက်၏။
၎င်းက မည်သို့ပင်ဖြစ်စေ တောရိုင်း ကျားသစ်ပင် ဖြစ်ရာ ကြီးပြင်းလာမည် ဖြစ်သလို လွတ်လပ်မှုကိုလည်း တောင့်တလာမည်သာ ဖြစ်သည်။
သေချာသည်ကတော့ လွတ်လပ်မှုက အနည်းငယ် ရှိရုံဖြင့် လုံလောက်ပြီ ဖြစ်ပြီး အကောင်းဆုံးကတော့ ပုံမှန်အချိန်များတွင် နောက်ဘက်တောင်၌ လှုပ်ရှားသွားလာကာ ဆာလောင်လာသောအခါ လယ်ယာခြံဝင်းသို့ သွား၍ အစာတောင်းခြင်းပင် ဖြစ်၏။
တည်ငြိမ်သော စားသောက်မှုက ပို၍ အရေးကြီးပေသည်။
ရွှီယန်က တောအုပ်ထဲမှ ထွက်ခွာလာခဲ့သည်။
ကောင်းကင်ယံတွင် စွန်နက်လေးက ဝဲပျံနေဆဲဖြစ်ပြီး တစ်ပတ်ခန့် ပျံသန်းပြီးနောက် ရွှီယန်၏ လက်မောင်းပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့သည်။ အမွေးများကို အနည်းငယ် သပ်ရပ်အောင် လုပ်ပြီးနောက် ထပ်မံ၍ တောင်ပံခတ်ကာ ပျံသန်းသွားပြန်၏။
ဤမြင်ကွင်းက ပိုပိုပြီး ရိုင်းစိုင်းကြမ်းတမ်းလာပေသည်။ ချန်ပိုင်တောင်တန်းကို တကယ်ပင် ရွှီယန်က အပိုင်စီးထားသကဲ့သို့ပင်။ သားရဲငှက်များက ဆင်းသက်လာပြီး ကျားနှင့် ကျားသစ်များက အဖော်ပြုပေးနေကြသည် မဟုတ်ပါလား။
တောတောင်ရှာဖွေခြင်းက ဤမျှအထိ ရောက်ရှိသွားသည်ဆိုလျှင်လည်း ဘယ်သူမှ မယှဉ်နိုင်တော့ပေ။
အခြားသော တောတောင်ရှာဖွေသူများက ရွှီယန်၏ ဗီဒီယိုကို ကြည့်ရှုပြီးသောအခါ အမြဲတမ်း ပြောမပြတတ်အောင် အံ့ဩတုန်လှုပ်သွားလေ့ ရှိကြသည်။
"နေပါဦး... သူ ဘယ်လို လုပ်လိုက်တာလဲ"
"သူက ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"
ဤအရာများ၏ အကြောင်းရင်းကို လူတိုင်းက စိတ်ဝင်တစား ပြောဆိုနေကြသော်လည်း အတိအကျ အကြောင်းရင်းကိုတော့ ရွှီယန် ကိုယ်တိုင်သာ သိရှိပေသည်။
လယ်ယာခြံဝင်း၏ ဘဝကတော့ အလုပ်ရှုပ်နေဆဲပင်။ ရွှီယန်၏ ဘဝကလည်း အလုပ်များလှ၏။
ရွှီမား ပြောပြချက်အရ ယခုအခါ ရွာထဲတွင် လူအများအပြားက သူ့ကို အိမ်ထောင်ဖက် မိတ်ဆက်ပေးရန် လာရောက်နေကြကြောင်း သိရသည်။
အရွယ်စုံ အခြေအနေစုံ ပါဝင်ပြီး ရွှီယန် သဘောကျသလို ရွေးချယ်နိုင်ပေသည်။
ဆယ့်ရှစ်နှစ် ပြည့်ခါစမှသည် ကွာရှင်းထားပြီး ကလေးနှစ်ယောက် ပါသူများအထိ... ပညာတတ် တက္ကသိုလ်ကျောင်းသူများမှသည် အိမ်ထောင်မှု ထိန်းသိမ်းနိုင်ပြီး ဟင်းချက်ကောင်းကာ လူကြီးသူမများကို ပြုစုစောင့်ရှောက်တတ်သူများ အထိ အစုံအလင် ပါဝင်၏။
မည်သို့ပင်ဆိုစေ ရွှီယန်က ယခုအခါ နာမည်ကြီးလာပြီး ငွေကြေးလည်း ချမ်းသာနေပြီဖြစ်ရာ အားလုံးက သဘောကျနေကြသည်မှာ သဘာဝပင် ဖြစ်သည်။
မကြာသေးမီက မြို့နယ် ရုပ်သံလိုင်းကလည်း ရွှီယန်ကို အင်တာဗျူးရန် ရောက်ရှိလာခဲ့သေးသည်။ ထိုနေ့က ရွာလူကြီးလည်း အတူတကွ လိုက်ပါလာခဲ့၏။
ရွာလူကြီး အတွက်တော့ ပြည်နယ်နှင့် ခရိုင် ရုပ်သံလိုင်းများက အလွန် ဝေးကွာလွန်းပြီး မြို့နယ် ရုပ်သံလိုင်းများကိုတော့ မြို့နယ် ခေါင်းဆောင်များက ကြည့်ရှုကြသဖြင့် သူက လက်တွေ့ကျကျ မျက်နှာပြနိုင်သည် မဟုတ်ပါလား။
ရွှီယန်ကတော့ ဤကိစ္စနှင့် ပတ်သက်ပြီး ဘာပြောရမှန်းပင် မသိတော့ချေ။ သို့သော် ရွာလူကြီးပင် ရောက်လာပြီဖြစ်ရာ အင်တာဗျူး လက်ခံသင့်သည်များကို လက်ခံရမည်သာ ဖြစ်သည်။
အင်တာဗျူး လက်ခံရခြင်းက သိပ်ပြီး အလုပ်မရှုပ်လှပေ။ အရှုပ်ဆုံး ကိစ္စကတော့ ဘယ်ကနေ ရောက်လာမှန်းမသိသော ဆွေမျိုးများပင် ဖြစ်၏။
သူ့ကို မြင်သည်နှင့် ဘယ်နေရာက ဘယ်သူလေးကတော့ အရမ်းလှတာပဲ... အရမ်း မိဘရိုသေတာပဲ အစရှိသဖြင့် ပြောဆိုကြတော့သည်။
ရွှီယန်လည်း မျက်နှာသေဖြင့်သာ နားထောင်နေလိုက်ပြီးနောက် ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။
သူ မလိုလား၍ မဟုတ်ဘဲ ဤဆွေမျိုးများ မိတ်ဆက်ပေးသည်များက အရမ်းကို အဓိပ္ပာယ် မရှိလွန်းသောကြောင့် ဖြစ်၏။ ဒုတိယအိမ်ထောင်နှင့် မိတ်ဆက်ပေးသူပင် ရှိသေးသည်။
ထိုစဉ်က ရွှီယန်ပင် ကြောင်အမ်းသွားခဲ့ရသည်။
ခွဲခြားဆက်ဆံခြင်း မဟုတ်သော်လည်း သူက လူပျိုလူရိုင်း တစ်ယောက်ဖြစ်ရာ ဒုတိယအိမ်ထောင်နှင့် မိတ်ဆက်ပေးခြင်းက အလွန် အဓိပ္ပာယ် မရှိလှပေ။
ပို၍ အဓိပ္ပာယ် မရှိသည်က ထိုဆွေမျိုးက အလွန် အလေးအနက်ထား၍ ပြောဆိုနေခြင်းပင်။ "ဒုတိယအိမ်ထောင် ဖြစ်တော့ ဘာဖြစ်လဲ... အခု ရွာထဲမှာ ဘယ်မှာ ပထမအိမ်ထောင် တွေ ရှိတော့လို့လဲ... အကုန် အတူတူပဲ... အတူတူပဲ..."
ရွှီယန်လည်း ဘာစကားမျှပင် မပြောချင်တော့ချေ။
နောက်ဆုံးတွင် သူ၏ အပြင်းအထန် ငြင်းဆန်မှုများအောက်၌ ရွှီပါးနှင့် ရွှီမားတို့လည်း ဤကိစ္စများကို ထပ်မပြောတော့ဘဲ ဆွေမျိုးများနှင့် တွေ့လျှင်လည်း ငြင်းပယ်ပေးလိုက်ကြသည်။
ထိုအခါမှသာ အနည်းငယ် အေးချမ်းသွားတော့၏။
သို့သော် မြို့နယ်မှ လှုပ်ရှားမှုများကတော့ တစ်ခါတရံ ရှိနေဆဲပင်။ ကြည့်ရသည်မှာ မြို့ပိုင်က ရွှီယန်ကို မြို့နယ်၏ ကံကောင်းစေသော အမှတ်တံဆိပ် တစ်ခုအဖြစ် သတ်မှတ်ထားပုံရပြီး မည်သည့် ကြော်ငြာ လှုပ်ရှားမှု ရှိရှိ သူ့ကို ခေါ်ဆောင်လေ့ ရှိသည်။
နောက်ပိုင်းတွင် ရွှီယန်လည်း အချို့ကို ငြင်းပယ်လိုက်ရတော့၏။
"နာမည်ကြီးလာတော့ ကိစ္စတွေက အရမ်းများလာတယ်... လူတော်တော်များများက စောင့်ကြည့်နေကြသလို ခံစားရတယ်..."
ရွှီယန်က မြေကွက်လပ်တွင် ထိုင်ကာ မြေခွေးလေးများနှင့် ဆော့ကစားရင်း စိတ်ထဲမှ တွေးလိုက်သည်။
"မျှတတဲ့ အမှတ်တစ်ခုကို ရှာမှ ရမယ်... လိုက်ဖ်လွှင့်သင့်တာ လွှင့်ရမယ်... ဒါပေမယ့် အဲဒီလောက်ကြီး မကြာခဏတော့ မလုပ်နိုင်ဘူး..."
မြေကွက်လပ်ပေါ်ရှိ မြေခွေးလေးများက အီအီအီးအီး အော်မြည်နေကြသည်။ ရွှီယန်နှင့် ရင်းနှီးသွားပြီးနောက် ဤအကောင်လေးများက အော်တတ်သည့် အကောင်လေး သုံးကောင် ဖြစ်လာခဲ့၏။
သေးသေးလေးများနှင့် အလွန် သွက်လက်ကြပေသည်။
ရွှီယန်က လက်လှမ်းလိုက်သည်နှင့် သူတို့က ပြေးလာကြပြီး ပွတ်သပ်လိုက်သည်နှင့် အီအီအီးအီး အော်ကြတော့သည်။
သူက ဤသို့ပင် မြေခွေးလေးများနှင့် အတူတူ ခဏမျှ ဆော့ကစားနေလိုက်ပြီး လုံးဝ အနားယူကာ ဘာကိုမျှ မစဉ်းစားတော့ချေ။ ဘဝက အလွန် သက်သောင့်သက်သာ ရှိလှ၏။
လယ်ယာခြံဝင်းရှိ သီးနှံများကလည်း တဖြည်းဖြည်းနှင့် ပိုမို ကြီးထွားလာကြသည်။ မိုးနှစ်ကြိမ် ရွာပြီးနောက် မြက်များလည်း စတင် ရှည်ထွက်လာကြပြီ ဖြစ်၏။
နေသာသည့် နေ့တစ်နေ့ကို စောင့်ပြီး ရွှီယန်က ဝန်ထမ်းများကို မြက်များ အကုန်လုံး ရိတ်သိမ်းခိုင်းလိုက်သည်။
မြက်ရိတ်သည့် အရှိန်ကလည်း မြန်ဆန်လှပြီး ထွန်စက်ဖြင့် မြက်ရိတ်စက်ကို ဆွဲကာ မြက်ခင်းပြင် ဧရိယာတွင် တစ်ပတ်ခန့် မောင်းနှင်လိုက်ရုံဖြင့် မြက်များ အားလုံး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မြေပြင်ပေါ်တွင် လဲကျနေသည်များကို အရင်ဆုံး ဂရုမစိုက်သေးဘဲ ခြောက်သွေ့၍ အဝါရောင် သန်းလာသည်အထိ သုံးလေးရက်ခန့် နေလှန်းထားရမည် ဖြစ်ပြီး ထိုအခါမှသာ မြက်ထုပ်စက်ဖြင့် မြက်ထုပ်များအဖြစ် ထုပ်ပိုးရမည် ဖြစ်သည်။
မြက်များကို မဖြစ်မနေ နေလှန်းရမည် ဖြစ်၏။ အကယ်၍ မြက်စိုများကို ထုပ်ပိုးလိုက်ပါက အထဲတွင် မှိုတက်လာပြီး မှိုများ ပေါက်လာကာ အာဟာရ တန်ဖိုးလည်း ကျဆင်းသွားမည် ဖြစ်သည်။
မြက်ခြောက်မှသာ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်ပြီး ဤသည်ကလည်း မြက်ခင်းပြင် ဒေသမှ သင်ယူလာခဲ့သော အတွေ့အကြုံပင် ဖြစ်၏။
ရွှီယန်က မြေခွေးများနှင့် ဆော့ကစားနေစဉ် နောက်ဘက်မှ ဂါးဂါးဂါး ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ နောက်လှည့်ကြည့်လိုက်ရာ ဝမ်ဝူက ထိုဘက်တွင် ငန်းအုပ်စုနှင့် ရုန်းကန်နေရသည်ကို တွေ့လိုက်ရ၏။
ယခုအခါ ဤငန်းများက ကြီးပြင်းလာကြပြီဖြစ်ရာ အလွန် ကြမ်းတမ်းကြပေသည်။ ဝမ်ဝူပင်လျှင် မထိန်းချုပ်နိုင်တော့ချေ။
သူက ဟိုဘက်မှနေ၍ လှမ်းအော်လိုက်သည်။
"ကျိန့်ရှန်ချန်... မြန်မြန်လာပြီး ငါ့ကို ကူဖိပေးပါဦး... မင်း လာမှရမယ်..."
ဝမ်ဝူ၏ စကားကို ကြားသောအခါ ကျိန့်ရှန်ချန်က ချက်ချင်း ပြေးလာခဲ့သည်။
ကျိန့်ရှန်ချန်၏ တစ်ကိုယ်လုံးတွင် ကြွက်သားများ ရှိနေပြီး ခွန်အား လေ့ကျင့်ခန်း လုပ်ရသည်ကိုလည်း နှစ်သက်သဖြင့် ငန်းများက သူ့ကို အနည်းငယ် ကြောက်ကြပေသည်။
ရွှီယန်အပြင် လယ်ယာခြံဝင်းတွင်လည်း ဤတိရစ္ဆာန်များကို ထိန်းချုပ်နိုင်မည့် အခြားသူများ လိုအပ်သည် မဟုတ်ပါလား။
ကျိန့်ရှန်ချန် ရောက်လာပြီး ငန်းများကို အနည်းငယ် ခြောက်လှန့်လိုက်တော့မှသာ ဤငန်းအုပ်စုက ငြိမ်ကျသွားတော့သည်။
လယ်ယာခြံဝင်း၏ ဘဝက အမြဲတမ်း ဤသို့ပင် စည်ကားနေတတ်၏။
ထိုအချိန်မှာပင် စိုက်ပျိုးရေး တက္ကသိုလ်မှ ပရော်ဖက်ဆာ လျိုပေါ်လျန်က ရွှီယန်ကို လာရှာသည်။ သူက သေချာပေါက် မြက်များ ကိစ္စအတွက် လာရောက်ခြင်းပင်။
ဤသည်က ယခုနှစ်၏ ပထမဆုံး မြက်အသုတ် ဖြစ်သဖြင့် သုတေသန လုပ်ရန် အလွန် တန်ဖိုးရှိပေသည်။ ထိုအချိန်ရောက်လျှင် မြက်များ ထွက်လာသည့် အသုတ်တိုင်း၏ ပါဝင်ပစ္စည်းများကို လေ့လာရမည်ဖြစ်ပြီး အစီရင်ခံစာ ထုတ်ကာ ယခင်က မြက်များနှင့် နှိုင်းယှဉ်ရမည် ဖြစ်၏။
အားလုံးက အချိန်ယူရမည့် အလုပ်များချည်းသာ ဖြစ်သည်။
ရွှီယန်က သွားရောက်ပြီး လျိုပေါ်လျန်ကို နှုတ်ဆက်လိုက်သည်။
"ပရော်ဖက်ဆာ လျို... ဘာကိစ္စများ ရှိလို့လဲဗျ..."
ရွှီယန်က ပြုံး၍ မေးလိုက်သည်။
"မြက်တွေရဲ့ စစ်ဆေးမှု အစီရင်ခံစာ ထွက်လာပြီ... မနှစ်ကထက်တောင် ပိုပြီး ကောင်းသေးတယ်... ထူးဆန်းတာက ငါတို့ ကိုယ်တိုင်လည်း မြက်တွေ စိုက်ထားပေမယ့် အရည်အသွေးက မင်းဆီကဟာတွေကို မမီဘူး ဖြစ်နေတာပဲ... ဘယ်နေရာမှာ ကွာခြားနေလဲ ဆိုတာကိုတော့ မသိဘူးလေ..."
လျိုပေါ်လျန်က ပြန်ဖြေလိုက်သည်။
ရွှီယန်က အရမ်းကြီး မအံ့ဩပါဘူး။ ဤသည်က လျိုပေါ်လျန်၏ ယဉ်ကျေးသည့် စကားများသာ ဖြစ်လောက်ပေသည်။
"အဲဒါဆိုရင် ကျွန်တော့် မြက်တွေကို သုံးပြီး မျိုးစေ့ ထပ်ပွားလိုက်လေ... မျိုးစိတ် ပိုကောင်းသွားတာပေါ့"
ရွှီယန်က ပြန်ပြောလိုက်သည်။
လျိုပေါ်လျန်က ဤအကြောင်းအရာကို ဆက်မပြောတော့ဘဲ မေးလိုက်၏။
"ဒါနဲ့ မင်းကို တစ်ခုလောက် မေးပါရစေ..."
သူက အနည်းငယ် အားနာနေသည့် ပုံပေါ်သည်။
"မင်း အခု ရည်းစား ရှိနေပြီလား... ငါ့ဆွေမျိုး တစ်ယောက်က ငါ့ကို အကူအညီ တောင်းထားလို့ပါ... ငါလည်း ဘယ်လို ပြောရမှန်း မသိဘူး ဖြစ်နေတာ"
ထိုစကားကို ကြားသောအခါ ရွှီယန်က အနည်းငယ် ကြောင်အမ်းသွားပြီး
"ဗျာ" လို့ အာမေဍိတ်သံ ထွက်သွားသည်။
လျိုပေါ်လျန် သူ့ကို လာရှာသည်မှာ ဤကိစ္စအတွက် ဖြစ်မည်ဟု သူ မထင်ထားခဲ့ချေ။
တကယ်တမ်းတွင် ဤသည်က ပုံမှန်ပင် ဖြစ်သည်။ ရွှီယန်၏ လက်ရှိ ဥစ္စာဓနက မနည်းလှသလို လိုက်ဖ်နှင့် လယ်ယာခြံဝင်းကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နေနိုင်၏။ ထို့အပြင် လိုက်ဖ်မှတစ်ဆင့် သူ၏ စရိုက်ကလည်း ကောင်းမွန်ကြောင်း မြင်တွေ့ရသဖြင့် လူအများအပြားက သူ့ကို ရှာချင်နေကြခြင်း ဖြစ်သည်။
"ကျွန်တော် အမြဲတမ်း တောင်ထဲ ဝင်နေရတာဆိုတော့ အရမ်း အန္တရာယ် များတယ်... ဒီကိစ္စကို လောလောဆယ် မစဉ်းစားသေးဘူးဗျ... နောက်နှစ်နှစ်လောက်နေပြီး အခြေအနေ အေးဆေးသွားမှပဲ ပြန်စဉ်းစားတော့မယ်"
ရွှီယန်က ပြန်ဖြေလိုက်သည်။
ဤကဲ့သို့သော ကိစ္စမျိုးကို ကြိုတင်၍ ငြင်းဆိုခြင်းက အကောင်းဆုံး ဖြစ်ပြီး မည်သူမျှ မရှက်ရတော့ချေ။ အကယ်၍ စမ်းကြည့်ရန် သဘောတူလိုက်ပြီးနောက် အကြောင်းတစ်ခုခုကြောင့် အဆင်မပြေဖြစ်သွားပါက ပို၍ပင် ရှက်စရာ ကောင်းလာပေလိမ့်မည်။
"ကောင်းပြီလေ... မင်း အဲဒီလို ပြောရင်တော့ ငါလည်း ပြောရလွယ်သွားပြီ... တခြားသူတွေက ငါ့ကို မေးခိုင်းထားတော့ ငါလည်း မေးကြည့်ရတာပေါ့ကွာ..."
လျိုပေါ်လျန်ကလည်း ပြန်ပြောလိုက်သည်။
သူက လယ်ယာခြံဝင်း မြေကွက်လပ်ပေါ်ရှိ မြေခွေးလေးများနှင့် ဘေးနားရှိ မှန်လုံအိမ်များ၊ လယ်ကွင်းများကို ကြည့်ကာ ပြောမပြတတ်အောင် လွတ်လပ်မှုကို ခံစားလိုက်ရသည်။
ကျောင်းတွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ဆောင်ကြသော်လည်း ယခုအခါ သုတေသန ဖိအားက ကြီးမားနေသဖြင့် ထိုမျှလောက် သက်သောင့်သက်သာ မရှိလှပေ။
ကျောင်းဝင်း ပတ်ဝန်းကျင်က နှိုင်းယှဉ်ကြည့်ပါက ပို၍ သန့်စင်ပြီး ပို၍ တက်ကြွမှု ရှိသည်ဟုသာ ဆို၍ရပေသည်။
"မင်းရဲ့ ဒီနေရာက တော်တော်လေး ကောင်းတာပဲ... တိုးတက်မှုလည်း ကောင်းတယ်... ဒီနေရာက သွားလာရ သိပ်မလွယ်ကူပေမယ့် လယ်ယာခြံဝင်းကို ဒီလို အောင်မြင်အောင် လုပ်နိုင်တာက တကယ်ကို ရှားပါးတာပဲ"
လျိုပေါ်လျန်က ရင်ထဲမှ လှိုက်လှဲစွာ ချီးကျူးလိုက်သည်။
"ခင်ဗျားတို့ရဲ့ အကူအညီ တချို့ကြောင့်သာပါဗျာ... အခု အရောင်းလမ်းကြောင်းလည်း ပွင့်သွားပြီဆိုတော့ အများကြီး ပိုပြီး ပေါ့ပါးသွားတာပေါ့... ကျွန်တော်က အရည်အသွေး ကောင်းဖို့ သေချာအောင် လုပ်ပေးရုံနဲ့ အဆင်ပြေသွားပြီလေ..."
ရွှီယန်ကလည်း သူ၏ လယ်ယာခြံဝင်းကို ကြည့်လိုက်သည်။ သူက ယုံကြည်မှု အပြည့် ရှိနေ၏။
သူ့အတွက်တော့ ဤသည်က အခုမှ စတင်ရုံသာ ရှိသေးသည်။ လယ်ယာခြံဝင်းက ဆက်လက်၍ တိုးတက်လာဦးမည်သာ ဖြစ်ပေသည်။