အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း (၂၄၇) သီးနှံအသစ်များ စိုက်ပျိုးခြင်းနှင့် သယံဇာတ ပေါကြွယ်ဝသော လယ်ယာခြံဝင်း
ညဘက်တွင် ရွှီယန်သည် အခန်းထဲ၌ အနားယူနေသည်။
ကျော်ကြားမှု ရမှတ်များ အများအပြား စုမိနေပြီဖြစ်သည်ကို မြင်သောအခါ ရွှီယန်က အဆင့်မြင့် မဲဖောက်ခြင်း ငါးကြိမ် လုပ်ဆောင်ရန် ရွေးချယ်လိုက်၏။
[ပိုင်ရှင်မှ အဆင့်မြင့် မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါသည်...]
[ဆုလာဘ်များ ရရှိသည့်အတွက် ဂုဏ်ယူပါသည်]
[ဆိုက်ကြီး မုန်ညင်းထုပ် မျိုးစေ့ အထုပ် ၂၀... အထူး မွေးမြူထားသော မုန်ညင်းထုပ် မျိုးစေ့ဖြစ်ပြီး အလွန် ကြီးမားသည့် မုန်ညင်းထုပ်များ စိုက်ပျိုးနိုင်သည်]
[Jaeger-LeCoultre နာရီ တစ်လုံး... ဇိမ်ခံ နာရီ တစ်လုံး]
[Custom-made အနောက်တိုင်းဝတ်စုံ တစ်စုံ... ဇိမ်ခံ အနောက်တိုင်းဝတ်စုံ တစ်စုံ]
[ပြေးစက် တစ်လုံး... အဆင့်မြင့် ပြေးစက် တစ်လုံး]
[ပစ္စည်းကိရိယာ ရရှိသည့်အတွက် ဂုဏ်ယူပါသည်]
[ထိပ်တန်း ရေငုပ်ခြင်း အတွေ့အကြုံကတ် တစ်ကတ်... ၁၀ မိနစ်အတွင်း ရေငုပ်စွမ်းရည်က လူသားများ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားမည်... လိုက်ဖ်မလွှင့်သည့် အချိန်နှင့် ဘေးတွင် လူမရှိသော အခြေအနေမျိုးတွင်သာ အသက်ဝင်မည် ဖြစ်သည်]
စနစ်၏ ဆုလာဘ်ပေးသည့် အသံ ထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ် ဆုလာဘ်များက သာမန်ပင် ဖြစ်၏။ သို့သော် နောက်ဆုံးတစ်ခုဖြစ်သော အတွေ့အကြုံကတ်ကတော့ ရွှီယန် မထင်မှတ်ထားသည့် အရာပင် ဖြစ်သည်။
ဤကတ်ပြားက လောလောဆယ် အသုံးမဝင်သေးသဖြင့် ဤအတိုင်းသာ ထားလိုက်ဦးမည်ဖြစ်ပြီး နောက်ပိုင်း ရေငုပ်ရန် လိုအပ်လာသည့် အခါမျိုးတွင် အသုံးဝင်ကောင်း ဝင်လာနိုင်ပေသည်။
ယခုအခါ ရွှီယန်၌ ဇိမ်ခံပစ္စည်းများ မနည်းတော့ချေ။
ဥပမာအားဖြင့် ယခင်က ချင်လင်တောင်တန်းတွင် ရရှိခဲ့သော ရွှေရောင် နန်းမု သစ်သား ပုတီးများအပြင် ယခု ထပ်မံ ရရှိလာသည့် Jaeger-LeCoultre လေးလက်တံ လမင်းပုံစံ နာရီတို့ပင် ဖြစ်သည်။
နောက်ပိုင်း စီးပွားရေး ကိစ္စများ သွားရောက် ဆွေးနွေးသည့်အခါ ဝတ်ဆင်သွား၍ ရကာ သူ၏ အဆင့်အတန်းကိုလည်း ပြသနိုင်မည် ဖြစ်၏။
အပြင်တွင် စီးပွားရေး သွားလုပ်ပါက မျက်နှာပန်း လှရန်က အရေးကြီးပေသည်။ လူရာဝင်အောင် ပြသနိုင်မည့် ပစ္စည်းများ ရှိထားမှသာ ရမည် ဖြစ်သည်။
ဤသဘောတရားက နေရာတိုင်းတွင် အသုံးဝင်ပြီး အရှေ့မြောက် ဒေသမှသည် ဖူတုန်း အထိ စီးပွားရေး လုပ်သည့် နေရာတိုင်း၌ ဤသို့ပင် ဖြစ်၏။
ရွှီယန်က သာမန်အချိန်များတွင် မဝတ်ဆင်သော်လည်း အပြင်ထွက်ပြီး စီးပွားရေး သွားလုပ်ပါက သေချာပေါက် ဝတ်ဆင်သွားရမည် ဖြစ်သည်။
ရက်များက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့သည်။
ဤနှစ်ရက်အတွင်း စွန်နက်လေးက လယ်ယာခြံဝင်းသို့ လာလည်တတ်၏။
တစ်ခါတရံ ရွှီယန် လမ်းလျှောက်နေစဉ် ကောင်းကင်ယံမှနေ၍ ကျယ်လောင်သော အော်သံ တစ်သံ ထွက်ပေါ်လာတတ်သည်။
သူ ခေါင်းမော့ကြည့်လိုက်လျှင် စွန်နက်လေးက တစ်ပတ် ဝဲပျံပြီး အောက်သို့ ဆင်းလာသည်ကို တွေ့ရတတ်၏။
စွန်နက်က မည်သို့ပင်ဖြစ်စေ သားရဲငှက် ဖြစ်ရာ ခြိမ်းခြောက်နိုင်စွမ်း အပြည့်ပင်။
အစက ရွှီယန်၏ ဘေးတွင် လိုက်ပါနေသော ရှောင်ဟား လေးက စွန်နက် ဆင်းလာသည်ကို မြင်သောအခါ လန့်သွားပြီး အောင်ဝူး အောင်ဝူး ဖြင့် နှစ်ခွန်းခန့် အော်ကာ အမြန် ထွက်ပြေးသွားတော့သည်။
မှန်လုံအိမ် အမိုးပေါ်တွင် လှဲအိပ်ကာ အပေါ်မှနေ၍ ကြည့်နေတတ်သည့် တောကြောင် ဆန်းပြောင် ကလည်း သတိထားပြီး မတ်တပ်ရပ်ကာ စွန်နက်ကို အကဲခတ်နေတတ်၏။
ဤကောင်ကြီးက တကယ်ကို ကြမ်းတမ်းလှသည် မဟုတ်ပါလား။
တိရစ္ဆာန်များက စွန်နက်ထံမှ ခြိမ်းခြောက်နေသည့် အငွေ့အသက်ကို ခံစားမိကြပေသည်။
ရွှီယန်က လက်မောင်းကို မြှောက်ကာ စွန်နက်ကို ဖမ်းယူလိုက်ပြီး ခဏမျှ အနားယူစေလိုက်သည်။
ရှေးခေတ် လူများက ဘယ်လက်ဖြင့် ခွေးကို ဆွဲကာ ညာလက်ဖြင့် သိမ်းငှက်ကို ကိုင်သည် ဟု ပြောခဲ့ကြသည်မှာ မထူးဆန်းချေ။ လက်မောင်းပေါ်တွင် သားရဲငှက် တစ်ကောင်ကို ကိုင်ထားရသည့် ခံစားချက်က တကယ်ကို မိုက်လှသည်။
ဩဇာကြီးမားသူ တစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်၏။
ဝန်ထမ်းများက အဝေးမှနေ၍ ဤမြင်ကွင်းကို သတိထားမိသောအခါ အံ့ဩသွားကြသည်။
"ခြံပိုင်ရှင်က ဘယ်တုန်းကများ သိမ်းငှက် မွေးလိုက်တာလဲ"
ကျိန့်ရှန်ချန်က လိုက်ဖ်များကို သိပ်မကြည့်ဖြစ်သဖြင့် စွန်နက်၏ အကြောင်းကို သိပ်မသိဘဲ အံ့ဩတကြီး မေးလိုက်သည်။
ဘေးနားရှိ ဝမ်ဝူက သူ့ကို ရှင်းပြလိုက်၏။
"မင်း မသိဘူးလား... အရင်တုန်းက ခြံပိုင်ရှင်က တောထဲမှာ ငှက်ဥ တစ်လုံး ကယ်လာခဲ့တာလေ... အဲဒီ ငှက်ဥကနေ စွန်နက်လေး ပေါက်လာတော့ သူ့ကို မွေးရာပါ ခင်တွယ်နေတာပေါ့... အဲဒီနောက် ခြံပိုင်ရှင်က လယ်ယာခြံဝင်းကို ပြန်ခေါ်လာတာလေ..."
ထိုစကားကို ကြားသောအခါ ကျိန့်ရှန်ချန် မှင်တက်သွားသည်။
"ဟင်... ဒီလိုလည်း ရတာလား"
ဝမ်ဝူက ပခုံးတွန့်လိုက်ပြီး ပြောသည်။
"အမှန်တရားက ဒီလိုပဲလေ... မင်းလည်း မြင်နေတာပဲ မဟုတ်လား... အဲဒါ တကယ့် တောရိုင်း သိမ်းငှက် အစစ်ပဲ"
ကျိန့်ရှန်ချန်၏ စိတ်ထဲတွင် ရွှီယန်ကို ပို၍ပင် လေးစားသွားမိတော့သည်။
ဝန်ထမ်းများ၏ မျက်လုံးထဲတွင်တော့ ရွှီယန်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံး တစ်ခု ဖုံးကွယ်ထားသကဲ့သို့ပင်။
တကယ်တော့လည်း ပုံမှန်ပင် ဖြစ်၏။ ရွှီယန်တွင် စနစ် ရှိနေသဖြင့် ကိစ္စတော်တော်များများကို သူက ဖုံးကွယ်ထားရပြီး ဝန်ထမ်းများနှင့် အကွာအဝေး တစ်ခု ထားရှိရပေသည်။
အကွာအဝေး ရှိမှသာ လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်ကို ဖြစ်ပေါ်စေသည် မဟုတ်ပါလား။
ရွှီယန်က စွန်နက်လေးနှင့် ခဏမျှ ဆော့ကစားပြီး လတ်ဆတ်သော အသားတုံးလေးများ ကျွေးလိုက်သည်။ စားသောက်ပြီးသွားသောအခါ စွန်နက်လေးက တောင်ပံခတ်၍ ကောင်းကင်ယံသို့ ပြန်လည် ပျံသန်းသွားပြန်၏။
သားရဲငှက်များ၏ နေ့စဉ် ဘဝက မည်သို့မျိုးလဲ ဆိုသည်ကို မသိနိုင်ချေ။
အစာဝသွားလျှင် ကောင်းကင်ယံ၌ လမ်းလျှောက် ထွက်ကာ ကောင်းကင်ယံမှ ရှုခင်းများကို ခံစားနေကြခြင်း ဖြစ်လောက်ပေသည်။
ရွှီယန်က ဟက်စကီလေး ရှောင်ဟား ကို လှမ်းခေါ်လိုက်သည်။
ဤကောင်လေးက ရုပ်ရည် တော်တော် သန့်သည်။ အနည်းဆုံးတော့ ယခု ကလေးဘဝတွင် ရုပ်ရည်က တော်တော်လေး ချစ်စရာ ကောင်းနေသေး၏။
လယ်ယာခြံဝင်း၏ တိရစ္ဆာန်ဆရာဝန်က ရှောင်ဟားကို အသေးစိတ် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ရှောင်ဟား၏ ခန္ဓာကိုယ်က အလွန် ကျန်းမာသလို မျိုးရိုးကလည်း တော်တော် ကောင်းမွန်သည်။
သို့သော် တစ်ခါတရံတွင်တော့ လူကို စိတ်ပျက်အောင် လုပ်တတ်ပေသည်။
"ရှောင်ဟား... လာ... ထိုင်"
သူက ရှောင်ဟားကို အမိန့်ပေးလိုက်သည်။
ဟက်စကီက ခေါင်းစောင်းပြီး မြေပြင်ပေါ်တွင် ဖင်ချထိုင်လိုက်၏။
"လူးလှိမ့်လိုက်"
ရွှီယန်က နောက်ထပ် အမိန့်တစ်ခု ပေးလိုက်သည်။
ရှောင်ဟားက အောင်ဝူး ဟု အော်၍ ပြန်လည် တုံ့ပြန်သည်။
ဤကောင်လေးက အမိန့်များကို နားလည်သော်လည်း မလုပ်ချင်ပါက အောင်ဝူး ဟု အော်၍ ဆန္ဒပြတတ်၏။
"လူးလှိမ့်လိုက်လေ... အေး... လိမ္မာတယ်"
ရွှီယန်က အသံကို နှိမ့်၍ ထပ်ပြောလိုက်သည်။
ထိုစကားလည်း ဆုံးရော ရှောင်ဟားက ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် လူးလှိမ့်လိုက်တော့၏။
ဤကောင်လေးကို ချော့မော့ပြီး ညင်ညင်သာသာ ပြောမှသာ ရပေသည်။
မဟုတ်လျှင်လည်း ခြောက်လှန့်ပြီး အကြောက်တရား ပေးရမည်။
မည်သို့ပင်ဆိုစေ သေချာ ပြောပါက တစ်ခါတရံ သူက နားမထောင်ချေ။
ယခု ရှောင်ဟေး နှင့် ယွမ်ပေါင် တို့က တောခွေး ဂိုဏ်း များနှင့် သွားရောက် ဆော့ကစားနေကြသဖြင့် ရွှီယန်က ရှောင်ဟားကိုသာ ခေါ်လာခဲ့ရခြင်း ဖြစ်သည်။
သို့သော် မကြာသေးမီက ရှောင်ဟားလည်း တောခွေး ဂိုဏ်းများနှင့် စတင် ဆက်သွယ်လာခဲ့ပြီ ဖြစ်၏။
ရွှီယန်က ရွာထဲရှိ တောခွေးများ အကြောင်းကို ကောင်းကောင်း သိထားသည်။ တောခွေးများက ဂိုဏ်းကြီး အတော်များများ ကွဲနေကြခြင်း ဖြစ်သည်။
ရှောင်ဟေးနှင့် ယွမ်ပေါင်က ထိုအထဲမှ အကြီးဆုံး ဂိုဏ်းတွင် ရှိနေခြင်း ဖြစ်၏။
ရှောင်ဟား ဆက်သွယ်နေသည့် တောခွေး ဂိုဏ်းကတော့ ရွာအနောက်ဘက်ရှိ ဂိုဏ်းဖြစ်ပြီး ဒုတိယ အကြီးဆုံး ဖြစ်သည်။
ထိုဂိုဏ်း နှစ်ခုက ရန်သူများပင်။
ရွှီယန်က ရှောင်ဟားနှင့် အတူတူ ဆော့ကစားနေသည့် တောခွေး အချို့ကို မှတ်မိသွားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
ဤကောင်လေး ကြီးလာလျှင် ရွာအနောက်ဘက် တောခွေးဂိုဏ်း သို့ ဝင်သွားမည်လား မသိချေ။
အကယ်၍ ထိုသို့ဆိုလျှင်တော့ တကယ်ကို စိတ်ဝင်စားစရာပင်။
လယ်ယာခြံဝင်းမှ ခွေး သုံးကောင်က ညဘက် လယ်ယာခြံဝင်းတွင် အတူတူ နေကြပြီး နေ့ခင်းဘက်ကျလျှင် ကိုယ့်ဂိုဏ်းနှင့်ကိုယ် သွားနေကြမည် ဖြစ်၏။
တကယ်၍ ဂိုဏ်းနှစ်ခု တွေ့ကြပါက ဤကောင် သုံးကောင် ဘာတွေ လုပ်ကြမည်ကို မသိနိုင်တော့ပေ။
ဟောင်ကောင် ရုပ်ရှင် ဇာတ်ကား တစ်ကားပင် ရိုက်ကူး၍ ရနေပြီ ဖြစ်သည်။
သို့သော် ရွှီယန်က အမြဲတမ်း ဤကဲ့သို့ ကိစ္စသေးသေးလေးများကို ဝင်ရောက် စွက်ဖက်လေ့ မရှိချေ။
သူ မွေးထားသော ခွေးများက လူကိုက်သည့် ခွေးများ သို့မဟုတ် အခြားသူများကို ရန်ပြုတတ်သည့် ခွေးများ မဟုတ်သရွေ့ ဘာမျှ ပြဿနာ မရှိပေ။
တောင်ပေါ်ရွာများတွင် လွှတ်မွေးခြင်းက များသဖြင့် အားလုံးလည်း အသားကျနေကြပြီ ဖြစ်သည်။
ရှောင်ဟားကလည်း တော်တော်လေး ချစ်စရာ ကောင်းပေသည်။
နောက်တစ်ခုကတော့ ရှောင်ဟေး၏ မိန်းမနှင့် ကလေးများပင်။ ရွှီယန်က သာမန်အချိန်များတွင် သူတို့ကို အစာကျွေးလေ့ ရှိသည်။ ခွေးလေးများ ကျန်းမာစွာ ကြီးပြင်းလာပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် အချိန်သို့ ရောက်သောအခါ ခွေးမကြီးက ခွေးလေးများကို ခေါ်ပြီး ညတွင်းချင်း ထွက်သွားခဲ့၏။
ဤသည်က ရွှီယန်ကို အနည်းငယ် စိတ်မကောင်း ဖြစ်သွားစေသည်။
ယခင် ပိုင်ရှင်က ခွေးမွေးစဉ်က ခွေးလေးများ အားလုံးကို သူများ ပေးပစ်တတ်၍ ဖြစ်လောက်ပေသည်။
ဤကိစ္စက တောင်ပေါ်ရွာများတွင် တော်တော် အဖြစ်များလှသည်။ မည်သည့်အိမ်တွင် ခွေးလေးများ မွေးမွေး အစောကြီး ကတည်းက အမှာစာ ယူထားကြသည်ချည်းပင်။
သို့သော် အချို့ ခွေးမကြီးများက ထိုသို့ လုပ်ခြင်းကြောင့် စိတ်ဓာတ်ကျတတ်ကြသည်။
ထို့ကြောင့် ဤတစ်ကြိမ် ခွေးလေးများ မွေးပြီး ကြီးလာသောအခါ ခွေးမကြီးက ခွေးလေးများကို ခေါ်ကာ ညတွင်းချင်း ထွက်သွားခဲ့ခြင်း ဖြစ်ပေမည်။
ရွှီယန်က အကြောင်းရင်းကို ခန့်မှန်းမိသောအခါ ဘာမျှ မထူးဆန်းဟုသာ ထင်လိုက်သည်။
သူတို့၏ ကံကြမ္မာကို လေးစားရမည်သာ ဖြစ်၏။
မြေခွေးလေးများကတော့ လူကို ကပ်တတ်ကြသည်။
ယခု သတ္တိများ ကောင်းလာသဖြင့် လူနေဆောင် ဧရိယာဘက်သို့ပင် ပြေးလာရဲနေကြပြီ ဖြစ်၏။
ရွှီယန်၏ ခြံဝင်း တံတိုင်းပေါ်သို့ပင် တက်ရဲနေကြသေးသည်။
ရွှီယန် တစ်ခါတရံ မနက်အိပ်ရာထပြီး ခေါင်းမော့ကြည့်လိုက်လျှင် တံတိုင်းပေါ်၌ မြေခွေးလေး နှစ်ကောင်၏ ခေါင်းလေးများကို တွေ့ရတတ်၏။
အရမ်းကို ချစ်စရာ ကောင်းသည့် ပုံစံလေးများဖြင့်ပင်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က မြေကွက်လပ် တစ်ခုကို ပိုင်းခြားလိုက်ပြီး ဝမ်ဝူကို ထွန်ယက်ခိုင်းလိုက်သည်။
"ခြံပိုင်ရှင်... ဘာစိုက်မလို့လဲ"
ဝမ်ဝူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မုန်ညင်းထုပ် နည်းနည်း စိုက်မလို့"
ရွှီယန်က ပြန်ဖြေလိုက်၏။
"မုန်ညင်းထုပ် လား... မုန်ညင်းထုပ်က စိုက်ရ လွယ်ပေမယ့် စိုက်တဲ့သူတွေ အရမ်းများတယ်လေ... ဆောင်းတွင်းရောက်ရင် ပိုက်ဆံ သိပ်မရဘူးနော်"
ဝမ်ဝူ ပြောသည်လည်း မှန်ပေသည်။ နှစ်တိုင်း ဆောင်းတွင်းရောက်လျှင် ဤဘက်တွင် မုန်ညင်းထုပ် ဝယ်သူများ အလွန် များပြားသည်။
ကားနှင့် အပြည့် တင်ကာ ပြန်သယ်သွားကြသည်ချည်းသာ ဖြစ်၏။
အခြေခံအားဖြင့် ဆောင်းတွင်း တစ်တွင်းစာအတွက် အရန် သိမ်းထားသည့် ဟင်းသီးဟင်းရွက်များပင်။
ထို့အပြင် ဈေးကလည်း မကြီးချေ။
ယမန်နှစ်က ရွှီယန်တို့ အိမ်ရော လယ်ယာခြံဝင်းကပါ အများကြီး ဝယ်ခဲ့ရသည် မဟုတ်ပါလား။
"ငါ စိုက်မယ့် မုန်ညင်းထုပ် မျိုးစေ့က တော်တော် ကောင်းတယ်... စမ်းစိုက်ကြည့်မလို့ပါ... ဘယ်လိုပဲဖြစ်ဖြစ် မြေလွတ်တွေ ကျန်နေသေးတာပဲ... အများကြီး စိုက်ထားရင် ဆောင်းတွင်းရောက်ရင် လယ်ယာခြံဝင်းအတွက် ဝယ်စရာ မလိုတော့ဘူးပေါ့"
ရွှီယန် ညွှန်ကြားပြီးသည့်နောက် မာဝန်က စတင် အလုပ်လုပ်တော့သည်။
မုန်ညင်းထုပ် စိုက်ခြင်းက အထူးတလည် ဂရုစိုက်ရမည့် အချက် သိပ်မရှိချေ။ မည်သို့ပင်ဖြစ်စေ ရှင်သန်လွယ်ပြီး မည်သို့စိုက်စိုက် ကြီးထွားလာသည်သာ ဖြစ်၏။
ယခုက လေးလပိုင်း ဖြစ်ရာ တစ်နှစ်တာတွင် စိုက်ပျိုးရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
လယ်ယာခြံဝင်း၏ ရာသီဥတုကလည်း မဆိုးပေ။ တောင်တန်းများ မြစ်ချောင်းများနှင့် နီးပြီး မြေအောက်ရေ သယံဇာတလည်း ကြွယ်ဝကာ မြေဆီလွှာကလည်း ဖြစ်ထွန်းသည်။
နေရာ ဝေးခေါင်ပြီး သယ်ယူပို့ဆောင်ရေး စရိတ် အနည်းငယ် ကြီးသည်မှလွဲ၍ ဘာစိုက်စိုက် ရောင်းရသည်ချည်းပင်။
မှန်လုံအိမ် ထဲမှ သစ်သီးများကလည်း အများအပြား ရှိနေသည်။
ရွှီယန်၏ လယ်ယာခြံဝင်းတွင် မြေကွက်လပ်များလည်း မနည်းချေ။
သူက နှစ်ပတ်ခန့် ပတ်ကြည့်ပြီး အကုန်လုံးကို စိုက်ချင်နေမိသည်။
မှန်လုံအိမ် ထဲတွင်တော့ နေရာ မရှိတော့ပေ။ သို့သော် အပြင်ဘက်က လယ်ကွင်းများတော့ အနည်းငယ် ကျန်သေး၏။
တိုက်ဆိုင်စွာပင် စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများလည်း စိုက်ပျိုးရေးတွင် အလုပ်ရှုပ်နေကြပြီး ရွှီယန်က တစ်ခါတရံ စမ်းသပ်စိုက်ခင်း ဘက်သို့ သွားရောက် ကြည့်ရှုတတ်သည်။
ကျောင်းသားများက သူ့ကို မေးခွန်းများ မေးရသည်ကို သဘောကျကြ၏။
နောက်ပိုင်းတွင် ဆရာဖြစ်သူက ကိုယ့်ဘာသာကိုယ် အားကိုးရန် ပြောတော့မှသာ ကျောင်းသားများ အနည်းငယ် ငြိမ်သွားကြသည်။
အဓိကက ရွှီယန်က အလွန် တော်ပြီး သူပေးသည့် အကြံဉာဏ်များက အထူး ပရော်ဖက်ရှင်နယ် ဆန်သောကြောင့် ဖြစ်၏။
အပင် မပေါက်သည်များ... အပင်လဲကျသည်များ အားလုံးကို သူ့ကို မေးလိုက်ပါက ဖြေရှင်းနိုင်သည်ချည်းသာ ဖြစ်သည်။
ယနေ့လည်း စိတ်ဝင်စားစရာ ကောင်းပေသည်။ ကျောင်းသား တစ်ယောက်က ရွှီယန် လာသည်ကို မြင်သောအခါ ချက်ချင်း ပြေးလာပြီး မေးခွန်း မေးချင်သည်ဟု ပြောလာ၏။
ပြောရင်းနှင့်ပင် သူက ရွှီယန်ကို မြေကွက်လပ် တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
"အစ်ကိုယန်... ကျွန်တော့် ငရုတ်သီး မျိုးစေ့တွေ စိုက်ထားတာ နှစ်ပတ် ရှိနေပြီ... ဘာဖြစ်လို့လဲ မသိဘူး အပင် မထွက်လာဘူးဗျ... ပုံမှန်ဆိုရင်တော့ အပင် ထွက်လာသင့်နေပြီ"
ကျောင်းသားက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ရွှီယန်က သူ၏ စိုးရိမ်မှုကို မြင်သောအခါ ကူညီ၍ ကြည့်ရှုပေးရန် ရည်ရွယ်လိုက်၏။
သူက ထိုင်ချလိုက်ပြီး သစ်ကိုင်း တစ်ချောင်းဖြင့် မြေကြီးထဲသို့ ထိုးဆွကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ရွှီယန်က ဘာပြဿနာမျှ မတွေ့ရချေ။
ကျောင်းသား တော်တော်များများက ဤဘက်တွင် လာရောက် ဝိုင်းကြည့်နေကြ၏။
ရွှီယန်က သူတို့ မျက်လုံးထဲတွင်တော့ ဆရာတစ်ဆူလို ဖြစ်နေသည် မဟုတ်ပါလား။
ခဏအကြာတွင် ရွှီယန်က ခေါင်းမော့ပြီး သံသယဖြင့် မေးလိုက်သည်။
"မင်း တကယ် စိုက်ခဲ့တာ သေချာလို့လား... ဒီမြေကြီးက အလွတ်ကြီးပဲ... ဘာမျိုးစေ့မှ မရှိဘူး"
သူ၏စကားကို ကြားသောအခါ အားလုံးက အနည်းငယ် ကြောင်အမ်းသွားကြပြီး ငရုတ်သီး စိုက်သည့် ကျောင်းသားကတော့ ပို၍ ကြောင်အမ်းသွားသည်။
"မျိုးစေ့ မရှိဘူး... မဖြစ်နိုင်ပါဘူး"
သူက ထိုင်ချလိုက်ပြီး ဘေးနားရှိ ပေါက်တူး တစ်လက်ကို ယူကာ မြေကို စတင် တူးဆွတော့၏။
ခဏမျှ တူးဆွကြည့်သော်လည်း ဘာမျှ ထွက်မလာပေ။
"ဟင်... ကျွန်တော် မှတ်ဉာဏ် လွဲနေတာလား... ဒီရက်ပိုင်း ရေလောင်းလိုက် မြေဩဇာ ကျွေးလိုက် လုပ်နေတာတွေ အလကား ဖြစ်သွားတာပေါ့"
ကျောင်းသားက ဤသို့သော ရလာဒ်မျိုး ဖြစ်လာမည်ဟု မထင်ထားခဲ့ချေ။
မြေကွက် ဖွင့်ထားသည်က အလွန် များပြားပြီး အသုတ်ခွဲ၍ စိုက်ထားရခြင်းဖြစ်ရာ မှားစိုက်မိခြင်းကလည်း ပုံမှန်ပင် ဖြစ်၏။
ထိုအချိန်မှာပင် ဘေးနားရှိ ကျောင်းသား တစ်ယောက်က အံ့ဩတကြီး အော်လိုက်သည်။
"လခွမ်း... ငါ့ဘက်မှာ အပင်လေးတွေ အများကြီး ထွက်နေတယ်လို့ ပြောသားပဲ... ငါက ပေါင်းပင်တွေ ထင်နေတာ... အဲဒါ မင်းစိုက်ထားတဲ့ ငရုတ်သီးတွေပဲ"
အားလုံး အနည်းငယ် ရှုပ်ယှက်ခတ်သွားကြ၏။
ရွှီယန်က ကျောင်းသားများ၏ ဆူညံသံများကို ကြားသောအခါ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
'နောက်ပိုင်း လယ်ယာခြံဝင်းမှာ အလုပ်ခေါ်ရင် နည်းနည်း သတိထားပြီး သေသေချာချာ လုပ်တတ်တဲ့သူကို ရှာမှ ဖြစ်မယ်... ဒီလောက် ပေါ့ဆနေရင် သိပ်မကောင်းဘူးလေ...'
သူ တွေးလိုက်မိသည်။
ကျောင်းသားများနှင့် စကားပြောရခြင်းက ဘာရလာဒ်မျှ မထွက်လာသော်လည်း စိတ်တော့ ပျော်ရွှင်ရပေသည်။
လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရွှီယန်က အနည်းငယ် စဉ်းစားလိုက်ပြီး သူကြိုက်နှစ်သက်သည့် အရာအချို့ကို စိုက်ပျိုးရန် ရည်ရွယ်လိုက်သည်။
လေးလပိုင်းက ဖရဲသီး စိုက်ရန် အချိန်ကောင်းပင် ဖြစ်၏။
ရွှီယန်က ဝန်ထမ်းများကို ခေါ်ကာ မြေကွက် တစ်ကွက် ဖယ်ထားခိုင်းပြီး ဖရဲသီး မျိုးစေ့များ ဝယ်၍ စိုက်ရန် ပြင်ဆင်လိုက်သည်။
ဤသည်က လယ်ယာခြံဝင်း ရှိခြင်း၏ အားသာချက်ပင် ဖြစ်သည်။ မြေရှိပါက ဘာစိုက်ချင်စိုက် စိုက်လို့ ရသည် မဟုတ်ပါလား။
မှန်လုံအိမ် ထဲရှိ သီးနှံများက ဝင်ငွေ ရှာဖွေပေးပြီး အပြင်ဘက်ရှိ လယ်ကွင်းများတွင်တော့ ကိုယ်ကြိုက်နှစ်သက်သည်များ၊ ရောင်းလို့ကောင်းသည်များကို စိုက်ပျိုး၍ ရပေသည်။
တစ်နှစ်ပတ်လုံး သယံဇာတ ပေါကြွယ်ဝနေအောင် သေချာ လုပ်ထားရမည် ဖြစ်၏။
လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို အမြဲ စားသုံးရအောင်ပင် ဖြစ်သည်။