အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း (၂၄၈) ညဘက် ဧည့်သည်စိမ်းများနှင့် ကြမ်းတမ်းလွန်းသော ငန်းအုပ်ကြီး
လယ်ယာခြံဝင်းထဲတွင် သီးနှံပင် ဆယ်မျိုးကျော်ခန့် စိုက်ပျိုးထားပြီး နေရာအနှံ့ ပွင့်လန်းဖြစ်ထွန်းနေသည်။ ရွှီယန်ပင် အားလုံးကို လိုက်မကြည့်နိုင်တော့ချေ။
သူ၏ခြံက စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်ရာ သီးနှံများများပြားနေခြင်းက ပုံမှန်ပင်ဖြစ်သည်။
လယ်ယာခြံဝင်းမှ ထွက်ကုန်များပြားလာသဖြင့် ပတ်ဝန်းကျင်တွင်လည်း အနည်းငယ် ပို၍စည်ကားလာခဲ့၏။ တစ်ခါတရံ ရွာထဲမှ ခွေးနှင့်ကြောင်များပင် လာရောက်ဆော့ကစားတတ်ကြသည်။
ရှောင်ဟားက အကျင့်ပျက်ရန် သိပ်မကြာလိုက်ချေ။ ရွာအနောက်ဘက် တောခွေးဂိုဏ်းထဲသို့ ဝင်ရောက်သွားပြီး ဂိုဏ်းဖွဲ့လှုပ်ရှားသူ တစ်ကောင် ဖြစ်လာတော့သည်။
ရှောင်ဟေးနှင့် ယွမ်ပေါင်တို့ကတော့ အခြားဂိုဏ်းတစ်ခုတွင် ရှိနေကြ၏။ ဤကောင်လေး သုံးကောင်က တော်တော်လေး လည်ပေသည်။ နေ့စဉ် မွန်းလွဲပိုင်း လယ်ယာခြံဝင်းသို့ ပြန်ရောက်သည်နှင့် အတူတူ ဆော့ကစားကြပြီး အလွန်တည့်ကြသည်။
သို့သော် ခြံတံခါးပြင် ရောက်သွားသည်နှင့် တစ်ကောင်နှင့်တစ်ကောင် မသိကြတော့ပေ။ တွေ့လျှင်တောင် အဖက်မလုပ်ကြတော့ချေ။
ရွှီယန်သည် ယခုအခါ တော်တော်လေး အားလပ်နေပြီဖြစ်သည်။ ခြံထဲတွင် ပန်းနှစ်အိုးခန့် စိုက်ထားပြီး တစ်ခါတရံ အစားအသောက်များကို ကိုယ်တိုင် လေ့လာချက်ပြုတ်နေတတ်၏။
အငြိမ်းစား ယူထားသူ တစ်ယောက်နှင့်ပင် တူနေတော့သည်။ ဤသည်က လက်ရှိခေတ် လူငယ်များ အိပ်မက်မက်နေကြရသည့် ဘဝမျိုးပင် ဖြစ်သည်။
ယခုခေတ် လူငယ်များက ဘာကိုမှ မတွေးချင်ကြတော့ဘဲ ငွေမြန်မြန်စုပြီး အငြိမ်းစားယူကာ ဇိမ်ကျကျ နေထိုင်နိုင်ရန်သာ တွေးနေကြခြင်း ဖြစ်၏။ သို့သော် ထိုအရာက ထင်သလောက်တော့ မလွယ်ကူလှပေ။
ညဘက်သို့ ရောက်သောအခါ လရောင်က လင်းလက်နေပြီး ကြယ်များကတော့ ပါးလျနေသည်။
လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံး အိပ်ရာဝင်သွားကြပြီဖြစ်ရာ ခြံဝင်းကြီးတစ်ခုလုံး အမှောင်ကျနေတော့၏။ စောင့်ကြည့်ကင်မရာများသာ လယ်ယာခြံဝင်း၏ အရာအားလုံးကို မှတ်တမ်းတင်နေသည်။
ထိုအချိန်တွင် မျက်လုံးများသာ ဖော်ထားပြီး တစ်ကိုယ်လုံး လုံခြုံနေအောင် ဝတ်ဆင်ထားသည့် အမျိုးသား နှစ်ယောက်က လယ်ယာခြံဝင်း၏ အပြင်ဘက်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒီအိမ်ပဲ မဟုတ်လား"
"ဒီအိမ်ပဲ... အခု အရမ်းနာမည်ကြီးနေတဲ့ လယ်ယာခြံဝင်းလေ"
"ခြံကြီးပဲ... ငါတို့ ဘာတွေ ခိုးကြမလဲ"
"ထုံးစံအတိုင်းပဲ ဝက်ခိုးမယ် သိုးခိုးမယ်... တန်ဖိုးရှိတာ တွေ့သမျှ အကုန်မသွားမယ်ကွာ"
သူတို့နှစ်ယောက်က အမြဲတမ်း ခိုးဆိုးနေကျ သူခိုးဂျပိုးများပင် ဖြစ်သည်။ တောင်ပေါ်ရွာများတွင် ခိုးဆိုးလုယက်သူများ တကယ်ကို မနည်းလှချေ။
ထိုလူများက ရွာခံများ မဟုတ်ဘဲ အခြားဒေသမှ လာရောက်ကြကာ တောင်သူများကိုသာ အဓိကထား၍ ပစ်မှတ်ထားလေ့ ရှိကြသည်။ ဝက်နှင့်သိုးများကိုသာ အဓိက ခိုးယူတတ်ကြ၏။
ယခုအခါ ဝက်တစ်ကောင်လျှင် ယွမ်ထောင်ဂဏန်း တန်ကြေးရှိပြီး သိုးတစ်ကောင်လျှင်လည်း ယွမ်တစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည်။ တစ်ကောင်ခိုးမိလျှင် အမြတ်အကြီးစားပင်။
ထို့အပြင် ယခု ကျေးလက်ဒေသများ၏ စောင့်ကြည့်ကင်မရာစနစ်က ထိုမျှလောက် မတိုးတက်သေးပေ။ ကင်မရာ ရှိလျှင်တောင် သူတို့က အကုန်လုံး ဖုံးကွယ်ထားကြသည့်အပြင် အခြားဒေသမှ လာကြသူများဖြစ်ရာ ရဲများအတွက် ဖမ်းဆီးရန် အလွန်ခက်ခဲလှသည်။
ဤကဲ့သို့သော သူများက အမြဲတမ်း ခိုးဆိုးနေကျ သူခိုးများပင် ဖြစ်၏။ ဤတစ်ကြိမ်တွင်တော့ သူတို့က ရွှီယန်၏ လယ်ယာခြံဝင်းကို ပစ်မှတ်ထားလာကြသည်။
နာမည်ကြီးလာလျှင် ပြဿနာ ပိုများလာတတ်သည် မဟုတ်ပါလား။ နာမည်ကျော်ကြားလာခြင်း၏ ဆိုးကျိုးပင် ဖြစ်သည်။
သူတို့နှစ်ယောက်က မွေးမြူရေးဇုန်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြ၏။
စောင့်ကြည့်ကင်မရာများက သူတို့ကို ရိုက်ကူးထားမိသော်လည်း ကင်မရာခန်းထဲတွင် စောင့်ကြည့်နေမည့်သူ မရှိသလို ကင်မရာတွင်လည်း သတိပေးစနစ် ပါဝင်မနေချေ။ ထို့ကြောင့် ဘာမှ ထူးခြားမလာခဲ့ပေ။
ကင်မရာက နောက်ပိုင်းတွင် သက်သေအဖြစ် ပြသနိုင်ရန်သာ ဖြစ်ပြီး လူကောင်းကိုသာ တားဆီးနိုင်ကာ လူဆိုးကိုတော့ မတားဆီးနိုင်ချေ။
သူတို့နှစ်ယောက်က အတွင်းပိုင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် လယ်ယာခြံဝင်း၏ လုံခြုံရေးစနစ် သုံးခုလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြ၏။ ရှောင်ဟားကိုတော့ ပြောနေစရာပင် မလိုတော့ချေ။ ဟက်စကီက အိမ်စောင့်သည့်ခွေး မဟုတ်ဘဲ အပျော်သက်သက်သာ မွေးထားခြင်း ဖြစ်သည်။
ရှောင်ဟေးနှင့် မာလီနွိုက်ခွေး ယွမ်ပေါင်တို့ကလည်း အလွန် အိပ်မောကျနေကြသည်။
လယ်ယာခြံဝင်းက အလွန်မှောင်မိုက်နေပြီး မီးရောင်မရှိသလို ထိုသူခိုးနှစ်ယောက်ကလည်း မီးမဖွင့်ကြချေ။ သူတို့က ခြံဝင်းဘက်သို့ အမြန်ပင် ရောက်ရှိသွားကြ၏။
"ဝက်တစ်ကောင် ခိုးပြီးတာနဲ့ လစ်မယ်"
"မြန်မြန်လုပ်"
သူတို့နှစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
သူတို့၏ ဗင်ကားကို အပြင်ဘက် မြေကွက်လပ်တွင် ရပ်ထားရာ ဝက်ကို ကားပေါ်တင်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးနိုင်မည် ဖြစ်၏။
ထိုအချိန်မှာပင် ထူးဆန်းသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပြီး တောင်ပံခတ်သံနှင့် ဆင်တူနေသည်။
သိချင်စိတ် ဖြစ်နေဆဲမှာပင် ဘေးနားရှိ ငန်းခြံထဲမှ ဂါးဂါးဂါး ဟူသော အော်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
နောက်တစ်စက္ကန့်တွင်တော့ ငန်းကြီး ခုနစ်ကောင် ရှစ်ကောင်ခန့်က ငန်းခြံထဲမှ ပြေးထွက်လာပြီး သူတို့နှစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် ဝင်တိုက်လာသည်ကို တွေ့လိုက်ရတော့သည်။
ငန်းများ၏ တိုက်ခိုက်နိုင်စွမ်းက အလွန် ပြင်းထန်လှပေသည်။ ရွာထဲရှိ အချို့လူများက ငန်းများကို အိမ်စောင့်ရန်ပင် အသုံးပြုတတ်ကြ၏။
ငန်းတစ်ကောင်တည်းဆိုလျှင် အစွမ်းမထက်လှသော်လည်း ငန်းတစ်အုပ်လုံးက ဝိုင်းကိုက်ပါက အလွန် နာကျင်လှပေသည်။
"လခွမ်း"
"ဘာတွေ ဖြစ်နေတာလဲကွ"
ငန်းများက ခြံထဲမှ ပိုမို၍ ထွက်ပေါ်လာကြသည်။
ထိုနှစ်ယောက်က လက်ဖြင့် ငန်းနှစ်ကောင်ကို ဆွဲလွှင့်ပစ်လိုက်ပြီး နောက်တစ်ကောင်ကို ကန်ထုတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် ကျန်သည့် ငန်းများက သူတို့၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ စတင် ပေါက်ကြတော့၏။
ဤရာသီတွင် အဝတ်အစား ထူထူထဲထဲ မဝတ်ဆင်ထားသဖြင့် အသားကို တိုက်ရိုက် အကိုက်ခံရခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်မှာ စက္ကန့်ပိုင်းအတွင်း အချက်ပေါင်း မည်မျှ အပေါက်ခံရမှန်းပင် မသိလိုက်တော့ချေ။
ဤအချိန်တွင် မာလီနွိုက်ခွေး ယွမ်ပေါင်က ပထမဆုံး လန့်နိုးလာခဲ့သည်။ ၎င်းက ခြံဝင်းထဲမှ ချက်ချင်း ပြေးထွက်လာပြီး သူခိုးနှစ်ယောက်ဆီသို့ ပြင်းထန်စွာ ဟောင်တော့၏။
ရှောင်ဟေးကလည်း နောက်ကျမှ သိရှိကာ ပြေးထွက်လာပြီး အတူတကွ လိုက်ဟောင်တော့သည်။
ရှောင်ဟားကတော့ သူတို့ ပြေးထွက်သွားသည်ကို သိချင်စိတ်ဖြင့် ကြည့်နေပြီးနောက် ခြံထဲမှ ဖြည်းဖြည်းချင်း ထွက်လာကာ အမြီးထောင်၍ ပွဲကြည့်နေတော့၏။
လယ်ယာခြံဝင်းမှ ဝန်ထမ်းများလည်း နိုးလာကြသည်။ ရွှီယန်က ဖိနပ်စီးကာ အမြန် ပြေးထွက်လာခဲ့၏။
သူခိုးနှစ်ယောက် အလွန် လန့်သွားကြပြီး အပြင်ဘက်သို့ အမြန် ထွက်ပြေးကြတော့သည်။ သို့သော် အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
ငန်းအုပ်ကြီးက အလွန် ကြမ်းတမ်းလှပြီး ပျံသန်းကာ သူတို့ကို လိုက်ကိုက်နေကြသည်။
ကောင်းကင်က အနည်းငယ် မှောင်နေသဖြင့် သူတို့ ခြေလှမ်းအနည်းငယ် ပြေးပြီးသည်နှင့် မြေပြင်ပေါ်သို့ လဲကျသွားကြတော့၏။
"သူခိုးဟေ့"
"သူခိုးလာတယ်"
ဝန်ထမ်းများက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး လက်နက်များ ကိုင်ဆောင်ကာ လိုက်ဖမ်းကြတော့သည်။ ရွှီယန်လည်း အလောတကြီး ပြေးထွက်သွားခဲ့၏။
"ယွမ်ပေါင်... ချဟေ့"
ရွှီယန်က လှမ်းအော်လိုက်သည်။
မာလီနွိုက်ခွေးက ချက်ချင်း ပြေးထွက်သွားပြီး သူခိုး၏ လက်မောင်းကို တစ်ကိုက်တည်း ကိုက်လိုက်ရာ သူခိုးက အမြန်ပင် အော်ဟစ် တောင်းပန်တော့၏။
ဝန်ထမ်းများ၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှသည်။ ကျိန့်ရှန်ချန်က ခန္ဓာကိုယ် ပိုမို တောင့်တင်းသဖြင့် ရှေ့တိုးသွားကာ လူတစ်ယောက်ကို ဖိချုပ်ထားလိုက်သည်။
မာဝန်ကလည်း အတွေ့အကြုံ ရင့်ကျက်သဖြင့် အခြားတစ်ယောက်ကို ဖိချုပ်ထားလိုက်၏။
သူတို့က လီဆန်းကို ကြိုးသွားယူခိုင်းလိုက်ပြီး ထိုနှစ်ယောက်၏ လက်မောင်းများကို တိုက်ရိုက် ကြိုးတုပ်လိုက်တော့သည်။
"ငါတို့ဆီကိုလာပြီး ခိုးရဲတယ်... မင်းတို့ သတ္တိ တော်တော်ကောင်းတာပဲ"
မာဝန်က လူတစ်ယောက်ကို ဖိချုပ်ထားပြီးနောက် ပြင်းထန်စွာ ဆဲဆိုလိုက်သည်။
ငန်းများက တိုက်ခိုက်နေဆဲဖြစ်ရာ ဝန်ထမ်းများပင် အချက်အတော်များများ အပေါက်ခံလိုက်ရသည်။ ရွှီယန်က သူတို့ကို အမြန် ပြန်ခေါ်လိုက်တော့မှသာ ငန်းအုပ်ကြီး လူစုကွဲသွားတော့၏။
ထို့နောက် ရွှီယန်က ရဲစခန်းသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။ ညစောင့် ရဲများက လူများကို ချက်ချင်း လွှတ်လိုက်၏။
ရွာတွင် ရဲအင်အား မများပြားသော်လည်း ညဘက် ကင်းစောင့်သူ နှစ်ယောက်တော့ ရှိပေသည်။ ထိုအထဲမှ တစ်ယောက်ကတော့ လျိုမင် ပင် ဖြစ်၏။
မာဝန်နှင့် ကျိန့်ရှန်ချန်တို့က ရဲများနှင့်အတူ သူခိုးနှစ်ယောက်ကို ဖမ်းဆီး၍ ရဲကားပေါ်သို့ တက်သွားကြသည်။
လျိုမင်က သူခိုးနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာထက်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာကာ ရွှီယန်ကို နှုတ်ဆက်လိုက်၏။
"မင်းတို့ ခြံက တော်တော်စွမ်းတာပဲ... ဒီကောင် နှစ်ကောင်ကိုတောင် မိအောင် ဖမ်းနိုင်တယ်ပေါ့လေ"
ရွှီယန်မှာ အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက လက်နှိပ်ဓာတ်မီးကို ကိုင်ကာ အပေါ်ရုံအင်္ကျီ တစ်ထည်ကို ခြုံထားရင်း ပြန်ဖြေလိုက်၏။
"ကျွန်တော့်ခြံထဲက ငန်းအုပ်ကြီးက ဟန့်တားထားလို့ပါ... အဲဒီ ငန်းအုပ်က တော်တော် ကြမ်းတာ... လူပေါက်ရတာကို အရမ်း ဝါသနာပါတာလေ... ကိုယ့်လူတွေတောင် ပေါက်တာ... သူစိမ်းတွေဆို ပိုတောင် ဆိုးသေးတယ်ကွာ... သူတို့နှစ်ယောက်ကလည်း သတ္တိ တော်တော်ကောင်းတာပဲ... ကျွန်တော့်ခြံထဲကိုတောင် ခိုးဝင်လာရဲသေးတယ်နော်"
ထိုစကားကို ကြားသောအခါ လျိုမင်က ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ မင်း ကြီးကျယ်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာပဲ... ဒီသူခိုးနှစ်ယောက်က နာမည်ကြီး သူခိုးတွေလေ... အရင်တုန်းကလည်း ကင်မရာမှာ မိထားတာပဲ... ဒီပုံစံမျိုး ဝတ်ထားတာချည်းပဲ... သိုးခိုး ဝက်ခိုးတာကို အဓိက လုပ်တာ... မြက်ခင်းပြင် ဒေသတွေရယ်... အရှေ့မြောက် ဒေသတွေမှာပဲ လှည့်ပတ်နေကြတာပေါ့... ငါတို့ရဲ့ ပူးပေါင်း ကာကွယ်ရေး စနစ်မှာ သူတို့နှစ်ယောက်ရဲ့ ပုံတွေတောင် ရှိတယ်ကွ"
လျိုမင်၏ စကားကို ကြားသောအခါ ရွှီယန်က အနည်းငယ် အံ့ဩသွား၏။
"နာမည်ကြီး သူခိုးတွေလား... ကြည့်ရတာ ကျွန်တော် ကာကွယ်ရေး အစီအမံတွေကို ထပ်ပြီး မြှင့်တင်ရဦးမယ် ထင်တယ်လေ"
အချိန်လည်း အတော် နောက်ကျနေပြီဖြစ်ရာ ထိုနှစ်ယောက်က စကားအနည်းငယ်သာ ပြောပြီးနောက် ရဲများက သူခိုးနှစ်ယောက်ကို ဖမ်းဆီး၍ ထွက်ခွာသွားကြတော့သည်။
လျိုမင်က ရဲစခန်းမှူးထံသို့ ဤကိစ္စကို တိုက်ရိုက် သတင်းပို့လိုက်သည်။ စခန်းမှူးက ထိုနာမည်ကြီး သူခိုးနှစ်ယောက်မှန်း ကြားသည်နှင့် ညတွင်းချင်းပင် ထလာ၍ အချိန်ပို ဆင်းတော့၏။
မထင်မှတ်ထားဘဲ အိမ်၌ အိပ်မောကျနေချိန်တွင် အလုပ်တစ်ခု အလိုလို ရောက်လာခဲ့သည် မဟုတ်ပါလား။
သူတို့၏ ဤဝေးခေါင်သော ကျေးလက် ရဲစခန်းလေးတွင် တစ်နှစ်ပတ်လုံး၌ အမှုကြီးဟူ၍ မရှိသလောက်ပင်။ အခြေခံအားဖြင့် ရွာသားများကို ကူညီ၍ နွားရှာ သိုးရှာပေးခြင်း... ရွာသားများ၏ ပြဿနာများကို ဖြေရှင်းပေးခြင်း... ဌာနအချို့သို့ သွားရောက် လည်ပတ်ခြင်း အစရှိသည်များသာ ရှိပေသည်။ သူခိုး တစ်ယောက်လောက် ရှိလျှင်ပင် အမှုကြီး ဖြစ်နေပြီ ဖြစ်၏။
ယခုက နယ်မြေကျော်ပြီး စာရင်းသွင်းထားသည့် သူခိုးကြီးများပင် ဖြစ်နေသေးသည်။ ဤသည်သာ အမှန်ဖြစ်ပါက အထက်သို့ တင်ပြလိုက်လျှင် ကြီးမားသည့် အောင်မြင်မှု တစ်ခုပင် ဖြစ်လာမည် မဟုတ်ပါလား။
ဤအချိန်တွင် သူခိုးနှစ်ယောက်မှာ ကြောင်အမ်းနေကြဆဲ ဖြစ်သည်။
ဤလယ်ယာခြံဝင်းမှ ငန်းများက ဤမျှလောက်အထိ ကြမ်းတမ်းမည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။ ထိုစဉ်က သူတို့နှစ်ယောက်က ငန်းအချို့ကို ဆွဲလွှင့်ပစ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ငန်းအုပ်ကြီးက သူတို့ကို ပြေးလိုက် ပေါက်ကြတော့၏။ ဖယ်ရှား၍ပင် မရတော့ချေ။
သတိတောင် မထားလိုက်မိခင်မှာပင် လူများ အားလုံး ပြေးထွက်လာကြတော့သည်။ နောက်ပိုင်း ထွက်ဆိုချက် ယူသည့်အချိန်တွင် ထိုနှစ်ယောက်က ပြောနေကြသေး၏။
ဤလယ်ယာခြံဝင်းက ငန်းတွေက ဘယ်လို အခြေအနေကြီးလဲပေါ့။
ဤသည်ကို လျိုမင်က အေးစက်စွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ကျားသစ်နဲ့ မတွေ့တာကိုပဲ မင်းတို့နှစ်ယောက် ကံကောင်းတယ်လို့ မှတ်လိုက်ပေါ့... သူ့ခြံထဲကို ငါတောင် ညဘက်ဆို မဝင်ရဲဘူးကွ"
ထိုနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အရှုံးမပေးချင်သေးပေ။
"ရဲအရာရှိ... ကျွန်တော် သူ့ကို တရားစွဲမယ်ဗျ... ကျွန်တော့် တစ်ကိုယ်လုံးမှာ ရထားတဲ့ ဒဏ်ရာတွေအတွက် တစ်ယောက်ယောက်က တာဝန်ယူရမှာပေါ့... လက်မောင်းတွေတောင် သွေးထွက်ကုန်ပြီလေကွာ"
သူ၏ စကားကို ကြားသောအခါ လျိုမင်က အထင်သေးသလို ပြုံးလိုက်သည်။
"မင်းက သူ့ကို ဘာနဲ့ တရားစွဲမှာလဲ... သူများခြံထဲကို ခိုးဝင်ပြီး ခွေးအကိုက်ခံရတာကို သူများကို တရားစွဲလို့ ရသေးတယ်လား"
"အဲဒါက သူ့ခြံထဲမှာ ဒဏ်ရာရခဲ့တာလေဗျာ"
"မင်းတို့နှစ်ယောက် အရင်ဆုံး ကိုယ့်ကိစ္စကိုသာ ကိုယ်တွေးကြပါဦး... ငါတို့ဆီမှာ အမှုတချို့ ရှိတယ်... ကင်မရာ မှတ်တမ်းတွေလည်း ရှိတယ်... မင်းတို့နှစ်ယောက် သေချာ ကြည့်ထား... အမှန်အတိုင်း ဖြောင့်ဆိုတာ အကောင်းဆုံးပဲနော်"
ရဲများက စတင် စစ်ဆေးမေးမြန်းကြတော့သည်။
လယ်ယာခြံဝင်းတွင်တော့ ဝန်ထမ်းများက ငန်းများကို ငန်းခြံထဲသို့ ပြန်လည် မောင်းနှင်ထည့်သွင်းပြီးသွားပြီ ဖြစ်၏။
ရွှီယန်က သက်ပြင်းချကာ ပြောလိုက်သည်။
"သူခိုးတွေတောင် ခိုးဝင်လာနိုင်တာပဲ... ကင်မရာကလည်း ဘာမှ အသုံးမဝင်ပါဘူး... မနက်ဖြန်ကျရင် ခြံစည်းရိုးကို လဲလိုက်ကြတာပေါ့... အဲဒီအခါကျရင် အောက်ခြေမှာ မြေခွေးလေးတွေ ဝင်ထွက်လို့ရအောင် တံခါးပေါက် သေးသေးလေးတွေ ချန်ထားလိုက်ရင် ရပြီလေ"
ရွှီယန်၏ စကားကို ကြားသောအခါ ဝန်ထမ်းများ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
မာဝန်က ပြန်ပြောလိုက်၏။
"ခြံပိုင်ရှင်... ဒါက ပုံမှန်ပါပဲဗျာ... ကျွန်တော် အရင်က ခြံဖွင့်တုန်းကလည်း ကြုံဖူးပါတယ်... ဒီလောကကြီးမှာ လူစုံ ရှိတာကိုး... ခိုးကြောင်ခိုးဝှက် လုပ်တဲ့သူတွေလည်း မနည်းဘူးလေ"
ထိုအချိန်တွင် ရွှီယန်က ရှောင်ဟေးနှင့် ယွမ်ပေါင်ကို ကြည့်လိုက်သည်။ သူတို့နှစ်ကောင်က ယနေ့ညတွင် တော်တော်လေး သတ္တိကောင်းကြပေသည်။
ထိုအချိန်တွင် ရှောင်ဟားက ပွဲကြည့်ချင်သည့် မျက်နှာဖြင့် ပြေးလာခဲ့ပြီး တုံးအအ ပုံစံလေး ဖြစ်နေဆဲပင်။ ရွှီယန်ကလည်း ၎င်းကို အိမ်စောင့်ရန် မတောင်းဆိုထားသဖြင့် ရှောင်ဟား၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ဘာစကားမျှ မပြောတော့ချေ။
"ကဲပါ... အားလုံး ပြန်အိပ်ကြတော့... ဘာကိစ္စရှိရှိ မနက်ဖြန်မှ ပြောကြတာပေါ့... ပြဿနာ ကြုံရတာက ပုံမှန်ပါပဲ... ရှင်းလင်းပြီးသွားရင် ပြီးတာပဲလေ"
ရွှီယန်၏ စိတ်ထားက အလွန် ကောင်းမွန်လှရာ ဝန်ထမ်းများလည်း အသီးသီး ပြန်လည် အိပ်ရာဝင်သွားကြသည်။
ရွှီယန်က ညဘက် လုံခြုံရေးကို မြှင့်တင်သင့်ပြီဟု တွေးလိုက်မိ၏။ ခွေးသုံးကောင်... မဟုတ်ဘူး... ခွေးနှစ်ကောင်တည်းကို အားကိုးနေ၍ မရတော့ချေ။
ဤတစ်ကြိမ်တွင် ငန်းများ ပြေးထွက်လာကြသော်လည်း နောက်တစ်ကြိမ်တွင်တော့ သေချာမည် မဟုတ်ပေ။ လယ်ယာခြံဝင်း ဖွင့်ထားပါက ကိစ္စများစွာ ကြုံတွေ့ရတတ်ပြီး ယနေ့ ကိစ္စကလည်း ထူးဆန်းသည်ဟု ဆို၍ရပေသည်။
ဒုတိယနေ့ နံနက်ပိုင်းတွင် ဝန်ထမ်းများက စောင့်ကြည့်ကင်မရာကို အတူတကွ ကြည့်ရှုနေကြ၏။
ကင်မရာထဲမှ သူခိုးနှစ်ယောက်က တော်တော်လေး ရယ်ရပေသည်။ ခိုးကြောင်ခိုးဝှက်ဖြင့် အရှေ့သို့ လျှောက်သွားကြပြီး သူခိုးအငွေ့အသက် အပြည့်အဝ ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
ထို့နောက် ငန်းခြံသို့ ရောက်သောအခါ ငန်းအုပ်ကြီးက ပြေးထွက်လာပြီး သူတို့ကို ဝိုင်းဝန်း ပေါက်ကြတော့သည်။ ထို့နောက်တွင်တော့ ဝန်ထမ်းများ ပြေးထွက်လာပြီး သူတို့နှစ်ယောက်ကို ဖမ်းဆီးလိုက်ခြင်းပင်။
ညဘက်က အလွန် မှောင်မိုက်နေသဖြင့် သူခိုးနှစ်ယောက်က ဘာကိုမျှ မမြင်ရဘဲ လမ်းမှားပြီး ထွက်ပြေးခဲ့ကြခြင်းလည်း ဖြစ်၏။ မဟုတ်ပါက ငန်းအုပ်ကြီးလည်း သူတို့ကို လိုက်မီမည် မဟုတ်ချေ။
ရွှီယန် ဗီဒီယိုကို ကြည့်ပြီးနောက် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးလိုက်မိသည်။ သူက ရဲစခန်းမှ ရဲကို ဤဗီဒီယိုကို လွှင့်တင်၍ ရမရ မေးမြန်းလိုက်သေး၏။
ရဲက ယေဘုယျအားဖြင့် ဤကဲ့သို့သော ဗီဒီယိုများကို လွှင့်တင်ပါက မျက်နှာကို ဝါးထားရမည်ဟု ပြောပြခဲ့သည်။ သို့သော် ထိုနှစ်ယောက်က ကင်မရာထဲတွင် မျက်နှာကို လုံးဝ မမြင်ရသည့်အပြင် ကောင်းကင်ကလည်း မှောင်နေသဖြင့် ပြဿနာ မရှိနိုင်ချေ။
ထို့ကြောင့် သူခိုးနှစ်ယောက်ကို ငန်းအုပ်ကြီးက ဝိုင်းဝန်း ကိုက်ခဲနေသည့် ဗီဒီယိုက ရွှီယန်၏ အကောင့်ထဲတွင် အမြန်ပင် ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့ နှစ်ယောက်လည်း ချက်ချင်းပင် နာမည်ကြီးသွားကြတော့၏။