← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉) ပန်ဒါလေးများ၏ အချစ်တော်... စည်ကားနေသော ပန်ဒါစခန်းကြီး

ဗီဒီယိုထဲမှ မြင်ကွင်းသည် အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ အမှောင်အတိ ကျနေသော ပတ်ဝန်းကျင်၌ ကြောက်ရွံ့တုန်လှုပ်နေသည့် သူခိုးနှစ်ယောက်နှင့် ပြေးထွက်လာသော ငန်းအုပ်ကြီးတို့၏ မြင်ကွင်းပင် ဖြစ်၏။

ထို့အပြင် ရွှီယန်၏ လယ်ယာခြံဝင်းလည်း ဖြစ်နေသဖြင့် ဗီဒီယိုမှာ ချက်ချင်းပင် နာမည်ကြီးသွားတော့သည်။

အင်တာနက်သုံးစွဲသူများက ကွန်မန့်များတွင် အသီးသီး ဝင်ရောက် ရေးသားကြလေသည်။

"လောင်ရွှီ့ ခြံကတော့ တကယ်ကို ကိစ္စစုံ ကြုံတွေ့နေရတာပဲ"

"ဒီငန်းအုပ်ကြီးက ဒီလောက်တောင် ကြမ်းတာလား... လူကိုတောင် လိုက်ကိုက်ရဲတယ်ပေါ့"

"ငန်းအနည်းငယ်လောက်ကိုများကွာ... ပြေးမယ်ဆိုရင်လည်း လွတ်အောင် ပြေးလို့ရနေတာပဲကို"

"မှောင်မိုက်နေတာလေ... ဘာမှလည်း မမြင်ရဘဲ ငန်းအုပ်ကြီးက ဝိုင်းပေါက်နေရင် ဘယ်သူမဆို ကြောက်သွားမှာပဲ"

"ဟားဟားဟား... ဒီသူခိုးနှစ်ယောက် တော်တော် ကံဆိုးတာပဲ... အရှက်ကွဲတာပဲ"

ဗီဒီယို၏ နာမည်ကျော်ကြားမှုမှာ ထူးကဲစွာ မြင့်တက်နေသည်။

နောက်တစ်နေ့တွင် ရွှီယန်က အစိမ်းရောင် သံပန်းခြံစည်းရိုး အသစ်များကို မှာယူလိုက်ပြီး ခြံတစ်ခုလုံးကို အလုံပိတ်လိုက်သည်။ သေချာပေါက် မြေခွေးလေးများ အဝင်အထွက် ပြုလုပ်နိုင်ရန် ခြံစည်းရိုးအောက်ခြေတွင် တံခါးပေါက်ငယ် ငါးခုကို သီးသန့် ချန်လှပ်ထားခဲ့၏။

သူက မြေခွေးမိသားစုကို ခေါ်ဆောင်ကာ တံခါးပေါက်များကို လိုက်ပြပေးလိုက်သည်။ မြေခွေးလေးများက သိချင်စိတ်ဖြင့် လိုက်ပါလာကြပြီး ရွှီယန်က သံတံခါးအောက်ခြေကို လက်ညှိုးထိုးပြလိုက်သည်နှင့် သူ၏ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြ၏။

နှစ်ကောင်က အပြင်သို့ တိုးထွက်သွားပြီး ခြံစည်းရိုးကို ပတ်၍ ပြေးလွှားနေကြသည်။ ကျန်သည့် နှစ်ကောင်ကတော့ ခြံစည်းရိုး ခြားလျက် သူတို့ကို လှမ်းကြည့်နေကြပေသည်။

ရွှီယန်က တောကြောင် ဆန်းပြောင်ကိုပါ ခေါ်ယူပြီး တံခါးပေါက်များကို လာကြည့်ခိုင်းလိုက်သည်။ ဆန်းပြောင်ကတော့ ဂရုမစိုက်သည့် ပုံစံဖြင့် သွားဖြဲပြရုံသာ ရှိ၏။

ရွှီယန်လည်း သူ့ကို ဆက်၍ ဂရုမစိုက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤတောကြောင်က အမြဲတမ်း လူနေဆောင် ဧရိယာဘက်မှနေ၍ တံခါးပေါက်အကြီးမှသာ ဝင်ထွက်လေ့ရှိသဖြင့် ခြံစည်းရိုးဘက်မှ သွားရန် လုံးဝ မလိုအပ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ရွှီယန်က ရှောင်ဟေးနှင့် ယွမ်ပေါင်ကိုပါ ပညာပေးစကားများ ပြောလိုက်သေးသည်။

"မင်းတို့နှစ်ကောင်က အိမ်စောင့်ရမယ့် ခွေးတွေနော်... ညဘက်ဆို သတိထားပါဦး... အိပ်တာ အရမ်း ပုံပျက်နေတယ်... သူခိုး ဝင်လာတာတောင် မသိဘူး"

ရွှီယန်၏ စကားကို ကြားသောအခါ ယွမ်ပေါင်က ခေါင်းမော့ ရင်ကော့လိုက်ပြီး မျက်လုံးများထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်များဖြင့် နောက်တစ်ခါ ဤကဲ့သို့ ပြဿနာမျိုး မဖြစ်စေရပါဟု ကတိပေးနေသည့် ပုံစံပင်။ ရှောင်ဟေးကတော့ အပြစ်ကင်းစင်သည့် ပုံစံလေးဖြင့် ယခုထိ ဘာမျှမသိသေးသည့် ပုံပေါ်သည်။

ဤနေ့တွင်တော့ ရွှီယန်အတွက် အံ့ဩစရာလေး တစ်ခု ရှိနေပြန်သည်။

သူက ခြံစည်းရိုးကို ခြား၍ အပြင်ဘက်၌ ရှောင်ဟွာ ရောက်နေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရ၏။ သူ ချက်ချင်း ဝမ်းသာသွားပြီး ရှောင်ဟွာ အတွက် တံခါး ဖွင့်ပေးရန် ပြင်လိုက်သည်။

ခြံစည်းရိုး အနောက်ဘက် ထောင့်တွင် တံခါးကြီး တစ်ချပ် ရှိပြီး ပုံမှန်အားဖြင့် သော့ခတ်ထားလေ့ ရှိသည်။ သို့သော် ရှောင်ဟွာက နှစ်လှမ်းခန့် ပြေးလာပြီး တစ်ချက် ခုန်လိုက်သည်နှင့် ခြံထဲသို့ ဝင်ရောက်လာခဲ့လေသည်။

"ဘယ်လို ပြန်ရောက်လာတာလဲ... လူးနားကော"

ရွှီယန်က ရှောင်ဟွာကို ပွေ့ချီရင်း ပြုံးကာ မေးလိုက်သည်။

ရှောင်ဟွာက အနောက်သို့ လှည့်ကြည့်လိုက်ရာ ရွှီယန်လည်း သူ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်၏။ အပြင်ဘက် သိပ်မဝေးသော နေရာရှိ မြေကျင်း တစ်ခုထဲတွင် လူးနား မှောက်နေပြီး ရွှီယန်တို့ဘက်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဤနေရာက အလွန် ကွင်းပြင်ကျယ်ဖြစ်နေသဖြင့် ကျားသစ်များက မွေးရာပါ သတိထားတတ်သော စိတ်ဖြင့် အမြဲတမ်း ပုန်းနေတတ်ကြပေသည်။

"မင်းတို့နှစ်ကောင်လုံး ရောက်လာကြတာလား... ဒါဆို အရမ်းကောင်းတာပေါ့... နောက်ဘက်တောင်မှာပဲ နေကြလေ... ဒီတောအုပ်က အရမ်း ဘေးကင်းတယ်... လူတွေလည်း သိပ်မလာကြဘူး... အေးအေးဆေးဆေး ကိုယ်ဝန် ဆောင်ထားလို့ ရတာပေါ့"

ရွှီယန်က လူးနားကို မြင်သောအခါ ထပ်မံ ပြုံးလိုက်ပြန်သည်။ သူ တကယ်ကို ဝမ်းသာနေခြင်း ဖြစ်၏။ ထို့အပြင် ယခင်က ကြုံခဲ့ရသော ကိစ္စများကြောင့် ရွှီယန်က ရှောင်ဟွာ နှင့် လူးနား တို့၏ နေရာ အတိအကျကို လိုက်ဖ်လွှင့်ပြီး မပြတော့ရန် ဆုံးဖြတ်လိုက်သည်။

အဓိကအားဖြင့် အခု ရှောင်ဟွာ နှင့် လူးနား တို့က အလွန်ကို နာမည်ကြီးနေသောကြောင့် ဖြစ်သည်။ လူအချို့က ရှောင်ဟွာ နှင့် လူးနား တို့၏ ဇာတ်လမ်းကို တည်းဖြတ်၍ တင်ထားကြ၏။ ပထမဆုံး တွေ့ဆုံသည့်အချိန်... လူးနားက ရှောင်ဟွာကို လာရှာသည့်အချိန်နှင့် နောက်ပိုင်း ရှောင်ဟွာက လူးနားကို ပြန်ရှာသည့် အချိန်များ အထိပင်။

ဤကဲ့သို့သော ဇာတ်လမ်းမျိုးက လူများကို အလွန် ဆွဲဆောင်နိုင်ပေသည်။ ပရိသတ်များကလည်း အများအပြား ရှိနေသည်။ လူများလာပါက ပြဿနာ တက်လွယ်သည် မဟုတ်ပါလား။

ယခင်က တလျန် တွင် ဒရယ်ပြောက်လေး တစ်ကောင် နာမည်ကြီးသွားရာ ရက်ပိုင်းလေး အတွင်းမှာပင် သမင်ချို အဖြတ်ခံလိုက်ရသည်။ လူးနား၏ ပုံစံကို ကြည့်ရသည်မှာ သူ အနှောင့်အယှက် အပေးခံချင်ပုံ မရပေ။

"မင်းတို့နှစ်ကောင် နောက်ဘက်တောင်မှာပဲ ပုန်းနေကြ... သာမန်အချိန်တွေဆို သိပ်ထွက်မလာနဲ့... သူများတွေ မြင်သွားရင် သိပ်မကောင်းဘူး... လူးနားက ကလေးမွေးရဦးမှာဆိုတော့ ပုန်းနေဖို့ လိုတယ်လေ... ငါ အားတဲ့အခါ လာကြည့်ပါ့မယ်"

ရွှီယန်က ရှောင်ဟွာ၏ မျက်နှာကြီးကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးလိုက်သည်။

ရှောင်ဟွာက ပျော်ရွှင်စွာဖြင့် ဂူးဂူးဂူးဂူး အသံများ ပြုလုပ်နေ၏။ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ အလေ့အထက အတူတူပင် ဖြစ်ပုံရသည်။ ပျော်ရွှင်ပါက ထိုသို့ အသံများ ထွက်တတ်ကြပေသည်။ ယခု ရှောင်ဟွာ ပြန်လာခြင်းကလည်း ရွှီယန်ကို လာရောက် နှုတ်ဆက်ခြင်းပင်။

နှုတ်ဆက်ပြီးသည်နှင့် ရှောင်ဟွာက ခုန်ထွက်သွားပြီး လူးနားနှင့် အတူတကွ ထွက်သွားတော့သည်။ ကျားသစ် နှစ်ကောင် အတူတူ ပြေးသွားကြသည်ကို ကြည့်ရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိပြီး လွတ်လပ်ပေါ့ပါးနေပုံရ၏။ သူတို့ တဖြည်းဖြည်း ဝေးကွာသွားကြသည်။

ရွှီယန်က မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။

'လူးနား ကလေးမွေးပြီးရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါက ကလေးထိန်း ဖေဖေ လုပ်ရမှာ သေချာတယ်... အဲဒီအချိန်ကျရင် ကျားသစ်ပေါက်လေးတွေကို အစာသွားသွားကျွေးရမယ်'

သူ စိတ်ထဲမှနေ၍ တွေးလိုက်သည်။

အကယ်၍ ကျားသစ်ပေါက်လေးများနှင့် ငယ်ငယ်လေးကတည်းက ရင်းနှီးနေပါက ကြီးလာသည့်အခါ ကျားသစ်လေးများက ရွှီယန်ကို သံယောဇဉ် တွယ်လာမည်သာ ဖြစ်၏။ တောထဲ လွှတ်ထားသည့် ခြင်္သေ့များနှင့် ကျားသစ်များပင် နှစ်အတော်ကြာမှ သူတို့ ငယ်ငယ်က အစာကျွေးခဲ့သူနှင့် ပြန်တွေ့ပါက ပြေးဖက်ကာ နှုတ်ဆက်တတ်ကြသေးသည် မဟုတ်ပါလား။

ယခု လယ်ယာခြံဝင်းရှိ မြေခွေးလေးများကလည်း ရွှီယန်နှင့် ရင်းနှီးလာသဖြင့် ရွှီယန်ဆီသို့ မကြာခဏ လာတတ်ကြသည်။ ဤလေးကောင်မှာ သေးသေးလေးများဖြစ်ပြီး လူကြီး မြေခွေးများထက် အများကြီး သေးငယ်ကာ အလွန်ကို သွက်လက်ချစ်စရာ ကောင်းကြပေသည်။ မိဘများနှင့် တစ်ပုံစံတည်းပင်။

ဤသည်ကလည်း မျိုးဆက် တစ်ဆက်မှနေ၍ တစ်ဆက် လက်ဆင့်ကမ်းလာသော သံယောဇဉ်ဟုသာ ဆိုရမည် ဖြစ်၏။ မြေခွေးအမ နှင့် မြေခွေးအထီး ကလည်း ကလေးများ ဤသို့ လုပ်နေသည်ကို မြင်သောအခါ ကျေနပ်နေကြသည်။ အလကားတော့ သင်ပေးထားခြင်း မဟုတ်ပေ။ ရွှီယန်ကို အတင်း သွားကပ်ခိုင်းထားခြင်း ဖြစ်၏။ ရွှီယန်က လယ်ယာခြံဝင်း၏ သူဌေးကြီး မဟုတ်ပါလား။

မြေခွေးလေးများက တကယ် နားလည်ကြသည်။ ရွှီယန် အနားကိုသာ သွားချွဲတတ်၏။ ဝမ်ဝူက သူတို့ကို ချစ်စရာကောင်း၍ သွားကိုင်ရန် လုပ်သောအခါ မြေခွေးလေးများက ချက်ချင်း ထွက်ပြေးကြတော့သည်။

"ဟင်... ဒီကောင်လေးတွေ အကုန်လုံး နတ်ဝင်နေကြတာလား... ဘာလို့ ခြံပိုင်ရှင်ကိုပဲ အကိုင်ခံရတာလဲ"

ဝမ်ဝူက အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။ သူ၏စကားကို ကြားသောအခါ ဘေးနားရှိ ကျိန့်ရှန်ချန်က ပြန်ပြောလိုက်၏။

"အသားကျသွားမှာပါ... ဒီကောင်လေးတွေက လယ်ယာခြံဝင်းရဲ့ သူဌေးက ဘယ်သူလဲဆိုတာ သေချာ သိနေကြတာလေ"

သူ ထိုသို့ ပြောလိုက်တော့ ဝမ်ဝူလည်း ခေါင်းညိတ်၍ လက်ခံလိုက်ရတော့သည်။

'ကြည့်ရတာ ငါလည်း ကိုယ်ပိုင် အိမ်မွေးတိရစ္ဆာန် တစ်ကောင်လောက် မွေးမှ ရတော့မယ်'

ဝမ်ဝူက စိတ်ထဲမှ တွေးလိုက်သည်။ မတတ်နိုင်ပေ။ လယ်ယာခြံဝင်းရှိ တိရစ္ဆာန်များက ချစ်စရာကောင်းသော်လည်း ရှောင်ဟေး နှင့် ရှောင်ဟား လောက်သာ အကိုင်ခံကြသည်။ အခြား တိရစ္ဆာန်များက အလွန်ကို ပါးနပ်ကြ၏။

မြင်းနက်ကြီးဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ မြက်များ ဘာများ ကျွေး၍ ရသော်လည်း သွားကိုင်၍ မရပေ။ သမင်လေးကလည်း အရမ်း လည်သည်ဖြစ်ရာ အခြားသူများကို အနား လုံးဝ အကပ်မခံချေ။ လယ်ယာခြံဝင်းသို့ လာလည်ကြသည့် တောရိုင်း တိရစ္ဆာန်များ ဆိုလျှင်တော့ ပိုဆိုးသွားပြီ ဖြစ်သည်။

"မင်း ဘာမွေးမလို့လဲ... ဒီနေရာက အကျယ်ကြီးဆိုတော့ မွေးချင်သလောက် မွေးလို့ရတယ်... ဒါပေမယ့် မင်း ဘာပဲ မွေးမွေး ခြံပိုင်ရှင်ကိုပဲ ကပ်သွားမှာနော်... မင်းကို အဖက်မလုပ်ရင် ဘယ်လိုလုပ်မလဲ"

ကျိန့်ရှန်ချန်က ဝမ်ဝူကို နောက်ပြောင်လိုက်သည်။

ဝမ်ဝူ စဉ်းစားကြည့်လိုက်သောအခါ ထိုအချက်ကလည်း မှန်ကန်နေပေသည်။ ခွေးများ ကြောင်များတော့ သေချာပေါက် မွေး၍ မရတော့ချေ။ ခြံပိုင်ရှင်၏ အစွမ်းနှင့်ဆိုလျှင် မည်သည့် တိရစ္ဆာန် မဆို သူ့ကိုသာ ကပ်သွားမည်မှာ သေချာသည်။ တကယ်လို့ ခွေးဖြစ်စေ ကြောင်ဖြစ်စေ မွေးလိုက်ပြီးမှ ကိုယ့်နောက် မလိုက်ပါက အလကား ဖြစ်သွားမည် မဟုတ်ပါလား။

"ဒါဆို ငါ ငါးပဲ မွေးတော့မယ်... ငါးဆိုရင်တော့ ခြံပိုင်ရှင်ကို သွားမကပ်လောက်တော့ဘူးလေ"

ဝမ်ဝူက ရုတ်တရက် အကြံရသွားပြီး ပြောလိုက်သည်။

ဤသည်က တကယ်ကို နည်းလမ်းကောင်း တစ်ခုပင် ဖြစ်၏။ ငါးကန် တစ်ခု ဝယ်၍ ငါးလေးများ မွေးခြင်းကလည်း လူလတ်ပိုင်း အမျိုးသားများ၏ ဝါသနာ တစ်ခုပင် ဖြစ်သည်။

ရွှီယန်က ဤရက်ပိုင်းများတွင် အနောက်ဘက် တောင်သို့သာ အမြဲ သွားနေပြီး လိုက်ဖ်လည်း မလွှင့်တော့ချေ။ သူက ကျားသစ်များကို သွားရောက် အစာကျွေးရုံ သက်သက်သာ ဖြစ်သည်။

ယခုအခါ လူးနားက သူ့ကို ပိုပိုပြီး ယုံကြည်လာပြီဖြစ်သဖြင့် ရွှီယန်က ၎င်းကို စိတ်ကြိုက် ပွတ်သပ်၍ ရနေပြီ ဖြစ်၏။ စတင်တွေ့ဆုံစဉ်ကတော့ လူးနားက ရွှီယန်ကို အမြဲတမ်း သတိထားနေခဲ့ပေသည်။ ယခု ထိတွေ့မှုများ များလာသောအခါ ယခင်ကကဲ့သို့ တင်းမာမှုများ မရှိတော့ချေ။

ရွှီယန်က လူးနား၏ ဗိုက်ကိုပင် ပွတ်သပ်ကြည့်၍ ရနေပြီ ဖြစ်ကာ ကလေးလေးများ၏ လှုပ်ရှားမှုကိုတောင် ခံစား၍ ရနေပြီ ဖြစ်သည်။

"ဒီလှုပ်ရှားမှု အရဆိုရင် အနည်းဆုံး နှစ်ကောင်ပဲ... မိုက်တယ် မိုက်တယ်... သေချာ ပြုစုပျိုးထောင်ရင် ကြီးလာတဲ့အခါ နောက်ထပ် ကျားသစ်ကောင်း နှစ်ကောင် ထပ်ရလာမှာပဲ... အခု အရှေ့မြောက်ဒေသမှာ ကျားသစ်တွေ တော်တော် ရှားနေပြီ... မင်းတို့နှစ်ကောင် အေးအေးဆေးဆေးသာ ကလေးမွေး... ငါ မွေးနိုင်သလောက် အကုန် မွေးပေးမယ်"

ရွှီယန်က ရယ်မောရင်း ပြောလိုက်သည်။

သူက ယခုအခါ ငွေကြေး သိပ်မလိုအပ်တော့သဖြင့် ကျားသစ် မွေးမြူရခြင်းကတော့ အေးဆေးပင် ဖြစ်၏။ ကျားသစ် နှစ်ကောင်ကလည်း ငြိမ်သက်စွာ လှဲနေပြီး ရွှီယန် အစာကျွေးသည်ကို အေးဆေးစွာ ခံယူနေကြသည်။

သို့သော် ရွှီယန်ကလည်း အမြဲတမ်းတော့ လာမကျွေးချေ။ တစ်ခါတရံမှသာ လာရောက်ခြင်း ဖြစ်သည်။ သူတို့လည်း ကိုယ့်ဘာသာကိုယ် ရှင်သန်နိုင်အောင် ကြိုးစားရမည် မဟုတ်ပါလား။

ရှောင်ဟွာကတော့ အမဲလိုက်ရန် စတင် ကြိုးစားနေပုံရ၏။ အရင်တစ်ခေါက် ရွှီယန် တွေ့စဉ်က ရှောင်ဟွာ ယုန်တစ်ကောင် ကိုက်လာသည်ကို မြင်လိုက်ရသည်။ ဤသည်က ဤကောင်လေး ရင့်ကျက်လာပြီ ဆိုသည့် သဘောပင်။ တစ်ချိန်ချိန်တော့ သူလည်း ကြီးပြင်းလာရမည်သာ ဖြစ်သည်။

တကယ်တော့ ရှောင်ဟွာက အမဲလိုက် တော်တော် ကျွမ်းကျင်ပေသည်။ သူက သိပ်မလှုပ်ရှားချင်၍သာ ဖြစ်၏။ မည်သို့ပင်ဆိုစေ ကျွေးမွေးမည့်သူ ရှိနေသည်သာ ဖြစ်သည်။ ပထမတော့ မိဘများကို အားကိုးသည်... နောက်တော့ ရွှီယန်ဆီတွင် ကပ်စားသည်... ယခုတော့ မိန်းမကိုပါ အားကိုးနေသေး၏။

ရွှီယန် ခန့်မှန်းကြည့်ရသလောက် နောက်ပိုင်း ကျားသစ်လေးများ ကြီးလာလျှင် ရှောင်ဟွာ က ကလေးများကိုတောင် သူ့အတွက် အမဲလိုက်ခိုင်းဦးမည်လား မသိချေ။ ကိုယ်တိုင် အမဲလိုက်ဖို့ကတော့ အလုပ်လုပ်ပေးမည့်သူများ ရှိနေသဖြင့် လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤကောင်လေးက တကယ်ကို ပါးနပ်လှသည်။

လယ်ယာခြံဝင်းရှိ အရာအားလုံးက အေးချမ်းတည်ငြိမ်နေပြီး ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက်ကလည်း တဖြည်းဖြည်း စုမိလာခဲ့သည်။

ဤရက်ပိုင်း လိုက်ဖ်လည်း မလွှင့်ဖြစ်သဖြင့် အင်တာနက်ပေါ်က သတင်းများလည်း ငြိမ်သက်နေ၏။ ရွှီယန်က အပြင်သို့ ထပ်မံ သွားလည်ရန် ရည်ရွယ်လိုက်သည်။

ယခင်တစ်ကြိမ် ချင်လင်တောင်တန်း၌ "ပန်ဒါဝက်ဝံ ချစ်ခင်မှု" ဟူသော စွမ်းရည်လေး ရလာခဲ့သည်ကို သူ သတိရသွား၏။ ဤစွမ်းရည်ကို သေချာ မသုံးရသေးပေ။

ပန်ဒါဝက်ဝံ၏ အချစ်ကို ရထားမှတော့ ပန်ဒါဝက်ဝံ သွားကြည့်ရမည်သာ ဖြစ်သည်။ တောရိုင်း ပန်ဒါကို သွားရှာရန်က အလွန် ခက်ခဲသဖြင့် ရွှီယန်က ပန်ဒါစခန်း သို့ သွားလည်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် တောင်ထဲသို့ ဝင်၍ တာဝန် နှစ်ခုခန့် လုပ်ဆောင်ကာ ဆုလာဘ်များ ထပ်ရနိုင်မလား ဆိုသည်ကို ကြည့်ရှုရမည် ဖြစ်သည်။

ထိုသို့ တွေးလိုက်ပြီး ရွှီယန်က ပစ္စည်းများ သိမ်းဆည်းကာ ချန်ဒူး သို့ သွားရန် ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်က တောတောင်ရှာဖွေရန် သက်သက် မဟုတ်ဘဲ ခရီးသွားသည့် သဘောမျိုးပင် ဖြစ်၏။ အပြင်ထွက်လည်သင့်သည့် အချိန်ဆို လည်ရမည်သာ ဖြစ်သည်။

လယ်ယာခြံဝင်းရှိ ကိစ္စများကို သေချာ စီစဉ်ပေးခဲ့ပြီးနောက် ရွှီယန်က လေယာဉ်ဖြင့် ချန်ဒူး သို့ ထွက်လာခဲ့သည်။ ယခုခေတ် ခရီးသွားရသည်မှာ အလွန် အဆင်ပြေပေသည်။ လေယာဉ်စီးပါက အချိန်သိပ်မကြာချေ။

ဒုတိယနေ့တွင်တော့ ရွှီယန်က လိုက်ဖ် မဖွင့်ဘဲ ပန်ဒါစခန်း သို့ ရောက်လာခဲ့သည်။ ဤနေရာတွင် ခရီးသွားများ အလွန်များပြားလှ၏။ အထဲတွင် နာမည်ကြီး ပန်ဒါလေးများ ရှိသည်ဟု ကြားရပြီး သူတို့၏ ပရိသတ်များကလည်း အများအပြားပင်။

ထိုအချိန်တွင် ပန်ဒါလေးများ အားလုံးက ခြံထဲ၌ အိပ်နေကြပြီး နည်းနည်းလေးမျှ မလှုပ်ရှားကြပေ။ ခရီးသွားများက အပြင်ဘက်မှနေ၍ ဝိုင်းဝန်း အော်ခေါ်နေကြသော်လည်း ပန်ဒါလေးများက လုံးဝ အဖက်မလုပ်ကြချေ။

"ဒီပန်ဒါတွေ သေများနေတာလား"

ခရီးသွား တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အသက်ရှင်နေပါတယ်... ပန်ဒါ အစစ်တွေပါ"

ဘေးနားရှိ တိရစ္ဆာန်ထိန်းက အမြန် ရှင်းပြလိုက်၏။

ပန်ဒါ တစ်ကောင်က သူ၏စကားကို ကြားသွားပုံရပြီး ခြေထောက်လေး အနည်းငယ် လှုပ်ပြကာ သူ အသက်ရှင်နေသေးသည် ဆိုသည်ကို ပြသလိုက်သည်။ သို့သော် အခြား နေရာများကတော့ လုံးဝ မလှုပ်ရှားချေ။

ထိုအချိန်တွင် ရွှီယန်လည်း ပန်ဒါပြခန်း အပြင်ဘက်သို့ ရောက်လာခဲ့သည်။ သူက အဝေးမှနေ၍ ပန်ဒါလေးများကို ကြည့်ကာ မျက်လုံးများ လင်းလက်သွား၏။

ပန်ဒါလေးများက တကယ်ကို ချစ်စရာ ကောင်းလှသည်။ မလှုပ်ရှားဘဲ နေလျှင်တောင် လူများကို စိတ်ချမ်းသာစေ၏။ နှစ်ကောင်ခန့်များ မွေးထား၍ရပါက ကောင်းမည်ဟု တွေးလိုက်မိသည်။ သူတို့ ဝါးစားသည်များ... မြက်ခင်းပေါ်တွင် လူးလှိမ့်နေသည်များကို ကြည့်ရှုရလျှင် သေချာပေါက် အလွန် စိတ်ဝင်စားဖို့ ကောင်းမည်မှာ အမှန်ပင်။

ခရီးသွားများက ပန်ဒါလေးများ မလှုပ်ရှားသဖြင့် အနည်းငယ် စိတ်ပျက်သွားကြ၏။ ထိုအချိန်မှာပင် ပန်ဒါ တစ်ကောင်က လူအုပ်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ ၎င်းက ရွှီယန်ကို မြင်လိုက်သည်နှင့် မျက်လုံးများ ချက်ချင်း လင်းလက်သွားပြီး လူးလဲထကာ လေးဖက်ထောက်၍ ရွှီယန် ရှိရာဘက်သို့ ပြေးလာခဲ့တော့သည်။

"လာပြီ... လာပြီ"

ခရီးသွားများ ချက်ချင်း ပွက်လောညံသွားကြသည်။

ထိုအချိန်တွင် အခြား ပန်ဒါ နှစ်ကောင်ကလည်း ထလာပြီး ဤဘက်သို့ ပြေးလာကြ၏။ တိရစ္ဆာန်ထိန်းများပင်လျှင် အနည်းငယ် ကြောင်အမ်းသွားကြတော့သည်။

ဒီနေ့ ဘယ်လို ဖြစ်နေတာလဲ။ ယခင်က ဤပန်ဒါလေးများက အလုပ်လုပ်ရန် အလွန် ပျင်းကြသည် မဟုတ်ပါလား။ အလုပ်လုပ်ချိန်ဆို အမြဲတမ်း ခိုကပ်နေတတ်၏။ အလုပ်ဆင်းချိန် ဆိုသည်ကို ကြားသည်နှင့် ချက်ချင်း အရှိန်တင်ကာ အထဲရှိ ဥယျာဉ်ဘက်သို့ ပြေးသွားကြပြီး အနည်းငယ်လေးမျှပင် အချိန်မဆွဲတတ်ကြချေ။

ယနေ့ ဘယ်လိုဖြစ်လို့ ဒီလောက် တက်ကြွနေရတာလဲ။ ခရီးသွားများဆီသို့တောင် ကိုယ်တိုင် သွားရောက်နေသေးသည်။

ပန်ဒါ သုံးကောင်က တစ်နေရာတည်းတွင် စုဝေးသွားကြပြီး ရွှီယန်ကိုသာ စိုက်ကြည့်နေကြ၏။ ရွှီယန်က လက်လှမ်းပြပြီး သူတို့ကို နှုတ်ဆက်လိုက်တော့သည်။

All Chapters